“လွပ်လပ်စွာရွေးချယ်ခွင့်”
လူဟာ
မိမိကြိုက်နှစ်သက်တဲ့အရာကို လွပ်လပ်စွာရွေးချယ် ပြုလုပ်နိုင်သလား၊
ဒါမှမဟုတ် လွပ်လပ် စွာရွေးချယ်ခွင့်မရှိဘဲ မိမိအစိုးမရတဲ့
အတိတ်အကြောင်းတရားတွေက သတ်မှတ်ပြဋ္ဌာန်းတဲ့အတိုင်း အခါခပ်သိမ်း မလွဲမရှောင်သာ
ပြုလုပ်နေရသလား။
ဒီပြဿနာဟာ ရှေးပဝေသဏီကာလမှစပြီး အနောက်နိုင်ငံပညာရှင်များ အငြင်းပွားခဲ့တဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။ ဒီပြဿနာကို ရှုမြင် သုံးသပ်တဲ့နေရာမှာ ပညာရှင်တွေဟာ အယူအဆနှစ်မျိုးကွဲနေကြပါတယ်။ ပထမတမျိုးက..
လူဟာ
လွပ်လပ်တယ်၊ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်တယ်။ မိမိအလိုဆန္ဒအတိုင်း
ပြုမူလုပ်ကိုင်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒုတိယတစ်မျိုး ကတော့ ပထမအယူအဆကို
ပစ်ပယ်ပြီး လူဟာ မလွပ်လပ်ဘဲ အမျိုးမျိုးသော အကြောင်းတရားတွေရဲ့
သတ်မှတ်ပြဋ္ဌာန်းတဲ့အတိုင်း ခံရတယ်၊ သူရဲ့ အပြု အမူတွေဟာ
အဲဒီအကြောင်းတရားတွေက ဖန်တီးတဲ့ အပြုအမူများသာဖြစ်တယ်ဆိုတဲ့ အယူအဆကို
လက်ခံထားကြပါတယ်။
အနောက်တိုင်းသားအချို့ဟာ Determinism (သတ်မှတ်ပြဋ္ဌာန်းခံဝါဒ)ကို လက်ကိုင်ထားကြပါတယ်။ ဒါကြောင့် Free to Choose (လွပ်လပ်စွာရွေးချယ်ခွင့်)ဆိုတာမရှိဘူးလို့ ယုံကြည်ထားကြတယ်။ ဒီဆောင်းပါး မှာ အဲဒီလိုလက်ကိုင်ယုံကြည်ထားတဲ့ဝါဒတွေကို မြတ်ဗုဒ္ဓရဲ့ ကမ္မ၀ါဒရှုထောင့်ကနေ နှိုင်းယှဉ်ပြီး လူဟာ လွပ်လပ်စွာရွေးချယ်ခွင့်ရှိ မရှိဆိုတာကို တင်ပြဆွေးနွေးမှာပါ။
Determinism ဆိုတာ လူဟာမလွပ်လပ်ဘဲ အမျိုးအမျိုးသောအကြောင်းတရားတွေရဲ့ ပြုပြင်မှုကို ခံရတယ်၊ သူ့ရဲ့အပြုအမူတွေဟာ အဲဒီအကြောင်းတရားတွေက ဖန်တီးတဲ့ အပြုအမူများသာဖြစ်တယ်။ အဲဒီ Determinism ဆိုတဲ့ အယူအဆမှာ Fatalism (ကြမ္မာဝါဒ)၊ Predestination or Predeterminism (ကံကြမ္မာဖန်တီးမှုဝါဒ)နဲ့ Determinism ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Indeterminism (ပြဋ္ဌာန်းခြင်းမခံရတဲ့ဝါဒ (သို့မဟုတ်) အပဓာန၀ါဒ)တို့ ပါဝင်ကြပါတယ်။
Fatalism ဆိုတာ ကြမ္မာဝါဒ၊ ဒါမှမဟုတ် အကြွင်းမဲ့ပြဋ္ဌာန်းခံဝါဒ၊ သို့မဟုတ် ကြိုတင်စီစဉ်ခံဝါဒလို့ ဆိုနိုင်ပါတယ်။ ဒီဝါဒရဲ့ အယူအဆမှာ လူတယောက်ဟာ သေနေ့စေ့ရင်သေဖို့၊ သေချိန်ကြရင်သေဖို့ ကြိုတင် ပြဋ္ဌာန်းခံရပြီးသားဖြစ်ပါတယ်။
ဒါ့အပြင် ဘယ်အချိန်မှာ အောင်မြင်မယ်၊ ဘယ်အချိန်မှာ ကျရှုံးမယ်၊ ဘယ်အ
ချိန်မှာ ချမ်းသာမယ်၊ ဘယ်အချိန်မှာ ဆင်းရဲမယ်စတဲ့ ဘ၀ဖြစ်ရပ်တွေဟာလည်း
လူတစ်ယောက်အတွက် ကြိုတင်ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ Fatalism ကို
ကြမ္မာဝါဒလို့ဆိုပေမဲ့ အဲဒီကံကြမ္မာကို ဖန်ဆင်းရှင်၊ တန်ခိုးရှင်တွေက
