သမီးမိုက်လေးမိတင်မြ ခုတော့ မြေခသွားပြီပေါ့..
စာရှု့သူများကို ညောင်လေးပင်မြို့ ရွာလယ်ရွာမှ တကယ်ဖြစ်ပျက်ခဲ့တဲ့ မတင်မြရဲ့ အဖြစ်အပျက်ကို တင်ပြပါဦးမယ်။ ရွာလယ်ရွာသည် ညောင်လေးပင်မြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ ရွာသူရွာသားများသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး အလွန်ရိုးသား၍ ကြိုးစားသူများဖြစ်သည်။ တစ်ဦးကိုတစ်ဦးလည်း ကူညီကြပါသည်။ ရွာသူရွာသားများသည် အချင်းချင်းစည်းလုံး ညီညွှတ်စွာဖြင့် စောင့်ရှောက်နေထိုင်ကြပါသည်။ရွာအလယ်ပိုင်းမှ လယ်သမားကြီး ဦးမြအောင်နှင့်ဒေါ်တင်နုတို့ မိသားစုတွင် မတင်မြဟုခေါ်တဲ့ သမီးတစ်ယောက်ရှိလေသည်။ မတင်မြသည် အသက် (၁၅)နှစ်အရွယ်ရှိ အပျိုမလေးဖြစ်လေသည်။ မတင်မြသည် အရပ်ရှည်၍ အသားဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသည့် တောသူမလေးဖြစ်သည်။ ပဉ္စမတန်းကျောင်းသူဖြစ်၍ စာရေးစာဖတ်တတ်ပြီး ဉာဏ်ကောင်းသူလေးဖြစ်သည်။ မတင်မြသည် သူငယ်ချင်းအပေါင်းအသင်းအပေါ်တွင် အနစ်နာခံပေါင်းသင်းဆက်ဆံသော်လည်
း မိဘများအပေါ် ဆက်ဆံရာတွင် စကားပြောဆိုမှအစ ရိုင်းစိုင်းပြီး မိဘကျေးဇူးကိုပင် မသိတတ်သူလေးဖြစ်ပါသည်။
မိဘနှစ်ပါး၏ လုပ်ငန်းကိစ္စအ၀၀ကို ၀ိုင်းဝန်းကူညီလုပ်ကိုင်ရမှန်းမသိတတ်သည့်အပြင် ကျောင်းမှပြန်လာလျှင် လွယ်အိတ်ဘေးချပြီး အမေချက်ထားတဲ့ထမင်းဟင်းကို ခူးခပ်စားသောက်ပြီး ဟင်းမကောင်းပါက အမေအား ရန်လုပ်ပြောဆိုလေ့ရှိသည်။ မိခင်ကြီးသည် ဖခင်လယ်ထဲမှ ပြန်လာလျှင်စားဖို့ ဟင်းကိုခွဲ၍ ချန်ထားလို့မရဘဲ “အမေတို့များ သူ့လင်ကြီးအတွက် သိတတ်လိုက်တာ၊ ဒီမှာဟင်းတွေရှိရဲ့သားနဲ့ မရှိဘူးတဲ့” ဆိုပြီး ချန်ထားတဲ့ဟင်းများကိုရှာကာ မတင်မြသည် စားပစ်တတ်သည်။
မတင်မြသည် အစားအသောက်မက်မောရုံသာမက အလှအပကိုလွန်စွာ မက်မောလေသည်။ မျက်နှာသနပ်ခါးနဲ့ ပေါင်မှာသေးစီးကြောင်းနဲ့ဆိုသည့် မိန်းကလေးမျိုးဖြစ်ပါသည်။ ထဘီကို ကွင်းလုံးချွတ်၍ အကျီ င်္ကိုလည်း တွေ့ကရာနေရာမှာ ပစ်ထားသဖြင့် မိခင်ကြီးက လိုက်သိမ်းရသည်။ အိပ်ယာကိုလည်း ထလျှင်မသိမ်းသဖြင့် ဖခင်ကြီးက သိမ်းပေးရသည်။ မိဘနှစ်ပါးသည် မတင်မြကို ခက်ခက်ခဲခဲ အသက်လုမွေးခဲ့ရသဖြင့် တစ်ဦးတည်းသော သမီးလေးမို့ အလိုလိုက်ခဲ့သော်လည်း အမိုက်စော်ကားသူဖြစ်သည်။
