တရားကိုတော့ ချစ်ပါသည်
(၁)တရားနှင့်ဓားအား နှစ်အားတွင်
တရားကိုချစ်
ဓားကိုပစ်အံ့ စစ်ကို ငါတို့မုန်းပါသည်။
ဖတ်ဖူးတဲ့ ကဗျာတစ်ပိုင်းတစ်စပေါ့။ သဘောကျလွန်းလို့ ဖတ်ပြီးကတည်းက အလွတ်ရနေခဲ့တာပါ။ ဖတ်ဖူးစဉ်ကတည်းက ခေါင်းစဉ်မရှိ ရေးသူမသိခဲ့တာမို့ မူလ ကဗျာရေးသူကို မဖော်ပြနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။
(၂)
'စိတ်မကောင်းဖြစ်မိပါတယ်' တို့၊ 'ထပ်တူထပ်မျှ ခံစားရပါတယ်' တို့၊ 'ရှုတ်ချလိုက်ပါတယ်' တို့ စသဖြင့် စကားလုံးတွေ၊ ပြောင်မြောက်တဲ့ ၀ါကျလှလှတွေကို အကြောင်းအရာ တစ်ရပ်၊ အဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ရင် ပြောကြရေးကြတာတွေ ခဏ ခဏ တွေ့ရပါတယ်။ အိုင်တီ ခေတ်ကြီးဆိုတော့ အင်တာနက်ကျေးဇူးနဲ့ ကွန်ရက်ပေါ်မှာ စာတွေ အလွယ်တကူ တင်နိုင်လာတယ်။ လူတွေကြားမှာ ပျံ့နှံ့မှုနှုန်းထား မြန်လာတယ်။ ပြင်းထန်တဲ့ စကားလုံးတွေ၊ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ လှပတဲ့ဝါကျတွေ ထပ်တလဲလဲ မြင်တွေ့ရတယ်။
(၃)
အဲသဟာတွေ မြင်ဖန်များတော့ ရိုးရာပုံပြင်လေးတစ်ပုဒ်ကို သတိရမိတယ်။ ရွာလေးတစ်ရွာမှာ ဘုန်းကြီးတစ်ပါး ရှိတယ်။ ရွာရဲ့သာရေး၊ နာရေးကိစ္စရှိရှိသမျှ ဒီကိုယ်တော်ပဲ သင့်တင်လျောက်ပတ်ရာ တရားချီးမြှင့်တယ်။ ဟောတယ်။ ရှင်ပြု နားသ မင်္ဂလာဆောင်၊ နာမည်ပေးကင်ပွန်း တပ်စတဲ့ မင်္ဂလာဆွမ်းကျွေးတွေမှာ တရားဟောပြီး ၀မ်းမြောက်စေတယ်။ တစ်ယောက်ယောက် သေဆုံးသွားတဲ့အခါတွေမှာလည်း အပူမီးတောက်ပြီး ကျန်နေခဲ့ကြတဲ့ ဆွေမျိုးသားချင်းတွေကို ပြေပျောက်အောင် တရားနဲ့ ဖြေဖျောက်ပေးတယ်။ အင်မတန်မှ အစွဲအလမ်းကြီးတဲ့ ရွာသူကြီးကိုတောင်မှ သူ့အမေ ဆုံးပါးသွားစဉ်က တရားချပြီး ဆောက်တည်ရာရစေခဲ့တယ်။
တစ်ရက်မှာတော့ ဘုန်းကြီးမယ်တော် ဆုံးပါလေရော။ အမေသေလို့ အငိုတွေမရပ်တဲ့ ဘုန်းကြီးကို ကြည့်ပြီး ရွာသားတွေလည်း ဘာလုပ်ရမှန်းမသိဘူး။ နောက်ဆုံးတော့ သူကြီးက ''သတိထားပါ အရှင်ဘုရား။ တပည့်တော်အမေ သေတုန်းက အရှင်ဘုရားပဲ ဟောခဲ့တာ မဟုတ်လားဘုရား လူဆိုတာ သေမျိုးချည်းပဲ။ လက္ခဏာ သုံးပါးကိုဆင်ခြင်၊ တရားနဲ့ဖြေဆိုတာလေ''ဆိုပြီး ဘုန်းကြီးကို လျှောက်တင်တယ်။
''ဟဲ့ အဲဒီတုန်းက သေတာ နင့် အမေ။ အခုသေတာ ငါ့အမေ။ ငါ ဘယ်လိုဖြေရမှာလဲ''ဆိုပြီး ဘုန်းကြီး ဆက်ငိုပါရောတဲ့။
ရိုးရာဟာသပုံပြင်လေးက ပြုံးချင်စရာ။ လူ့စိတ်သဘောသဘာဝကို တစ်ထောင့်တစ်နေရာကနေ လှစ်ကနဲ ပြထားတယ်။
(၄)
လူ့သဘောသဘာဝကလည်း ပြောရတော့ ခက်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေကိုး။ နေသာရင် နေသာသလို နေချင်တတ်ကြတာလည်း ရှိရဲ့။ မနေသာတော့လည်း လုပ်ရတာပေါ့ဗျာ။
ကြုံကြိုက်တုန်း ငယ်ငယ်က ကျောင်းသားဘ၀ရဲ့ အစိတ်အပိုင်းလေးတချို့ ပြောပါရစေ။ နယ်မြို့ကလေးမှာ အလယ်တန်းပညာသင်စဉ်ကပေါ့။ ကျောင်းမှာ ၀ါ စိမ်း နီ ပြာ အသင်းလေးသင်းရှိတယ်။ နာမည်အနေနဲ့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလပေါ့ဗျာ။ အတန်းပိုင်ဆရာမက အတန်းသားတွေကို အသင်းလေးသင်းမှာ ခွဲပြီးနေရာချတယ်။ အသင်းသားတွေက အသင်းခေါင်းဆောင် ပြန်ရွေးတယ်။
'အသင်းကျတယ်' ဆိုတဲ့ ဝေါဟာရက ကိုယ့်အသင်းက အတန်းနဲ့ဝန်းကျင်ကို သန့်ရှင်းရေး၊ သောက်ရေဖြည့်ရေး၊ ဘုရားပန်းအိုးလဲရေး၊ မနက်ခင်းခုံစီရေး၊ ညနေခင်း ကျောင်းဆင်းရင်ထိုင်တဲ့ ခုံတန်းရှည်တွေကို စာရေးတဲ့ ခုံတန်းရှည်တွေပေါ်မှာ မှောက်ပြီးစီရေး၊ ဆရာမ စားပွဲ ကုလားထိုင်သန့်ရှင်းရေး၊ ကျောက်သင်ပုန်းသန့်ရှင်းရေး စတဲ့ကိစ္စတွေလုပ်ဖို့ တာဝန်ကျတာကို ပြောတာ။ အသင်းတစ်သင်းက တစ်ပတ်စီ အလှည့်ကျ တာဝန်ယူရတယ်။
နားထောင်ရတာ ကောင်းပေမယ့် လက်တွေ့မှာ မလွယ်တဲ့ကိစ္စရပ်တွေ၊ အခြေအနေတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စဟာ ကျားနဲ့သမင်အတွက်၊ ၀ံပုလွေနဲ့ သိုးငယ်အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။ |
အသင်းသားတွေက တာဝန်ကျတဲ့အပတ်မှာ တစ်ရက်ပဲ စောစော လာရ လုပ်ရပေမယ့် အသင်းခေါင်းဆောင်ကတော့ တစ်ပတ်လုံး စောစောလာရတယ်။ အဲဒါက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ခွေးချေးကျုံးရတာ။ ကျောင်းက ခြံစည်းရိုးမလုံခြုံ။ စာသင်ခန်းတွေကလည်း ထရံကို ဒူး လောက်အထက်မှာ ကာထားတာ။ ကျောင်းဆင်းပြီးလို့ ကျောင်းဝင်းထဲမှာ ရှင်းသွားပြီဆိုရင် ကျေးဇူးရှင်များက ရောက်လာပြီ။
ကျောင်းဝင်းက သူတို့ရဲ့ကစားကွင်းပေါ့။ စာသင်ခန်းတွေက သူတို့ရဲ့အိမ်သာ။ သူတို့ဘာသာ ခွဲတမ်းချထားကြတာများ။ သူ့နေရာ ကိုယ့်နေရာရှိသေး။ ဒီအ ခန်းမှာပဲ အီအီးပါတဲ့ကောင်က ဒီအခန်းပဲ တခြားမှာမသွားဘူး။ တံမြက်စည်းလှဲ၊ ရေခပ်ပြဿနာမရှိလှပေမယ့် ခွေးချေးကျတော့ ဘယ်သူမှ မကျုံးချင်ကြဘူး။
ဒီတော့ အသင်းခေါင်းဆောင်ကပဲ နေ့တိုင်း ခွေးချေးကျုံးရပါရော။
(၆)
ပြောချင်တာက ခွေးအကြောင်း မဟုတ်ဘူးဗျ။ ရေးရင်းနဲ့ 'ခွေးအရေးတော်ပုံ' စာတမ်းတစ်စောင်ဖြစ်ရချည်ရဲ့။ 'ခွေးဋီကာ' တစ်ပုဒ်ဘုတ်အုပ်ထဲ ရောက်ချည်ရဲ့ဆိုပြီး ဘရိတ်အုပ်လိုက်ရတာ။ 'ကိုတာ' ကတော့ 'တောင် ရောက်မြောက်ရောက် ဆရာဝန်' တဲ့။ ဒီမှာက 'တောင်ပြောမြောက်ပြော မောင်စံပေါ' ဖြစ်နေပြီ။ တောင်ကြည့် မြောက်ကြည့်သမ္မတက ရှိသေး။
