Thursday, July 19, 2012

လူ့စည်းကမ်းနှင့် လမ်းစည်ကမ်း


လူ့စည်းကမ်းနှင့် လမ်းစည်ကမ်း

ပြောင်းပြီ ပြင်ပြီလား
            ခေတ်တွေပြောင်းလာပြီဆိုတော့ ….။ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီတိုးတက်တဲ့အသွင်နှင့် တွေ့ချင်၊ မြင်ချင်သူတွေ တစ်နေ့တခြား များပြားလာနေခြင်းပါ။ အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ရတာ ကြာလာတော့ စိတ်မရှည်တဲ့ဟန်နဲ့ တိုးတက်မှုများ နှေးကွေးရကောင်းလားလို့ အားမလို၊ အားမရ ဖြစ်နေသူတွေကလည်း ဒုနဲ့ဒေးပါ။

“ဘာမှလဲ ဖြစ်မလာသေးပါလား၊ ပြောတော့ မိုးလား ကဲလား̎ ”
စသည်ဖြင့် ဟန်နဲ့ပန်နဲ့ ဝေဖန်ပြစ်တင် နေသူတွေကလဲ များမှများ။
 ”ဒီမိုကရေစီစနစ်ကလဲ ထင်သလောက်မဟုတ်သေးပါဘူးကွာ”
လို့ ပြောသူကပြော။

 ဒါနဲ့ပတ်သက်ပြီး ပြည်သူ၊ ပြည်သားတွေကို တစ်ခုတော့ပြောလိုက်စမ်းချင်သား။
အကြောင်းတစ်စုံတစ်ရာကို ဝေဖန်ဆွေးနွေးချင်ရင် အရည်အချင်းရှိရှိ ဝေဖန်ဆွေးနွေးနိုင်ဖို့ စာများများဖတ်ကြဖို့ပါ။ အကြောင်းအချက် အလက်များကို ကြိုတင်လေ့လာထားကြဖို့ပါ။ ဥပမာ၊ ဒီမိုကရေစီစနစ်ကို ဝေဖန်ဆွေးနွေးချင်ရင် စနစ်တကျ ဝေဖန်ဆွေးနွေးနိုင်ဖို့ စနစ်ရဲ့မူဝါဒများကို ကြိုတင်လေ့လာထားဖို့ပါ။ ဘာကြောင့်လဲဆိုရင် မျှမျှတတ ကြည့်တတ်၊ မြင်တတ်ခြင်းဟာ ပြည်သူကောင်းတို့ရဲ့ အလေ့အကျင့်တစ်ခုဖြစ်နေလို့ပါ။

            ဒီမိုကရေစီစနစ်ဆိုတာ လူတွေထင်ထားသလို ဖြစ်ချင်ရာတွေကို တင်ပြရင် ဒုန်းဒုန်းဒိုင်းဒိုင်းချည်း ဖြစ်စေနိုင်တဲ့ သက်ဦးဆိုင်ပိုင် ဘုရင်စနစ်မျိုးလဲမဟုတ်ပါ။ အမိန့်အာဏာထုတ်ပြီးရင် ̏ရေဗူးပေါက်တာမလို ချင်ဘူး၊ ရေပါဖို့ကအဓိက˝ဆိုတဲ့ ချက်ချင်းချည်း အကောင်အထည်ဖေါ်ပေးရတဲ့ အာဏာရှင်စနစ်မျိုးလဲ မဟုတ်ပါ။ ဖြစ်ချင်တွေကို (ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးနဲ့အပြစ်ကို မစဉ်းစားပဲ) ချက်ချင်းချည်း ဖြစ်ချင်တဲ့စိတ်နဲ့ ထင်ရာဆိုင်းခဲ့တဲ့ စနစ်ကြီးကို မကြိုက်နိုင်လို့ (စနစ်တစ်ခုကို ပြောင်းပေးဖို့ ပြည်သူတွေကပဲ အသဲအသန် တောင်းဆိုလို့) ဒီမိုကရေစီစနစ်ဆိုတာ ဖြစ်ပေါ်လာတာပဲမဟုတ်လား။ 

မှတ်မိနေဆဲပါ။
မဝေးလှသေးတဲ့ တစ်ချိန်က ဆောက်လုပ်ရေးရုံးချုပ်မှာ ရေးထားတဲ့စာတမ်းလေးတစ်ခုပါ။ “လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ထွက်…”တဲ့။
တကယ်တော့ ဘယ်စနစ်မျိုးမဆို အားနည်းချက်၊ အားသာချက်ဆိုတာ ရှိစမြဲပါ။ ဘယ်စနစ်မှ အကောင်းချည်းဆိုတာ မရှိနိုင်ပါ။ ဒီမိုကရေစီစနစ်ဟာ အကောင်းများတဲ့စနစ်ဖြစ်လို့ ပြည်သူတွေ တောင်းဆိုခဲ့ ကြတာ မဟုတ်ပါလား။ သတိမူနိုင်ဖို့ပါ။ တကယ်တော့ စနစ်တစ်ခုကို ကြာရှည်စွာ အသုံးပြုလာရင် အားနည်း ချက်တွေဆိုတာ “ရေပေါ်မှာ ရေဗူးပေါ်” သလို ပေါ်လာကြတာပါ။ ဒါကိုလဲ ပြည်သူတွေ သိထားဖို့ပါ။

            စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းဖို့ဆိုတာ ပြည်သူ၊ ပြည်သားတစ်ဦးတစ်ယောက်တည်းရဲ့ ဆန္ဒနဲ့ ပြောင်းလို့မရပါ။ စနစ်တစ်ခုရဲ့အားနည်းမှုကြောင့် တိုင်းပြည်ကြီးကို ဒီမိုကရေစီစနစ်ဖြင့် ပြောင်းလဲအုပ်ချုပ် စေချင်လို့ ဆန္ဒတွေစုပေါင်းပြီး ပြောင်းလဲခဲ့ကြတာပါ။ ပြောင်းလွဲရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုက ပြည်သူ တွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ပါ။ ဥပမာ၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့၊ လွတ်လပ်စွာ ရေးသားခွင့်တို့၊ လွတ်လပ်စွာ ယုံကြည်ခွင့်တို့၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင်ခွင့်တို့အပြင် လုံခြုံတဲ့ဘ၀မျိုးနှင့် နေနိုင်ခွင့်တို့၊ ဒီအခွင့်လမ်းတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ပါ။

ပြောင်းဖို့ အချိန်

            ဖြည့်ဆည်းပေးနိုင်ဖို့ဆိုပေမဲ့ ဒီမိုကရေစီသဘောအရ (အခြားစနစ်တွေနဲ့ မတူပဲ) အသွင်ကူးပြောင်းရေး ကာလမှာ ကြန့်ကြာနေတတ်ခြင်းပါ။  နှေးကွေးနေတတ်ခြင်းပါ။  နှေးကွေးနေရတဲ့အကြောင်းရင်းက ̏ပလောင် တောင်တက်နှေးတာဟာ လဖက်ကောင်းကောင်း စားနိုင်ဖို့ပါ˝ဆိုတဲ့ စကားပုံမျိုးပါ။

ဆိုလိုတာက တရားဥပဒေ နှင့်အညီ အုပ်ချုပ်နိုင်ဖို့ ဥပဒေရေးရာများမှာ အမှားနည်းနိုင်သမျှနည်းအောင် ရေးဆွဲပေးရ၍ ဥပဒေရေးဆွဲရာမှာ ပဲဖြစ်ဖြစ်၊ စီမံကိန်းများ ချမှတ်ရာမှာပဲဖြစ်ဖြစ် နှေးကွေးနေခြင်းပါ။ ဥပမာ၊ စီမံကိန်းတစ်ခုအတွက် ဥပဒေပြုပေး နိုင်ဖို့ အခါခါအထပ်ထပ် ဆွေးနွေးညှိနှိုင်းနေရခြင်း၊ အများရဲ့သဘောတူညီမှုကို ရရှိနိုင်အောင် အဆင့်ဆင့် ဆောင်ရွက်နေရခြင်း-စသည့် အခြေအနေများပါဝင်နေ၍ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုတဲ့ ပြည်သူ၊ ပြည်သား များ စိတ်ရှည်ရှည်ထားနိုင်ကြဖို့ပါ။

            တစ်ချိန်တစ်ခါက စီမံကိန်းတစ်ခုကို အာဏာနဲ့ အလျင်စလို ပြုလုပ်ခဲ့ကြလို့ ပြုလုပ်ဆောင်ရွက် ချက်တွေဟာ  (များသောအားဖြင့်) အမှားတွေများနေတာကို ပြည်သူ၊ ပြည်သားများ သိမြင်လာတဲ့နေ့မှာ  အပြစ်တော်တင်လို့ မဆုံးနိုင်အောင် ရှိနေကြဆဲပါ။

စာရေးသူသဘောကတော့ ထိုအမှားတွေကို ထပ်တလဲလဲ ပြစ်တင်ဝေဖန်နေမဲ့အစား  အကောင်းတွေများလာနိုင်ဖို့အတွက် တိုင်းပြည်ရဲ့သားကောင်းတစ်ယောက်အသွင်၊ သမီးကောင်း တစ်ယောက်အသွင်နဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို ခွန်အားရှိသမျှ၊ စွမ်းအားရှိသမျှ၊ ဉာဏ်အားရှိ သမျှ ၀ိုင်းဝန်းကူညီဆောင်ရွက်နိုင်ကြဖို့ပါ။

