Tuesday, December 20, 2011

နှုတ်ဖြင့် ပန်းချီဆွဲတတ်ရမယ်’


 

နှုတ်ဖြင့် ပန်းချီဆွဲတတ်ရမယ်’

ဓမ္မကထိကဖြစ်လိုသူသည် နှုတ်ဖြင့်ပန်းချီဆွဲတတ်ရမည်၊ နိုင်ငံရေးခေါင်းဆောင်လုပ်လိုသူသည် အဖြစ် အပျက်ကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြပြီး နှုတ်ဖြင့် ခြယ်မှုံးပြတတ်ရမည်၊ 

စည်ရုံးရေး မှူးသည် နောက်လိုက် နောက်ပါများအားမိမိတို့လျှောက်လှမ်းရမည့်လမ်းစဉ်ကိုကွက်ကွက် ကွင်းကွင်းမြင်လာအောင် နှုတ်ဖြင့်ခြယ် မှုံးပြတတ်ရမည်၊ သိသလောက်တတ်ထားသင်ထားသလောက်ကို သူတစ်ပါးမြင် လာအောင် ပြောပြတတ်ခြင်း သည်ပင် နှုတ်ဖြင့် ပန်းချီးဆွဲပြခြင်းဖြစ်သည်၊

အတက်ပါစကားကိုပြောခဲ့သူမှာ လူပြန်တော်ဦးဥတ္တကျော် ဖြစ်သည်၊ လွန်ခဲ့သော ဆယ်နှစ်ခန့်ကဖြစ်သည်၊ ဆရာကြီးသည်ဘုရားကြီး အနောက်မုခ်တွင်ရှိသော နှစ်ထောင့်ငါးရာဓမ္မဗိမာန်တွင် မန္တလေးမြို့ လေးပြင်လေး ရပ်ရှိ အနာဂတ်ဓမ္မကထိက အလောင်း အလျာများကိုဟောနည်းပြောနည်းပို့ ချပေးသည်၊   

သူချည်းသက်သက် ပို့ချပေးသည် မဟုတ်ပဲထင်ရှားသော ဓမ္မကထိကများကိုလဲပင့် ဖိတ်ပြီး ဟောပြောပြ သစေသည်၊ ထိုစဉ်က မန်းမြို့တွင်ထင်ရှားနေသော ဓမ္မကထိကမှာ မစိုးရိမ်တိုက်သစ်မှ မျိုးချစ်စာဆို ဓမ္မကထိက ၀ီရသူဖြစ်သည်၊ သူလဲကြွရောက်ပြီးဟောပြောသည်၊

သီတဂူကြယ်တစ်ပွင့်ကိုလဲတွေ့ရသည်၊ မျိုးချစ်စာဆို ၀ီရသူ၏ဟောပြောဟန် နှုတ်ပန်းချီသည် တက်ရောက် လာ သောရဟန်းပျိုများနှင့် မျိုးချစ်လူငယ်များကိုလူမျိုးရေးအသိကြွယ်ဝစေသည်၊ ဦးဥုတ်ကျော် သည် လူဝတ်မလဲ မီကဓမ္မကထိကရဟန်းတော် အဖြစ်ဖြင့်မြန်မာနိုင်ငံ အထက်အောက် ကျော်ကြားခဲ့သူဖြစ် သည်၊ သူ့ခေတ်သူ့ အခါက သူ့ဟန်သူ့အပြော၊ သူ့တရားများသည် ဒကာဒကာမတို့အား သဒ္ဓါတရား တိုးပွားစေခဲ့သည်၊

လူဝတ်လဲပြီးသည့်နောက် တွင်လဲမြန်မာအနှံ့နယ်လှည့်ပြီး တရားများဟောသည်၊ ထိုအခါတွင်လဲ လူပြန်တော် ဦးဥုတ်ကျော်အဖြစ်ထင် ရှားပြန်သည်၊ဆရာကြီး၏ ခုဇ္ဖုတ္တရာဇာတ်လမ်းဟောသည်ကို ကိုရင်ဘ၀ဖြင့်နာကြား ရဖူးသည်၊

ဇာတ်လမ်းသည် တရားနာလိုသော မိဖုရားမောင်းမမိဿံများကို ဥတ္တရာလို့အမည်ရှိ ခါးကိုင်းနေသော အမျိုးသမီးကဘုရားဟောတရားများကို ပြန်လည်ဟောပြသောဇာတ်လမ်းဖြစ်သည်၊ 
ဇာတ်လမ်းကိုဟောပြ နေရင်းတရားနာလိုက်ရန် အကြောင်းပြငြင်းဆန်လေ့ရှိသော မိအေးအကြောင်း
နှုတ်ပန်းချီဆွဲပြသည်ကို အမှတ်ရနေမိသည်၊

