Friday, December 2, 2011

ပင်လယ်ဝဥဒါန်း

 
ပင်လယ်ဝဥဒါန်း
၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက်တွေကို ဓမ္မ နဲ့ ဖြတ်သန်းလွန်မြောက်စေမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း တရားစခန်း နှစ်ခု ကိုဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ပြီး ၃၀ရက်နေ့ထိ ဝင်ဖြစ်ခဲ့ပါတယ်..။တစ်ခုကတော့ ဓမ္မဒူတအရှင်ဆေကိန္ဒ ရဲ့ နဝမတန်းကျောင်းသားလေး များအတွက် ရည် ရွယ်ပြီး မှော် ဘီ မြို့ ၊ ဇေတဝန်တောရ ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ဖွင့်လှစ်တဲ့ ယဉ်ကျေးလိမ္မာ တရားစခန်းမှာ ကျွန်မတို့ ဆရာဖြစ်သင်တန်း ဆင်းများကို လေ့လာသူအဖြစ် တက်ရောက် စေခဲ့တဲ့ နေရာ မှာ ဖြစ်ပါတယ်..။

နောက်တစ်ခုကတော့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ ပင်လယ်ဝ တရားစခန်း ပဲဖြစ်ပါတယ်..။ ဒီဇင်ဘာ ၂၅ မှာ ၃၀ရက်နေ့ ညနေအထိ ဝင်ရောက်ခဲ့တာ ပါ။ ပင်လယ်ဝ ဆိုတာကတော့ မြစ်တို့ စီးဆင်းရာ ပင်လယ်ရဲ့ အစ လို့ ရည်ညွှန်းပေမဲ့ တကယ့် ပင်လယ် ဝ နေရာမှာ သွားရောက်ဖွင့်လှစ်တာတော့မဟုတ်ပါဘူး။ လူတို့ရဲ့ အသက်အရွယ် အချိန်အပိုင်းအခြား တစ်ခုကို ရည်ညွှန်းပြဆိုတာပဲဖြစ်ပါတယ်..။

ဤ သို့ရည် ညွှန်းချက်ကို နားလည် ဘို့ ကျွန်မတို့ ဆင်သေကောင်နဲ့ ကျီးမိုက် ပုံပြင်ကို ပြန်လည် ပုံဖေါ် ကြည့်ရမှာ ဖြစ်ပါတယ်..။ ဂင်္ဂါမြစ်ဖျား ထဲကို မျောလာတဲ့ ဆင်သေကောင် ကို တွေ့ တဲ့ ကျီးကန်းတစ်ကောင်ဟာ မျက်လုံးကနေ ထိုးဖေါက်ကြည့်တဲ့အခါ အရသာတွေ့ပြီး တစ်သက်စားမကုန် တဲ့ အစားအစာ ကိုပိုင်ဆိုင်ရပြီ ကံကောင်း လှချည်ရဲ့ အထင်နဲ့ ဆင်သေကောင်မျောပါရာ ကို ဖက်တွယ်လိုက်ပါခဲ့ပါတယ်တဲ့.။အဲဒီပုံပြင် ကို အမှတ်ရမိကြပါလိမ့်မယ်..။ ဆိုလိုချင်တာကတော့ ကျီးကန်းမိုက်ဟာ ကျွန်မတို့ လူသားတွေနဲ့ တူပါတယ်..။

ဆင်သေကောင်ကတော့ ငါးပါးအာရုံ ကာမဂုဏ်တွေ နဲ့တူပါတယ်တဲ့..။ အမြင်မှားနဲ့ ကျီးမိုက်က ပျော်မွေ့နေလေတော့ ပင်လယ်ဝရောက်တဲ့ အခါ မှာ လှိုင်းလေပုတ်မှာ.. ဆုတ်နစ် လွင့်မျောရမှာ..ကမ်း နဲ့ ဝေးကွာပြီး ကမ်း စပ်ထိ ရောက်အောင် ပျံသန်းနိုင်စွမ်းမရှိမှာ တွေကို မေ့လျော့နေ တာ ကျွန်မတို့ လိုပါပဲ..။ ပင်လယ်ဝ ကို ဖြတ်သန်းပြီး ပင်လယ်ထဲကိုရောက်တဲ့အချိန်မှာ ကမ်းစပ်နဲ့ လည်းဝေးကွာခဲ့ရပါပြီ..။ တည်တန့်ခိုင်မြဲမယ်လို့ထင်ထားတဲ့ ဆင်သေကောင် ကြီး ဟာ လည်း ငါးကြီးတွေ ဝိုင်းစားတာ.ခံခဲ့ရပါပြီ.။ လှိုင်းကြမ်းတွေပုတ်ခပ်တာနဲ့ တစ်စစီ ပြုတ်ထွက် တော့မဲ့ အချိန်ရောက်မှ ပျံသန်းဘို့ ကြိုးစား ခဲ့တဲ့အခါ ကမ်းကိုမရောက်ပဲ အတောင်ညောင်းလို့ ပင်လယ်ထဲကျသေ ခဲ့ရ တာ ။