ဆုတ်ကိုင်ထားတယ်လို့ယူဆတဲ့ ၀ါဒီတွေလည်း ရှိနေကြပြန်ပါတယ်။ သူတို့အလိုအရ
လူသတ္တ၀ါတွေအပေါ် ကြိုတင်ပြဋ္ဌာန်းခြင်းအမှုကိုပြုလုပ်သူမှာ ဖန်ဆင်းရှင်၊
တန်ခိုးရှင်ဖြစ်တယ်လို့ ယူဆခြင်း ပါပဲ။ အဲဒီလူတွေရဲ့ အယူအဆ၀ါဒတွေကိုလည်း
Fatalism လို့ဆိုနိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှာရှိခဲ့တဲ့ အခုလည်းရှိနေတဲ့ ဂျိန်းဝါဒီတွေဟာ ကြိုတင်ပြဋ္ဌာန်းခြင်း အယူဝါဒကို လက်ခံ ကြသူတွေပါ။ ဒါပေမဲ့ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကိုတော့ လက်မခံပါဘူး။ ကံကြမ္မာကသာ လူသတ္တ၀ါတွေကို ကြိုတင်ပြဋ္ဌာန်းတယ်လို့ ယူဆကြပါတယ်။ သေနေ့စေ့လို့ သေရခြင်းနဲ့ အခြားဘ၀ဖြစ်ရပ်မှန်သမျှ အတိတ် ဘ၀ကံကြောင့်သာ ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဂျိန်းဝါဒီတွေရဲ့ အယူအဆဟာ Fatalism နဲ့တော့ ထပ်တူမဟုတ်ပါဘူး။
အဲဒီလိုကြိုတင်ပြဋ္ဌာန်းရာမှာ Something နဲ့ Someone ဆိုတဲ့ နှစ်ခုက ကြိုတင်ပြဋ္ဌာန်းတယ်လို့ ယူဆကြပါတယ်။ Something ဆိုတာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်နဲ့မဆိုင်ပါဘူး။ တစုံတရာ ဒါမှမဟုတ် တစုံတခု က ပြဋ္ဌာန်းခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ကံဆိုတဲ့နိယာမ၊ ကြမ္မာဆိုတဲ့ စည်းမျည်းကြီးက လူသတ္တ၀ါတွေရဲ့ အကောင်းအဆိုးကို ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ Someone ဆိုတာကတော့ တစုံတယောက်က ကြိုတင်ပြဋ္ဌာန်းခြင်းအမှုကို ပြုလုပ်တယ်လို့ လက်ခံယူဆခြင်းပါပဲ။ ခရစ်ယန်ဘာသာမှာ ထာဝရဘုရားသခင်၊ အစ္စလာမ်ဘာသာမှာ အလ္လာရှင်၊ ဟိန္ဒူဘာသာမှာ ဗြဟ္မာ၊ ဂျူးဘာသာမှာ ရာဝေစတဲ့ ပုဂ္ဂိုလ်တွေက လူတွေ ကို ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။
Fatalism ၀ါဒဟာ လူတွေရဲ့ အကောင်းအဆိုးကို တစုံတယောက်က ကြိုတင်ပြဋ္ဌာန်းတယ်လို့ ယူဆတာကြောင့် Someone မှာ အကျုံးဝင်ပါတယ်။ ဂျိန်းဝါဒကတော့ ကြိုတင်ပြဋ္ဌာန်းခြင်းဝါဒကို လက်ခံသူတွေ ဖြစ်ပေမဲ့ ကြိုတင်ပြဋ္ဌာန်းပေးသူ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကို လက်မခံဘဲ ကံကြမ္မာကသာ ကြိုတင်ပြဋ္ဌာန်းတယ် လို့ ယူဆတာကြောင့် Something မှာ အကျုံးဝင်ပါတယ်။
Predestination or Predeterminism ဆိုတာ လူ့လောကမှာရှိတဲ့ လူတွေရဲ့ အယုတ်၊ အလတ်၊ အမြတ် မတူကွဲပြား ခြားနားစွာ ခံစားစံစားနေရခြင်းတွေဟာ အခြားအကြောင်းကြောင့်မဟုတ်ဘဲ လောကကို အစိုးရတဲ့ထာဝရဘုရားသခင်ရဲ့ အလိုတော်အတိုင်း၊ အဆုံးအဖြတ် အတိုင်းသာ ဖြစ်တယ်လို့ယူဆတဲ့ အယူ ၀ါဒပါ။ ဖန်ဆင်းရှင် ထာဝရဘုရားက လူတွေကို သူ့အလိုကျ ပြဋ္ဌာန်းတယ်လို့ ယုံကြည်ခြင်းပါပဲ။