ဒေါ်တင်နုသည် အသက်လေးဆယ်ကျော်မှ ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်အရင့်အမာဖြစ်သောအခါ မီးဖိုချောင်ကိစ္စများကို မတင်မြအား ခိုင်းရလေသည်။ မိခင်ကြီးခိုင်းသမျှကို မတင်မြသည် မလုပ်ချင်၍ ပါးစပ်က ပွစိပွစိပြောပြီးမှ လုပ်သည်။ ဒေါ်တင်နုသည် အလေးအပင်မှအစ သမီးကိုမခိုင်းပဲ ကိုယ်တိုင်လုပ်သည်။ ဒေါ်တင်နုမီးဖွားချိန်တွင် ကိစ္စအ၀၀ကို မတင်မြကအားလုံး လုပ်ရသဖြင့် ဒေါသဖြစ်ပြီး မကျေမနပ်ဖြစ်လေသည်။ ကျောင်းပျက်၍လည်း စိတ်ညစ်နေသည်။ ဒေါ်တင်နုသည် သားငယ်လေး မွေးဖွားပြီး မကျန်းမာ၍ ညနေစာစားရန် သမီးဖြစ်သူကို ခိုင်းရပြန်သည်။ သမီးဖြစ်သူသည် ဆန်ဆေးနေရင်းက အမေခိုင်းသည်ကို မလုပ်ချင်သဖြင့် ဆန်အိုးကိုပစ်ချပြီး “တော်တို့အလုပ်ချည်းပဲ၊ ကိုယ့်လင်နေမကောင်းတာ ပြုစုချင်ယင် ကိုယ်ဟာကိုယ်ထလုပ်ပါလား” လို့ ပြန်ပြောလေသည်။
မတင်မြသည် မကြားဝံ့ မနာသာစကားကိုပြောပြီး မိခင်ကိုရန်လုပ် ဆောင့်အောင့်နေလေသည်။ မိခင်ကြီးက ဒေါသဖြစ်၍ မီးဖိုခန်းအတွင်းသို့ ထသွားပြီး “မတင်မြ ဘယ်လိုစကားမျိုးပြောလိုက်တာလဲ၊ အမေနှင့်အမေကိုလဲ စော်ကားပြစ်မှားလိုက်တာ မွေးရကျိုး မနပ်ဘူးလို့” ပြောလေသည်။
“ဟဲ့... တင်မြ၊ ငါသမီးဖြစ်ဟဲ့လို့ ဆုတောင်းပြီး ရလို့လားလို့ ပြောပါဦး” ဟုပြောလေသည်။
“တော်တော့ တင်မြ၊ ညည်းလုပ်ချင်မှလုပ်၊ စကားတွေက လွန်လာပြီ”
“လွန်တော့ကော ဘာဖြစ်လဲ မှန်တာပြောလို့ တော်ကနာနေတာလား”
“ညည်း ငါ့ကိုပြန်မပြောနဲ့၊ ငါလုပ်လိုက်ရ”
“လုပ်ရဲလုပ်ကြည့်လေ၊ ကျုပ်လည်း လက်ပါတာပဲ” လို့ပြန်ပြောလေသည်။
ဒေါ်တင်နုမရိုက်မှီ မတင်မြက မိခင်၏ပါးကို ဖြန်းခနဲနေအောင်ရိုက်လိုက်သည်။ ဒေါ်တင်နုသည် နောက်သို့လှန်ကာ လဲကျသွားပြီး မိခင်၏ပါးပြင်တွင် သမီး၏ လက်ဝါးရာက ထင်ရှားစွာ ထင်ကျန်သွားလေသည်။ ဒေါ်တင်နုသည် အံ့သြစွာဖြင့် ၀မ်းနည်းစွာ ငိုချလိုက်ရာ အမေကို သမီးက ပါးရိုက်တယ်ဆိုပြီး အော်ဟစ်သောအခါ သမီးဖြစ်သူက အိမ်ထဲမှ ထွက်ပြေးသွားသည်။ ရွာထိပ်မှ တစ်ဦးတစ်ယောက်ကခေါ်လိုက်သလို အသံလာရာဘက်ဆီသို့ အပြေးအလွှားထွက်သွားသည်။
မတင်မြသည် အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြားနှင့် ဆုတောင်းပြည့် ဘုရားဝင်းအတွင်းမှ ခုန်ပြန်ကျော်လွှား ထွက်ပြေးသွားခဲ့လေသည်။ မတင်မြပြေးလာသည်ကို ရွာသူရွာသားများက တွေ့၍ မေးသည်ကို ရန်လုပ်သွားပြီး လယ်ကွက်များရှိရာသို့ ဆက်ပြေးသွားသည်။ ရေကန်အနီး လယ်တစ်ကွက်တွင် မတင်မြ ခလုတ်တိုက်လဲသွားလေသည်။ အရှိန်နှင့်ပြေးလာသဖြင့် လေးဘက်ထောက်လျက် မသက်မသာလဲကျသွားသည်။
ဤအချိန်မှစ၍ မတင်မြထ၍ မရတော့ပါ။ ရေကန်ြီ့းဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ထောက်လျှင် ကုန်းကုန်းကြီးဖြစ်နေ၍ ရွာထဲမှ ကောက်ရိတ်ပြန်လာသူများက လှမ်းမေးကြသည်ကို “ဘာလုပ်လုပ်တော်တို့နဲ့ ဘာဆိုင်လို့တုံး၊ သွားကြ၊ ကျုပ်အနား မလာနဲ့” ဟု အော်လွှတ်လေသည်။
