Rose Story - နှင်းဆီပုံပြင်
စာရေးသူဟာ
“ဘာသာရေးအနံ့ဖြူးသည့် လူမှုရေးဆောင်းပါး”တွေ ရေးတယ်လို့ ဆိုပါတယ်။
“နှင်းဆီပုံပြင်”မှာတော့ အကြောင်းကြောင့် အကျိုးဖြစ်တယ် (ယေ ဓမ္မာ
ဟေတုပ္ပဘာဝါ)ဆိုတဲ့ ဗုဒ္ဓဒေသနာတော်ကို ကြီးပွားတိုးတက်ရေး လမ်းညွှန်အဖြစ်
အသုံးပြုနိုင်ကြောင်း ညွှန်ပြထားပါတယ်။ “သဘာဝအရင်းအမြစ်” နဲ့
“လူသားအရင်းအမြစ်” နှစ်မျိုးဟာ တိုင်းပြည်တစ်ခု တိုးတက်ဖို့
အကြောင်းတရားကောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ခေတ်သုံးခေတ် (BC 253, AD 11th CENTURY, 21st AD CENTURY)မှာ ဗုဒ္ဓတရားတော်ကို နားလည်ပုံ ကျင့်သုံးပုံတွေကို ပုံပြင်သုံးပုဒ်ပုံစံနဲ့ ကောက်ကြောင်းရေးရေး ခြစ်ပြထားပါတယ်။
ပုဂံရဲ့ “ဖုန်”တွေဟာ နှင်းဆီထက် မွှေးတယ်။
(စာရေးသူ)
ဆောင်းဦးပေါက်
မနက်ခင်း တစ်ခုပဲ။ နှင်းဝတ်မှုန်တစ်ချို့က မ၀ံ့မရဲ ခြေလှမ်းတွေနဲ့။ ညနေက
ငုံထားရတဲ့ နှင်းဆီလေးက ဒီမနက်ကတော့ ငါ့မနက်ခင်းပဲဆိုပြီး နေ့ကောင်းရက်မြတ်
ရွေးခြယ်ကာ အလှဆုံး “ပွင့်”ချလိုက်တယ်။ ဟုတ်တယ်။ ကမ္ဘာပေါ်မှာ
ဘယ်နှင်းဆီနဲ့မှ မတူဘူး။ သူ့ထက် ခမ်းနားတဲ့နှင်းဆီ မရှိနိုင်တော့ဘူး။ အဲ...
နှင်းဆီလေး ကောက်ပွင့်လိုက်ချိန်မှာ လူတွေ အိပ်ယာက မနိုးသေးဘူး...တဲ့။
လူတွေ
အိပ်ယာက နိုးလာတော့ နှင်းဆီလေးကို တွေ့သွားကြတယ်။ ကြီးကျယ်ခမ်းနားလိုက်တဲ့
နှင်းဆီ။ မြင့်မြတ်လိုက်တဲ့ နှင်းဆီ။ ဘာပြောကောင်းမလဲ... နှင်းဆီလေးကို
လာကြည့်ပြီး ထောပနာပြုကြတဲ့ လူအုပ်ကြီး မနည်းလှဘူး။ သူတို့ ပါးစပ်တွေကလည်း
တတွတ်တွတ်နဲ့။ “ကြီးကျယ်ခမ်းနားလှတဲ့ နှင်းဆီ။”
လူအုပ်ကြီး
“ရှဲ”ကနဲ ဖြစ်သွားတယ်။ ဘာလဲဟ။ ခပ်လှမ်းလှမ်းက ခမ်းနားလှတဲ့
လူကြီးနှစ်ယောက် လမ်းလျှောက်လာတာ။ လူချင်းအတူတူပဲ။ ဘာဖြစ်လို့ လူအုပ်ကြီး
“ရှဲ”ကနဲ ဖြစ်သွားရတာလဲ။ မတူဘူး။ ဟုတ်တယ်။ လူချင်းတူတယ်။ သေသေချာချာ
ကြည့်ကြ။ တစ်ယောက်က မဇ္ဈိမဒေသ အသားအရေနဲ့။ သူက အသက်နည်းနည်း