Predestination ၀ါဒဟာ တစုံတယောက်က စီမံပြဋ္ဌာန်းတယ်ဆိုတဲ့ Someoneမှာ
ပါဝင်ပါတယ်။ အနောက် နိုင်ငံတွေရဲ့ ဘာသာကြီးသုံးခုဖြစ်တဲ့ ခရစ်ယာန်၊
အစ္စလာမ်နဲ့ ဂျူးဘာသာဝင်တို့ဟာ ဘုရားသခင်အလိုတော် အတိုင်းလို့ယုံကြည်ပြီး
ဘုရားသခင်ဟာ လူသားများအပါအ၀င် စကြာဝဠာနဲ့ စကြာဝဠာထဲမှာရှိတဲ့ အရာ တိုင်းကို
ဖန်တီးခဲ့တယ်လို့ လက်ခံထားကြပါတယ်။
Indeterminism ဆိုတာကတော့ လူ့လောကမှာရှိတဲ့ လူတွေရဲ့ ကွဲပြားခြားနားမှုတွေဟာ မည်သည့် အကြောင်းကြောင့်မှမဟုတ်ဘဲ သူ့အလိုလို အကြောင်းမဲ့ ဖြစ်ချင်သလို ဖြစ်နေခြင်းသာ ဖြစ်တယ်လို့ ယူဆတဲ့ အယူဝါဒပါ။ လူသားဟာ ဒီကမ္ဘာလောကထဲကို မည်သည့်ပြဋ္ဌာန်းချက်မှမပါဘဲ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆတာမျိုးပါ။
ဆိုခဲ့တဲ့ ကြိုတင်ပြဋ္ဌာန်းခံဝါဒတွေဟာ အမှန်တကယ်ကို လေးလေးနက်နက် တွေးချိန်ချင့်စရာ တွေပါ။ လူဟာ သေနေ့စေ့လို့ သေတယ်ဆိုရင် သေနေ့ကိုမရောက်ခင်အချိန်မှာ လုပ်ချင်တဲ့အရာတွေကို လုပ်ပေမဲ့လည်း မသေနိုင်ဘူးဆိုတဲ့သဘော သက်ရောက်နေပါတယ်။ စားချင်တာကိုစား၊ သွားချင်တဲ့နေရာ ကိုသွား၊ အဆိပ်ပဲသောက်မိ သောက်မိ၊ တောင်ထိပ်ပေါ်ကနေကျတာပဲဖြစ်ဖြစ် မသေနိုင်ဘူးလို့ ယူဆရမဲ့သဘောမျိုးပါ။
မလုပ်သင့်တဲ့အလုပ်ကို လုပ်မိလို့ပဲဖြစ်ဖြစ်၊ မစားသင့်တဲ့အစားအစာကို
စားမိလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုနဲ့ သင့်တင့်မျှတအောင် မနေတတ်လို့ ပဲဖြစ်ဖြစ်
သေနေ့မရောက်ခင် သေတာမျိုးတွေလည်း ရှိနိုင် ပါတယ်။ အတိတ်ကံရဲ့
ပြဋ္ဌာန်းမှုအတိုင်း တိုးတက်မှု၊ အောင်မြင်မှုဖြစ်ရမယ်ဆိုရင် ဘာမှမလုပ်ဘဲ
တိုးတက် အောင်မြင်မှုကို ထိုင်စောင့်နေရုံပဲဆိုတဲ့သဘောမျိုးလို ဖြစ်နေတာပါ။
ဒီအချက်တွေဟာ သဘာဝကျကျ စဉ်း စားတွေးတော သတိပြုစရာတွေပါ။
အတိတ်ကံက ပြဋ္ဌာန်းတဲ့အတိုင်း၊ ဒါမှမဟုတ် ကံစီမံတဲ့အတိုင်း၊ ထာဝရဘုရားသခင်ရဲ့ အလိုတော် အတိုင်း၊ သူ့အလိုလို အကြောင်းမဲ့ ဖြစ်ချင်သလိုဖြစ်နေခြင်းဆိုတဲ့ အယူအဆတွေကို လက်ခံရင် Determinism (သတ်မှတ်ပြဋ္ဌာန်းခံဝါဒ)ပါပဲ။ အဲဒီအယူအဆနဲ့ ၀ါဒတွေကို လက်ခံယုံကြည်ရင် လူဟာ လွပ်လပ်စွာရွေးချယ်ခွင့် မရှိနိုင်ပါဘူး။ ဗုဒ္ဓ၀ါဒဟာ အတိတ်ကံကို မပစ်ပယ်ပေမဲ့လည်း အဲဒီအတိတ်ကံကို အားကိုး တာမဟုတ်ပါဘူး။ ဗုဒ္ဓ၀ါဒဟာ အတိတ်ကံကို မပစ်ပယ်တဲ့အတွက်ကြောင့် Determinism ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းသားတွေ လက်ခံယုံကြည်တဲ့ Determinism မျိုးတော့ မဟုတ်ဘူးလို့ဆိုရမှာပါ။ တကယ်လို့ Determinism ကို အစွန်းရောက်လက်ခံတယ်ဆိုရင်တော့ Freedom (လွပ်လပ်မှု) မရှိနိုင်ပါဘူး။ အဲဒီလို Freedom မရှိခြင်းနဲ့ပတ်သက်ပြီး……
“လူဟာ ဘ၀ဇာတ်ဆရာအလိုကျ ကပြနေရခြင်းလား ?