တကယ်ပြောတာ အမေရိကန် သမ္မတဂျော့ဘုရှ်ပေါ့ဗျာ။ သဲကန္တာရစစ်ပွဲကြီး ဆင်နွှဲခဲ့သူပေါ့။ သူပိတ်ထားတဲ့ မှန်ပြောင်းကြီးနဲ့ကြည့်ပြီး စစ်ဆေးနေတဲ့ပုံနဲ့ စာအုပ်ကြီးပြောင်းပြန်ကိုင်ပြီး ကျောင်းသူလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ပုံ အင်တာနက်မှာ မြင်ဖူးတယ်။ ကွန်ပျူတာနဲ့ ပြုပြင်ရေးဆွဲထားတာ ဖြစ်ချင်ဖြစ်မှာပေါ။ သူနဲ့ပတ်သက်တဲ့ သရော်စာတစ်ပုဒ်လည်း အင်တာနက်မှာ ဖတ်ဖူးတယ်။
ဂျော့ဘုရှ်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ့။
အမေရိကန် ပြည်သူတွေအကြားမှာ ဂျော့ဘုရှ်ကို မကြိုက်ကြတဲ့သူတွေ များလာတယ်။ သူ့ရဲ့ရေပန်းစားမှုက အရမ်းကျဆင်းနေတယ်။ အဲဒီအချိန်မှာသာ သမ္မတရွေးကောက်ပွဲ လုပ်ရင် သူရှုံးကိုရှုံးမှာ။ လုံးဝသေချာတယ်။ သတင်းထောက် တစ်ယောက်ကမေးတယ်။ ''သမ္မတ ကြီးခင်ဗျား မနက်ဖြန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒီနေ့ သမ္မတကြီး ဘာလုပ်မလဲ''တဲ့။ ဂျော့ဘုရှ်ကလည်း ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ''အီရတ်ကို သွားတိုက်မယ်''တဲ့ဗျား။
အဲဒီအချိန်တုန်းက ဆက်ဒမ်ဟူစိန်ဆိုတာ နာမည်ဆိုးများစွာနဲ့ ကျော်ကြားနေသူ။ ဘုံရန်သူဆိုပြီး အမေရိကန် မီဒီယာတချို့က သုံးစွဲခဲ့သူ။ နျူကလီးယား လက်နက်တွေလုပ်ပြီး ကမ္ဘာဖျက်မယ့်ကောင်လို့ စွပ်စွဲခံရသူ။ အမေရိကန်ပြည်သူတွေရဲ့ အမုန်းစာရင်းမှာ ထိပ်ကလူ။ ဒီဘက်ကအဖြူ။ သူကအမဲ။ ဒီဘက်ကအမှန် သူကအမှား။ ဆက်ဒမ်ဟူစိန်ကို ချေမှုန်းမယ့်စစ်ဟာ အမှန်တရားဘက်က ရပ်တည်တဲ့စစ်။ တရားတဲ့စစ်ကို ဆင်နွှဲခြင်းအားဖြင့် ပြည်သူတွေရဲ့ချစ်ခြင်းကို ဂျော့ဘုရှ်ရမယ်။ သူ့ရဲ့ဂုဏ်သိက္ခာ တက်လာမယ်။ ဒါကိုပြောတာပါ။
အမှန်နဲ့အမှားမှာ တရားတာနဲ့ မတရားတာမှာ ကြားနေတယ်ဆိုတာ မရှိပါဘူး။ ကြားနေတယ်ဆိုကတည်းက မှန်တဲ့ဘက်မှာ၊ တရားတဲ့ဘက်မှာ ရပ်တည်မပြရဲတာ။
ကိုယ်ချင်းစာတရားဆိုတာ တကယ်ထားမယ်ဆိုရင် 'ငါ့ဟာမှငါ့ဟာ၊ ငါ့ထိမှငါနာ' ဖြစ်မနေရပါဘူး။ ကိုယ်ထမင်း၀၀စားနေရချိန်မှာ ထမင်းငတ်လို့ ဆာလောင်နေတဲ့ မျက်နှာလေးတွေ မြင်ကြည့်ပါ။ ကိုယ်အေးချမ်းစွာအိပ်စက်နေရချိန်မှာ စိုးရိမ်စိတ်နဲ့ အိပ်မပျော်သူတွေအကြောင်း တွေးကြည့်ပါ။
မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ နည်းနည်းလုပ်နိုင်တာနဲ့ များများလုပ်နိုင်တာနဲ့တော့ ကွာပေမပေါ့ဗျာ။ နည်းတာများတာ ဖယ်ထား အမှန်အတွက်၊ တရားတာအတွက် လုပ်ကြရပါမယ်။
(၈)
စစ်ရဲ့ အနိဋ္ဌာရုံတွေကို လူတိုင်း သိပါတယ်။ စစ်သွေးကြွ အနည်းစုကလွဲရင် အားလုံးနီးပါးသော လူသားတွေက စစ်ကိုမုန်းကြပါတယ်။ စစ်ကို မလိုလားကြပါဘူး။ ဒါပေမယ့် တရားကိုချစ်တိုင်းလည်း ဓားကိုမပစ်နိုင်ပါဘူး။ အမှန်တရားကိုကာ ကွယ်စောင့်ရှောက်ဖို့ အရေးအတွက် ဓားကတော့ သွေးနေရမှာပါ။
လူတွေအာုးံးဟာ နောင်မှာပွင့်မယ့် ဘုရားလောင်းတွေ၊ ပါရမီလာဖြည့်နေကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒေ၀ဒတ်လောင်းတွေ၊ စိဉ္ဇမာနလောင်းတွေလည်း ရှိနိုင်တာပါပဲ။ ဒါကြောင့်လည်း မလိုလားအပ်တဲ့ဖြစ်ရပ်တွေ၊ အကျည်းတန်တဲ့ မြင်ကွင်းတွေ၊ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကို မီဒီယာပေါင်းစုံမှာ မြင်တွေ့နေရတာပါ။
ရှေးလူကြီးသူမများ ပြောခဲ့တဲ့ ပုံပြင်တွေ၊ ရေးခဲ့တဲ့စာတွေ၊ ထားခဲ့တဲ့ စကားပုံတွေဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ အတွေးအမြင်ကို အခြေခံပြီးပေါက်ပွားလာတာ။ 'ကုလားအုပ်ပုံပြင်တို့ အရိပ်နေနေ အခတ်ချိုးချိုးတို့၊ မြွေပွေးခါးပိုက်ပိုက်'တို့ အများကြီးရှိပါ တယ်။ လူပြက်တွေပြောတဲ့စကားတောင် ရှိသေးဗျာ။ ဘာတဲ့ရယ် 'သနားလို့ ပါးကလေးပေးနမ်းပါတယ် ဟိုဒင်းကိုလာရန်ရာတယ်'လို့ ဆိုတာ။
နားထောင်ရတာကောင်းပေမယ့် လက်တွေ့မှာမလွယ်တဲ့ ကိစ္စရပ်တွေ၊ အခြေအနေတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စဟာ ကျားနဲ့သမင်အတွက်၊ ၀ံပုလွေနဲ့ သိုးငယ်အတွက် လုံးဝမဖြစ်နိုင်ပါဘူး။ သဘောသဘာဝတွေဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေမှတော့ ဝေးဝေးနေ တာကောင်းပါတယ်။
(၉)
သမိုင်းသင်တာ မအ အောင်လို့ ဆိုပါတယ်။ သင်ခန်းစာတွေယူလို့ပဲ မပြီးနိုင်တော့ဘဲနဲ့ အူတူတူအတတ၊ လုပ်သမျှ ခဏခဏ ခံနေရတယ်ဆိုရင် မဟုတ်တော့ပါဘူး။ သမိုင်းရှိပေမယ့် သမိုင်းမသိဘူးဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သမိုင်းသင်ပြီးရင် အရိုင်းအယဉ် ခွဲခြားနိုင်ကြမယ်။ အမှန်အမှား ကွဲပြားနိုင်ရမယ်။
(၁၀)
အမှန်အမှား ကွဲပြားတယ်ဆိုရင် အမှန်တရားဘက်က ရပ်တည်ကြရပါမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရမယ့်အလုပ်ကို မဆိုင်းမတွ လုပ်ကြရပါမယ်။ 'မှန်'တာမ'ရွှေ့'ခဲ့လို့'ရှုံး' သွားကြရတဲ့ စစ်တုရင်ပွဲတွေ အများကြီးရှိပါတယ်။
Written by မောင်စံပေါ