ပိုကြီးပုံရတယ်။ နောက်လူငယ်ကတော့ အညာသား။ ညိုမောင်းမောင်း အသားအရေနဲ့။
ဘီလူးတစ်ကောင်ရဲ့ ရင်အုံနဲ့ လက်မောင်ကြွက်သားတွေ ပါတယ်။ သူ့မျက်နှာက
တည်ကြည်ပေမယ့် ခက်ထန်မနေဘူး။ သူ့မျက်လုံးတွေကလည်း ကြည့်ရသူတွေအဖို့ကတော့
အနှစ်တစ်သောင်း ကြိုမြင်ရတဲ့ စွမ်းအင်ရှိသလိုမျိုးပဲ။ သူကြည့်တာ ခံရတဲ့
လူတိုင်း လိပ်ပြာမသန့် ခံစားသွားရတယ်။ အဲသလို မျက်လုံးမျိုးတွေ။ အသားအရေ
ကွာပေမယ့် သူတို့နှစ်ယောက်စလုံးရဲ့ ယုံကြည်ချက်က တူညီနေသလိုမျိုးပဲ။
စကားတပြောပြောနဲ့ လူအုပ်ကြီးဆီ လျှောက်လာတဲ့ပြီး အညာသား လူငယ်က မေးတယ်။
သူတတ်တဲ့ ဘာသာစကားနဲ့။
“ဘာကို ၀ိုင်းကြည့်နေကြတာလဲ မောင်ရင်တို့”တဲ့။
သူ့အသံကြားတော့
ညှိနှိုင်းမထားတဲ့ ဧရာမ လူအုပ်ကြီး ပြိုင်တူ ဒူးညွတ်လိုက်ကြ အရိုအသေ
ပေးလိုက်ကြသတဲ့။ ဘယ်လိုလူလဲ။ နတ်လား မသိဘူး။ သူ့အသံ ငြိမ်သက် တည်ကြည်
ပြတ်သား။ လူသားတွေအားလုံး ကြက်သီးထကြတယ်။ မဟုတ်ဘူး။ ကြောက်လို့ မဟုတ်ဘူး။
တစ်ခုခု။ “တစ်ခုခုက ဘာလဲ” လာမမေးနဲ့။ ဘယ်သူမှ မသိဘူး။
“နှင်းဆီပွင့်ကြီးကို ကြည့်နေကြတာပါ အရှင်။”
လူအုပ်ကြီးထဲက
သတ္တိရှိတဲ့ လူငယ်တစ်ယောက်က သူ့အသံကို တည်ငြိမ်အောင် ကြိုးစားရင်းနဲ့
ဖြေတယ်။ အဲဒီ လူငယ်ဆီမှာလည်း ဆယ်ပြားစေ့လို လေးထောင့်စပ်စပ် မျက်နှာနဲ့
မေးရိုး ရှိတယ်။ သူမို့ ဖြေရဲတာပေါ့ ဒီလို လူကြီးရဲ့ မေးခွန်းကို။
“နှင်းဆီကို ကြည့်နေကြတာ။ ဟုတ်လား မောင်ရင်။”
“ဟုတ်ပါတယ် အရှင်။”
အညာသား
လူထူးဆန်းက မဇ္ဈိမသားကြီးကို လှည့်ပြီး ကြည့်တယ်။ နက်နဲလွန်းတဲ့
အပြုံးနှစ်ပွင့် “ထင်း”ကနဲ ပွင့်ထွက်သွားတယ်။ ဘာပြောကောင်းမလဲ။
သူတို့နှစ်ယောက်က နှင်းဆီပွင့်ကို ကြည့်တယ်ဆိုရုံလေး ကြည့်ပြီး
ချီးမွမ်းစကား ပြောလိုက်တယ်။
“လှပလိုက်တဲ့ ရေသောက်မြစ်ကြီး”တဲ့။
သူတို့နှစ်ယောက်က နှင်းဆီပင်ရဲ့ ရေသောက်မြစ်ကြီးကို ဦးညွတ် အရိုအသေ ပေးချလိုက်တယ်။
“လေးစားပါတယ် ရေသောက်မြစ်ကြီး”တဲ့။