စောင်းသမားတီးခတ်လိုက်တဲ့ စောင်းသံလို စည်းချက်ညီညီဖြစ်နေခြင်းလား ?
ကဗျာတပုဒ်ထဲက ကာရန်အတိုင်းဖြစ်နေခြင်းလား ?” ဆိုတဲ့ မေးခွန်းတွေကို မေးလာတတ်ကြ ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကတော့ “လူဟာ လွပ်လပ်စွာရွေးချယ်ပြုလုပ်နိုင်သလား”ဆိုတဲ့ မူလ မေးခွန်းရဲ့ အဖြေတွေပဲဖြစ်ပါလိမ့်မယ်။
တကယ်တော့ Fatalism နဲ့ ဂျိန်းဝါဒီတွေရဲ့ အယူအဆတွေဟာ ဗုဒ္ဓလက်ထက်ကရှိခဲ့တဲ့ ပုဗ္ဗေကတ ဟေတုဝါဒပါပဲ။ ပုဗ္ဗေကတဟေတုဝါဒဆိုတာ “ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ ချမ်းသာမှု၊ ဆင်းရဲမှု၊ ချမ်းသာဆင်းရဲ မဟုတ်တဲ့ လျစ်လျူရှုမှုတွေကို ခံစားကြရတယ်။ ဒါ့အပြင် လောကမှာထင်ရှားရှိတဲ့ အယုတ်၊ အမြတ်၊ မိုက်မဲမှု၊ လိမ္မာမှု၊ ပြည့်စုံမှု၊ အစိုးမရမှုစတဲ့အရာတွေကိုလည်း ခံစားစံစားတွေ့ကြုံကြရပါတယ်။ အဲဒီလိုတွေ့ကြုံ ခံစားကြရခြင်းဟာ အရင်ဘ၀တွေက မိမိတို့ပြုခဲ့တဲ့ ကံအစွမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ဖန်ဆင်းရှင် တစုံတယောက်ရဲ့ ဖန်ဆင်းမှုကြောင့်မဟုတ်သလို လက်ရှိဘ၀မှာပြုလုပ်တဲ့ လုံ့လပယောဂကြောင့်ဖြစ်တာလည်း မဟုတ်၊ အကြောင်းကင်းပြီး ဖြစ်တာလည်းမဟုတ်ဘူး”ဆိုတဲ့ အယူအဆပါ။
ဗုဒ္ဓ၀ါဒက အတိတ်ကံအကျိုးဆက်ကို လုံးဝမပစ်ပယ်ပေမဲ့ လူတဦးရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းစတာတွေဟာ သူပြုလုပ်ခဲ့တဲ့ အတိတ်က ကံအကျိုးဆက်တခုတည်းကြောင့်သာ ဖြစ်ရတယ်ဆိုတဲ့ ပုဗ္ဗေကတဟေတုဝါဒကို လက်မခံပါဘူး။ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲ ခြင်းစတဲ့ အခုလက်ရှိဘ၀မှာဖြစ်နေတာတွေဟာ အတိတ်ကံကြောင့်သာဖြစ်ရမယ်ဆိုရင် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းစတဲ့မကောင်းမှုတွေ ကျူးလွန်နေကြတာကိုလည်း အတိတ်ကံကြောင့်လို့ ယူဆရ တော့မလို ဖြစ်နေတာပါ။ ဒါ့ကြောင့် အခုမျက်မှောက် ဘ၀မှာရှိနေတဲ့ လူတဦးရဲ့ ဥာဏ်၊ ဆန္ဒနဲ့ ၀ီရိယတို့ရဲ့ အစွမ်းသတ္တိတွေကို ပစ်ပယ်ရာရောက်တဲ့ ပုဗ္ဗေကတဟေတုဝါဒကို ဗုဒ္ဓ၀ါဒက လက်မခံခြင်းပဲဖြစ်ပါတယ်။
