Wednesday, July 4, 2012

ပြောချင်သူတွေ ပြောကြပါစေ

 

ပြောချင်သူတွေ ပြောကြပါစေ

 “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။


လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊ အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊ ဘာမလုပ်ရင်လည်း မလုပ်လို့ ဆိုပြီး ပြောချင်ဆိုချင်ကြတာတွေက အများသား မဟုတ်လား။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် လုပ်နေကျအလုပ်ကို မလုပ်ရင် မလုပ်လို့ဆိုပြီး ပြောတတ်ကြသလို မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း အထူးအဆန်း အနေနဲ့ ပြောတတ်ကြပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက် ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖို့စပြီဆိုရင် အဲဒီလို အရွဲ့အစောင်း စကားလေးတွေနဲ့ ခနဲ့တဲ့တဲ့ လုပ်တတ်ကြတာတွေ အတော်များပါတယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာ အဲဒီလိုလေးတွေ ပိုတွေ့ရသလားလို့တောင် ခံစားမိပါတယ်။ မကောင်းတဲ့ အလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင်တော့ “လာထားကြာသလား”လို့ ဆိုပြီး အားပေးအားမြောက် ပြုတတ်ကြပေမယ့် ကောင်းတဲ့အလုပ်လေးတွေ တစ်ခုခုလောက် စကြမယ်ဆိုရင်တော့ ဘာဖြစ်လို့ညာဖြစ်လို့နဲ့ အကြောင်းပြချက်ကိုယ်စီ ပေးတတ်ကြတော့တာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်လို့ ကိုယ့်ဖာသာကိုယ် ရှောင်ထွက်သွားတာ ဘာမှပြောစရာ မရှိပေမယ့် သူများလုပ်ရင်လည်း ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ အထေ့အငေါ့လေးတွေ ပေးတတ်သေးတာဆိုတော့ ကောင်းတာလုပ်ချင်တဲ့ သူတွေတောင်မှ ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေပြန်ပါတယ်။ ခေတ်ကိုယ်က မကောင်းဘူးလို့ပြောရင် ခေတ်ကို အပြစ်တင်ရာကျနေပါမယ်။ ဒီခေတ်မှာ ဖြစ်လာကြတဲ့သူ အချို့လို့ပဲ ပြောတာကောင်းပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက်က လျှောက်ဖူးသေးတယ်။ သူ့ဘဝမှာ အခုမှ ဘာသာတရားရဲ့ အနှစ်သာရလေးတွေကို သိရှိလာရလို့ ငြိမ်းချမ်းမှု ရောင်ခြည်လေးတွေ သန်းလာပြီး ဘာသာတရား အလုပ်လေးတွေအပေါ်မှာ အာရုံလေးတွေစိုက်ရင်း အရင်တုန်းက လုပ်ဖူးတဲ့ အလုပ်လေးတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပြီး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေပြန်တော့လည်း တစ်ချို့က သူ့ကို ပုံမှန်မဟုတ်တော့ သလိုလို၊ ခပ်ကြောင်ကြောင် ဖြစ်သွားသလိုလို ယိသဲ့သဲ့ ပြောလာကြတယ်တဲ့လေ။ ပြောတဲ့သူတွေကလည်း ဘယ်သူတွေလည်းဆိုတော့ သူနဲ့အတူသွား၊ အတူလာ၊ အတူပျော် စသဖြင့် နေခဲ့ကြတဲ့ အရင်းအချာ သူငယ်ချင်းတွေပါပဲတဲ့။

ဒါကတော့ ပြောမှာပဲ။ သူတို့က ပိုပြောကြမှာပေါ့။ ကိုယ်ကအစက သူတို့နဲ့အတူ သူတို့လုပ်သလို နေထိုင် လုပ်ကိုင်ခဲ့ကြတာကိုး။ ဒါပေမယ့် ပြောတဲ့သူတွေရော၊ အပြောခံတဲ့သူတွေရော သတိပြုရမှာက  