နှင်းဆီလေးက
မျက်နှာစူပုပ်သွားတယ်။ ရေသောက်မြစ်ကြီးက မျက်ရည်တွေနဲ့ ဦးညွတ်ပြီး
အရိုအသေ ပြန်ပေးတယ်။ လူအုပ်ကြီးက နားမလည်ဘူး။ ဘာလဲ...။ နှင်းဆီကိုကျော်ပြီး
ဘာဖြစ်လို့ ရေသောက်မြစ်ကို သူတို့က အရိုအသေ ပေးနေရတာလဲ။
လူထူးဆန်းကြီး နှစ်ယောက်က တိုးညှင်းညှင်းနဲ့ သီချင်းတစ်ပုဒ်ကို ပါဠိလို ပြိုင်တူ ရွတ်ဆိုကြသတဲ့။
ဒီလို...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။
ဒီတော့မှ လူအုပ်ကြီးက သဘောပေါက်ပြီး လက်ခုပ်တွေတီး ကောင်းချီးပေးလိုက်တာ မိုးခြုံးသံတစ်ခု ဖြစ်သွားခဲ့ဖူးသတဲ့။
သူတို့ ဖြေရာကိုတော့ နှင်းဆီပုံပြင်လို့ မှတ်လိုက်ကြပါ။
ဘီစီ ၂၃၅ ပုံပြင် (BC 253)
အဲဒီတုန်းက
ရှင်ဘုရင် တစ်ပါးဟာ အကြီးမားဆုံး အင်ပါယာကြီးတစ်ခု၊ နှစ်ပေါင်းထောင်သောင်း
ကမ္ပည်းတွင်မယ့် အင်ပါယာကြီးတစ်ခု တည်ထောင်နေချင်ခဲ့ သတဲ့။ ဒါပေမယ့် ခက်တာက
သူ့မှာ တိကျတဲ့ မူဝါဒ မရှိဘူး ဖြစ်နေတယ်တဲ့။ ဒါကို သူစဉ်းစား နေခဲ့တာ
နှစ်ကာလတွေ ဘယ်နည်းလိမ့်မလဲ။ တစ်နေ့တော့ သိမ်မွေ့နက်နဲတဲ့ လူတစ်ယောက်ကို
တွေ့တယ်။
သူ့ဆီမှာတော့
အင်ပါယာကြီး ထူထောင်ဖို့ နည်းလမ်း မရှိနိုင်။ ဒါပေမယ့် နက်နဲတဲ့
ဓမ္မတစ်ခုခုတော့ သေချာပေါက် ရှိရမယ်လို့ ရှင်ဘုရင်က တွေးတယ်။ ဒါနဲ့
ချဉ်းကပ်ပြီး မေးကြည့်တော့ အဲဒီ ဂေါတမဗုဒ္ဓရဲ့သားလို့ သူ့ကိုယ်သူ အမည်ပေးတဲ့
လူထူးဆန်းက...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။
ဘာပြောကောင်းမလဲ။
ရှင်ဘုရင်ကြီးရဲ့ “မောဟ”တံခါးတွေ ဒိုင်းဒိုင်းနဲ့ ပွင့်ထွက်ကုန်တယ်။
သူရသွားပြီ။ အင်ပါယာကြီး တည်ထောင်ဖို့ မူဝါဒ။ ဘာတဲ့။ “ယေ ဓမ္မာ
ဟေတုပ္ပဘာဝါ”တဲ့။ တိုတိုလေး။ ရှင်းရှင်းလေး။ လိုအပ်တာကလည်း ဒါပဲ။ ဒီထက်
မပိုဘူး။
အဲဒီ
အဆုံးအမလေး တစ်ခုကို အခြေခံပြီး အင်ပါယာကြီး ထူထောင်လိုက်တာ နှစ်ပေါင်း
၂၀၀၀ကျော်တာတောင် ကမ္ဘာက သူ့ကို မေ့လို့ မရကြဘူးတဲ့။ သူ့နာမည်လား။ အဲ...