Predestination or Predeterminism ဆိုတဲ့ဝါဒဟာ ဗုဒ္ဓလက်ထက်ကရှိခဲ့တဲ့ ဣဿရနိမ္မာန၀ါဒပါပဲ။ “သတ္တ၀ါတွေ သုခ၊ ဒုက္ခနဲ့ ဥပေက္ခာသဘောတွေကို ခံစားနေကြရတာတွေအားလုံးဟာ လောကကိုအစိုးရတဲ့ တန်ခိုးရှင်ရဲ့ ဖန်ဆင်းမှုကြောင့်သာဖြစ်တယ်”လို့ယူဆတာ ဣဿရနိမ္မာန၀ါဒပါ။ ဗုဒ္ဓ၀ါဒက ထာဝရဘု ရားတည်ရှိခြင်းကို လက်မခံတဲ့ အနတ္တ၀ါဒဖြစ်တာကြောင့် အောင်မြင်မှု၊ ကျရှုံးမှု၊ ချမ်းသာမှု၊ ဆင်းရဲမှုတွေ အားလုံးဟာ ထာဝရဘုရားရဲ့ဖန်ဆင်းမှုကြောင့်သာဖြစ်တယ်ဆိုတဲ့ ဣဿရနိမ္မာန၀ါဒကို လက်မခံပါဘူး။
အခုလက်ရှိဘ၀မှာ ကြုံတွေ့နေကြတဲ့ သုခ၊ ဒုက္ခတွေဟာ ထာဝရဘုရားရဲ့ဖန်ဆင်းမှု၊
ထာဝရဘုရားရဲ့ အလို ဆန္ဒအတိုင်း စီမံပြဋ္ဌာန်းတဲ့ အတိုင်းဖြစ်ရတယ်ဆိုရင်
သူ့အသက်သတ်ခြင်း၊ လိမ်လည်ပြောဆိုခြင်းစတာတွေ ဟာလည်း ထာဝရဘုရားရဲ့ဖန်ဆင်းမှု၊
စီမံပြဋ္ဌာန်းမှုတွေကြောင့်ပဲ ဖြစ်တော့မှာပါ။
ဒီနေရာမှာ ဣဿရနိမ္မာန၀ါဒီအချို့နဲ့ ပုဗ္ဗေကတဟေတုဝါဒီအချို့တို့ တူညီတဲ့အချက်တခုရှိပါတယ်။ လက်ရှိဘ၀မှာ အချို့လူကောင်းများ ဒုက္ခရောက်နေကြပြီး အချို့လူမိုက်များကောင်းစားနေခြင်းဟာ ထာဝရ ဘုရားကိုယုံကြည်တဲ့သူတွေအတွက် ဦးနှောက်ခြောက်စေတဲ့ ပြဿနာဖြစ် ပါတယ်။ ထာဝရ၀ါဒီတွေက အဖြေ ကိုရှာကြံလို့မရတဲ့အတွက်ကြောင့် ထာဝရဘုရားရဲ့အလိုတော်အတိုင်းဖြစ်တယ်၊ ထာဝရဘုရားရဲ့အလိုကို ကြံစည်လို့မရနိုင်လို့ ဆိုကြပါတယ်။
ကမ္မ၀ါဒီအစွဲရှိတဲ့ ပုဗ္ဗေကတဟေတုဝါဒီတွေကတော့ ကံစီမံတဲ့အတိုင်း ဖြစ်တယ်လို့
ဆိုကြပါတယ်။ ဒါဟာ မသိမမြင်ရတဲ့ ထာဝရဘုရားရဲ့နေရာမှာ
လက်တွေ့စမ်းသပ်လို့မရတဲ့ တရားတခုကို အစားထိုးခြင်းသာဖြစ်ပြီး
ထာဝရဘုရားအယူနဲ့ သဘောအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။
တကယ်တော့ လူ့လောကကြီး ကမောက်ကမဖြစ်နေမှုဟာ ဗုဒ္ဓ၀ါဒီတွေအတွက်တော့ ပြဿနာတရပ် မဟုတ်ပါဘူး။ ဗုဒ္ဓ၀ါဒကတော့ လက်ရှိ ပစ္စုပ္ပန်မှာ အောင်မြင်မှု၊ ကျရှုံးမှု၊ ဆင်းရမှု၊ ချမ်းသာမှုစတာတွေဟာ အတိတ်ကံသက်သက်ကြောင့်လို့မယူဆဘဲ လက်ရှိ ဆန္ဒ၊ ဥာဏ်၊ ၀ီရိယ၊ ပတ်ဝန်းကျင်အခြေအနေစတဲ့ အကြောင်းတွေကိုပါ ထည့်သွင်းရှုမြင်တဲ့ ကမ္မသကတာသမ္မာဒိဋ္ဌိဝါဒပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ဥာဏ် အမြော်အမြင်နည်းလို့ မအောင်မြင်တာကို အတိတ်ကံမကောင်းလို့ဆိုပြီး တထစ်ချမမှတ်ယူသင့်ပါဘူး။