မိဘဆိုတာ ဘယ်သားသမီးကိုမှ နစ်နာစေချင်တဲ့ဆန္ဒမျိုး ရှိမှာ မဟုတ်ပါ။ ဒါပေမဲ့ နိုင်ငံတကာအတွေ့အကြုံကလည်းနည်း၊ အနားနေ သက်တော်ရှည်တွေကလည်း ဘာပဲ ပြောပြော၊ ဘာပဲမိန့်မိန့် “ဘုန်းတော်ကြောင့် သင့်မြတ်တော်မူလှကြောင်းပါဘုရား˝ လုပ်နေတော့ အမှားတွေက များလွန်း သွားတာပါ။ ဒီအမှားတွေကို ပြည်သူ၊ ပြည်သားတွေ ဉာဏ်နဲ့နားလည် သဘောပေါက်ထား ကြမယ်ဆိုရင် ရှေ့ဆက်ပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ဆိုတဲ့ စိတ်ထားမျိုးနဲ့ အလုပ်လုပ်နိုင် ကြဖို့ပါ။  အရာရာကိုဉာဏ်နဲ့ ဝေဖန်ဆန်းစစ်နိုင်ကြဖို့ပါ။

            ဒီမိုကရေစီစနစ်ဆိုတာ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်း-တို့ကိုပြုပြီးမှ အကောင်းဆုံး နည်းလမ်း (သို့မဟုတ်) အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်အတည်ပြု၊ ပြဋ္ဌာန်းပေးရတဲ့စနစ်မျိုးဖြစ်လို့ တစ်မိန့်တစ်အာဏာနဲ့ အုပ်ချုပ်တဲ့စနစ်တွေလို အလျင်စလို ပြုလုပ်ပေးလို့ မရနိုင်ပါ။ ဥပဒေနှင့်အညီ စီမံကိန်း တစ်ခုကို ချမှတ်ပြီးတဲ့အခါ ပြည်သူတွေကို ထိုချမှတ်ထားတဲ့စီမံကိန်းနှင့်ပတ်သက်ပြီး လိုက်နာကျင့်သုံးနိုင်ဖို့ ပညာပေးတွေကို အရင်ပြုလုပ်ပေးကြရမှာပါ။

 ပြည်သူတွေအတူတကွ ပါဝင်လာနိုင်အောင် စည်းရုံးလှုံ့ဆော်မှု တွေကို ကြိုတင်ပြုပေးကြရမှာပါ။ တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်ကို ကျပ်ကျပ်မတ်မတ် အကောင်အထည် ဖေါ်နိုင်ကြဖို့ပါ။ ဥပမာ၊ လာဘ်ပေး၊ လာဘ်ယူမှုကိစ္စ။ လာဘ်ပေး၊ လာဘ်ယူ ကင်းရှင်းတဲ့ နိုင်ငံတော်သစ်ကြီးကို တည်ထောင်နိုင်ဖို့ကိစ္စ၊ ဒီကိစ္စမျိုးတွေပါ။ ခေါက်ရိုးကြိုးနေပြီဖြစ်တဲ့ ဒီကိစ္စမျိုးဖြစ်လို့  ကိုင်တွယ်ဖြေရှင်းရာမှာ အသွင်ကူးပြောင်းဆဲကာလမို့ ညင်သာစွာ ကိုင်တွယ်ကြဖို့ပါ။
 
ပြောင်းဖို့အရေး များလိုက်တဲ့ စည်းကမ်း

            နိုင်ငံတော်ကချမှတ်တဲ့ မူဝါဒရေးရာများကို ပြည်သူတွေ စိတ်သန့်သန့်ရှင်းရှင်းနဲ့ လိုက်နာနိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းများကို မူဝါဒအဖြင့် မချမှတ်ခင် (သို့မဟုတ်) မူဝါဒကိုချမှတ်ပြီးတဲ့အခါ ဒီမူဝါဒရဲ့ ရည်ရွယ် ချက်တွေ၊ ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေ၊ ဒါတွေကို ပြည်သူ၊ ပြည်သားများအား (အချို့ကိစ္စများ၌) ကြိုတင် အသိပေးသင့်ခြင်းပါ။

ဥပမာ၊ အခွန်ကောက်မည့်ကိစ္စမျိုး၊ ပညာရေးပြုပြင်ပြောင်းလဲမည့်ကိစ္စမျိုးတွေပါ။ ကြိုတင် သိထားမှ ကြိုတင်ပြင်ဆင်နိုင်မှာပါ။ အစိုးရနှင့် ပြည်သူတွေအကြားမှာ ဘယ်ကိစ္စမျိုးကိုမှ ပုန်းရှိုး၊ ၀ှက်ရှိုး (နိုင်ငံတကာနှင့်စပ်တဲ့ သံကင်း၊ တမန်ကင်းကိစ္စမျိုးကလွဲရင်) ပြုလုပ်နေစရာ အကြောင်းမရှိပါ။ စနစ်ဆိုတာ ပြည်သူ၊ ပြည်သားများကပါ ပါဝင်လိုက်နာကျင့်သုံးနိုင်ပါမှ စည်းကမ်းပြည့်ဝတဲ့ လူမျိုးဆိုတာ ဖြစ်လာနိုင်မှာပါ။ 

စည်းကမ်းရှိတဲ့ ပြည်သူတွေများလာပါမှ စည်းကမ်းရှိတဲ့ နိုင်ငံဆိုတာ ဖြစ်လာမှာပါ။ ဆိုလိုချင်တာကတော့ အဆင့်ရှိရှိ ကမ္ဘာနှင့်ဆက်ဆံချင်ရင် အဆင့်ရှိရှိ နေတတ်၊ ထိုင်တတ်ကြဖို့ပါ။ ကွမ်းကို စည်းမဲ့ကမ်းမဲ့ ထွေး တာတို့၊ ဆေးလိပ်ကို စည်းမဲ့ကမ်းမဲ့ သောက်တာတို့၊ အမှိုက်တို့၊ ဆေးလိပ်တိုတို့ကို စည်းမဲ့ကမ်းမဲ့ ပြစ်တာတို့ ဆိုတာ အဆင့်ရှိတဲ့ လူမျိုးတို့ရဲ့ အမူအကျင့်မဟုတ်ပါ။

            အများပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းက
 ”မြန်မာလူမျိုးတွေ စည်းကမ်းမရှိဘူး”တဲ့။ လက်မခံ နိုင်ပါ။ မြန်မာနိုင်ငံလောက် စည်းကမ်းများတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်ပါ။ ဟိုနားမှာလည်းစည်းကမ်း၊ ဒီနားမှာလည်းစည်းကမ်း၊ စည်းကမ်းတွေများလွန်းနေခြင်းပါ။ တကယ်တော့ စည်းကမ်းက မရှိတာမဟုတ်ပါ။ မလိုက်နာတာပါ။ စည်းကမ်းရေးဆွဲရတယ်ဆိုတာ ဖတ်ရန်မျှသာမဟုတ်ပဲ လိုက်နာနိုင်ဖို့ပါ။ 

စည်းကမ်းများတဲ့ နိုင်ငံလို့ ပြောရခြင်းမှာ စာသင်ကျောင်းတစ်ကျောင်း (သို့မဟုတ်) ရုံးတစ် ရုံးရဲ့ အ၀န်းအ၀ိုင်းထဲကို (သို့မဟုတ်) ရုံးခန်းထဲကို ၀င်ကြည့်ပါ။ စည်းမျဉ်းစည်းကမ်းတွေက များမှများ။ ရှိသမျှ စည်းမျဉ်းစည်းကမ်းတွေကိုသာ အကုန်အစဉ်ဖတ်ရမယ်ဆိုရင် ခေါင်းမူးပြီးပြန်ထွက်လာရမဲ့ကိန်းမျိုးပါ။ များပြားလှတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူ၊ ပြည်သားတွေအား လိုက်နာစေချင်ရင် နိုင်ငံတော်မှ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးနိုင်ဖို့ပါ။  ၀ိုင်းဝန်းစဉ်းစားကြဖို့ပါ။

            စည်းမျဉ်း၊ စည်းကမ်းတွေကို ပြည်သူ၊ ပြည်သားတွေကို တပြေးညီ လိုက်နာစေချင်ရင် နံပတ်တစ်က ကျောသား၊ ရင်သားမခွဲခြားပဲ ဆက်ဆံပေးဖို့ပါ။ ရာထူးရှိသူ၊ ရာထူးမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပေးကမ်းနိုင်သူ၊ မပေးကမ်းနိုင်သူရယ်လို့ ခွဲခြားဆက်ဆံမှုမပြုပဲ အပြစ်ရှိသူကို အပြစ်နှင့်တန်အောင် အရေးယူပြီး၊ အပြစ်ကင်းစွာ နေထိုင်သူများကိုလည်း ငြိမ်းချမ်းစွာ နေနိုင်ဖို့ ဥပဒေဘောင်တွင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ပါ။ အများ မျှော်လင့်ထားတဲ့ ဥပဒေစိုးမိုးရေးဆိုတာ ဒီအခြေခံသဘောတရားတွေကို အကောင်အထည်ဖေါ်ပေးခြင်းပါ။

ဘက်မလိုက်တဲ့ စည်းကမ်း

            ဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မြန်မာပြည်သူ၊ ပြည်သားအများစု နားလည်ထားကြသည်တော့ မဟုတ်ပါ။ ဥပမာ၊ ကိုယ့်အိမ်ရှေ့ကို အခြားသူတစ်ဦးတစ်ယောက်က အမှိုက်လာပစ်ရင် မကြိုက်နိုင်ပေမဲ့ သူများအိမ်ရှေ့ကို ကိုယ်တိုင်က အမှိုက်ပစ်ဖို့ ၀န်မလေးတဲ့လူမျိုးပါ။ ကိုယ့်မိသားစုရဲ့ မကောင်းကြောင်းကို အခြားသူတစ်ဦး တစ်ယောက်က ပြောလာရင် မကြိုက်နိုင်သော်လည်း သူများမိသားစု မကောင်းကြောင်းကိုမူ ကိုယ်ကိုယ်တိုင်က ဆက်လက်ပြောနေခြင်းပါ။ 