လူဟာ ဘယ်တော့မှ တစ်သမှတ်တည်း ရှိမနေဘူး၊ ရှိနေဖို့လည်း မသင့်ဘူး 
ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေနဲ့ပဲ အနေများနေတဲ့ သူတွေအနေနဲ့ အဲဒီအလုပ်တွေမှာပဲ ကျင်လည်နေဖို့ မသင့်ပါဘူး။ ဒီအလုပ်တွေကနေ အချိန်မနှောင်းခင် ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ဆိုတာ ပုထုဇဉ်တွေအတွက် အတော်ကို ဆန့်ကျင်တဲ့အရာတွေ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖြစ်ဖို့ သိပ်လွယ်သလောက် ကောင်းတဲ့အလုပ်တွေမှာကျတော့ တမင်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်ပါတယ်။ ဒီလို တမင်လုပ်ပြီး ယူမှရတဲ့အတွက်ကြောင့်လည်း မကောင်းတာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်လေးတွေ လုပ်လာနိုင်တဲ့ သူတွေကိုတွေ့ရင် ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်လေးတွေ သူတို့လုပ်နေနိုင်ပါလားဆိုတာ မချီးမွန်းနိုင်တာတောင်မှ မကဲ့ရဲ့မိဖို့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေကျသူတစ်ယောက် အဲဒီအလုပ်လေးတွေ မလုပ်ဖြစ်ဘဲ နေတာကိုတွေ့ရင် သူ့ဟာသူ တစ်နေ့ပဲနေနေ၊ တစ်မနက်ပဲနေနေ ကိုယ်က မထိတထိ မယိမိဖို့ပဲ လိုပါတယ်။ ပြောမယ်ဆိုရင် သူ့အတွက်ကတော့ အဲဒီအချိန်၊ အဲဒီအခိုက်လေးကတော့ တစ်ခုခု အကျိုးရှိနေမှာ အမှန်ပါပဲ။

သေချာတွေးကြည့်ရင် မဟုတ်တာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာအောင် ရုန်းထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရုန်းထွက်ကြည့်ပါဆိုရင် စိတ်ပဲရှိပြီး လက်တွေ့ဘဝမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတာတွေက အများကြီးပဲ မဟုတ်လား။ အဲဒီလို ကိုယ်မရုန်းထွက်နိုင်သေးတဲ့ အလုပ်ကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အမှန်တော့ ကဲ့ရဲ့ဖို့၊ ယိသဲ့သဲ့လုပ်ဖို့ အသာထား ရိုးသားမယ်ဆိုရင် အကျိုးများအောင် အားတောင်ပေးရမှာ ဖြစ်ပါတယ်။ ခုတော့ အဲဒီလို အားပေးဖို့နေနေသာ ကောင်းတာလုပ်တာကိုပဲ အပြစ်ပြောဖို့ ချောင်းနေကြတဲ့ သူတွေက ရှိနေကြလေတော့ ကောင်းတာလုပ်တာတောင်မှ ခိုးလုပ်နေရသလို ဖြစ်နေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကောင်းတဲ့အလုပ်လေးတွေ လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ကိုယ်ကောင်းအောင် လုပ်နေဖို့ပဲ အရေးကြီးပါတယ်။

အရင်းစစ်တော့ သူများကို ကဲ့ရဲ့တတ်သူပဲ ဖြစ်ဖြစ်၊ သူများကဲ့ရဲ့တာကို ခံရသူပဲ ဖြစ်ဖြစ် အားလုံးဟာ ဘယ်သူ့ဘယ်သူ အပေါ်မှာမှ အကြာကြီး မကဲ့ရဲ့နိုင်ကြသလို အကြာကြီး ကဲ့ရဲ့တာကို ခံရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ကဲ့ရဲ့တတ်တဲ့ အကျင့်တွေကို ရှောင်ဖို့နဲ့ ကိုယ့်ကို ကဲ့ရဲ့လာတဲ့အခါမှာလည်း ကိုယ့်စိတ်ကို မယိမ်းယိုင်သွားအောင် ခံနိုင်ရည်ရှိဖို့ပါပဲ။ ကဲ့ရဲ့ချင်တဲ့သူတွေကတော့ ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာဖြစ်သလို မကောင်းတာလုပ်လည်း ကဲ့ရဲ့ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘာပဲလုပ်လုပ် ကဲ့ရဲ့ကြမှာ ဖြစ်တဲ့အတွက် ကဲ့ရဲ့တာခံရတာချင်း အတူတူ ကိုယ့်ဘဝကို ကောင်းစေမယ့် ကောင်းတဲ့ အလုပ်တွေကိုလုပ်ပြီး ကဲ့ရဲ့ခံရတာဟာ အဆိုးထဲက အကောင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ ကောင်းနေမယ်ဆိုရင် မကောင်းပြောလာတာတွေပဲ ဖြစ်ဖြစ်၊ စောင်းပြောလာတွေတွေပဲ ဖြစ်ဖြစ် အားလုံးဟာ နောက်ဆုံးတော့ မြောင်းထဲရောက်သွားကြတာပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်က အတုလဆိုတဲ့ ဒကာတစ်ယောက်ကို မိန့်တော်မူတဲ့ စကားလေးက အတော်အတုယူစရာ ကောင်းပါတယ်။ ဘုရားရှင်က



 “အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ” 


လို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော် အတိုင်းပါပဲ။ ကဲ့ရဲ့တာကတော့ အခုမှ ရှိလာတာ မဟုတ်ပါဘူး။ ဘုရားရှင်လို အလုံးစုံ ပြည့်စုံတော်မူတဲ့ မဟာလူသားတွေကိုတောင် ကဲ့ရဲ့ကြသေးတာဆိုတော့ ကိုယ်ကဲ့ရဲ့ခံရတယ်ဆိုတာ ဘာဟုတ်လို့လည်းပေါ့။ ဒီလိုပဲ ဖြေရမှာပဲလေ။


                                           Buddha Teaching
                            How To Take Praising & Blaming


အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်မှာ စကားလုံးတွေနဲ့ လေးမနေဖို့ပါပဲ။ စကားလုံးဆိုတာက သိတဲ့အတိုင်းပဲ လိုက်ပြီးခံစားနေမယ်ဆိုရင် ပြောလိုက်တဲ့သူက ဘာမှမဟုတ်ပေမယ့် ခံရတဲ့သူကတော့ ပိတ်သလေးနဲ့ ဘေးပစ်လိုက်သလို အတော်ကို အထိနာသွားတတ်တဲ့ သဘောရှိပါတယ်။ အထိနာတယ်ဆိုတာ တကယ်တော့ မသိတာတွေ ပါသွားလို့ပါပဲ။ ကြားတဲ့စကားလုံးကို ကြားတယ်လို့ မသိလိုက်တော့ ဘာကြားတယ်၊ ညာကြားတယ်၊ ဘာစကား၊ ညာစကား စတာတွေဖြစ်လာပြီး အဲဒီမသိမှုရဲ့ ဆွဲရာနောက်ကို ပါသွားတဲ့ အခါကျတော့ ဘယ်လိုခံစားရတာ၊ ညာလိုခံစားရတာနဲ့ နောက်ဆုံးကိုယ်ပဲ အထိနာသွားတဲ့ အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရင်လည်း ကြားတဲ့အခိုက်မှာ သိအောင်ကြိုးစားပြီး လိုက်ပြီးခံစားတဲ့ အဆင့်အထိ ရောက်မသွားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက လူတွေရဲ့ ဟိုပြောဒီပြော ပြောတတ်တဲ့ အကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောတတ်တဲ့ လူတွေကြားထဲမှာ ရှိနေသမျှ အပြောခံရတယ် ဆိုတာလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ပြောသမျှစကား၊ ကြားသမျှ အသံတွေမှာ လိုက်မခံစားဘဲ ကိုယ်ကိုယ်တိုင်သာ သူတပါးအပေါ်မှာ အမနာပ မပြောမိအောင် ကြိုးစားရင်း ကိုယ့်အပေါ် ပြောလာသံတွေကိုလည်း တရားသဘောနဲ့ တွန်းလှန်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူတပါးအပေါ် အပြစ်မြင်တတ်တဲ့ အမြင်၊ အပြစ်ဖြစ်စေတဲ့ စကား၊ အပြစ်ဖြစ်သွားမယ့် အလုပ်တွေ မမြင်မပြောမလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ကိုယ့်အပေါ် ရောက်လာမယ့် ပြောသံဆိုသံ ကဲ့ရဲ့သံတွေကိုလည်း ကိုယ့်စိတ်မှာ အပြစ်ဖြစ်မသွားအောင် ရှောင်ရှားတတ်ဖို့ပဲ အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် “ဘယ်သူ့ကတော့ ကိုယ့်ကို ဘယ်လိုပြောသွားတယ်၊ ဘယ်လိုဆက်ဆံတယ်” စတဲ့ အတွေးတွေနဲ့ စိတ်အစဉ်မှာ လေးလံနေပြီး အစာမကြာတာတွေကို ရင်မှာပိုက်လို့ တမိုင်မိုင် တတွေတွေ ဖြစ်နေကြတဲ့ သူတွေအနေနဲ့ 



“အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်ဆိုတာတွေဟာ အခုမှ ရှိလာတာ မဟုတ်တဲ့အပြင် ကိုယ်တစ်ယောက်တည်းပဲ ကြုံနေရတဲ့ အရာတွေ မဟုတ်ဘဲ ကိုယ့်ထက်အစစ အရာရာ ပြည့်စုံကြတဲ့ သူတွေတောင်မှ ရှောင်လို့မရ ကြုံတွေ့ရတဲ့ လောကဓံတရားတွေပါလား” 


လို့ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကြားသမျှ အသံတွေ အပေါ်မှာ ဘာသံတွေ၊ ဘယ်သူအသံတွေ စသဖြင့် အမည်ပညတ်တွေတပ်ပြီး စိတ်ထဲမှာထားကာ လိုက်ခံစားမနေဘဲ “နောက်ဆုံးတော့ အားလုံးဟာ ဘာမှတစ်သမှတ်တည်း မရှိပါလား” ဆိုတဲ့ အမြင်အသိနဲ့သာ ဆင်ခြင်ကြည့်နိုင်အောင် ကြိုးစားရင်း ပြောချင်သူတွေ ပြောကြပါစေ ကိုယ်မပြောမိအောင်ပဲ သတိတရား လက်ကိုင်ထားလို့ မမေ့မလျော့ နေထိုင်နိုင်အောင် လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိတရား ပွားလိုက်ရပါတယ်။