Indeterminism ဆိုတာကတော့ ဗုဒ္ဓလက်ထက်ကရှိခဲ့တဲ့ အဟေတုက၀ါဒပါပဲ။ “သတ္တ၀ါတွေ သုခ၊ ဒုက္ခ၊ ဥပေက္ခာသဘောတွေကို ခံစား နေရတာတွေဟာ မည်သည့်အကြောင်းကြောင့်မှမဟုတ်ဘဲ သူ့အလိုလို ဖြစ်နေခြင်းသာ ဖြစ်တယ်ဆိုတဲ့”သဘောတရားဟာ အဟေတုက၀ါဒပါ။ ဗုဒ္ဓ၀ါဒအလိုအရ လူ့ဘ၀ဆိုတာ ပေါက်လွတ်လွင့်စင်ပြီး သူ့အလိုလိုရနိုင်တဲ့ဘ၀မျိုးမဟုတ်ပါဘူး။ လူ့ဘ၀ရဖို့ ခဲယဉ်းလှပါတယ်။ လူ့ဘ၀ကို အကြောင်းမဲ့ မရနိုင်ပါဘူး။ ဒါကြောင့် သုခ၊ ဒုက္ခ၊ ဥပေက္ခာသဘောတွေ ခံစားနေရတာတွေအားလုံးဟာ ဘာအကြောင်းအထောက်အပံ့မှမရှိဘဲ သူ့လိုလိုဖြစ်နေခြင်းသာဖြစ်တယ်ဆိုတဲ့ အဟေတုက၀ါဒကို ဗုဒ္ဓ၀ါဒက လက်မခံပါဘူး။
လောကမှာရှိနေကြတဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ဆင်းရဲ၊ ချမ်းသာတွေဟာ ဘာအကြောင်းအထောက် အပံ့မှမရှိဘဲ သူ့လိုလိုသာဖြစ်နေတယ်ဆိုရင် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းစတဲ့ မကောင်းတဲ့ဒုစရိုက်မှု တွေအားလုံးဟာလည်း အကြောင်းတရားမရှိဘဲ သူ့လိုလိုဖြစ်နေခြင်းသာဖြစ်တယ်လို့ ယူဆရတော့မလိုပါ။
“ရှေးကပြုခဲ့တဲ့ အကြောင်းတရားသက်သက်ကိုသာ လက်ကိုင်ထားကြသူတွေ၊ လောကကိုအစိုးရတဲ့ ဖန်ဆင်းရှင်ကိုသာယုံကြည်ကြသူတွေနဲ့ အကြောင်းတရားမရှိ၊ သူ့လိုလိုဖြစ်နေခြင်းဆိုတဲ့အယူအဆတွေကို အမြတ်တနိုးယုံ ကြည်စွဲလမ်းကြသူတွေအတွက် အကြောင်းအကျိုး အကောင်းအဆိုးနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတဲ့ဥာဏ်၊ အလိုဆန္ဒနဲ့ အားထုတ်ခြင်းဝီရိယတွေ မဖြစ်နိုင်တော့ဘူး”လို့ မြတ်ဗုဒ္ဓမိန့်တော် မူခဲ့တဲ့စကားကို ထောက်ဆပြီး ဆိုခဲ့တဲ့ဝါဒသုံးခုကို ဗုဒ္ဓ၀ါဒက လက်မခံခြင်းပဲဖြစ်ပါတယ်။
ဆိုခဲ့တဲ့ဝါဒသုံးခုကို လက်မခံတာကြောင့် အဲဒီဝါဒသုံးခုမှာအကျုံးဝင်ပြီး အနောက်တိုင်းသားအချို့ လက်ခံယုံကြည်တဲ့ Determinism (ပြဋ္ဌာန်းခံဝါဒ)ကိုလည်း ဗုဒ္ဓ၀ါဒက လက်မခံကြောင်း မှတ်ယူရမှာပါ။ ဒါဆိုရင် ဗုဒ္ဓ၀ါဒဟာ ဘာဝါဒလဲလို့ မေးစရာရှိလာပါတယ်။ အတိုချုပ်ဖြေ ရမယ်ဆိုရင်တော့ ဗုဒ္ဓ၀ါဒဟာ ကမ္မ၀ါဒလို့ ဖြေရမှာပါ။
ဗုဒ္ဓ၀ါဒအလိုအရ လူ့ဘုံမှာ ပဋိသန္ဓေအခါ အယုတ်၊ အလတ်၊ အမြတ်ဖြစ်ကြရခြင်းဟာ
ရှေးအ တိတ်ကံကြောင့်ပဲဖြစ်ပါတယ်။ ရှေးကံအား ကောင်းရင် အားကောင်းတဲ့အလျောက်