Asoka တဲ့။ တစ်ချို့ကတော့ သူ့ကို “သီရိဓမ္မာသောက”တဲ့။ ချစ်မြတ်နိုးလွန်းလို့
ခေါ်ကြတာ။
အေဒီ ၁၁ ရာစု ပုံပြင် (AD 11th CENTURY)
ဒီပုံပြင်ရဲ့
ဇာတ်လိုက်ကလဲ ရှင်ဘုရင်ပဲ။ ပိုပြီးတိတိကျကျ ပြောရရင် ထတောက်မယ့် မီးခဲပဲ။
သူ ဘုရင်ဖြစ်ခဲ့တယ်။ ဘယ်သူ့အားကိုးနဲ့မှ မဟုတ်ဘူး။ ဘုရင်ဖြစ်ပေမယ့်
သူ့နိုင်ငံလေးက မူမမှန်တဲ့ အုပ်ချုပ်မှုအောက်မှာ ပြာပုံဘ၀နဲ့။ ဒါကို သူက
ဥယျာဉ်ကြီး တစ်ခုအဖြစ် ဖန်ဆင်းချင်တာ။ တိုးတက်တဲ့၊ ခေတ်မီတဲ့၊
သိပ္ပံနည်းကျတဲ့ နိုင်ငံတော်ကြီးတစ်ခု တည်ထောင်ပစ်ချင်နေတာ။ ဒါကိုပဲ
သူစဉ်းစားနေခဲ့တာ လပေါင်း ဘယ်နည်းမလဲ။
တစ်နေ့။ သူကတော့ ဘယ်သိဦးမလဲ။ နိုင်ငံတော်ကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်နေ့။ အဲဒီနေ့မှာ လူထူးဆန်းတစ်ယောက်ကို သူ့တွေ့ရတယ်။
တည်ကြည်
ငြိမ်သက်လှပါလား။ ဖြည်းဖြည်းလေး လှမ်းနေပေမယ့်။ သူ့အသိက စကြ၀ဠာကို
ပတ်မိနေသလို။ သူ့မျက်စိက ရှေ့လေးတောင်သာ ကြည့်ပေမယ့် လာမယ့်
အနှစ်လေးသောင်းကို ကြိုသိနေသလို ရှင်ဘုရင်လေး ခံစားနေရတယ်။
ဒါနဲ့ သူ့ဆီက နက်နဲတဲ့ ဓမ္မကို မေးကြည့်တော့...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။
ဘာပြောကောင်းမလဲ
မှန်တံခါးကို သံတုတ်ကြီးနဲ့ အားကုန်လွှဲ ရိုက်ချလိုက်သလိုမျိုး ဘုရင်လေးရဲ့
အသိတံခါးတွေ တ၀ုန်းဝုန်းနဲ့ ပွင့်ထွက်ကုန်တာ။ သူရပြီ။ ဒီနည်းနဲ့
နိုင်ငံတော် ထူထောင်ရမယ်။ လွယ်လှပါလား။ သူ့ဆရာက... ဂေါတမဗုဒ္ဓ...တဲ့။
ဝမ်းသာလွန်းလို့ ရှင်ဘုရင်လေးခမျာ အသားတွေ၊ အသံတွေတောင် တုန်ခါနေသတဲ့။
“ဟောပါဦး အရှင်။ ဆက်လက် လမ်းညွှန်ပါဦး အရှင်။”
“ကုန်ပါပြီ မင်းကြီး။ ဒါပဲ။ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ။ ဒါပဲ။ ဒီထက် ပိုစရာ မလိုဘူး။”
ဒီတော့မှ ရှင်ဘုရင်လေး တရေးရေးနဲ့ စဉ်းစားမိတာ
(၁) အကြောင်းတရားက တန်ခိုးရှင်၊ ဖန်တီးရှင်၊
(၂) အကျိုးတရားက ဖန်ဆင်းမှုရဲ့ ရလာဒ်၊
(၃) အကြောင်းတရားကောင်းတွေ များနိုင်သမျှ များအောင်လုပ်၊
(၄) အကျိုးတရားက သူ့အလိုလို ရောက်လာတယ်။ ဆုမတောင်းနဲ့။ မလိုအပ်ဘူး။
(၅) အကျိုးတရား ပြတ်ချင်ရင် အကြောင်းတရားကို သတ်။ ဒါပဲ... တဲ့။
ရှင်ဘုရင်လေး
ဆက်ပြီး စဉ်းစားတယ်။ ဆင်းရဲမွဲတေမှု ဆိုတာက အကျိုးတရား။ ဒါဖြင့်
အကြောင်းတရားက ဘာလဲ။ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာက အကျိုးတရား။ အကြောင်းတရားက
ဘာလဲ။ အကြောင်းတရားက
(၁) သဘာဝအရင်းအမြစ်၊
(၂) လူသားအရင်းအမြစ်။
သူသိသွားပြီ။
သူ့မှာ သဘာဝကပေးတဲ့ မြစ်ကြီးတွေ ရှိတယ်။ အဲဒီ မြစ်ကြီးတွေထဲမှာ
ရေတွေရှိတယ်။ မဟုတ်ဘူး။ မှားလို့။ ရှင်ဘုရင်လေးက “ရေ”လို့ မမြင်တော့ဘူး။
မြစ်ကြီးထဲမှာ “ဆန်စပါး”တွေ ရှိတယ်လို့ သူ သဘောပေါက်သွားပြီ။ နောက်ပြီး
ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်။ လွယ်လွယ်လေး။ ဒါပဲ။
ပြီးတော့
လူသားအရင်းအမြစ်၊ နည်းပညာ။ ပညာရှင်တွေကို မောင်းထုပြီးခေါ်တာ။
ပညာတတ်တိုင်းကို ဂုဏ်ပြုတယ်။ ချီးမြှောက်တယ်။ ပညာမရွေးဘူး။
ထန်းတက်ကျွမ်းသူ၊ ရေကြောင်းကျွမ်းကျင်သူ၊ စိုက်ပျိုးရေးကျွမ်းကျင်သူ၊ အဲ...
