skip to main |
skip to sidebar
“ပဏ္ဍိတာနဉ္စ သေ၀နာ၊ ဧတံမင်္ဂလ မုတ္တမံ။
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည်
ကောင်းမြတ်သော မင်္ဂလာမည်၏။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ်နည်းယူလေ။”
တစ်ခါတုန်းက ဘောဇမင်းဆိုတာရှိခဲ့ဖူးပါတယ်။ သူ့ရဲ့အားကိုးရတဲ့ ပညာရှိအမတ်ကြီးကတော့ ကာလီဒါသ အမတ်ကြီးပါ။
တစ်နေ့မှာတော့
ဘောဇမင်းဟာ သူ့ရဲ့မင်္ဂလာဥယျာဉ်အတွင်းကို ဘာရယ်တော့မဟုတ်ပါဘူး၊
ထွက်ခဲ့ပါတယ်။ ပျင်းလို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့
ဥယျာဉ်ထဲလျှောက်လည်ရင်း ပန်းရုံတစ်ခုရဲ့အနီးမှာ အပျိုတော်နှစ်ယောက်
တိုးတိုး တိုးတိုးနဲ့ စကားပြောနေတာ တွေ့လိုက်ပါတယ်။
အပျိုတော်နှစ်ယောက်
တိုးတိုး တိုးတိုးနဲ့ ပြောနေတာကို မြင်ရတော့ ဘောဇမင်းက
သူတို့ဘာတွေပြောနေတယ်ဆိုတာ သိချင်စိတ် ဖြစ်သွားတယ်တဲ့။ ဒီတော့ ဘောဇမင်းလည်း
အပျိုတော်နှစ်ယောက်ရဲ့အနီးကို ကပ်သွားလိုက်ပါတယ်။ ဒါပေမယ့် ဘောဇမင်း
အပျိုတော်နှစ်ယောက် အနားရောက်ခါနီးမှာပဲ အပျိုတော်နှစ်ယောက်ဆီက
‘လူမိုက်လာပြီ’ ဆိုတဲ့ အသံတစ်ခုထွက်လာပါတယ်။ ဘောဇမင်းလည်း ရှေ့ဆက်
မသွားရဲတော့ဘဲ ရောက်နေတဲ့နေရာကပဲ လှည့်ပြန်ခဲ့ရပါတယ်။
အပျိုတော်နှစ်ယောက်ပြောလိုက်တဲ့ ‘လူမိုက်လာပြီ’ ဆိုတဲ့ စကားဟာ ဘောဇမင်းရဲ့နားထဲက လုံးဝ မထွက်တော့ပါဘူး။
‘ဒီအပျိုတော်တွေဟာ
ငါ့ရဲ့မောင်းမမိဿံ တွေပဲ။ ငါကဲ့သို့ မင်း လာတာတောင် လူမိုက်လာပြီလို့
ပြောလိုက်တာ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး။ စင်စစ် ငါ့ကို
လူမိုက်လို့ပြောရလောက်အောင် အကြောင်းတစ်ခုခုတော့ ရှိရမယ်။
သူတို့ကိုပြန်မေးဖို့ကျပြန်တော့လည်း မသင့်ပြန်ဘူး။
အင်း..ဘယ်လိုလုပ်ရပါ့’
ဘောဇမင်းက
နန်းတော်ပြန်ရောက်တော့ ပြဿနာရဲ့အဖြေကို ကိုယ်တိုင်စဉ်းစားပါတယ်။
အပြန်ပြန်အလှန်လှန်နဲ့ အကြိမ်ကြိမ် စဉ်းစားပါတယ်။ ဒါပေမယ့် အဖြေက
ထွက်မလာပါဘူး။ ကိုယ်တိုင်စဉ်းစားခြင်းဟာ အဖြေတစ်ခုတော့
ရတတ်မြဲဆိုတဲ့အတိုင်း ဘောဇမင်းအတွက် အကျိုးမဲ့ အချိန်ကုန်မှုမျိုးတော့
ဖြစ်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားရင်းနဲ့