မင်းမျိုး၊ သူဋ္ဌေးမျိုးတွေမှာ ဖြစ်ကြရပြီး ရှေးကံအားနည်းရင်
အားနည်းတဲ့အလျောက် ဆင်းရဲတဲ့အမျိုးတွေမှာ ဖြစ်ကြရပါတယ်။
ပဋိသန္ဓေ အခါ အယုတ်၊ အလတ်၊ အမြတ်ဖြစ်ဖို့အတွက်တော့ ဥာဏ်၊
ဝီရိယနဲ့မဆိုင်ပါဘူး။ ရှေးကံအလျောက်ဖြစ်ရပြီး နောက် ဖြစ်ပြီးတဲ့အမျိုး၊
အဆင့်အတန်းအားလျော်စွာ ရပြီးတဲ့စီးစိမ်ချမ်းသာကို စောင့်ရှောက်မှု၊
တိုးပွားစေမှု၊ မရသေးတဲ့စီးပွားဥစ္စာကို ရအောင်ကြိုးစားမှု၊ အသက်ရှည်ဖို့၊
ကျန်းမာဖို့လုပ်ဆောင်ရတဲ့အမှုကိစ္စတွေမှာတော့ ဥာဏ်နဲ့ ၀ီရိယတို့ကသာ
ပဓာနဖြစ်ပါတယ်။
လူတွေရဲ့ အသက်တမ်းတိုတာ၊ ရှည်တာ၊ ဆုတ်ယုတ်တာတွေကတော့ ရှေးကံဟောင်းက ပဓာန မဟုတ်ပါဘူး။ အဇ္ဈတ္တသြဇာ၊ ဗဟိဒ္ဓသြဇာဆိုတဲ့ဓာတ်ဆီနဲ့ အဇ္ဈတ္တဓာတ်မီး၊ ဗဟိဒ္ဓဓာတ်မီးတို့ကသာ ပဓာန ဖြစ်ပါတယ်။ ဒါကြောင့်မို့ “လူသည် ကံစီမံတဲ့အတိုင်း ဖြစ်နေခြင်း ဖြစ်သည်”ဆိုတဲ့အဆိုဟာ ယေဘုယျအား ဖြင့် မမှန်ကန်ပါဘူး။ ဘာကြောင့်လဲဆိုရင် အတိတ်ကံဟာ ပဋိသန္ဓေအခါ အယုတ်၊ အလတ်၊ အမြတ်တို့ကိုပဲ ဖြစ်စေနိုင်ပါတယ်။
ပစ္စုပ္ပန်ဘ၀ ချမ်းသာမှု၊ ဆင်းရဲမှု၊ အသက်ရှည်မှု၊ အနာရောဂါကင်းမှုတို့ဟာ ဥာဏ်နဲ့
ဝီရိယတို့ကသာ ပဓာနဖြစ်ပါတယ်။ ဒါကြောင့် “ကံစီမံတဲ့ အတိုင်း
ဖြစ်နေသည်”လို့ပြောရင် အတိတ်ကံရော ပစ္စုပ္ပန်ကံကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။
တကယ်တော့ အတိတ်ကံဆိုတာ သိမြင်စမ်းသပ်လို့ရတဲ့တရား မဟုတ်တာကြောင့်
အတိတ်ကံကိုပဲစဉ်းစားနေရင် ကြီးပွားတိုးတက်မှုမရှိဘဲ ဖြစ်နေမှာပါ။
ဆိုခဲ့တဲ့အတိုင်း ပုဗ္ဗေကတဟေတုဝါဒီတွေရဲ့အယူအဆကို ပစ်ပယ်ပေမဲ့ အတိတ်ဘ၀က ကံအကျိုး ဆက်တွေရဲ့ထောက်ပံ့မှုကို ဗုဒ္ဓ၀ါဒက မငြင်းပယ်ပါဘူး။ ဗုဒ္ဓ၀ါဒအလိုအရ အတိတ်ဘ၀တွေက ကြီးလေးတဲ့ မကောင်းမှုဒုစရိုက်ကံတွေဟာ လူတဦးရဲ့ ပစ္စုပ္ပန်အောင်မြင်မှု၊ တိုးတက်မှု တွေကို ဟန့်တားတတ်ပါတယ်။ အဲဒီလိုပဲ အတိတ်က စွမ်းအားကောင်းတဲ့ ကောင်းမှုကံတွေကလည်း ပစ္စုပ္ပန်အောင်မြင်မှု၊ တိုးတက်မှုတွေကို အကျိုးပြုနိုင်ပါတယ်။ ဗုဒ္ဓ၀ါဒက အတိတ်ကံအကျိုးဆက်ကို လက်ခံပေမဲ့လည်း ပစ္စုပ္ပန်အောင်မြင်မှု၊ ဆုံးရှုံးမှု မှန်သမျှတွေကို အတိတ်ကံ ကြောင့်ချည်းဖြစ်ရတာလို့တော့ မယူဆပါဘူး။ ဒါ့အပြင် အတိတ်ကံအထောက် အပံ့မရှိဘဲ ပစ္စုပ္ပန်ဆန္ဒ၊ ဥာဏ်၊ ၀ီရိယတို့ကြောင့်ချည်း အောင်မြင်ထမြောက်တာလို့မယူဆဘဲ ကောင်းသော ကံတွေရဲ့ထောက်ပံ့မှုလည်းပါတယ်လို့ ရှုမြင်ပါတယ်။
