Saturday, December 3, 2011

သားကောင်းမိခင် ဖြစ်လိုလျှင်


ပဋိသန္ဓေတည်နေစဉ် ရွတ်ဆိုရန်
ယော မေ အယံ ဘန္တေ ကု စ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊ ဥပါသကံ တံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။(မ-၂-၃၀၀)

ဘန္တေ- အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကု စ္ဆိတော- ဝမ်း၌တည်သော၊ ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊ ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊ အတ္ထိ-ရှိ၏။ သော -ထိုသန္ဓေသားသည်၊ ဘဂဝန္တံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊ သရဏံ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ဘဂဝါ-မြတ်စွာဘုရားသည်၊တံ-ထိုသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊သရဏံ- ကိုးကွယ်ရာဟု၊ ဂတံ-ဆည်းကပ်သော၊ဥပါသကံ- ရတနာသုံးပါးဆည်းကပ်တတ်သူဟူ၍၊ဓာရေတု-မှတ်တော်မူပါအရှင်ဘုရား။

(မြန်မာပြန်) မြတ်စွာဘုရား ဘုရားတပည့်တော်၏ ဝမ်း၌တည်ရှိနေသာ ကလေးငယ်အား မြတ်စွာဘုရားအား လည်းကောင်း၊တရားတော်အားလည်းကောင်း၊ သံဃာတော်အားလည်းကောင်း၊ ကိုးကွယ်ရာအစစ်ဖြင့် ဆည်းကပ်ပါ၏ဘုရား။ ထိုသန္ဓေသားအား ယနေမှစပြီး အသက်ထက်ဆုံး သရဏဂုံတည်သူဟူ၍ မှတ်တော် မူပါဟု မြန်မာပြန်ဆိုပါကလည်း ရမည်သာဖြစ်ပါတယ်။

နို့စို့အရွယ်မိခင်(သို့မဟုတ်) နို့ထိန်းကရွတ်ဆိုရန်
မြန်မာပြန်သက်သက်မျှသာ ရေးသားပါမည်။ အရှင်ဘုရား ဘုရားတပည့်တော်၏ ဤသတို့သားလေးအား မြတ်စွာဘုရားရှင်ကိုလည်းကောင်း၊တရားတော်ကိုလည်း၊သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာအစစ် ဖြင့် ဆည်းကပ်ပါ၏။ထို ကလေးငယ်အား ယနေ့မှစပြီး အသက်ထက်ဆုံး ရတနာသုံးပါးအားကြည်ညိုသူ သရဏဂုံတည်သူဟူ၍ မှတ်ထင်တော်မူပါဟု ရွတ်ဆိုရပါမည်။

ဗောဓိမင်းသား
ဗောဓိမင်းသားသည် ကောသမ္ဗီမြို့ ဥတေနမင်းနှင့် ဝါသုလဒတ္တာမိဖုရားတို့၏ သားတော်ဖြစ်၏။ ဗောဓိမင်းသားသည် မြတ်စွာဘုရား၏ တရားတော်ကိုနာယူပြီးသောအခါ “မြတ်စွာဘုရားသည် အံ့သြဖွယ် ကောင်းလှ၏။ တရားတော်သည် အံ့သြဖွယ်ကောင်းလှ၏။တရားတော်၏ ကောင်းစွာဟောကြားထားသည် ၏ အဖြစ်သည် အံ့သြဖွယ်ကောင်းလှပါ၏”ဟု လျှောက်၏။

ဤသို့လျှောက်လတ်သော် သဉ္စိကာပုတ္တလုလင်သည် ဗောဓိမင်းသားကို “ဤအရှင်ဗောဓိမင်းသားသည် မြတ်စွာဘုရားသည် အံ့သြဖွယ်ကောင်း ကောင်းလှပါ။တရားတော်သည် အံ့သြဖွယ်ကောင်းလှပါ၏။ တရား တော်၏ကောင်းစွာဟောကြားထားသည်၏ အဖြစ်သည် အံ့သြဖွယ်ကောင်းလှပါ၏။”ဟူ၍ ဤသို့သာလျှင် လျှောက်ထား၏။ထိုသို့ပင် လျှောက်ထားသော်လည်း ထိုအရှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ မဆည်းကပ်။ တရားတော်မြတ်ကိုလည်းကောင်း ရဟန်းသံဃာတော်အပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ မဆည်းကပ်ဟု ပြောဆို၏။ 

