Thursday, December 22, 2011

ချစ်ခြင်း...မေတ္တာ...


 ချစ်ခြင်း...မေတ္တာ...
... လောကတွင် အလှဆုံးတရားသည်....မေတ္တာတရားဖြစ်၏...

...သက်ရှိလောက အလုံးစုံကို သာယာချမ်းမြေ့စေနိုင်သည်မှာလည်း...မေတ္တာပင်ဖြစ်သည်...

...မေတ္တာသည် ဘေးရန်ကင်းရှင်းစေလိုသော သဘော. ကိုယ်စိတ်နှစ်ဖြာ  ချမ်းသာစေလိုသောသဘော. ကြီးပွားတိုးတက်စေလိုသောသဘောဖြစ်၏။

...မေတ္တာသည် နူးညံ့သိမ်မွေ့၏။ သည်းခံခွင့်လွတ်နိုင်၏။ အနစ်နာခံနိုင်၏။ ချစ်ခင်ယုယလို၏။ ကူညီယိုင်းပင်းလို၏။ ပေးကမ်းစွန့်ကြဲလို၏။

...မေတ္တာသည် အစွမ်းအထက်မြက်ဆုံးသော ပီယဆေး...ငြိမ်းချမ်းရေး၏ တမန်တော်...
ဘေးရန်လုံခြုံစေသော အကောင်းဆုံး အဆောင်လက်ဖွဲ့ဖြစ်သည်။ မေတ္တာသခင်အား
လူလူချင်း မနှိပ်စက်နိုင်။ သားရဲတိရစ္ဆာန်များကလည်း ရန်မမူနိုင်။ ဘီလူးသဘက်များကလည်း မနှောက်ယှက်နိုင်ကြချေ။

...မေတ္တာရှင်အား လူနတ်ဗြဟ္မာနှင့်သတ္တ၀ါအားလုံးတို့က ချစ်ခင်ကြည်ညိုကြ၏။

...မေတ္တာကို လူတိုင်းပိုင်ဆိုင်နိုင်ကြသည်။ မေတ္တာကို အခကြေးငွေဖြင့် ပေးဝယ်၍မရ။  မေတ္တာဖြင့်သာ ၀ယ်ယူနိုင်သည်။

...မေတ္တာဆိုသော ဗြဟ္မစိုရ်တရားသည် ဘုရားအစရှိသော သူတော်ကောင်းမှန်သမျှ ကမ္ဘာ ကမ္ဘာ၊ ဘ၀ ဘ၀တိုင်းမှာ အမြဲလက်ကိုင်ပြုကျင့်တော်မူကြသော သဘောထားဖြစ်ပါသည်။ လူအများ နားလည်နေကြသည်မှာ မေတ္တာဆိုလျှင် အချစ်စိတ်များ ရောထွေးနေပြီး သူချစ်လို့ ကိုယ်က ပြန်ချစ်သည်။ ကိုယ်ကချစ်လို့ သူက ပြန်ချစ်စေလိုသည်။ 

တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသည့်စကားမျိုး၊ သူတော်မှ ကိုယ်ကကောင်းမည်ဆိုသည့် အယူအဆမျိုး၊ ဤကဲ့သို့သော စိတ်ထားများသည် ဗုဒ္ဓ၏ အလိုတော်နှင့် ညီညွှတ်သောမေတ္တာမျိုးမဟုတ်ပါ။ ကိုယ့်အကျိုး၊ ကိုယ့်ဆန္ဒကို တောင့်တနေသော အပြစ်များမကင်း၍ဖြစ်ပါသည်။

...မေတ္တာပို့အစတွင် ရွတ်ဆိုနေကြသည့် " အဟံ-အဝေရာဟောမိ၊ အဗျာပဇ္ဇောဟောမိ" ဆိုသည်မှာ
" ငါ့မှာ-ရန်မရှိပါစေနှင့်၊ စိုးရိမ်စရာ မတွေ့ရပါစေနှင့်" ဟူ၍ ဖြစ်သည်။ သတ္တ၀ါအများ ချမ်းသာကြပါစေ...ဟု မေတ္တာမပို့မီ မိမိကိုယ်ကို ချမ်းသာရပါစေဟု ဆန္ဒပြုခြင်းမှာ ကိုယ့်တစ်ကိုယ်ကောင်းစိတ်နှင့် ဆန္ဒမပြုရပါ။