ကိုယ်တိုင်အဖြေမရှာတတ်ပေမယ့် ဘယ်သူ့ဆီက အဖြေ ရနိုင်တယ်ဆိုတာ စဉ်းစားရင်း
သိလိုက်လို့ပါပဲ။
ဘောဇမင်းဟာ နောက်တစ်နေ့ ညီလာခံသဘင်မှာ ဘယ်သူမှ မရောက်ခင် သူကဦးအောင် ရောက်နေလိုက်ပါတယ်။
ညီလာခံသဘင်ထဲကို
မှူးမတ်တွေဝင်လာတိုင်း ၀င်လာတိုင်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ချည်း
ဆီးဆီးပြောနေပါတော့တယ်။ မှူးမတ်တွေလည်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့
ဆီးဆီးပြောနေတော့ ငါတို့ ဘာအပြစ်တွေများ လုပ်ထားမိပါလိမ့်ဆိုပြီး
အယောင်ယောင် အမှားမှားနဲ့ လန့်ဖြန့်ပြီး ကိုယ့်နေရာကိုယ်
အမြန်ထိုင်လိုက်ကြပါတယ်။
မကြာခင်မှာဘဲ ကာလီဒါသအမတ်ကြီး ၀င်လာပါတယ်။ ဘောဇမင်းကလည်း ရှေ့မှူးမတ်တွေ ပြောခဲ့တဲ့အတိုင်း ဆီးပြောလိုက်ပါတယ်။
“လူမိုက်ကြီးလာပြီ”
ကာလီဒါသအမတ်ကြီးဟာ ဘောဇမင်းရဲ့ စကားသံ ကြားလိုက်ပေမယ့် ဣနြေ္ဒမပျက် မတ်တပ်ရပ်ရင်းပဲ ပြန်လျှောက်လိုက်ပါတယ်။
“အရှင်မင်းကြီး၊
ကျွန်တော်မျိုးကို ဘာဖြစ်လို့ လူမိုက်လို့ ခေါ်ရတာလည်း၊ ကျွန်တော်မျိုးဟာ
လူနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်နေတဲ့ နေရာကို သုံးယောက်ဖြစ်အောင်
အလိုက်ကန်းဆိုးမသိ မသွားခဲ့ဖူးပါဘူး”
ကာလီဒါသ ပညာရှိအမတ်ကြီးရဲ့
စကားကြားလိုက်တော့မှ ဘောဇမင်းလည်း ‘သြော်…ငါက တိုးတိုးတိတ်တိတ်နဲ့
လူနှစ်ယောက် တိုင်ပင်နေတဲ့နေရာကို သွားခဲ့မိတာကိုး’လို့ တွေးပြီးအဖြေကို
သဘောပေါက်သွားပါတော့တယ်။မင်္ဂလာ၊ (နောင်ရိုးဦးတိုးမြင့်၊ ရေနံချောင်းမြို့)
ဒီပုံဝတ္ထုလေး
ထုတ်ပြလိုက်ရတာကတော့ လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ မဟုတ်ပါဘူး။
‘လူမိုက်’ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဖော်ပေးနိုင်တဲ့ ပညာရှိတစ်ယောက်ရဲ့
တန်ဘိုးကိုသိစေချင်လို့ပါ။
လောကမှာ ကိုယ်သိပ်သိချင်နေတဲ့ အဖြေတစ်ခုကို
သိခွင့်ရလိုက်တာဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုပါ။
ဘောဇမင်းလည်း ကာလီဒါသ ပညာရှိအမတ်ကြီးကို အမှီပြုပြီး သိခွင့်ရလိုက်တဲ့
အဖြေဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုလို့ ခံစားလိုက်ရမှာတော့
အသေအချာပါ။
ပညာရှိကို မှီဝဲဆည်းကပ်ပါတဲ့။
ပညာရှိဆိုတာ ဘာလဲ?