စည်းကမ်းပြည့်ဝတဲ့ လူမျိုးဆိုတာ ဒါမျိုးမဟုတ်ပါ။ စည်းကမ်းမှာ ချွင်းချက်ထားပြီး ကျင့်သုံးနေရင် လူမျိုးရဲ့စာရိတ္တ၊ လူမျိုးရဲ့အကျင့်စရိုက်တွေ ဘယ်တော့မှ ကောင်းလာ နိုင်မည်မဟုတ်ပါ။ ဒဲ့ပြောရင်တော့ အဆင့်ရှိရှိနေချင်ရင် အဆင့်ဆင့်ရှိရှိ နေတတ်ဖို့ပါ။ နိုင်ငံတကာ စံနှုန်းနဲ့နေချင်ရင် နိုင်ငံတကာက ကျင့်သုံးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကျင့်သုံးနေထိုင်တတ်ဖို့ပါ။ “စည်းကမ်းဆိုတာ လူ၏ တန်ဖိုး”တဲ့။ စည်းကမ်းရှိမှ လူမျိုးလည်း တန်ဖိုးရှိလာမှာပါ။ စည်းကမ်းရှိတဲ့လူမျိုးဖြစ်ဖို့ စည်းကမ်းတွေကို လိုက်နာကြပါ။

            တစ်ချိန်တစ်ခါက စည်းကမ်းရှိတဲ့မြန်မာလူမျိုးတွေ နောက်ဆုံးမှာတော့ ဘာကြောင့် စည်းကမ်းတွေ ပျက်ခဲ့ကြရသလဲ။ စည်းကမ်းကို မမြတ်နိုးတတ်လို့လား။ စည်းကမ်းကို မလိုက်နာတတ်လို့လား။ စည်းကမ်းကို တန်ဖိုးမထားတတ်လို့လား။ တမင်သက်သက် စည်းမဲ့ကမ်းမဲ့ပဲ နေချင်လို့လား။ စဉ်းစားစရာတွေက အများကြီးပါ။ စည်းကမ်းမှာ ချွင်းချက်ထားပြီး ကျင့်သုံးလို့မရပါ။ ဒါကို ချွင်းချက်ထားပြီး ကျင့်သုံးနေကြရင်တော့ စည်းဖေါက်လို့ လူမျိုးပျောက်သွားခဲ့ရတဲ့ သာဓကတွေ သမိုင်းမှာ ထင်ကျန်နေဆဲပါ။

            စည်းကမ်းဆိုတာ ဘယ်အကြောင်းနဲ့ပဲ လိုက်နာလိုက်နာ၊ ဘယ်စိတ်ဓာတ်နဲ့ပဲ လိုက်နာလိုက်နာ၊ လိုက်နာနိုင်ရင် ကောင်းတာပါပဲ။ ဒီလိုမှမဟုတ်ပဲ ချွင်းချက်ကြီးတွေထားပြီး ကျင့်သုံးနေမယ်ဆိုရင်တော့ တိုင်းပြည်ကြီး တိုးတက်အောင်ပြုပြင်ဖို့ ခက်မြဲခက်နေဦးမှာပါ။

 ဥပမာ၊ တစ်ချိန်တစ်ခါက လူကြီးများရဲ့ ကားနှင့်ဖြစ်စေ၊ လူကြီးသားသမီးများရဲ့ကားနှင့်ဖြစ်စေ မီးနီကိုဖြတ်ကူးလို့ ပုလိပ်က ထိုကားကို တားဆီးရင် အဲဒီတားဆီးတဲ့ပုလိပ် အလုပ်ပြုတ်သွားရခြင်းပါ။ ဒါကြောင့် အဲဒီအချိန်အခါက လမ်းစောင့်ပုလိပ်များဟာ လူကြီးများနှင့် လူရဲ့ကြီးဆွေမျိုးများရဲ့ ကားနံပတ်များ၊ အာဏာပိုင်များနှင့် အာဏာပိုင်ဆွေမျိုးများရဲ့ ကားနံပတ်များကို အလွတ်ကျက်မှတ်ထားရခြင်းပါ။ 

