မြန်မာစကားပုံများ၌ "ဒုံရင်း၊ ဒုံရင်း၊
တစ်ခါလာမဲပြာပုဆိုး၊
နောက် ဘုန်းကြီးနှစ်ချက်ခေါက်၊ နောက်လာတဲ့ မောင်ပုလဲ
ဒိုင်းဝန်တဲ့ကဲ။
ကျေးဇူးမတင် လင်မရ၊ ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ၊
နွားအိုကြီး
အမော့သင်၊ ခွေးကြီးမှ လက်ပေးသင်၊
ခွေးကျိုးနှင့် ယုံလိုက်၊
စစ်ရောက်မှမြားချွန်၊ မိုးကုန်မှထွန်ချ၊
သူခိုးပြေးမှထိုးကွင်းထ၊
သည်ပုပ်ထဲကသည်ပဲ" စသည် စသည် မြန်မာဆိုးရိုးစကားပုံတို့သည် တပေါင်း
တန်ခူးအကြောင်း မထူး ဟူသော အဓိပ္ပါယ်ကို ဆောင်လျက်ရှိကြသည်။
"ထူး . . .မခြား. . . .နား . . . မီး . . .ရေ. . .စုံ . . . သား . .." ဟူသော ဓမ္မတေးသီချင်းကြီးကို အလှူပွဲတိုင်းလိုလိုမှာ ကြားခဲ့ရသဖြင့် သီချင်းအစပိုဒ်ကတော့ နားထဲမှာစွဲနေပါသည်။ သို့သော် ဘာကိုဆိုလိုမှန်း တော့ ကောင်းကောင်းမသိခဲ့၊ "ထူးမခြားနားဆိုတော့လည်း ထူးမခြားနားပေါ့" ဟူ၍သာ နှလုံးပိုက်ခဲ့သည်။
ကြီးလာမှ ထူးမခြားနားသီချင်းသည် ဘုရားရှင်၏
"ယမကပါဋိဟာရိယာ"ဥာဏ်တော်ကို ရေးဖွဲ့ထားကြောင်း သိရသည်။ နောက်တော့
ယင်းသီချင်းကို ကုန်းဘောင်ခေတ်က မြ၀တီမင်းကြီးဦးစ ရေးသားခဲ့ကြောင်း၊
ထို့အပြင် မြ၀တီမင်းကြီးသည် ယင်းထူးမခြားနားသီချင်းကို
ပြင်သစ်သီချင်းသံစဉ်မှ ယူ၍ ကော်ပီပြန်ထားကြောင်း သိရပြန်သည်။
"သြော် ကော်ပီဆိုတာ ကုန်းဘောင်ခေတ်ကတည်းက ရှိခဲ့တာပါလား"ဟု တွေးမိသည်။
ဘုရားရှင်သည် သာဝကတို့နှင့် မဆက်ဆံ၊ မသက်ဆိုင်သော
တန်ခိုးပြာဋိဟာကို ပြုတော်မူသည်။ ကိုယ်တော်အထက်ပိုင်းမှာ မီးအလျှံလွှတ်သည်။
အောက်ပိုင်းမှ ရေအလျဉ်ကို လွှတ်သည်။ အထက်ပိုင်းမှ ရေ၊ အောက်ပိုင်းမှ မီး၊
ထိုသို့ရေမီးအစုံ အစုံလွှတ်ခြင်းကို "ယမကပါဋိဟာရိယာ"ဟုခေါ်သည်။
ကိုယ်တော်၏ ရှေ့ဘက်မှ ရေအလျဉ်၊ နောက်ဘက်မှ မီးအလျှံ၊ ရေ
မီးအစုံ၊ မျက်လုံးတော်နှစ်ဘက်မှရေမီး အစုံ၊ နားတော်နှစ်ဘက်မှရေမီးအစုံ၊
နှာခေါင်းတော်နှစ်ပေါက်မှရေမီးအစုံ၊ ပခုံးတော်နှစ်ဘက်၊ လက်တော်နှစ် ဘက်၊
နံပါးတော်နှစ်ဘက်၊ ခြေ ထောက်နှစ်ဘက်မှ ရေမီးအစုံလွှတ်သည်။
လက်ချောင်းတော်ဆယ်ချောင်း မှမီးအလျှံ၊ လက်ဆယ်ချောင်းကြား