အတိတ်ကံတွေက ကောင်းတာကိုထောက်ပံ့တာပဲဖြစ်ဖြစ် မကောင်းတာကို ထောက်ပံ့တာပဲဖြစ်ဖြစ် လူတဦးဟာ ပစ္စုပ္ပန်ဘ၀မှာ မိမိရဲ့ ဆန္ဒ၊ ဥာဏ်၊ ၀ီရိယတွေကိုသာ အားကိုးပြုပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်ရမှာဖြစ်ပါတယ်။
ကျော်လွန်ခဲ့ပြီးဖြစ်တဲ့ အတိတ်ကံ၊ အတိတ်အကျိုးဆက်တွေကို
စောင့်မျှော်နေဖို့မလိုသလို အားကိုးနေဖို့လည်း မလိုပါဘူး။
ဘာကြောင့်လဲဆိုရင် မိမိနဲ့ အသက်ဆိုင်ဆုံး အရာမှာ
လက်ရှိပစ္စုပ္ပန်အခြေအနေပဲဖြစ်ပြီး မိမိရဲ့ပစ္စုပ္ပန်မှာ
ကောင်းတဲ့ကံတွေကိုဖန်တီးဖို့ အသေအချာ ပိုင်ဆိုင်အားကိုး နိုင်တဲ့အရာကလည်း
မိမိရဲ့ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေပဲ ဖြစ်တာကြောင့်ပါ။ ဗုဒ္ဓ၀ါဒအလိုအရ လူဟာ
အတိတ်ကံအလျောက် ပြဋ္ဌာန်းခံရတာ မှန်ပေမဲ့လည်း ပစ္စုပ္ပန် ဆန္ဒ၊ ဥာဏ်နဲ့
ဝီရိယတွေကသာ အဓိကဖြစ်တာကြောင့် အဲဒီဆန္ဒ၊ ဥာဏ်၊ ၀ီရိယအလိုက်
လွပ်လပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဗုဒ္ဓ၀ါဒဟာ အတိတ်ကံကိုလက်ခံပေမဲ့လည်း အဲဒီအတိတ်ကံကို အားမကိုး၊ စောင့်လည်း မစောင့် မျှော်ဘဲ ပစ္စုပ္ပန် ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေကိုသာ အားကိုးတာပါ။ ဒါကြောင့် လူဟာ မိမိရဲ့ ကံ၊ ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေအလျောက် မိမိကိုယ်ကို မိမိကသာ ပြဋ္ဌာန်းပါတယ်။ တနည်းအားဖြင့်ပြောရရင် တစုံတခုသော အတိုင်းအတာအထိ Freedom (လွပ်လပ်မှု)ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ လူဟာ ဘ၀ဇာတ်ဆရာ အလိုကျ ကပြနေရခြင်းလည်းမဟုတ်၊ စောင်းသမားတီးခတ်လိုက်တဲ့စောင်းသံလို စည်းချက်ညီညီ ဖြစ်နေ ခြင်းလည်းမဟုတ်၊ ကဗျာတပုဒ်ထဲက ကာရံအတိုင်းဖြစ်နေခြင်းလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကံ၊ ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယအလျောက် လွပ်လပ်စွာရွေးချယ်ခွင့်ရှိပါကြောင်း…..။
လင်းဝံသ
၆၊ ၂၇၊ ၂၀၁၂