ပုလိပ်တို့ဖက်ကနေ ကြည့်ပေးမယ်ဆိုရင်လည်း သူတို့ရဲ့အနေအထားကို နားလည်ပေးနိုင်ဖို့ပါ။ သူတို့အလုပ်လေးမြဲဖို့ ဖာထေးရမဲ့စရိတ်ဆိုတာ ရှိနေသေးတာ။ ထိုစရိပ်ကို ကာဗာဖြစ်ဖို့ (ချေမိထေမိဖို့) ပြည်သူတွေထံမှ နည်းနည်းပါးပါးလေးပဲဖြစ်ဖြစ်၊ များများထူထူ ကြီးပဲဖြစ်ဖြစ် လာဘ်ပေး၊ လာဘ်ပေးယူမှုတွေကို ပြုနေရခြင်းပါ-တဲ့။ အဲဒီခေတ်၊ အဲဒီအချိန်အခါအတွက်တော့ လက်ခံရမှာပါ။ သို့သော် ဒီခေတ်၊ ဒီအချိန်မှာတော့ လုံးဝမဖြစ်သင့်တော့ပါ။

တကယ်တော့ ဒီလာဘ်ပေး၊ လာဘ်ယူကိစ္စဟာ ဌာနဆိုင်ရာတိုင်းမှာ ယနေ့အချိန်အထိ ရှိနေဆဲပါ။ သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေကြဆဲပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းအားလုံးကို ခြုံငုံကြည့်တော့ စနစ်တစ်ခုရဲ့ ချို့ယွင်းချက်ဟာ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လောက်ထိ ပျက်ပြားသွားစေခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းများ ပြုစုထားနိုင်ကြဖို့ပါ။

            ဒီနေ့ ဒီအချိန်အခါမှာ မြန်မာနိုင်ငံရဲ့ ခေတ်စနစ်တွေကို ပြောင်းလဲနိုင်ဖို့ နိုင်ငံတော်အစိုးရနှင့် တာဝန်သိ ပြည်သူများ စုပေါင်းပြီး နိုင်ငံတော်ကြီးတိုးတက်အောင် ဆောင်ရွက်နေတဲ့အချိန်အခါပါ။ လာဘ်ပေး၊ လာဘ်ယူ စနစ်တွေကို ပပျောက်အောင် ဆောင်ရွက်နေတဲ့အချိန်အခါပါ။ ၀န်ထမ်းများဟာ စားဝတ်နေရေးကို လာဘ်ပေး လာဘ်ယူမပြုပဲနဲ့ စားဝတ်နေရေးတွေ ပြေလည်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှ စဉ်းစားပြီး အလျဉ်းသင့်သလို ဆောင်ရွက်ပေးနေတဲ့ အချိန်အခါမျိုးပါ။ 

အချိန်အခါကို လျစ်လျူရှုလျက် အကြောင်း အမျိုးမျိုး ပြပြီး လာဘ်ပေး၊ လာဘ်ယူမှုတွေကို ဆက်လက် ပြုလုပ်နေကြဦးမည်ဆိုလျှင် ဒီမိုကရေစီစနစ်မှ ချမှတ်ထားတဲ့ ဥပဒေများနှင့်ငြိစွန်းပြီး၊ တည်ဆဲဥပဒေကို ကျူးလွန်တဲ့ ပြည်သူ့တရားခံများ ဖြစ်သွားနိုင်တာမို့ ဉာဏ်ရှိ ယောက်ျားများ အမှားကိုပြင်ပြီး၊ အမှန်ကို အချိန်မီ မြင်နိုင်ကြဖို့ပါ။

            နိုင်ငံတော်မှချမှတ်ထားတဲ့ တရားဥပဒေများကို ပြည်သူများ စည်းကမ်းရှိစွာ လိုက်နာခြင်းဟာ တိုင်းပြည် နှင့်လူမျိုးအတွက်ပါ။ ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်တတ်မှ တိုင်းပြည်လည်းငြိမ်းချမ်းမှာပါ။ လူ့အခွင့်ရေးများ အပြည့်အ၀ ရရှိနိုင်ဖို့ဆိုတာ ဥပဒေကို အပြည့်အ၀လိုက်နာနိုင်ကြဖို့ပါ။ တရားဥပဒေဆိုတာ ပြည်သူကောင်းတို့ အတွက် အကာအကွယ်ပေးနိုင်တဲ့ လောကပါလတရားမျိုးပါ။ လူ့ကျင့်ဝတ်များကို ချိုးဖေါက်သူများအတွက် ထိုက်တန်တဲ့အပြစ်ဒဏ်များကို ပေးနိုင်ဖို့ဆိုတာ ဥပဒေရှိမှ ဖြစ်နိုင်တာ။ အမှားပြုသူကို ခွင့်လွတ်ခြင်းဆိုတာ ကရုဏာကျင့်ထုံးအရ ဖြစ်နိုင်သော်လည်း ဥပဒေကျင့်ထုံးအရ မဖြစ်သင့်ပါ။