ရွာတစ်ရွာ တွင် မိအေးလို့ခေါ်သောကောင်မလေးတစ်ယောက်ရှိသည်၊ မိအေးဆိုပေမယ့် မိအို ဖအိုကြီးတို့ ကိုဈေး ရောင်းပြီးတစ်ဖုံ၊ နှီးထိုးရင်တစ်မျိုး၊ ကူလီအလုပ်တစ်ခါ မအေးနိုင်အောင်ရှိလှသည်၊ ၀မ်းအေးဖို့ အတွက် သာ ရှာဖွေနိုင်သည်၊ ဘ၀အေးဖို့ တရားနာလာခေါ်ရင်ဖြင့် မိအေးငြင်းရစမြဲပေ၊

‘မိအေးရေ၊ ရွာဦးကျောင်းမှာ ဓမ္မစင်္ကြာရွတ်မယ်တဲ့လိုက်ခဲ့ပါလား၊
အမတို့ရေ၊ မနက်ဈေးဖိုးလိုက်စုရဦးမှာမို့ သွားကြတော့၊
မိအေးရေ၊ တရားပွဲရှိတယ်၊ လိုက်ပြီးတရားနာပါဦးအေ့၊
အမတို့ရေ၊ သွားကြတော့ ကျွန်မ ဈေးရောင်းရဦးမယ်၊
ဒီလိုငြင်းရင် မိအေးလေ ဘ၀ဆုံးရှာရတယ်၊ ၀မ်းတစ်ထွာအေးစေဖို့အရေးရှာဖွေဖြင့် ဘ၀ဆုံးရပါတယ်၊ မိအေး အလုပ်မအားပါဘူး၊

အလုပ်ရှိလဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ။
မအားသေးလဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ။
အသက်ငယ်လဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ’
ဆရာကြီး၏ထူးခြားချက်မှာနှုတ်ဖြင့် 

ဆရာကြီးသည် နှုတ်ဖြင့်မျက်စိတွင်မြင်လာအောင် ရင်တွင်ပုံရိပ်တို့ကိန်းအောင်းလာအောင် ပန်းချီဆွဲပြ တတ်ခြင်းဖြစ်သည်၊ အနုပညာလဲဆန်သည်၊ 

သာဝတ္ထိမြို့တော်ကဘုရားရှင်သီတင်းသုံးတော်မူသော ဇေတ၀န်ကျောင်းတော်ကိုဟောလျှင်စာပေပရိယတ် ကို သင်ယူကျင့်ကြံနေသော ရဟန်းတော်များကိုမြင်လာအောင်ဟောပြောပြတတ်သည်၊ စာစုံ အောင်ဋီကာ ချဲ့ ဖွဲ့နွဲ့ပြတတ်သည်၊

မြန်မာနိုင်ငံတွင် ထင်ရှားသော အပြောအဟောကောင်းသော ရဟန်းတော်၊ လူပုဂ္ဂိုလ်တို့သည် နှုတ်ဖြင့် ပန်းချီခြယ်မှုံးပြသောသူများဖြစ်သည်၊

နိုင်ငံတစ်ဝှန်းကျော်ကြားတော်မူသော ကြာနီကန်ဆရာတော် ၏ နှုတ်ဖြင့် ပန်းချီဆွဲပြခြင်းသည် အပီအပြင်ဆုံးထင်မိသည်၊ဟောပြောနေသောဇာတ် တော်တွင်ပါသော လူအားလုံး ကိုပီပြင်အောင် နှုတ်ဖြင့် သရုပ်ဆောင်ပြတတ်သည်၊ လာရောက်နာယူသူကလေး၊ လူကြီး၊ ဘုန်းကြီး၊ မယ် သီလရှင်မ ကျန် နှစ်သက် ကြသည်၊ ဆရာတော်၏ဟောပြောဟန်သည် နှစ်ပေါင်းလေးဆယ်နီးပါှးရှိသည့်တိုင် ထင်ရှားနေဆဲဖြစ်သည်၊

ဆရာတော်၏ လက်သုံးစကားရှိသည်၊ ‘စာထဲတော့ ဒီလောက်ပါမယ် မထင်ပါဘူး ကျုပ်ကလျှာရှည်နေတာ’ ဟူသော စကားဖြစ်သည်၊ စာတွင် မပါသော်လဲ သွယ်ဝိုက်ပြီး ထင်မြင်လာအောင် ပြောပြလိုက်ခြင်းသည်ပင် အရသာ သို့မဟုတ် နှုတ်ဖြင့် ပန်းချီဆွဲပြလိုက်ခြင်းဖြစ်သည်၊

ဆရာတော်တို့ ဓမ္မကထိကဖြစ်ချင်ရင်တော့ လေ့လာထားတဲ့ အကြောင်းအရာတွေကို နှုတ်နဲ့ပန်းချီဆွဲပြ တတ် အောင်သာ ကြိုးစားတော်မူကြပါ’ 
ဆိုသော ဆရာကြီး ဦးဥုတ်ကျော်စကားကိုကြားယောင်မိသည်။