စစ်ဗျူဟာ ကျွမ်းကျင်သူ။ သူတို့ကို သူ့နေရာနဲ့သူပေးပြီး
အလုပ်လုပ်ခိုင်းလိုက်တာ သူ့အနားက ယောင်ဝါးဝါး မှုးမတ်တွေ
မြောင်းထဲရောက်ကုန်တယ်။ ရောက်မှာပေါ့ သူတို့ပေးတဲ့ အကြံကို ကြည့်ပါဦး။
တိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ဖို့
(၁) ဗေဒင်ယတြာတဲ့၊
(၂) ဗလိနတ်စာတဲ့၊
(၃) ယဇ်ပူဇော်တဲ့။
အလကားဟာတွေ။
အမှိုက်တွေ။ သူတို့က ဘုရင်လေးကို အူကြောင်ကြောင်လူ မှတ်လို့။ ပညာရှိဘုရင်က
နည်းနည်းလေးမှ မယုံဘူး။ အခုတော့ သူ့မှာ ယုံကြည်စရာ ရသွားပြီ။
“အကြောင်းတရား”တဲ့။
(၁) သဘာဝအရင်းအမြစ်၊
(၂) လူသားအရင်းအမြစ်၊ နည်းပညာ။
အဲဒီ အကြောင်းတရားတွေနဲ့ မောင်းနှင်လိုက်တာ နှစ်ပေါင်း ၁၀၀၀ ကျော်တာတောင် သူ့ရဲ့ နိုင်ငံတော်ကြီးဟာ ခမ်းနားကြီးကျယ်တုန်းပဲတဲ့...။
အဲ...
မေ့လို့။ သူ့ကို ကမ္ဘာက သိပ်လေးစားကြသတဲ့။ သူ့နာမည်က ANIRUDDHA
လို့လည်းခေါ်ရဲ့။ ANURUDDHA လို့လည်းခေါ်ရဲ့။ သူ့ကို မြတ်နိုး ကြည်ညို ရိုသေ
ချစ်ခင် မေ့မရတဲ့ လူတွေကတော့ “အနော်ရထာ”လို့ ခေါ်ကြသတဲ့။ နတ်ကိုတောင်
နိုင်တဲ့ ဘုရင်တဲ့။ အမြင့်မြတ်ဆုံး ဘုရင်တဲ့။ ခြင်္သေ့နှလုံးသားနဲ့ ဘုရင်တဲ့။
အေဒီ - ၂၁ ရာစု ပုံပြင် (21st AD CENTURY)
နိုင်ငံတစ်နိုင်ငံဟာ
ဘာသာရေးလုပ်စားရတာ သိပ်ကောင်းသတဲ့။ ဘာသာရေး စာအုပ်တွေ ရောင်းမလောက်တဲ့။
သူတို့ကိုးကွယ်တဲ့ ဘာသာကလည်း အထက်က နတ်လောက်စွမ်းတဲ့ ရှင်ဘုရင်နှစ်ပါး
ကျင့်သုံးတဲ့ အဆုံးအမနဲ့ အတူတူပါပဲတဲ့။ လူမှုရေး၊ စီးပွားရေး၊ အပျိုမ၊
၁၆-နှစ်မ စတဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာတောင် ဘာသာရေး အဆုံးအမတွေ တွေ့ရသတဲ့။
လူတွေကလည်း ဘာသာရေးကို ကြားလို့ကောင်းအောင် တော်တော်ပြောနိုင်ကြသတဲ့။ အဲ...
ဘာသာရေး စာအုပ်တွေကို ရောင်းစားတာလည်း အရှေ့တောင်အာရှမှာ
အဲဒီတစ်နိုင်ငံထဲပဲ ရှိသတဲ့။
အထူးသဖြင့်...