လူတွေထဲက စည်းကမ်း၊ လမ်းပေါ်က စည်းကမ်း

            အမှားဆိုတာ သိလို့မှားတာပဲဖြစ်ဖြစ်၊ မသိလို့မှားတာပဲဖြစ်ဖြစ် ဘယ်အမှားမျိုးမှ မကောင်းပါ။ စည်းကမ်း ဆိုတာ လိုက်နာဖို့ပါ။ ခွင့်လွတ်ဖို့မဟုတ်ပါ။ တိုင်းပြည်တွင်းမှာ ပြည်သူ၊ ပြည်သားတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ဖို့ဆိုတာ စည်းကမ်းရှိမှဖြစ်မှာပါ။ စည်းကမ်းပြည့်ဝတဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အလိုအပ်ဆုံးအရာက လူတွေစည်းကမ်းရှိဖို့ပါ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုလျှင် လူတွေမှာသာ စည်းကမ်းရှိရမှာမဟုတ်ပါ၊ လမ်းတွေမှာလည်း လူတွေလိုက်နာရမဲ့ စည်းကမ်းမျိုးတွေ ရှိထားရမှာပါ။ ဥပမာ၊ အဖြောင့်ယာဉ်ကျောအတွက် အဖြောင့်မြှား၊ အကွေ့ကျောအတွက် အကွေ့မြှား-စသည်တို့ကို ရေးဆွဲထား ပေးရမှာပါ။ လမ်းစည်းကမ်းကို လူကချိုးဖေါက်ရင် လူကို တရားဥပဒေအရ အရေးယူနိုင်ဖို့ပါ။

            အမေရိကန်နိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်တဲ့ နိုင်ငံမျိုးတွေမှာ လမ်းဆုံများတွင် မီးနီနေခိုက်မှာ လူက ကားလမ်းမကိုဖြစ်ကူးလျှင် (ပုလိပ်တွေ့ရှိခဲ့လျှင်) ဖြတ်ကူးတဲ့လူကို တိကက် (Ticket) (ပြစ်ဒဏ်ဆောင်ရန် လက်မှတ်ဖြတ်ပိုင်းပေးခံရ) ပေးပြီး၊ မီးနီနေခိုက်မှာ ကားကဖြတ်ကူးလျှင် ကားကို (ကားမောင်း သူကို) တိကက် (Ticket)ပေးခံရခြင်းပါ။ မီးပွိုင့်ဆိုတာ လမ်းဆုံများမှာရှိသင့်တဲ့ လမ်းစည်းကမ်းပါ။ ထို့ကြောင့် ကားများ လမ်းစည်းကမ်းကို မလိုက်နာလျှင် ကားမောင်းသူမှာ တာဝန်ရှိသလို၊ လမ်းမှာ လမ်းစည်းကမ်းများကို ရေဆွဲမထားခဲ့လျှင် နိုင်ငံတော်အစိုးရမှာလည်း တာဝန်မကင်းပါ။

ဥပမာ၊ လမ်းဆုံမှာ မီးပွိုင့်မထားနိုင်လို့ ကားတိုက်မှုဖြစ်လျှင် အစိုးရ (ဌာနဆိုင်ရာ)မှာလည်း တာဝန်မကင်းပါ။ လမ်းဆုံများမှာ ကွေ့ကျောအတွက် အကွေ့မြှားကို ထားပေးရခြင်း၊ ဖြောင့်ကျောအတွက် အဖြောင့်မြှားကို ထားပေးရခြင်း၊ ကားမောင်းသူများ၊ ယာဉ်စီးသူများ (ယဉ်မောင်းနေစဉ်) ခါးပတ်တတ်ထားရခြင်း၊ ဆိုင်ကယ်များ ဦးထုပ်မပါဘဲ သွားလာခွင့်မပြုခြင်းး-စသည်မျိုးပါ။ 

လမ်းစည်းကမ်းကို အထောက်အကူဖြစ်စေနိုင်တဲ့ မီးပွိုင့်များ၊ ယာဉ်ကျော အတွက် ရှိသင့်တဲ့ (အ၀ါလိုင်း၊ အဖြူလိုင်း၊ အနီလိုင်းစသော) မျဉ်းများ၊ အဖြောင့်မြှား၊ အကွေ့မြှား-စသည်များကို ရှိသင့်သောနေရာများ၌ ရှိနေစေဖို့ပါ။ မရှိခဲ့လျှင် အစိုးရ (ဌာနဆိုင်ရာ)မှာ တာဝန်ရှိနေခြင်းပါ။ မီးပွိုင့်များ တပ်ဆင်ထားပါလျှက်၊ မျဉ်းများ ရေးဆွဲထားပါလျှက် ညွှန်ကြားချက်အတိုင်း မလိုက်နာလျှင် ယာဉ်မောင်းသူများ၊ လမ်းဖြတ်ကူသူ ပြည်သူများမှာ  လုံးဝတာဝန်ရှိနေခြင်းပါ။

