Friday, July 13, 2012

လက်တွေ့ဗုဒ္ဓဘာသာ


 လက်တွေ့ဗုဒ္ဓဘာသာ

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်သည် အဓိကအားဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရသောလမ်းစဉ်ကြီးဖြစ်၏။ မြတ်စွာဘုရားအဆူဆူတို့သည် မိမိတို့၏ ကျင့်ကြံအားထုတ်မှုအားဖြင့်သာ ပွင့်ထွန်းတော်မူခဲ့ကြသည်။ တစ်စုံ တစ်ဦး၏ အကူအညီကိုမျှ ရယူခြင်းမရှိခဲ့ကြပေ။

ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို လေ့လာကြည့်ပါလျှင် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ပူဇော်ခြင်းကို ခံယူရသည် မှန်ပါသော်လည်း ဘုရားဖြစ်ရန်၊ သဗ္ဗညုတဉာဏ်တော်ရရန် ကြိုးစားအားထုတ်ရခြင်းတွင်ကား မည်သူတစ်ဦးတစ်ယောက်ကမျှ ဝိုင်းဝန်းကူညီခြင်းမပြုနိုင်ပေ။ မိမိကိုယ်တော်တိုင်သာလျှင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်ဖြည့်ဆည်း အားထုတ် ခဲ့ရလေသည်။

မြတ်စွာဘုရားသည် တရားအလုံးစုံကိုသိမြင်၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသည့်အချိန်မှ ပရိနိဗ္ဗန် စံဝင်တော်မူသည့် အချိန်အထိ (၄၅) ဝါကာလပတ်လုံး နေ့စဉ်နှင့်အမျှ သတ္တဝါများအားတရားဟောပြော ကယ်တင်တော်မူခဲ့လေသည်။ မြတ်စွာဘုရား၏ဟောကြားချက်များအားလုံး၏ အစုအပေါင်းသည် ပိဋကတ် သုံးပုံဖြစ်လာလေသည်။

ပိဋကတ်သုံးပုံသည် များပြားကျယ်ဝန်းလှသည် မှန်ပါသော်လည်း အနှစ်သာရကား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တစ်ခုသာလျှင်ဖြစ်၏။ မဟာသမုဒ္ဒရာရေသည် ငန်သောအရသာတစ်ခုသာလျှင် ရှိသကဲ့ သို့တည်း။ ပိဋကတ်သုံးပုံ၏ အဆုံးအမ အတိုင်း လိုက်နာကျင့်ကြံအားထုတ်သူတို့သည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ သောအကျိုးကို ခံစားရပြီးလျှင် အဆုံးစွန် ပန်းတိုင်ဖြစ်သော သံသရာမှ ထွက်မြောက်ခြင်း ကိုလည်း ရရှိကြ လေသည်။