မှရေအလျဉ်၊ လက်တော်ကြားမှ မီးအလျှံ၊ လက်ဆယ်ချောင်းမှ ရေအလျဉ်၊
မွှေးညှင်းတော်တစ်ပင်မှ မီးအလျှံ၊ တခြားတစ်ပင်မှ ရေအလျဉ်၊
မွှေးတွင်းတော်တစ်ခုမှပင် မီးအလျှံ၊ တခြားမွှေးတွင်းတော်မှ ရေအလျဉ် လွှတ်သည်။
ထိုသို့ရေအစုံမီးအစုံ ယမကပါဋိဟာရိယာ တန်ခိုးပြာဋိဟာ
ပြတော်မူရာနေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်သည်။ ဘုရားရှင်တာဝတိံသာ
နတ်ပြည်သို့တက်၍ အဘိဓမ္မာခုနစ် ကျမ်းမဟောမီမှာ ထိုရေမီးအစုံ
တန်ခိုးပြဋိဟာကို ပြတော်မူသည်။
ထူးမခြားနား မီးရေစုံသားဟူ သော အဓိပ္ပာယ်သည် ဘုရားရှင်၏
တန်ခိုးပြာဋိဟာ ရေမီးအစုံသည် သိပ်ပြီး မြန်ဆန်လွန်းသဖြင့် ရေနှင့်မီးနှင့်
ရောနေသည်။ တစ်ခုတည်းကဲ့သို့ မြင်နေရသည်။ ထူးလည်းမထူး၊ ခြားနားလည်း
မခြားနား၊ သို့မဟုတ် ထူးတော့ထူးသည်၊ သို့သော် မခြားနားဟူသော
အဓိပ္ပာယ်ဖြစ်သည်။ ထူးလည်းမထူး၊ ခြားနားလည်းမခြားနား =ထူးမခြားနား၊
သို့မဟုတ် ထူးတော့ ထူးသည် မခြားနား=ထူးမခြားနား။
ကျေးဇူးတော်ရှင်တောင်မြို့ ဆရာတော်သည် "သူလိုကိုယ်လို
နေရိုးနေစဉ်အတိုင်း(ထူးမခြားနား) နေနေကြရင်ဖြင့် သံသရာထဲမှ ဘယ်နည်းနဲ့မှ
လွတ်မြောက်မှာမဟုတ်ဘူး" အစချီသော ဂါထာတစ်ပုဒ်ရေးခဲ့သည်။ ထိုဂါထာ၌
သာမညေနပုဒ် ကို အနက်ပေးရာတွင် "သူများနည်း သူ၊ သူ့မူမပျက်၊ လိမ္မာဟန်မျှ
စံမပြ လောက်သေးပါမူကား"ဟူ၍ အနက် ပေးခဲ့သည်။ အဓိပ္ပာယ်က ထူးမခြား
နားဟူ၍ဖြစ်သည်၊
ထူးမခြားနား သည်လိုပဲနေနေကြလျှင်ဖြင့် သံသ ရာမှ
မလွတ်မြောက်နိုင်ဟုဆိုသည်။
လူအများစုသည် ဂုဏ်ကိုမက် ကြသည်၊ ဂုဏ်နောက်ကိုလိုက်ကြသည်။
ငွေကိုမက်ကြသည်။ ငွေနောက်ကို လိုက်ကြသည်။ ပကာသနကို မက်ကြသည်။ ပကာသနနောက်
ကိုလိုက်ကြသည်၊ စည်းစိမ်ကို မက်ကြသည်၊ စမ်းစိမ်နောက်ကိုလိုက်ကြသည်။
ချမ်းသာကိုမက်ကြသည်၊ ချမ်းသာနောက်ကို လိုက်ကြသည်။
ထိုသို့လိုက်ရင်းလိုက်ရင်း နောက်ဆုံးလျှာထွက်ကာ အသက်ပါထွက်တော့သည်။
ယမန်နေ့ကလည်း သည်စိတ်၊ ယနေ့လည်းသည်စိတ်၊ မနက်ဖြန်
လည်းသည်စိတ်၊ ယမန်နေ့ကလည်း သည်အတိုင်း၊ ယနေ့လည်းသည် အတိုင်း၊
မနက်ဖြန်လည်းသည်အတိုင်း၊ သို့ဆိုသော် ဘာထူးလဲ၊ ဘာ မျှမထူး၊ ဘာတွေခြားနားလဲ၊