...ကိုယ်ကျန်းမာစွာ၊ ချမ်းသာမှ...ချမ်းသာဆိုသည်မှာ ငွေကြေးစည်းစိမ် ချမ်းသာကိုဆိုလိုခြင်းမဟုတ်။ မိမိစိတ်၊ မိမိကိုယ်ကို ကျန်းမာချမ်းသာမှသာ သတ္တ၀ါများ၏ အကျိုးကို ဆောင်ရွက်နိုင်မည်။
မေတ္တာစိတ်ထားနိုင်မည်ဖြစ်၍ မိမိကိုယ်ကို ဦးစွာဆန္ဒပြုရခြင်းဖြစ်ကြောင်း ဘဘဦးသုခ၏ စာအုပ်တွင် ဖတ်ခဲ့ဖူးပါသည်။

မေတ္တာပါရမီတော်
...ကမ္ဘာသစ်သူငယ်ချင်းများ၊ ဓမ္မမိတ်ဆွေများအား မေတ္တာတရားပွားများနိုင်ကြပြီး စိတ်ကြည်နူးချမ်းမြေ့စေလိုပါသောကြောင့် ဆရာကြီးဦးရွှေအောင်၏ " ဗုဒ္ဓ...လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်" အခန်း(၃)မှ ဗုဒ္ဓမြတ်စွာဘုရားသခင်၏ မေတ္တာပါရမီတော် ဖြည့်ကျင့်ခြင်းများကို ကြည်ညိုပူဇော်နိုင်ပါရန် ကောက်နှုတ်ဖော်ပြပါသည်။

...မေတ္တာကို "ချစ်ခြင်း" ဟူ၍ မြန်မာပြန်ဆိုကြ၏။ လောကကို မေတ္တာဖြင့် ဖွဲ့စည်းထားသောအခါ
လောကသည် သိပ်သည်း၏။ တစ်ခုတည်းမဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ဖြစ်၏။
မေတ္တာ၏ တရားကိုယ်မှာ အဒေါသ ဖြစ်၍ အဒေါသ ဖြင့် ဖွဲ့စည်းလျှင် လောကသည်
သိပ်သည်း၍ ဒေါသဖြင့် ဖွဲ့စည်းလျှင် လောကသည် ဖရိုဖရဲဖြစ်၏။ ထို့ကြောင့်
လောကမပြိုကွဲရေးအတွက် မေတ္တာကို လိုအပ်၏။ လောကသိပ်သည်းခြင်းဟူသည်မှာ
ငြိမ်းချမ်းခြင်းဖြစ်၍ လောကဖရိုဖရဲ ပြိုကွဲခြင်းဟူသည်မှာ ဆူပွက်ခြင်းဖြစ်၏။

...ထို့ကြောင့်လောက၌ ငြိမ်းချမ်းခြင်း စိုးမိုးအောင် ပြုနိုင်ရန် တစ်ဦးကတစ်ဦးအပေါ်
မေတ္တာထားရခြင်းဖြစ်၏။ မေတ္တာထားမှုအားကောင်းလေ လောကသည် ငြိမ်းချမ်းလေဖြစ်၏။
တစ်ဦးက တစ်ဦးအပေါ်ချစ်နိုင်လေ လောကသည် သာယာလေဖြစ်၏။ လောကသာယာလေ ဒုလ္လဘတရားတော်နှင့်အညီ လောက၌ လူဖြစ်ရကျိုးနပ်လေဖြစ်၏။

...လောက၌ လက်တွေ့အားဖြင့် ချစ်ခြင်းမေတ္တာသုံးမျိုးကို တွေ့ရ၏။ ချစ်သူအချင်းချင်း
ချစ်သောမေတ္တာက တစ်မျိုး၊ မိသားစုအချင်းချင်း ချစ်သောမေတ္တာက တစ်မျိုး၊
မြင့်မြတ်သောသူများက လောကအပေါ် ချစ်သော ချစ်ခြင်းမေတ္တာက တစ်မျိုးဖြစ်၏။