            ယာဉ်စည်းကမ်းအကြောင်းကို ပြောလျှင် လမ်းစည်းကမ်းအကြောင်းကိုလည်း ပြောမှ သင့်မှာပါ။ ဥပမာ၊ လမ်းစည်းကမ်းများ မပီပြင်၍ ဟိုက်ဝေးများ၌ ကားတိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျှက်ရှိနေခြင်းပါ။ ထိုအမှားကို မပြုပြင်နိုင်ကြတဲ့အတွက် ပြည်သူများ (အထူးသဖြင့် ကားမောင်းသူများ) အခက်ကြုံတွေ့ နေရခြင်းပါ။ အသက်ပေါင်းများစွာ နေစဉ်နှင့်အမျှ ဆုံးရှုံးနေရခြင်းပါ။ ကားမောင်းသူများ အမှတ်မှားနေတဲ့ကိစ္စပါ။

ဟိုက်ဝေးမှာ ကားမောင်းတဲ့အခါ ရှေ့မှာ မှောင်းနှင်နေတဲ့ကားက ညာဖက်မီးဝါပြလျှင် နောက်မှ ကပ်ပါလာတဲ့ ကားကို ရှေ့မှာကားတွေ ဆက်တိုက်လာနေတယ်။ နောက်မှာပဲ အသာကပ်လိုက်ထားဆိုတဲ့အဓိပ္ပါယ်ပါ။ ရှေ့ကားက ဘယ်ဘက်မီးဝါပြလျှင် ရှေ့မျက်နှာချင်းဆိုင်၌ ကားရှင်းနေတယ်။ ကျော်လိုက ကျောက်တက်ပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီအမှတ်သားဟာ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနှင့်မညီပဲ လုံးဝမှားနေခြင်းပါ။

 ̏အမှားကြာတော့ အမှန်ဖြစ်˝ ဆိုတာမျိုးလို  ဟိုက်ဝေးကားမောင်းသူများ ဒီအမှားကို ဆက်လက်ကျင့်သုံးနေကြ၍ ကားတိုက်မှုများ မကြာခဏဖြစ်ပွားနေရခြင်းပါ။ နိုင်ငံခြားသားများအတွက် အတော်စိုးရိမ်စရာပါ။

အမှားတစ်ခုကို မပယ်ဖျောက်နိုင်ကြတဲ့အတွက် သေဆုံးသူတွေ ရာထောင်ချည်၍ ရှိနေခြင်းပါ။ တစ်ခါက မီးဝါအမှတ်အသား မှားမှုကြောင့် ကားမောင်းသူရော ၀န်ကြီးတစ်ဦး၏သားသမီးများပင် သေဆုံးခဲ့ရဖူးကြောင်း ကြားသိရခြင်းပါ။ ဘယ်ညာမီးဝါပြ အမှတ်အသားနှင့်ပတ်သက်၍ ယာဉ်စည်းကမ်းနှင့်လည်းကောင်း၊ လမ်းစည်းကမ်းနှင့် လည်းကောင်း မညီညွတ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာမှ ပြင်းပြင်းထန်ထန် အရေးယူပေးသင့်ပါကြောင်း တိုက်တွန်းရခြင်းပါ။ ထိုကဲ့သို့ ဖြစ်နေခြင်းကို သက်ဆိုင်ရာမှ နောက်ထပ် ယာဉ်အန္တရာယ်များ ဆက်လက် မဖြစ်ပွားရအောင် အရေးတကြီးဆောင်ရွက်နိုင်ရန် တင်ပြပေးရခြင်းပါ။

            ပြည်သူတွေရဲ့ အသက်အိုးအိမ်များကို လုံခြုံအောင် ကာကွယ်ပေးဖို့နှင့် လူ့အခွင့်အရေးများ မဆုံးရှုံးရအောင် စောင့်ရှောက်ပေးဖို့ဆိုတာ အစိုးရမှ ဦးဆောင်ပြီးဆောင်ရွက်ပေးမှ ဖြစ်နိုင်တာပါ။  တစ်ချို့ကိစ္စ များ၌ တာဝန်ရှိသူက တာဝန်ကို ရှောင်နေလျှင် ယာဉ်စည်းကမ်းများဟာ ပို၍ဆိုးလာမည်ဖြစ်ခြင်းပါ။  

ဆိုလိုတာက လူ့စည်းကမ်း၊ လမ်းစည်းကမ်းတွေကို နိုင်ငံတော်အစိုးရက ရေးဆွဲပြဋ္ဌာန်းပေးထားတာဖြစ်လို့ လူ့စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာသူတွေအား နိုင်ငံတော်အစိုးကပဲ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးဖို့ပါ။ စည်းကမ်းရှိပြီး၊ စည်းကမ်းကို လိုက်နာတဲ့လူမျိုးတွေ နိုင်ငံတွင်းမှာ အများကြီးလိုအပ်နေဆဲပါ။

 ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာ ဓမ္မပိယ။ 
ဇူလိုင် ၁၃၊ ၂၀၁၂