အနော်ရထာ
နဲ့ အသောကမင်းကြီးတို့က ဒီလောက်များပြီး ဘာလို့ အလုပ်မဖြစ်တာလဲ၊ ဘာလို့
စုတ်ချာပြီး နောက်ကောက်ကျ ကျန်ရစ်ခဲ့ရတာလဲ၊ ငါတို့တုန်းက တစ်ခုတည်းနဲ့
အလုပ်ဖြစ်ခဲ့တာဆိုပြီး စဉ်းစားလို့မရ ဖြစ်နေကြရှာသတဲ့။
ဒါပါပဲဗျာ...
လွတ်မြောက်ဖို့
ကြိုးစားရင်း ထိန်းချုပ်မိနေကြဖူးပြီ။ တက်ကျမ်းတွေဖတ်ရင်း
ကျရှုံးခဲ့ကြဖူးပြီ။ ဘာသာရေးစာအုပ် ဘာသာရေးတရားပွဲတွေ ပလူပျံရင်းနဲ့
ဘာသာရေးနဲ့ တေ့လွဲလွဲခဲ့ရဖူးပြီ။
အနော်ရထာ
ဘာကိုသိခဲ့သလဲ။ ဘာတွေလုပ်ခဲ့သလဲ။ သိတာကတော့ တစ်ခုတည်း။ အကြောင်း-အကျိုး
တဲ့။ လုပ်တာကရော။ တစ်ခုတည်းပဲ။ အကြောင်းတရားကောင်းတွေ ဖြည့်ဆည်းသတဲ့။
အကြောင်းတရားတွေက
ဘာတွေလဲ။ ဧရာဝတီ၊ ဆည်မြောင်း။ တစ်ခြား အကြောင်းတရားတွေက လူသားအရင်းအမြစ်
ပိုအရေးကြီးတာပေါ့။ အရိမဒ္ဒနဟာ ယဇ်နတ်ယတြာနဲ့ တည်ဆောက်ခဲ့တာမှ မဟုတ်ဘဲ။
ကျန်စစ်သားတို့ ငထွေရူးတို့ လူသားစွမ်းရည်တွေနဲ့ တည်ဆောက်ခဲ့တာပါ။
ဒါကြောင့်လည်း ပုဂံဟာ ဒီနေ့ထိ ခန့်ခန့်ငြားငြားနဲ့ ရပ်တည်နိုင်ခဲ့တာပေါ့။
အကြောင်းတရားဟာ
တန်ခိုးရှင်ပဲ။ အဲဒီ တန်ခိုးရှင်က ဖန်ဆင်းတော့ ပုဂံဆိုတဲ့ အကျိုးတရား
ဖြစ်လာတာပေါ့။ အနော်ရထာဟာ တစ်ခုသိပြီး အဲဒီ တစ်ခုတည်းကိုပဲ
လုပ်ပြသွားခဲ့တယ်။ ဗုဒ္ဓဘာသာဆိုတာ ဒါပါပဲ။
တော်တော်များများက သဘောတူမှာ မဟုတ်ဘူး။ တရားပွဲတွေ တရားစာအုပ်တွေနဲ့ အသက်ရှူကြပ်ကြပြီး...
ခွင့်လွှတ်တော်မူပါ မြတ်စွာဘုရား။
ခွင့်လွှတ်တော်မူပါ အသောက။
ခွင့်လွှတ်တော်မူပါ အနော်ရထာပြည့်ရှင်။
အကြောင်းတရားကောင်းတွေ ဖြည့်ဆည်းကြရပါအုံးမယ်။ အချိန်နည်းနည်း ထပ်ပေးပါ။
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”
ပုဂံရဲ့ “ဖုန်”တွေဟာ နှင်းဆီထက် မွှေးတယ်။ ပုဂံက “ဖုန်”ကို သွားရှူကြရအောင်။ ဒါမှ ပျောက်နေတဲ့ ငါတို့ကို ငါတို့ပြန်တွေ့မှာ။
မှတ်ချက်
ပုဂံမြေပေါ်မှာ ခြေစုံရပ်ရင်း ပုဂံက ဖုန်တွေကို ရှူရှိုက်ရင်း ရေးခဲ့တဲ့ ဆောင်းပါးပါ။
ဖုန်စော်နံတယ်ထင်ရင်
ခွင့်လွှတ်ပါ။ ခင်ဗျား ဗမာမစစ်တော့လို့လည်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်
ခွင့်လွှတ်ပါ။ ဘာပဲဖြစ်ဖြစ် ပုဂံကဖုန်ဟာ နှင်းဆီထက် မွှေးတယ်။ ဒါကိုတော့
ယုံတယ်။
စောနေလတ်
၏
“လူလားမမြောက်သေးသောအတွေးများ”မှ