ထိုအခါ ဗောဓိမင်းသားက…..
အချင်း သဉ္စိကာပုတ္တ ဤသို့မဆိုလင့်။အချင်း သဉ္စိကာပုတ္တ ဤသို့မဆိုလင့်။ငါသည် ဤသို့သောစကားကို မယ်တော်၏ မျက်မှောက်မှ ကြားနာမှတ်သားလိုက်ရပါ၏။မယ်တော်၏ မျက်မှောက်မှ ဤစကားကို ခံယူဖူး၏ အချင်းသဉ္စိကာပုတ္တ အခါတပါး မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီးတင်းသုံး တော်မူ၏။

ထိုအခါ ကိုယ်ဝန်ဆောင်ဖြစ်သော မယ်တော်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျှက် “အရှင်ဘုရား တပည့်တော်၏ ဝမ်းတိုက်ရှိ ဤသတို့သား(သို့မဟုတ်) သတို့သမီးသည် အရှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော် မြတ်ကိုလည်းကောင်း၊ သံဃာတော်မြတ်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာ ဘုရားသည် ထိုသူငယ်ကို ယနေ့ကိုအစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ မှတ်တော်မူပါလော့”ဟု လျှောက်ခဲ့ပြီ။

အချင်းသဉ္စိကာပုတ္တ အခါတပါး မြတ်စွာဘုရားသည် ဤဘဂ္ဂတိုင်း၌သာလျှင် သုသုမာရဂိရမြို့ဝယ် ဘေသကဠာမည်သော သမင်တော၌ သီတင်းသုံးတော်မူ၏။ ထိုအခါ ငါ့ကို နို့ထိန်းသည် ရင်ခွင်ဖြင့် ပိုက်ချီ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျှက် သင်တော်ရာ၌ ရပ်တည်ကာ “အရှင်ဘုရား ဤဗောဓိ မင်းသားသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကောင်း၊ ရဟန်း သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် ထိုဗောဓိမင်းသားကို ယနေ့ကိုအစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်ယူပါလော့”ဟု လျှောက်ဖူးပြီ။

အချင်းသဉ္စိကာပုတ္တ ထိုငါသည် “သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်များကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏။မြတ်စွာဘုရားသည် တပည့်တော်ကို ယနေ့ကိုအစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟုလျှောက်ထားလေသတည်း။

အထူးမှတ်ရန်
ဤဗောဓိမင်းသား၏ သရဏဂုံခံယူမှုနှင့်စပ်၍ မင်းသား၏ မယ်တော် အထိန်းတော်တို့က ဖော်ပြပါအတိုင်း လျှောက်ထားရုံမျှဖြင့် ဗောဓိမင်းသားအဖို့ရာ သရဏဂုံခံယူပြီး ဖြစ်နိုင်ပါသလောဟု မေးမြန်းဖွယ်ရှိ၏။

အဖြေ ကား……အစိတ္တသရဏဂုံ(စိတ်စေတနာမပါဘဲ) ခံယူဆောက်တည်အပ်သည့် သရဏဂုံဟူ၍မရှိသော ကြောင့် ဗောဓိမင်းသားအဖို့ရာ သရဏဂုံခံယူပြီးသား မဖြစ်နိုင်ပါ။ ထိုသို့ဖြစ်လျှင် မယ်တော်နှင့် အထိန်းတော် တို့၏ ဗောဓိမင်းသားအတွက် နှုတ်မြွတ်၍ ခံယူအပ်သော သရဏဂုံသည် အချည်းအနှီး အကျိုးမပြီးဖြစ်သ လော ဟူငြားအံ့။အကျိုးမပြီး အချည်းအနှီးမဖြစ်ပါ။ 

မယ်တော်နှင့် အထိန်းတော်တို့ ထိုကဲ့သို့ မင်းသား အတွက် နှုတ်မြွတ်ဆောက်တည်အပ်သော သရဏဂုံသည် ထိုဗောဓိမင်းသားအဖို့ရာ ရတနာသုံးပါး တည်းဟူသော အစောင့်အနေ ချထားအပ်ပြီးမည်လေသည်။