...လူတို့သည် မိမိတို့၏ အတွေ့အကြုံအရ တစ်မျိုးမျိုးသောအချစ်ဖြင့် ချစ်ခဲ့ဖူးသူများချည်းဖြစ်ကြ၏။ ချစ်ရခြင်း၏ ကောင်းမြတ်သောအရသာကို ခံစားဖူးကြသည်ချည်းဖြစ်ကြ၏။ တစ်ကယ်တမ်းချစ်ပါက မိမိချစ်ရသူအတွက် မိမိက အနစ်နာခံခြင်း၌လည်း ကောင်းမြတ်သော အရသာကို ခံစားဖူးသည်ချည်းဖြစ်၏။ ထို့ကြောင့်ချစ်ခြင်းမေတ္တာဖြင့် လောကကို သာယာငြိမ်းချမ်းအောင် ဖန်တီးနိုင်ကြောင်းမှာ အထူးသက်သေပြစရာမလိုသော အမှန်သစ္စာဖြစ်၏။

...မေတ္တာသုံးမျိုးတွင် ချစ်သူချစ်မေတ္တာသည် အစွန်းရောက်မေတ္တာဖြစ်၏။  ယင်း၌ မိမိချစ်သူ အသာစံရေးသာ ပါဝင်သဖြင့် လောဘစွန်းသို့ရောက်၏။ အခြားသူများအပေါ် အဟန့်အတားပြုသဖြင့် ဒေါသစွန်းသို့ရောက်၏။ မိသားစု ချစ်ခြင်းမေတ္တာ၌လည်း ထို့နည်းတူပင်။ မိမိ၏မိသားစုအတွက်သာဖြစ်လျှင် လောဘစွန်းသို့ရောက်၏။ အခြားမိသားစုများအပေါ် ငဲ့ညာထောက်ထားခြင်းမရှိလျှင် ဒေါသစွန်းသို့ရောက်၏။ အစွန်းရောက်အချစ်ဟူသမျှသည်
လောကအတွက် အန္တရာယ်ပင်ဖြစ်၏။

...ထို့ကြောင့်လောကကို အန္တရာယ်ပြုခြင်းမှ ကာကွယ်ရန်အတွက် အစွန်းရောက်
အချစ်မျိုးများအပေါ် လောကချစ်ဖြင့် ထိန်းကျောင်းရ၏။ လောကချစ်ဟူသည်မှာ
ငါ ...ပါးသည်ထက်ပါး၍လာသော အချစ်ဖြစ်၏။ လောကချစ်ကို ပါရမီချစ်ဟုလည်းခေါ်၏။
အမှန်အားဖြင့် အချစ်သုံးမျိုးကွဲပြားသွားသည်မှာ ငါ...အထူအပါးကို လိုက်၍
ကွဲပြားသွားခြင်းဖြစ်၏။ ငါ...ပါးသွားသည်နှင့်အမျှ ချစ်သူချစ်နှင့်
မိသားစုအချစ်တို့သည် ပါရမီချစ်အဆင့်သို့ ၀င်ရောက်လာ၏။

...ဘာကိုမျှ မမျှော်ကိုးဘဲ အနစ်နာခံခြင်းသက်သက်သည် အသွင်သဏ္ဍာန်အားဖြင့်
ဘာအကျိုးမျှမ၇ှိဘဲ ရူးသွပ်မိုက်မဲခြင်း သဘောမျိုးသာဖြစ်သည်ဟူ၍ မှတ်ထင်ဖွယ်၇ှိ၏။
အမှန်အားဖြင့် ထိုအထင်သည် အလွန်မှားသော အထင်ဖြစ်၏။

...လုပ်ငန်းတစ်ခုကို လုပ်ရာ၌ ဘာကိုမျှမမျှော်ကိုးဘဲ မိမိ၏
ကာယအား၊ ဥာဏအား၊ ဓနအား တို့ကို အတတ်နိုင်ဆုံး သုံးစွဲပြီး အနစ်နာခံ၍
ဆောင်ရွက်ခြင်းသည် အလွန်ကြီးမားသော အကျိုးကို ရခြင်းလည်းမည်၏။
အလွန်ထက်မြက်သော ဥာဏ်ပညာဖြင့် ဆောင်ရွက်ခြင်းလည်းမည်၏။
ထိုကြီးမားသောအကျိုးကိုရခြင်းဟူသည်ကား လောဘကို သတ်နိုင်ခြင်းပင်ဖြစ်၏။