ကျွန်မတို့တတွေ အဲလို မဖြစ်ရအောင် ပျံသန်းလွတ်မြောက် ဘို့ အချိန်မှီနိုင်သေးတဲ့ ကံစွမ်းအား ဥာဏ်စွမ်းအား၊ဝီရိယ စွမ်းအားတွေမကုန်ဆုံးသေးခင်အချိန်လေးပေါ့။ အချိန် ကျန် ရှိုနိုင်နေသေးတဲ့ လူတွေကို ကယ်တင် သင်ကြားပေးတဲ့ သဘောပါ။ ပင်လယ်ဝ နားရောက် နေတဲ့ သူတွေရယ်လို့တင်စားပြီး ပင်လယ်ဝတရားစခန်းရယ် လို့ ပိုင်းလော့ဆရာတော်ဘုရားကြီးက နာမည်ပေးထားတာ ပါ..။ တကယ့်ကိုလည်း အသက် ကိုကန့်သတ့််ပြီး မှ လက်ခံခဲ့တာဖြစ်ပါတယ် ။

တစ်နှစ်မှာ တစ်ခါသာခေါ်ယူခဲ့သင်ကြားခဲ့တာပါ။။ ဒီနှစ်တော့ ဆရာတော်ဘုရား က နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်..။ မှော်ဘီမြို့တွင် ဒေါက်တာဦးဖေဥာဏ် တည်ထောင်ထားတဲ့ စန္ဒကူးမြိုင်တရားရိပ်သာ မှာ တစ်ကြိမ်၊နဲ့ မိုးညှင်းသိင်္ဂီကျောင်းတိုက်မှာ တစ်ကြိမ် ဖွင့်လှစ်ပေးခဲ့တာမို့ ကျွန်မ ဒုတိယအကြိမ်ကို ကံကောင်းထောက်မစွာ မှီခဲ့ပါတယ်..။ ဒါမှအပ ကျန်တာ ဘာမှအရေးမကြီး..သလို အရေးအကြာင်းကြီးပြီး ကျန်တာတွေကိုမေ့ပျောက်ထားခဲ့ပါတယ်..။

ပင်လယ်ဝကိုရောက်ခါနီးနေပြီမဟုတ်ပါလား။ ဒီလို စိတ်အမြင်လေးပြောင်းလာလေတော့ ဘဝရဲ့ လက်ကျန်အချိန်တွေမှာ လုပ်စရာ အလုပ်ကိုပိုင်းခြားကြည့်လိုက်ရင် နှစ်မျိုးနှစ်စား သာ ရှိပါတော့တယ်..။ · တစ်ခုကတော့ ဆင်သေကောင် နဲ့ ပတ်သက်တဲ့အပိုင်းဖြစ်ပြီး
· ကျန်တစ်ခုကတော့ ဆင်သေကောင်ထံမှ ဖယ်ခွာကာ ကမ်းသို့လွတ်မြောက်အောင် ပျံသန်းနိုင်ဘို့ ဆိုတဲ့ နှစ်မျိုးနှစ်စား သာ ရပါတော့တယ်..။
အဲဒီအချိန်မှာ စီမံစရာ အဲဒီနှစ်မျိုးသာရှိတယ်ဆိုတာ ကျွန်မ သဘောပိုက်ထားမိပါပြီ..။

အခုမှသေချာချရေး ဖြစ်ခဲ့ပါတယ် စွန့်ခွာတယ်ဆိုတာကတော့ အားလုံးကို ထားရစ် ပြီးလူက ထွက်ခွာ ပြီးကာမှ စိတ်က ညိတွယ် ကျန်နေတာမျိုး မဟုတ်ပါဘူးလေ…။ စားနေစဉ် ၊သွားနေစဉ်၊ လုပ်နေစဉ် အမှန်မြင်နိုင်လို့ ဥာဏ်နဲ့ ထွက်ခွာလွတ်မြောက်စေတဲ့ လွတ်မြောက်မှု မျိုးပါ..။ မြင့်မြတ်သူတို့အတွက်နေစရာ အိမ် အရိယာဝါသ မှာနေရင်းလွတ်မြောက် နေတာမျိုး ကို ပြောတာပါ..။ သေရင်ထားခဲ့ရမဲ့ ကိစ္စ တွေအတွက် အချိန်များစွာပေးနေမိပြီး သေရင် ပါသွားမဲ့ ပါရမီတွေ..သေရင်လွတ်မြောက်စေမဲ့အားထုတ်မှု တွေကို အချိန်နည်းနည်းပဲပေးနေတာ…ကိုသတိရဆင်ခြင် ဖြစ်ခဲ့ပါတယ်..။
ဒီတော့ အိုးအိမ်စီးပွား နဲ့ ပတ်သက်တာ စီးပွားရေး ကြီးပွားရေးတွေဟာ ဆင်သေကောင်လို..လျော့ပါးပျက်သုဉ်းနေတယ်..ရွေ့လျောစီးမျောနေတယ်..။ အခိုင်အမာ မှီတွယ်ရာ မဟုတ်ပေဘူးပေါ့..။