ဘာမျှ မခြားနား၊ "သြော် . .ထူး. . မခြား.. နား . ."။
မိမိသန္တာန်၌ရှိသော ယမန်နေ့ က လောဘ ဒေါသ မောဟ အတ္တ မာန တွေ
ယနေ့လျော့သွား၊ နည်းသွား သလား။ မလျော့၊ မနည်းပါ။ မနက်ဖြန်မှာရော
လျော့သွား၊ နည်းသွားမှာလား။ မထင်၊
"သြော် . . ထူး . . မခြား. .နား . ."။
ယမန်နေ့ကထက် ယနေ့မှာ သီလသမာဓိအားတွေ ပို၍ကောင်းလာသလား၊
စိတ်ထားသဘောထားတွေ ပို၍ကြီးမြတ်လာပါသလား၊ မေတ္တာဓာတ်၊ ဂရုဏာဓာတ်တွေပို၍
ကောင်းလာသလား၊ စိတ်ထားသဘောထား တွေပို၍ ကြီးမြတ်လာပါသလား၊ မေတ္တာဓာတ်၊
ဂရုဏာဓာတ်တွေပို၍ ပြည့်ဝလာပါသလား၊ အမြင်တွေပို၍ ကြည်လာပါသလား၊ အသိတွေပို၍
စူးရှလာပါသလား၊ ဘာမျှတိတိပပ မပြောနိုင်၊ ဘာမျှ အာမဘန္တေမခံနိုင်။
"သြော်. .
ထူး . .မခြား . .နား . . "။
မိမိတို့သည် ယခုကဲ့သို့ ဗုဒ္ဓဘာသာနှင့်
တွေ့ခိုက်ကြုံခိုက်၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိတွေလည်း ရှင်သန်ခိုက်၊ ဒါနတွေကိုလည်း
သူတကာထက် ပိုမိုထူးကဲ၍ ပြုသင့်သည်၊ သီလကိုလည်း ထူးကဲ၍ ကျင့်သုံးထိုက် သည်။
လွတ်ရာလွတ်ကြောင်း၊ ကျွတ်ရာကျွတ်ကြောင်း ၀ိပဿနာအလုပ်ကိုလည်း ထူးထူးခြားခြား
ကြိုးစားအားထုတ်လိုက်သည်။
"ထူးလျှင် ထူး၊ မထူးလျှင် ရူး" ဆိုသည့်အတိုင်း
ကုသိုလ်ပါရမီ လုပ်ငန်းတွေကို ထူး၍ ခြားနား၍ ထူးထူး ခြားခြား၊
မကြိုးစားလျှင်ဖြင့် လောဘ ဒေါသစသည့် ကိလေသာမီးတွေ ၀ိုင်းခံနေရသည့်
"အရူးမီးဝိုင်း" ဘ၀မျိုး တွေလွတ်မြောက်ဖို့ရာ မရှိချေ။ သို့ဖြစ်၍
သံသရာဝဋ်မှလွတ်ဖို့၊ ကျွတ်ဖို့၊ အရူးမီးဝိုင်းဘ၀မျိုးမှ လွတ်ဖို့၊
ကျွတ်ဖို့၊ သူများနည်းတူ၊ သူ့မူမပျက်၊ သူ့ထက်မသာမဟုတ်ဘဲ သူများထက်
ထူး၍ခြားနား၍ ကုသိုလ်ကောင်းမှုကြိုး စားပြုလျက် ထူး၍ခြားနားပါစေသား။
မှန်ကန်သော စိတ်ထားသည် ဘ၀အနေအထားကို မြင့်သည်ထက် မြင့်အောင် မြှင့်တင်ပေး၏။
မှားယွင်းသော စိတ်ထားသည် ဘ၀အနေအထားကို နိမ့်ကျသည်ထက် နိမ့်ကျအောင် နှိမ့်ချ၏။
(ဓမ္မပဒ)
ရေးသားသူအရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
( မှတ်ချက် )http://first-11.com/ မှမျှဝေတင်ပြလိုက်ပါသည်