...ဤလောက၌ လောဘကိုသတ်နိုင်ခြင်းလောက် ကြီးမားသောအကျိုးကို ရခြင်းဟူ၍ မရှိပေ။
မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များကို
ဖြည့်ကျင့်တော်မူခြင်းသည် မိမိကိုယ်တိုင် ကလည်း လောဘကို သတ်နိုင်ဖို့၊
ဝေနေယျသတ္တ၀ါများအားလည်း လောဘကိုသတ်နိုင်အောင်
သင်ကြားပေးဖို့သာဖြစ်၏။ အခြားရည်ရွယ်ချက်ဟူ၍ မရှိ။

...ထို့ကြောင့် လောဘကိုသတ်နိုင်ခြင်းသည် အလွန်ကြီးမားသောအကျိုးကို ရခြင်းမည်၏။ ထိုအမြင်မျိုးဖြင့် မိမိ၏လုပ်ငန်းကို မြင်နိုင်ခြင်းသည်လည်း သာမညဥာဏ်ဖြင့် မြင်နိုင်ခြင်းမျိုးမဟုတ်။ အရဟတ္တမဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်တို့ဖြင့်သာ အမှန်အကန်မြင်နိုင်ခြင်းဖြစ်၏။

...လောဘကို သတ်နိုင်ခြင်းသည် ဓမ္မအားဖြင့် နိဗ္ဗာန်ကို ရခြင်းဖြစ်၏။ နိဗ္ဗာန်ကိုရခြင်းသည် သန္တိသုခကို ရခြင်းပင်ဖြစ်၏။ ဤလောက၌ သန္တိသုခ-လောက် ငြိမ်းချမ်းသော ချမ်းသာဟူသည်မ၇ှိကောင်းပေ။
ထို့ကြောင့် သန္တိသုခကိုရသော ပုဂ္ဂိုလ်များသည် မည်သည့်နည်းနှင့်မျှ နိမ့်ကျသူများ မဖြစ်နိုင်ကြောင်းမှာ ပေါ်လွင်ပါသည်။

...ဗုဒ္ဓဒေသနာတော်အရဆိုလျှင် သန္တိသုခကို ရကြသူများသည်
အရိယာပုဂ္ဂိုလ်များသာဖြစ်ကြ၏။ အရိယာပုဂ္ဂိုလ်ဟူသမျှသည် လူနတ်ဦးခိုက်ပူဇော်ထိုက်သူများသာ
ဖြစ်ကြ၏။ အမှန်အားဖြင့် လောဘကို ကုန်အောင်မပြုနိုင်ကြသေးစေကာမူ လောဘကို ပါးသည်ထက်ပါးအောင်ပြုနိုင်ကြသူများသည်ပင် လူနတ်ဦးခိုက်ပူဇော်ထိုက်သူများ ဖြစ်ကြလေပြီ။

...မြင့်မြတ်သူများက လောကအပေါ်ချစ်သော ချစ်ခြင်းမေတ္တာကို " ပါရမီမေတ္တာ" ဟူ၍ ဆို၏။
ပါရမီမေတ္တာဖြင့် လောကအပေါ်ချစ်နေခြင်းကိုပင် " လူစင်စစ်က ဗြဟ္မာဘ၀ဖြင့်
နေခြင်း" ဟူ၍ ဆို၏။

...ချစ်ခြင်းမေတ္တာသည် ပါရမီမြောက်လေ စွမ်းအားကြီးမားလေဖြစ်၏။ စွမ်းအားကြီးမားသော ချစ်ခြင်းမေတ္တာကို ပါးစပ်က ရွတ်ဆိုနေရုံမျှနှင့်တော့ဖြစ်ပေါ်လာအောင်လုပ်၍မရ။ လက်တွေ့ကျင့်ကြံခြင်း၊အားထုတ်ခြင်းဖြင့်သာ ရကောင်း၏။ ကျင့်စတွင် မေတ္တာသည် စွမ်းအင်နည်းပါးမည်ဖြစ်သော်လည်း ကျင့်ပါများသောအခါ မေတ္တာသည်တစ်ဖြည်းဖြည်းချင်း စွမ်းအင်ကြီးမားလာမည်ဖြစ်၏။ 



.မေတ္တာစွမ်းအားပြ- ပြယုဂ်
...မေတ္တာစွမ်းအားပြ- ပြယုဂ်များမှ ထင်ရှားသော သုဝဏ္ဏသာမဇာတ်တော်အား
အကျဉ်းချုံး၍ ဖော်ပြပါမည်။

...ဗာရာဏသီပြည်နှင့် မနီးမဝေး မြစ်ကမ်းပါးတစ်ဖက်စီမှ တံငါသူကြီးသား ဒုကူလနှင့်
အခြားတံငါရွာမှ သူကြီးသမီးပါရိကာတို့အား မိဘနှစ်ပါးက လက်ထပ်ထိမ်းမြားပေးလိုက်သည်။
သူတို့သည် တံငါမျိုးနွယ်ဖြစ်သော်လည်း တံငါလုပ်ငန်းကို မလုပ်ကြ။ မိဘများကို ပန်ကြားပြီး
ဟိမ၀န္တာသို့ သွား၍ မိဂသမ္မတာမြစ်အနီး၌ ကျောင်းသင်္ခမ်းကိုယ်စီနှင့် ရဟန်းပြုကာနေကြ၏။

...သူတို့နှစ်ဦးသည် မျက်စိကွယ်ကြမည့် အတိတ်ကံများပါကြ၏။ ထိုအကြောင်းကို သိကြားမင်းကသိ၏။
ထို့ကြောင့် သူတို့တွင် သားတစ်ယောက်ရှိဖို့လိုသည်။ သိကြားမင်း၏ တိုက်တွန်းချက်အရ
ပါရိကာရာသီပန်းပွင့်၍ သားအိမ်စင်ကြယ်သောအခါ ဒုကူလက ပါရိကာ၏ချက်ကို
လက်ဖြင့် သုံးသပ်၏။ ထိုအခါ ဘုရားအလောင်းနတ်သားသည် နတ်ပြည်မှစုတေ၍
ပါရိကာ၏ ၀မ်း၌ ပဋိသန္ဓေယူ၏။ ဖွားမြင်သော် " သုဝဏ္ဏသာမ" ဟု အမည်တွင်၏။

...သုဝဏ္ဏသာမသည် တောတွင်းတိရစ္ဆာန်များ၏ အလယ်၌ ကြီးပြင်းရသူဖြစ်၏။
သုဝဏ္ဏသာမသည် တိရစ္ဆာန်များအားလုံးကို ချစ်၏။ တိရစ္ဆာန်များအားလုံးကလည်း သူ့ကိုချစ်၏။ သူ၏အဖော်များသည် ခြသေ့င်္များ၊ ကျားများ၊ သမင်များနှင့် ကိန္နရာများဖြစ်၏။
မိဘများသစ်သီးရှာဖွေရန်သွားလျှင် ကျန်ရစ်သော သုဝဏ္ဏသာမအား ကိန္နရာများက
ရေချိုးပေး၏။ တိရစ္ဆာန်များကို ဤသို့ယဉ်ပါးသွားအောင် စွမ်းဆောင်နိုင်သော
သုဝဏ္ဏသာမ၏ မေတ္တာအင်အားသည် မည်မျှလောက်ကြီးမားသည်ကို မှန်းဆ၍ သိနိုင်၏။

...တစ်နေ့တွင် မိဘနှစ်ပါး သစ်သီးရှာပြီးပြန်လာရာ မိုးကြီးရွာသွန်းသဖြင့် သစ်ပင်ခြေရင်းရှိ
တောင်ပို့ပေါ်သို့တက်၍ နားကြ၏။ ၄င်းတို့၏ကိုယ်မှ ချွေးနှင့်ရေတို့သည် တောင်ပို့တွင်းမှ
မြွေဟောက်နှာခေါင်းတွင်းသို့ ၀င်သဖြင့် ပြင်းစွာမှုတ်လေလျှင် မိဘနှစ်ပါး၏ မျက်စိများ
မြွေဆိပ်သင့်၍ ကွယ်ကြလေ၏။ မိဘနှစ်ပါးသည် သုဝဏ္ဏသာမအတွက် စိုးရိမ်၍ ငိုကြွေးကြ၏။

...သုဝဏ္ဏသာမသည် မိဘများရောက်ချိန်တန်၍ မရောက်သောအခါ မိဘများနောက်သို့လိုက်လာ၏။ မိဘနှစ်ပါးမျက်စိကွယ်နေသည်ကို တွေ့ရ၏။ သုဝဏ္ဏသာမသည်
မျက်မမြင်မိဘနှစ်ပါးကို  

ကျောင်းသင်္ခမ်းသို့ခေါ်ဆောင်လာပြီး လိုလေသေးမရှိရလေအောင် ပြုစုစောင့်ရှောက်၏။ ထိုကဲ့သို့ စောင့်ရှောက်နိုင်ရန်အတွက်ပင် သုဝဏ္ဏသာမသည် ဒုကူလနှင့် ပါရိကာတို့၏သား ဖြစ်ခဲ့ရခြင်းဖြစ်၏။

...သုဝဏ္ဏသာမသည် သစ်သီးရှာချိန်နှင့် ရေခပ်ဆင်းချိန်များတွင် ကိန္နရီများ၊ သမင်များက
လိုက်၍ ကူညီ စောင့်ရှောက်ပေးကြသည်။ တစ်နေ့သမင်များနှင့်အတူ သုဝဏ္ဏသာမ ရေခပ်ဆင်းချိန်တွင်
တောလည်လာသော ဗာရာဏသီပြည့်ရှင် ဘုရင်ပီဠိယက္ခမင်းကြီး သမင်များကြားတွင်တွေ့ရသောအခါ
အံ့အားသင့်ပြီး လူလော၊ နတ်လော ခွဲခြား၍မသိ။ ဆိပ်လူးမြားဖြင့်ပစ်ပြီးမှ မေးမည်ဟုကြံပြီး
လေးဖြင့်ပစ်လိုက်၏။ သုဝဏ္ဏသာမလဲကျသွား၏။

...သုဝဏ္ဏသာမသည် သူမရှိတော့လျှင် မိဘများ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး ငိုကြွေး၏။
သုဝဏ္ဏသာမသည် မြားဖြင့်ပစ်သူအား စိတ်လည်းမဆိုးပါ။ မိဘနှစ်ပါးကိုသာ
ဦးစွာအမှတ်ရလိုက်၏။ တမ်းတနေ၏။ ထိုအခါမှ မင်းကြီးသည် မျက်မမြင်မိဘနှစ်ပါးအား
လုပ်ကျွေးပြုစုနေသော သူတော်စင်ယောက်ကျားမြတ်အဖြစ် သိလေ၏။

...မင်းကြီးသည် သုဝဏ္ဏသာမအားတောင်းပန်၏။ သုဝဏ္ဏသာမကိုယ်စား မိဘနှစ်ပါးကို
လုပ်ကျွေးပြုစုပါမည်ဟု ပြောဆိုပြီး တာဝန်ယူ၏။ ဂန္ဓာမာဒနတောင်စောင့် ဗဟုသုန္ဒရီ
နတ်သမီးကလည်း ပီဠိယက္ခမင်းကြီးအား သုဝဏ္ဏသာမ၏ မျက်မမြင်မိဘနှစ်ပါးကို
ကိုယ်စားပြုလုပ်ကျွေး ပြုစုရန် ပြော၏။ မင်းကြီးသည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရန်
ရေပြည့်အိုးကို ထမ်းကာ ဘုရားလောင်းသုဝဏ္ဏသာမ ညွှန်လိုက်သည့် လမ်းအတိုင်းသွားရာ ဖခင်ဒုကူလထံသို့ရောက်၏။

...မင်းကြီးက မိမိသည် ဗာရာဏသီပြည့်အရှင် ဘုရင်ဖြစ်ကြောင်း၊
သုဝဏ္ဏသာမအားမြားဖြင့် ပစ်သတ်မိပါကြောင်း ပြော၏။ ထိုစကားသံကို မိခင်ပါရိကာ
ကြား၍ ကြိုးတန်းဖြင့် ဒုကူလထံသို့ လာ၏။ ဒုကူလက မင်းကြီးအပေါ်အမျက်မထွက်ရန်
ပါရိကာအား အကျိုးအကြောင်း ပြောပြ၏။ မျက်မမြင်မိဘနှစ်ပါးတို့သည် သားတော်၏
ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ချီးမွမ်းလျက် သည်းထန်စွာ ငိုကြွေးကြလေ၏။

...သူတို့နှစ်ယောက်ကို သားတော်ထံသို့ ခေါ်သွားရန်ပြောကြ၏။ မင်းကြီးသည်
သူတို့မိသားစုကို တွေ့သောအခါ များစွာအံ့သြ၏။ သူသည် သုဝဏ္ဏသာမကို မြားဖြင့်
ပစ်သတ်သူဖြစ်ပါလျက် အပစ်ခံရသူ သုဝဏ္ဏသာမကလည်း သူ့ကို စိတ်မဆိုး၊
မိဘနှစ်ပါးကလည်း စိတ်မဆိုးရုံသာမက အစားအသောက်များဖြင့်ပင်
ရိုသေလေးစားစွာ ဧည့်ဝတ်ပြုကြသေး၏။ သူတို့မိသားစု၌ ဒေါသဟူ၍ ရှိပါလေစ။
မင်းကြီးသည် များစွာဂရုဏာသက်မိပြီး မင်းဘ၀ကိုစွန့်ကာ ဤမိသားစုဘ၀နှင့်
တစ်သားတည်းပြုရန် သန္နိဋ္ဌာန်ချလိုက်၏။ ပြီးလျှင် သုဝဏ္ဏသာမရှိရာ
မိဂသမ္မတာ မြစ်ကမ်းပါးသို့ ခေါ်ဆောင်သွား၏။


...မိဘနှစ်ပါးသည် သုဝဏ္ဏသာမထံသို့ရောက်သော် မိမိတို့စွမ်းနိုင်သမျှ ပြုစုကြ၏။ သုဝဏ္ဏသာမ၏ ဂုဏ်ကျေးဇူးများကို ပြောဆိုလျက် ငိုကြွေးကြ၏။ သုဝဏ္ဏသာမ မသေသေးမှန်းသိ၍ သစ္စာပြုကြ၏။
ထိုအခါ သုဝဏ္ဏသာမ လှုပ်ရှားလာ၏။ ဗဟုသုန္ဒရီနတ်သမီးရောက်လာကာ သစ္စာပြုပြန်၏။
ထိုအခါ သုဝဏ္ဏသာမသည် လုံးဝကျန်းမာလာ၏။ မိဘနှစ်ပါးလည်း မျက်စိပြန်မြင်လာ၏။ ပီဠိယက္ခမင်းကြီးသည်လည်း ဗာရာဏသီပြည်သို့ပြန်၍ တရားနှင့်အညီ မင်းပြု၏။
စုတေသောအခါ နတ်ပြည်သို့ ရောက်၏။ သုဝဏ္ဏသာမတို့မိသားစုလည်း မိမိတို့ကျောင်းသင်္ခမ်း၌
တရားဘာဝနာများကို အားထုတ်ပြီး ဈာန်အဘိညာဉ်များကိုပါရလေ၏။ စုတေသော်
ဗြဟ္မာပြည်သို့ ရောက်ကြကုန်၏။

...ဤဇာတ်တော်အရ သုဝဏ္ဏသာမ၏ မေတ္တာသည် နုစဉ်ကာလကပင် ဈာန်အဆင့်သို့ မရောက်စေကာမူ အလွန်အားကောင်း၏။ ကျားရဲ၊ ခြင်္သေ့ရဲများသည်ပင် ယဉ်ပါးလာကြ၏။
အလွန်ကြောက်တတ်သော ကိန္နရီတို့သည်ပင် ရဲရင့်လာကြ၏။ ထိုသို့ဆိုလျှင်
အလွန်ရက်စက်ကြမ်းကြုတ်သော လူသားများကို မေတ္တာဖြင့် သိမ်မွေ့လာအောင်လုပ်နိုင်သည်မှာ
ယုံမှားစရာမရှိ။

...သုဝဏ္ဏသာမသည် သူ၏ ပတ်ဝန်းကျင်ကိုချစ်ရာ၌ သူ၏အကျိုးကို မကြည့်ဘဲ ပတ်ဝန်းကျင်၏ အကျိုးကိုသာကြည့်၏။ ဘာကိုဘဲစဉ်းစား စဉ်းစား သူ့အတွက် ပဓါနထား၍ မစဉ်းစားဘဲ
ပတ်ဝန်းကျင်အတွက်သာ ပဓာနထား၍ စဉ်းစား၏။ သုဝဏ္ဏသာမသည် မျက်မမြင်မိဘနှစ်ပါးကို ကျေးဇူးကြွေးကျေအောင်ဆပ်သည်အနေဖြင့် လုပ်ကျွေးခြင်းဖြစ်၏။ ထို့ကြောင့်
သုဝဏ္ဏသာမကို ဤလောက၌ " ကျေးဇူးအသိတတ်ဆုံးပုဂ္ဂိုလ်တို့ထက် ပို၍ ကျေးဇူးသိတတ်သူ"
ဟူ၍ ဆိုရ၏။ အမှန်အားဖြင့် သူ့ကျေးဇူးကို သိတတ်လေ မေတ္တာစိတ်အားကောင်းလေဖြစ်၏။

...သုဝဏ္ဏသာမသည် သူ၏ ပတ်ဝန်းကျင်ကိုချစ်ရာ၌ သူ၏မေတ္တာသည် ပါရမီမြောက်မေတ္တာဖြစ်၏။ ထိုပါရမီမြောက်မေတ္တာဖြစ်အောင် ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊
ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီများကလည်း ၀ိုင်းဝန်း၍
ပံ့ပိုးပေး၏။

...ထိုစဉ်က ဟိမ၀န္တာရှိ မိဂသမ္မတာမြစ်ဝှမ်းဒေသ၌ ခြင်္သေ့၊ ကျား၊ သမင် စသော သတ္တ၀ါများ
အားလုံးတို့သည် အချင်းချင်းချစ်ခင်ကြင်နာစွာ နေထိုင်ကြ၏။ ထိုသို့နေထိုင်ကြခြင်းသည်
သုဝဏ္ဏသာမ၏ မေတ္တာကြောင့်သာဖြစ်၏။

...မုဆိုးကြီးပီဠိယက္ခကိုပင် မုဆိုးလုပ်ငန်းကို စွန့်ပြီး တရားနှင့်အညီမင်းပြုသွားနိုင်အောင်
သုဝဏ္ဏသာမ၏ မေတ္တာသည် စွမ်းနိုင်ပါ၏။ ထိုသို့စွမ်းနိုင်ခြင်းမှာလည်း သုဝဏ္ဏသာမ၏
မေတ္တာပါရမီကို အခြားသော ပါရမီများကပါ ပံ့ပိုးသောကြောင့်ဖြစ်ပါသည်။

...အမှန်အားဖြင့် ပါရမီဖြည့်ခြင်းဟူသည်မှာ လူသားတို့အနေဖြင့် လူ့ကျင့်ဝတ်ကို
ပီပီပြင်ပြင်ဖြည့်ခြင်းပင်ဖြစ်၏။ လူမှန်လျှင် လူ့ကျင့်ဝတ်ကို ကျင့်ရာ၏။ လူ့ကျင့်ဝတ်ကို
ကျင့်ပါမှလည်း လူစင်စစ်ဖြစ်၏။ လူ့ဘ၀သို့ရောက်လာသူတိုင်း လူစင်စစ်ဖြစ်ချင်မှဖြစ်၏။
ထို့ကြောင့်လူ့ဘ၀သို့ ရောက်လာရာဝယ် လူ့ဘ၀နှင့်အညီ လူစစ်စစ်ဖြစ်ရလေအောင်
လူ့ကျင့်ဝတ်ကို ကျင့်ခြင်းသည်ပင် ပါရမီဖြည့်ခြင်းမည်ပါ၏။

...ဤပိုစ့်ဖြင့် ဘဘ ဦးသုခ.သခင်ထိန်ဝင်း. ဘဘဦးရွှေအောင် တို့အား ရည်မှန်း၍ ဦးညွှတ်ကန်တော့ပါသည်။

...သူငယ်ချင်းများအားလုံး မေတ္တာတရားပွားများ အားထုတ်နိုင်ကြပါစေ...

မေတ္တာဖြင့်...
အေးအေးမိုးမိကူး

(၁၄.၈.၂၀၁၀)