တကယ်တမ်းထားခဲ့ရချိန် ခွဲခွာချိန်မှာ ဓါးပြတိုက်ခံရသလို မခွဲချင်ပဲ ခွဲ ရ မထားချင်ပဲထားရလို့ အပူတွေသာ ထွက်လာမှာပါ။ ထွက်လာမဲ့အပူတွေ နဲ့ သေလို့ကတော့ အပါယ်လေးဘုံ ကလွဲပြီး ရောက်နိုင်စရာမရှိတာ သိပ်ကိုသေချာနေပါတယ်..။ အဲဒီအပူတွေကင်းအောင် အခုကတည်းက ဥာဏ်နဲ့ ဖယ်ခွာထား ခဲ့ဘို့ ပွားများနေရပါပြီ..။ဆင်သေကာင် ကိုစားတော့စားတယ် ပျံသန်းဘို့ခွန်အား အတွက်ပါပဲ..လို့ ရည် ရွယ်ခဲ့ပါတယ်..။ ကုသိုလ် အရှိန်ကုန်ရင် အကုန်ထားခဲ့ရမှာကို အမြဲနှလုံးသွင်းပါတော့တယ်..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ရဲ့ ဆုံးမမှုကြောင့် လျှောက်ရမဲ့လမ်းလည်းရှင်း ခဲ့ပါပြီ..။ ၀ိပဿနာကို ပွားများအားထုတ်တတ်တယ်။ အအေးဓာတ် ကိုလည်း ခံစားဘူးတယ်..။ဒါပေမဲ့ အမြဲအားမထုတ် ပဲ ဘေးမှာ ချချထားတာ ကိုယ့်ကိုကိုသေမယ်မထင်သေးလို့ တဲ့..။ အချိန်မရွေးသေနိုင်တယ် ဆိုတာ တွေးမိတာ နဲ့ တစ်ပြိုင်နက် မာန တွေ ..၊ တင်းနေတဲ့ အကြောတွေ အကုန်လျော့ကုန်တော့ တာပါပဲ..။ တကယ်လည်း၊အချိန်မရွေးသေဘို့ဆိုတာ ဖြစ်နိုင်တာပဲ နော်..။

ဒါကြောင့် အနာဂတ်စီမံကိန်းတွေ ကို မဆုပ်ကိုင်တော့ပါဘူး၊မစွဲလန်းတော့ပါဘူး၊ ဖြစ်စေချင်တဲ့ပုံစံကို အသေမချတော့ပါဘူးနော်..။

စီတော့စီမံမယ် ..အကြောင်းညီညွတ် မှ သာ ဖြစ်လာမှာဆိုတာ ကိုလည်း ခံယူထားတာမို့ ၂၀၁၁ ကို လည်း နောက်ဆုံး ထွက် သက်ထိ တစ်မိနစ်ချင်း၊တစ်စက္ကန့်ချင်း ဖြတ်သန်းလွန်မြောက် စေပါတော့တယ်..။ အချိန်နဲ့ အမျှသေဆုံး ပျောက်ရှ ပြနေတဲ့ ခန္ဓာ ငါးပါး ရဲ့ ဖွားသေ(ပရမတ္ထ အသေ) တွေကို ကြည့်ရင်း၊နှလုံးသွင်းရင်း သမုတိအသေကိုမျှော်နေမိပါတော့တယ်..။

( ၂၀၁၁ ရယ်လို့ အမည်သညာ ခေါ်စရာ အချိန်ကာလလေးတစ်ခုကတော့ စတင်နေခဲ့တာ တစ်လတာပင်ကုန်ဆုံးခဲ့ ပါပြီ..။ ဘာတွေ ကျင့်ဆောင်မလဲ..ဘာတွေ ကျဉ်ရှောင်မလဲ..။ ဘာတွေကို စွန့်ခွာမလဲ..။၂၀၁၁ ခုနှစ်သစ်အဓိဌာန် ဥဒါန်းလေးတစ်ခုကျူးရင့်ပေးဘို့ ကျွန်မ မောင်လေး Bliss က တောင်းဆိုခဲ့တာမို့ သည်စာစုလေးကို ရေးဖြစ်ခဲ့ ပါတယ်..။)