ဤတွင် သတိပြုရမည့်အချက်မှာ မြတ်စွာဘုရားတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နိဗ္ဗာန်ရအောင် ပြုလုပ် ဖန်တီး မပေးနိုင်ကြပေ။ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်မှုကသာ လိုရာခရီးသို့ ရောက်စေနိုင်လေသည်။ ဤအချက်ကို အထူးလေးနက်ဖို့အရေးကြီးလှသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ဤအချက်ကို အကြိမ်ကြိမ် ဟောကြား သတိပေးထားပြီးဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်သည် ယခုဘဝအတွက် လည်းကောင်း၊ တမလွန်အတွက်လည်းကောင်း ပြည့်စုံသော လမ်းညွှန် ချက်များ ဖြစ်သည်။ တရားတော်၏ဂုဏ်တော်များတွင် ယခုလက်ငင်းအကျိုးပေးတတ်ခြင်း၊ အချိန်မရွေး စစ်ဆေး စမ်းသပ်ကြည့်နိုင်ခြင်း စသည်တို့ပါဝင်၏။ တရားတော်၏အကျိုးကို ခံစားရန်အတွက် တမလွန် လောက ရောက်သည်အထိ စောင့်ဆိုင်းရန်မလိုပေ။ ယခုပင်ကျင့်ကြံ အားထုတ်၍ ယခုလက်တွေ့ပင် အကျိုး တရားခံစားနိုင်လေသည်။ ထိုကဲ့သို့ အကျိုးတရား ခံစားနေရသူများကားရေတွက်၍မကုန်နိုင်အောင် ရှိသည်။ ၎င်းတို့အနက်မှ မျက်မှောက်ခေတ်မြန်မာနိုင်ငံသာသနာတော်သမိုင်းတွင် အကျော်ကြားအထင်ရှားဆုံး ဖြစ်တော်မူသော မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးအား သာဓကထား၍တင်ပြလို ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဆယ်နှစ်ခန့် အလိုလောက်တွင် သူဌေးကြီး ဆာဦးသွင်နှင့်ဇနီးတို့သည် သီဟိုဠ်ပြည် (ယခုသီရိလင်္ကာ) သို့ မြတ်စွာဘုရားစွယ်တော်အား ဖူးမြင်ရန်သွားကြ၏။ ထိုတွင်သီဟိုဠ်မှ စွယ်တော်အမတ်ကြီးများနှင့် စကားပြောဆိုကြရာ စွယ်တော် အမတ်ကြီးများကခင်ဗျားတို့မြန်မာနိုင်ငံမှာ စာတတ်ပေတတ်တွေပေါပေမယ့် တိပိဋကဓရ ပုဂ္ဂိုလ်တော့မရှိကြသေးဘူး ဟု ပြောကြလေသည်။ သို့အတွက် ဆာဦးသွင်သည် ဤအချက်ကိုသဘောပေါက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါတွင် မိမိ၏ငွေကြေးဖြင့် အကုန်အကျခံကာ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကျင်းပရန်စီစဉ်လေသည်။ ပထမအကြိမ်ကျင်းပသော စာမေးပွဲတွင် ဖြေဆိုသူ ခြောက်ပါးရှိသည်။ မင်းကွန်း တိပိဋကဓရ လောင်းလျာ ဆရာတော်သည်လည်း ၎င်း စာမေးပွဲကို လေ့လာရန်ရောက်ရှိခဲ့၏။ စာမေးပွဲဂေဇက်ထွက်သောအခါ ဖြေဆိုသူတစ်ပါးမျှ မအောင်မြင်ကြပေ။ သူဌေးကြီး ဆာဦးသွင်မှာလည်းအထူးပင် စိတ်မကောင်းဖြစ်မိ လေသည်။ ဤတွင်ဆရာတော်သည် သာသနာ တော်အတွက် တိပိဋကဓရ စာမေးပွဲအောင်မြင်ရေးကို မဖြစ်မနေကြိုးစားဆောင်ရွက်တော့မည်ဟု ခိုင်မာသော အဓိဠာန်ကိုချလိုက်လေသည်။ ဆရာတော်မှာ ကိုယ်ခန္ဓာပိန်ပိန်ပါးပါးနှင့် အင်အားချည့်နဲ့သူဖြစ်ပေရာ တိပိဋက ဓရစာမေးပွဲ ကို ဖြေဆိုနိုင်ပါ့မလား ဟု သံသယဖြစ်ကြလေသည်။