လူမိုက်လက္ခဏာကို ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ မြတ်စွာဘုရားက ပညာရှိဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ ကောင်းတာတွေးနေတဲ့သူ။
၂။ ကောင်းတာပြောနေတဲ့သူ။
၃။ ကောင်းတာလုပ်နေတဲ့သူ။
အများကြားဖူးနေတဲ့ ပါဠိစကားနဲ့ ပြောရရင်တော့ ကာယကံ၊ ၀စီကံ၊ မနောကံကို သတိကပ်ပြီး ထိန်းသိမ်းနေတဲ့သူပါ။
အဲဒီလို လက္ခဏာသုံးပါးနဲ့ ပြည့်စုံနေတဲ့ ပညာရှိကို မှီဝဲ ဆည်းကပ်နေခြင်းဟာ ကိုယ့်အတွက် မင်္ဂလာတစ်ပါး ရှိနေတာပါပဲတဲ့။
ပညာရှိဆိုတဲ့နေရာမှာ
အပြင်ပညာရှိနဲ့ အတွင်းပညာရှိဆိုပြီး နှစ်ယောက်ရှိပါတယ်။
အပြင်ပညာရှိဆိုတာကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ မဆက်စပ်တဲ့ ကာလီဒါသလို
ပညာရှိမျိုးပါ။ အတွင်းပညာရှိဆိုတာကတော့ ပြင်ပမှာမရှိပါဘူး။
ကိုယ့်သန္တာန်မှာပဲရှိပါတယ်။
ကိုယ်ကိုယ်တိုင်က ကောင်းတာလေးတွေတွေး၊
ကောင်းတာလေးတွေပြော၊ ကောင်းတာလေးတွေ လုပ်နေမယ်ဆိုရင် ကိုယ်ကိုယ်တိုင်
ပညာရှိဖြစ်နေပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ပညာရှိလက္ခဏာနဲ့
ညီအောင်နေနေလိုက်ခြင်းဟာ အတွင်းပညာရှိကို မှီဝဲဆည်းကပ်နေတာပါပဲ။
အပြင်ပညာရှိဆိုတာ
ကိုယ်နဲ့ အစဉ်သဖြင့် အတူတကွ ရှိမနေနိုင်ပါဘူး။ အတွင်းပညာရှိကတော့
ကိုယ်နဲ့အစဉ်သဖြင့် အတူတကွ ရှိနေနိုင်ပါတယ်။
ကိုယ်ကိုယ်တိုင်ပညာရှိဖြစ်အောင် တည်ဆောက်လိုက်တာက
ပိုပြီးအာမခံချက်ရစေပါတယ်။
လောလောဆယ် ကိုယ့်သန္တာန်မှာ ပညာရှိလက္ခဏာ
မရှိသေးရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ ပုထုဇဉ်တွေဆိုတော့ လူမိုက်လက္ခဏာတွေ
အခါအခွင့်သင့်တိုင်း ဖြစ်နေမှာပါ။ စိတ်မပျက်ပါနဲ့။ ပညာရှိဖြစ်ဖို့အတွက်
တစ်ခုပဲလိုပါတယ်။ အဲဒါကတော့ ‘သတိ’ပါပဲ။
ပုထုဇဉ်ပီပီမကောင်းတာ တွေးမိပြီဆိုပါတော့။
အဲဒီမကောင်းတာတွေးနေတဲ့
စိတ်ကလေးကို သတိကပ်ပြီး သိလိုက်ဖို့ပါ။ သိလိုက်တာနဲ့ မကောင်းတာတွေးနေတဲ့
စိတ်ကလေးကို ‘မကောင်းတာတွေးနေတဲ့ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေး
တွေးနေတာလဲ’စသည်ဖြင့် ဖြစ်နေတဲ့စိတ်ရဲ့ သဘောလေးအထိ မိအောင် အာရုံညွတ်ပြီး
“တွေးတယ်၊ တွေးတယ်”လို့ အချက်နှစ်ဆယ်လောက် မှတ်ပစ်လိုက်ပါ။
အစမှာတော့
နည်းနည်းခက်ချင်ခက်မယ်။ မှတ်ပါများလာရင်တော့ လွယ်သွားပါလိမ့်မယ်။ အဲဒီလို
မှတ်ပါများလာရင် အကုသိုလ် တွေးကြောတွေ တိုတိုသွားပါလိမ့်မယ်။
တိုရာကနေလျော့၊ လျော့ရာကနေပျောက်ပြီး ပညာရှိလက္ခဏာတွေ ဆင့်ကာဆင့်ကာ
ဝင်လာပါလိမ့်မယ်။
ဒီလိုပါပဲ မကောင်းတာတွေ ပြောမိလုပ်မိရင်လည်း ပြောမိ၊
လုပ်မိတာနဲ့ သိလိုက်ပြီး “ပြောတယ်၊ ပြောတယ်” “လုပ်တယ်၊ လုပ်တယ်”လို့
မှတ်ပစ်လိုက်ဖို့ပါ။
ပညာရှိလက္ခဏာ လပိုင်း နှစ်ပိုင်းမပြောနဲ့ နာရီပိုင်း
မိနစ်ပိုင်းလေး ၀င်လိုက်တယ်ဆိုရင်ပဲ ကိုယ့်အတွက် ဘယ်လောက်ငြိမ်းချမ်းမှု
ရလိုက်တယ်ဆိုတာ ပညာရှိလက္ခဏာဝင်ဖူးသူတိုင်း သိကြပါတယ်။ ပညာရှိလက္ခဏာ
ဝင်တဲ့နေ့ဟာ ကိုယ့်အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါပဲ။