Sunday, December 11, 2011

ဟန်ဆောင်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့ လောကကြီး



လူသည် လိမ်နိုင်ကောက်နိုင်မှ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏။ စိတ်ထဲတွင် ရှိသမျှကို ဖွင့်ဟပြောဆို၍ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဆက်ဆံကြပါလျှင် တစ်ဦးကိုတစ်ဦး သတ်ကြ ဖြတ်ကြ၍ မသာချရသော အလုပ်ဖြင့် အချိန်ကုန်ရမည်ဖြစ်သည်။
ကာတွန်းဆရာကြီး ဦးဘဂျမ်း
ဒါကြောင့် လူတိုင်းအတွက် ဟန်ဆောင်မှုဟာ အရေးပါတယ်လို့ ကျွန်တော် မပြောလိုပါ။ သို့သော် လူတိုင်းမှာ ဟန်ဆောင် မှုတစ်ခုမက ရှိတတ်ကြမယ်လို့ ထင်ပါတယ်။ ဟန်ဆောင်မှုတိုင်းဟာ ကောင်းတယ်လို့ သတ်မှတ်လို့ မရပေမယ့်အကြောင်း ရည်ရွယ်ချက်နဲ့ အကျိုးရလာဒ်တို့အပေါ်မှာ မူတည်ပြီး ပြုလုပ်သင့်တယ်၊ လက်ခံနိုင်တယ်၊ မှားယွင်းသော အပြုအမူ၊ လက်မခံနိုင်ဘူး၊ ရှောင်ကြဉ်သင့်တယ် စသဖြင့် ဆုံးဖြတ်နိုင်မယ်လို့လည်း ထင်ပါတယ်။

လိမ်ညာဟန်ဆောင် ဟုတ်မရောင်ရောင်နဲ့ အပြုံးတစ်ခု မျက်နှာမှာထုဆစ်ထားပြန်တယ် …. ဆိုတာမျိုး ကျွန်တော်တို့တွေ သုံးတတ်ကြပါတယ်။ လိမ်ညာတာနဲ့ ဟန်ဆောင်တာကို တွဲပြီး ပြောလေ့ပြောထရှိပါတယ်။ ကျွန်တော်ကတော့ လိမ်ညာ တယ်ဆိုတာ နှုတ်မှုရေးရာနဲ့ အများဆုံးဆိုင်ပြီး ဟန်ဆောင်တာဟာ ကိုယ်အမှုအရာနဲ့ အများဆုံးဆိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရတာလဲဆိုတော့ ဓမ္မပဒမှာ ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာ တစ်ခုရှိပါတယ်။

ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော၊
ဝိတိဏ္ဏပရ လောကဿ၊ နတ္ထိပါပံ အကာရိယံ။
မှန်သောတရားတစ်ခုကိုလွန်၍ မုသာစကားလိမ်ညာ ပြောဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း မရှိသော သူအား မပြုနိုင်မည့် အကုသိုလ်မည်သည် မရှိ။

ဒါကြောင့် ဟန်ဆောင်တာဟာ လိမ်ညာတာနဲ့ အရမ်းကာရော ဆိုင်မယ်မထင်ဘူး။ ဒါကြောင့် အချို့သော အခြေအနေမျိုးမှာ ဟန်ဆောင်တတ်ဖို့က အရေးပါမယ်ထင်ပါတယ်။ ဟန်ဆောင်ကောင်းသူ ဖြစ်ဖို့မဟုတ်ပါဘူး။ ကောင်းသော ဟန်ဆောင်ခြင်း ဖြစ်ဖို့ပါ။ တေမိဇာတ်တော်မှာ မြတ်စွာဘုရားအလောင်းတော် တေမိမင်းသားဟာ ယခင်ဘ၀တွေတုန်းက ရှင်ဘုရင်ဖြစ်ခဲ့စဉ် အပြစ်ဒဏ်များအား မှားယွင်းစွာချမှတ်မိတာကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ကျခံခဲ့ရပုံတွေကို အမှတ်ရပြီး ထီးမွေနန်းရာကို မလိုချင်၊ ရှင်ဘုရင်မဖြစ်ချင်တာကြောင့် မိမိကိုယ်မိမိ ငယ်စဉ်ကပင် ဆွံအနားမကြား ဟန်ဆောင်ခဲ့တာ အထင်အရှားရှိပါတယ်။ ရှင်တော်မြတ်ဘုရားအလောင်းတော် နာရဒဗြဟ္မာဖြစ်ခဲ့စဉ်က အင်္ဂတိမင်းကြီးနဲ့ သမီးတော် ရူစာမင်းသမီးတို့အကြား ဖြစ်ပေါ်နေတဲ့အယူအဆကြီးတစ်ခုကို ရသေ့အသွင်နဲ့ ဖြေရှင်းပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ ကောင်းသော ဟန်ဆောင်ခြင်း လို့ ပြောလို့ရမယ်ထင်ပါတယ်။
လူဆိုတာ အပုပ်ကောင် ရုပ်ဆောင်ထားတာပါလို့ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ လူ့ခန္ဓာဆိုတာ မသေလည်း ပုပ်၊ သေလည်း ပုပ်တဲ့ခန္ဓာပါ။ လူကထွက်တဲ့အရာတွေဟာ မြတ်နိုးစရာ စွဲလန်းစရာ တစ်ခုမှ မရှိပါဘူး။ တကယ့်ရွံရှာဖွယ် အတိ နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာအိမ်ကြီးပါပဲ။ ထိုအပုပ်ကောင်ကို လူ့ဘောင်မှာ နေရာသွင်းဖို့ကျတော့ မပုပ်အောင် လုပ်ရပါ တော့တယ်။ ဒါပေမယ့် လုပ်မရပါဘူး။ ဒီတော့ ဘာလုပ်မလဲ။ မပုပ်သလိုလေး ဟန်ဆောင်ပြဖို့ပဲရှိပါတယ်။ နံနေတဲ့ ဒီခန္ဓာကို ဘယ်တော့မှ မနံပဲမွှေးနေသလို အမွှေးနံ့သာတွေ ခြယ်ရပါတယ်။ ဖြူနေတဲ့ ဆံပင်တွေကို မည်းအောင်ဆိုးတာ၊ တွန့်နေတဲ့ပါးရေတွေဖုံးအောင် မိတ်ကပ်တွေ သုံးတာဟာ တစ်ခြားသူအမြင်မှာ မိမိကိုယ်ငယ်စေချင်တဲ့စိတ်နဲ့ ဟန်ဆောင်နေတာတွေပါပဲ။ အားလုံးကို ကောင်းနေဟန် လူ့ဘောင်မှာ သရုပ်ဆောင်နေကြတာ ဟန်ဆောင်မှုတွေနဲ့ ဖုံးအုပ်ထားတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒါတွေဟာ ကောင်းသော ဟန်ဆောင်ခြင်းပဲလို့ ကျွန်တော်မြင်တယ်။

သို့သော် ကောင်းသောဟန်ဆောင်ခြင်းမဟုတ်တဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဟန်ဆောင်ခြင်းမျိုးလဲ ရှိပါတယ်။ ပါဠိတော်မှာတော့သူ့ကို သာဌေယျ လို့ခေါ်ပါတယ်။ မိမိကိုယ်ကျိုးစီးပွားအတွက် မထိုက်တန်သော အကျိုးစီးပွားကို မမှန်ကန် သောနည်းလမ်းဖြင့် အရယူတတ်တဲ့ သဘောပါပဲ။ မိမိရှင်သန်ရာ ၀န်းကျင်က မိမိကို အထင်ကြီးလေးစားစေဖို့ ငွေမရှိပဲ ရှိဟန်ဆောင်တယ်။ ဂုဏ်မရှိပဲ ရှိဟန်ဆောင်တယ်။ ပညာမရှိပဲ ရှိဟန်ဆောင်တယ်။ သီလမရှိပဲ ရှိဟန်ဆောင်ကြတယ်၊  မစွမ်းဆောင်နိုင်ပဲ စွမ်းနိုင်သယောင် ဆောင်တာတွေ စသဖြင့် များစွာရှိပါတယ်။ဟန်ဆောင်မှုတရားကို ခွါချလိုက်တာနဲ့ ပကတိအရှိတရား ထွက်ပေါ်လာတဲ့အခါ မိမိဘ၀ အောက်ဆုံးရောက်သွားမှာကို မလိုလားကြတာတွေကြောင့် ဆက်လက် ဟန်ဆောင်ရင်း ဟန်ဆောင်မှုသံသရာလည်နေကြပြန်ပါတယ်။

ဟန်ဆောင်မှုသာဌေယျ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မြင်မြင်သမျှတွေနှင့်ယှဉ်ပြိုင်လိုသည့် မာနကြောင့်ဖြစ်သည်။ ယှဉ်ပြိုင်ရသောအခါ မိမိမှာ မရှိသည်ကို တကယ်ရှိသယောင်ပြုရတော့သည်။ သည့်အပြင် မိမိမှာ တကယ်ရှိသော အပြစ်များ၊ အားနည်းချက်များကို ဖုံးကွယ်ရပြန်သည်။ ၎င်းကို မာယာဟု ခေါ်ပါတယ်။ မာယာများတာဟာ မကောင်းမှုများတာပါပဲ။ မာယာဟာ မကောင်းမှု အကုသိုလ်ပါပဲ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဖြစ်စေ၊ ရဟန်းဖြစ်စေ မာယာများလာသည်နှင့် ပျက်စီးသည့် ဘ၀နှင့်ကြုံရတော့သည်။ အကုသိုလ်ကောင် လုံးလုံးဖြစ်သွားတော့သည်။ ဟန်ဆောင်မှုဆိုတဲ့ သာဌေယျ နဲ့ ဖုံးကွယ်မှု မာယာတွေ များလာရင်တော့ လောကကြီးပျက်စီးဖို့ ဦးတည်နေပြီလို့ မှတ်ရပါတော့မယ်။ 

ဒီနေရာမှာ လောကဆိုတာ လူတို့ဝေါဟာရ လူတို့ပြောနေကြတဲ့ လောကထက် ရှင်တော်မြတ်ဘုရား မိန့်တော်မူတဲ့ အလိုအတိုင်းသိစေတော်မူတဲ့ လောကကိုပဲ ဆိုချင်ပါတယ်။ ရှင်တော်မြတ်ဘုရားက အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ရောဟိတ ဿဝဂ်မှာ ရောဟိတနတ်သားကို မိန့်တော်မူတာကတော့ အို ..နတ်သား စင်စစ်အားဖြင့် သညာလည်းရှိသော၊ စိတ်လည်း ရှိသော တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ရာ အကျင့်ကိုလည်းကောင်း ငါပညတ်၏။ ဤသို့ဆိုခဲ့၏ လို့ ရှင်တော်မြတ်ဘုရား မိန့်တော်မူခဲ့ပါတယ်။ မိမိ၏ တစ်လံမျှသော ဤကိုယ်သည် မိမိလောကဖြစ်၏။ မာယာ သာဌေယျတရားတို့ဖြင့် ဖန်တီးထားသော ဘ၀အိမ်သည်  အမှန်တရားဆိတ်သုဉ်းနေသဖြင့် ပျက်စီးဖို့အတွက်သာလျှင် ဖြစ်ချေတော့၏။

ဟန်ဆောင်တတ်တာ လောကသဘာဝလို့ဆိုခဲ့ရင် လောကသဘာဝဆိုတာ ဟန်ဆောင်နေတာကြီးပါလားလို့ သိရပါလိမ့်မယ်။ မိမိကိုယ်မိမိ ဟန်ဆောင်နေတာမှန်းမသိရင် တကယ်အရှိထင်ပြီး မာနတွေတက်နေပါတော့တယ်။ မာနတွေ တက်လာတာနဲ့ ဖုံးကွယ်ဖို့မာယာတွေ မွေးရပါတော့တယ်။ ဒါကြောင့် ဟန်ဆောင်မှုတွေနဲ့ ပြည့်နေတဲ့လောကကြီးကို ဖုံးကွယ်လိုက်ဖို့ထိ မမိုက်သင့်ပါဘူး။ အမှန်အတိုင်းသိခဲ့ရင် မက်စရာရယ်လို့ မရှိပါဘူး။ လူတွေက အိုခြင်းတရားကို အရွယ် နဲ့ဖုံးထားကြတယ်။ ငါ မအိုသေးဘူးလို့ပဲ မှတ်ကြတယ်။ အချိန်နဲ့အမျှ အိုနေတာ မသိလို့ပါ။ နာခြင်းတရားကို ဆေးဝါးဓာတ် စာနဲ့ ဖုံးထားကြတယ်။ အမြဲတမ်းဖောက်ပြန်ပျက်စီးနေတာ မသိလို့ပါ။ သေခြင်းတရားကို မသေနိုင်သေးဘူးဆိုတဲ့ အထင် တွေနဲ့ ဖုံးထားကြတယ်။ ဘယ်အချိန်မဆို သေနိုင်တယ်လို့ကို ထင်မထားကြလို့ပါ။ 

ရိုးရိုးသားသား ၀န်ခံကြည့်လိုက်ပါ။ တစ်နေ့ကို အနည်းဆုံးတစ်ခါလောက်  လှိုက်လှိုက်လှဲလှဲ ရင်ထဲကထွက်ကျလာတဲ့ စကားတွေကို ကိုယ့်နားနဲ့ ကြားအောင် နားထောင်ကြည့်ပေးပါ။ ငါ .. အိုနေပါလား၊ ငါ … နာနေပါလား။ ငါ .. သေမှာပါ လား။ အိုသူကမွေး အိုသွေးပါလား ငါ့ခန္ဓာ မှန်စွာအိုရမှာပါလား။ နာသူကမွေး နာသွေးပါလား ငါ့ခန္ဓာ မှန်စွာနာရမှာပါလား။ သေသူကမွေး သေသွေးပါလာ ငါ့ခန္ဓာ မှန်စွာသေရမှာပါလား …… စသဖြင့် နှလုံးသားတံခါးမှ ဉာဏ်နားရောက်အောင် လျှောက်ကြည့်ပါလား။ ရိုးသားတာဟာ သီလလို့ ဆရာတော်ကြီးတွေ အမိန့်ရှိတာ ကြားဖူးတယ်။ ဟုတ်တယ်။ တို့တွေ ကိုယ့်ကိုယ်ကို မလိမ်မညာပဲ ရိုးရိုးသားသား မြင်အောင်ကြည့်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။ 

ဆရာကြီး ဦးဘဂျမ်းကတော့ ကျွန်တော်တို့တွေ မလိမ်မညာပဲ ပွင့်ပွင့်လင်းလင်းပြောဆိုရင် တစ်ဦးနဲ့တစ်ဦး သတ်ကြ ဖြတ်ကြလို့ မသာချရတဲ့အလုပ်နဲ့ အချိန်ကုန်လိမ့်မယ်လို့ဆိုပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မလိမ် မညာပဲ ပွင့်ပွင့်လင်းလင်း မာယာတွေကင်းစွာနဲ့ ဆက်ဆံကြမယ်ဆိုရင် မသာချခံရတဲ့ဘ၀၊ မသာဖြစ်ရတဲ့ဘ၀၊ သေရတဲ့ဘ၀နဲ့ ဘယ်တော့မှ ကြုံမှာမဟုတ်ဘူးလို့ ခံစားနားလည်မိပါတယ်။
အိုခြင်းလည်းကင်း၊ နာခြင်းလည်းကွာ၊ သေရွာမလား၊ နိဗ္ဗာန်သွားနိုင်သူများ ဖြစ်ကြပါစေ။