ဆရာတော်က မိမိတွင်အင်အားဗလပြည့်စုံကြောင်းယုံကြည်ထားသည်။ အင်အားဗလဆိုသည်မှာ ကိုယ်ခန္ဓာ အင်အားကို ဆိုလိုခြင်းမဟုတ်ပေ။ မြတ်စွာဘုရားဟောကြားတော်မူသော-
  • ၁) သဒ္ဓါဗလ = ယုံကြည်ခြင်းအင်အား
  • ၂) သတိဗလ = မမေ့လျော့ခြင်းအင်အား
  • ၃) သမာဓိဗလ = တည်ကြည်ခြင်းအင်အား
  • ၄) ဝိရိယဗလ = အားထုတ်ခြင်းအင်အား
  • ၅) ပညာဗလ = ခွဲခြားဝေဖန်တတ်ခြင်းအင်အား
    ဟူသောစိတ်ဓာတ်ပိုင်းဆိုင်ရာအင်အားများကို ဆိုလိုခြင်းဖြစ်ပေသည်။
၎င်းအပြင် ဆရာတော်သည် မြတ်စွာဘုရား၏ ဩဝါဒတော်ဖြစ်သော-
  • ၁) ဆန္ဒထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်။
  • ၂) ဝိရိယထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်။
  • ၃) စိတ်ဓာတ်ထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်။
  • ၄) ပညာထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်
ဟူ၍လည်း အကြွင်းမဲ့ယုံကြည်တော်မူသည်။ ဤယုံကြည်ချက်များအတိုင်းမဆုတ်မနစ် ဆောင်ရွက်တော် မူခဲ့၍ လည်း တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူလာပြီးလျှင် သာသနာရေး၊ လူမှုရေးတို့တွင် သူမတူ အောင် စွမ်းဆောင်တော်မူနိုင်ခဲ့လေသည်။ တိပိဋကဓရဆရာတော်ဘုရားကြီး၏ စံနမူနာကို ကြည့်ပါလျှင် မြတ်စွာဘုရား ၏ တရားတော်အတိုင်း လိုက်နာကျင့်ကြံပါက အလွန်ကြီးကျယ်မြင့်မားလှသောအဆင့်အတန်း သို့ရောက်အောင် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေလေသည်။

မြတ်စွာဘုရား၏ တရားတော်သည် လောကရေး၊ ဓမ္မရေးနှစ်မျိုးစလုံး လိုရာကိုထုတ်ယူသုံးစွဲနိုင်အောင် ပြည့်စုံ လျက်ရှိသည်။ သုံးစွဲမည့်သူက မိမိလိုရာကို ရယူကျင့်သုံးဖို့ပင်ဖြစ်သည်။ ကျင့်သုံးသူအတွက် အကျိုးတရား ခံစားရမည်မှာကား မလွဲမသွေပင်ဖြစ်လေသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး အကြောင်း ကို တင်ပြခြင်းမှာ သာဓကအဖြစ်တင်ပြခြင်းသာဖြစ်၏။ လူတိုင်း ဆရာတော်ကြီးလိုဖြစ်နိုင်မည် မဟုတ်ပေ။ တိပိဋကဓရဆရာတော်ကြီးကား တစ်ခေတ်တွင် တစ်ဦးဆိုသလို မကြုံစဖူး ထူးကဲလှသော ပုဂ္ဂလဝိသေသ ဖြစ်ပေသည်။

သို့ဖြစ်သော်လည်း ကလေး၊ လူကြီး၊ ယောင်္ကျား၊ မိန်းမ မရွေး နေရာဒေသတိုင်းမှ လူတိုင်းလူတိုင်း သည် လည်း မြတ်စွာဘုရား၏ တရားတော်ကို လိုက်နာကျင့်ကြံနိုင်လျှင် ကျင့်ကြံနိုင်သလောက် လက်ငင်း လက်တွေ့ အကျိုးတရားခံစားရမည်မှကား ယုံမှားဖွယ်မရှိသောအချက်တစ်ချက်ဖြစ်လေသည်။

(မှီခိုရာ-မင်းကွန်းတိပိဋက-နိကာယသာသနာပြုအဖွဲ့၊ တတိယသုံးနှစ်ခရီး)
ဦးသန်းထွန်း (ရွှေဘို)
၁၉၉၀၊ ဇန်နဝါရီလ၊ အမှတ်၁။

(Credit to Buddha FM)