သို့ဖြစ်ရကား ထိုဗောဓိမင်းသားကို မွေးဖွားပြီးနောက် သိကြားလိမ္မာသည့် အရွယ်သို့ရောက်သောအခါ၌ မိဘတို့က “ချစ်သား..ချစ်သားကို ငါတို့သည် ဝမ်းတိုက်၌တည်ရှိစဉ်ကပင် သရဏဂုံကို ခံယူစေခဲ့ကြပြီ။ ရင်ဝယ်ပိုက်အရွယ်၌လည်း သရဏဂုံကို ခံယူစေခဲ့ကြပြီ။”ဟူ၍ မိမိတို့မြင်သမျှ စွမ်းသမျှ ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကို ထုတ်ဖော်ပြောကြား၍ သတိရစေ အောက်မေ့စေကြသောအခါ ထိုဗောဓိမင်းသားကလဲ မိဘတို့ပြောစကား၏ အနက်ကို ဆင်ခြင်စဉ်းစားပြီးလျှင် “ငါ့ကား….သရဏဂုံတည်သူ ဥပါသကာ ဒါယကာ တစ်ယောက်ဖြစ်သည်”ဟူ၍ သတိကိုဖြစ်စေသည်နှင့်တစ်ပြိုင်နက် သရဏဂုံခံယူပြီးသား ဖြစ်လေတော့၏။ 

အကြောင်းကား…..ထိုသို့ “ငါ့ကား သရဏဂုံတည်သူ ဥပါသကာ ဒါယကာတစ်ယောက် ဖြစ်သည်”ဟူ၍ အောက်မေ့သတိရသောအခါ ထိုမင်းသား၏ သန္တာန်၌ ရတနာသုံးပါး၏ ကိုးကွယ်ရာအဖြစ်ကို မှတ်ယူခြင်း လျှင် ရှေ့သွားရှိသော ရတနာသုံးပါး၌ ညွတ်ကိုင်းသောစိတ် ထင်ရှားဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

အချုပ်အားဖြင့် သားကောင်းမိခင်ဖြစ်လိုသော် အထက်ပါ ပါဠိတော်များကိုလည်းကောင်း မြန်မာပြန် သက်သက်ကိုလည်းကောင်း မိခင်လောင်းများသည် ယုံကြည်စွာ ရွတ်ဖတ် သရဇ္ဈာယ်ကြပါကုန်။ ချောက်မြို့ မှ ဒကာမကြီးတစ်ယောက်ကိုယ်တွေ့ပါ။

ထိုဂါထာ အနက် အဓိပ္ပါယ်မရခင်တုန်းက သားကိုးယောက် ဖွားရာ ရှေးသားသုံးယောက်မှ အသက်မရှင်ဘဲ ပျက်စီးသွားသည်။ ထို ဂါထာ အနက် မြန်မာပြန်များကို ရွတ်ဆိုတဲ့ အချိန်မှစပြီး စတုတ္ထသားမှစ၍ သားခြောက်ယောက်လုံး ကျန်းမာသက်ရှည်ကြသည်။ ရတနာသုံးပါ မိဘ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကို ယုံကြည်၍ ရိုသေကိုင်းညွတ်သူများဖြစ်လာကြပါသည်။

ဤပါဠိတော် အနက် မြန်မာပြန် အဆင်ပြေမည့် ပါဠိတော်ကိုဖြစ်စေ၊အနက်ကိုဖြစ်စေ၊မြန်မာပြန်ကိုဖြစ်စေ ရွတ်ဆိုပါက သားကောင်းမိခင်များဖြစ်သည့်အပြင် မီးဖွားရာတွင်လည်း ဘေးအန္တရာယ်မရှိ လွယ်ကူစွာ ချောမောစွာ ဖွားမြင်နိုင်ကြောင်း၊ထိုမွေးလာသော သားသမီးများမှာလည်း ရတနာသုံးပါး မိဘ ဆရာသမား ဂုဏ်ကျေးဇူးများကို အထူးသိတတ်နားလည် ရိုသေကြတဲ့ သားသမီးများဖြစ်ပါကြောင်း အသိပေးရေးသား လိုက်ရပါသည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)