ကောက်ရိတ်သမားများကလည်း မတင်မြအပေါ့အပါးသွား၍ ရှက်သဖြင့် ပြောလွှတ်သည်ထင်ပြီး ပြန်သွားသောအခါ တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ “မတင်မြတော့ အမေ့ပါးရိုက်ပြီး ရေကန်ကြီးထဲ ခုန်ချသေမလို့ ထွက်ပြေးသွားသည်” ဟု ပြောနေကြသည်။
ရွာသူရွာသားများက မတင်မြ ဒုက္ခရောက်မှာစိုးသဖြင့် မိဘနှစ်ပါးနှင့် ရွာသားအချို့အပြေးလိုက်သွားကြပါသည်။ မတင်မြကိုတွေ့လိုက်ရသောအခါ မြေကြီးအတွင်းသို့ ခြေမျက်စိအထိ ကျွံဝင်နေပြီဖြစ်သည်။ ညနေစောင်း ငါးနာရီလောက် အချိန်ဖြစ်နေပါသည်။ လယ်ရိတ်ပြီးစ ရိုးပြတ်တောထဲတွင် ဘယ်အချိန်ကလဲကျပြီး ဘယ်အချိန်ကစ၍ မြေမျိုနေသည်မသိ မတင်မြနှင့် ဆယ့်လေးငါးကိုက်အကွာမှ ရိုးပြတ်များလည်း မီးလောင်ထားသကဲ့သို့ ဖြစ်နေသည်။ တပို့တွဲလဆန်းစအချိန်တွင် မတင်မြ၏ တစ်ကိုယ်လုံးမှာ ချွေးသီးချွေးပေါက်များနှင့် စိုရွဲနေပါသည်။
မတင်မြသည် အဖေနှင့်အမေအပါအ၀င် ရွာသူရွာသားအားလုံးကို လေးဖက်ထောက်လျက်ပင် “ငါ့နားကို ဘယ်သူမှ မလာနဲ့သွားကြ၊ မလာကြနဲ့” လို့ အော်ထုတ်နေသည်။ မတင်မြအော်နေသည့်ကြားကပင် ဖခင်ကြီးနှင့်ရွာသားအချို့ ရှေ့သို့ တိုးကပ်သွားကြသည်။ မီးလောင်ထားသကဲ့သို့ဖြစ်နေသည့် မြေအနားစပ်ကို ခြေချလိုက်သည်နှင့် အားလုံးကြောက်လန့်ပြီး နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ “အမေလေး... ပူလိုက်တာဗျ” သံပြိုင်အားလုံး အော်လိုက်ကြသည်။ မတင်မြ၏ ဘေးပတ်လည်တွင် မီးလောင်ထားသကဲ့သို့ လယ်မြေအ၀ိုင်းမှ မြေကြီးများသည် မီးဖုတ်ထားသလို ပူလောင်နေသဖြင့် မည်သူမှ ဆက်၍ မတိုးရဲဘဲဖြစ်နေပါသည်။
မိဘနှစ်ပါးနှင့် ရွာသားများအားလုံးက မတင်မြ မြေမျိုခံရသည်ကို နားလည်လိုက်ပါသည်။ “အမလေး.... ပူလိုက်တာ၊ ကယ်ကြပါဦး”ဟု အော်နေလေသည်။ မိခင်ကြီးက သမီးမတင်မြ သမီးကို အမေခွင့်လွှတ်တယ် အမေ့ကို ကန်တော့လိုက်သမီးဟု ပြောသော်လည်း မတင်မြ၏ အသံကား အော်ဟစ်အကူအညီတောင်းခံသော်လည်း ထွက်မလာတော့ပဲ တိုးညှင်းစွာရှိနေလေသာ်။ မတင်မြ၏ လက်နှစ်ဖက်က လှုပ်ရှား၍ မရတော့သည့်အတွက် မိခင်ကြီးအား မကန်တော့နိုင်ဘဲ ရေကိုသာ တောင်းခံနေလေသည်။ “ရေပေးပါ၊ ရေ.....ရေ... အမေလေး ပူလိုက်တာ”
“ကျွန်မ သမီးလေး ကံကြီးထိုက်ပြီး မြေမျိုခံနေရပါတယ်” ဟု မိခင်ကြီးသည် ၀မ်းနည်းကြီးစွာ အော်ငိုလေသည်။ မိခင်ကြီးသည် သွေးနုသားနုချိန်ဖြစ်၍ ငိုရင်းတက်ကာ သတိလစ်သွားသည်။ ရွာသားအချို့က ဒေါ်တင်နုကို ပွေ့ချီကာ ရွာထဲသို့ ပြန်ပို့ရလေသည်။
ဖခင်ကြီးသည် ရွာသားများ ပြန်လာရင် သောက်ရေအိုး တစ်လုံးနှင့် ၀ါးလုံးရှည် သုံးလေးလုံးယူခဲ့ပါလို့ မှာလိုက်လေသည်။ ညအမှောင်လွန်လာပြီး တစ်ယောက်နှင့်တစ်ယောက် လူလုံးပင် မကွဲတော့ပါ။ မတင်မြကိုလည်း မည်းမည်းသဏ္ဍာန်သာမြင်ရတော့သည်။ ရွာထဲမှ ရွာသားအချို့ပြန်လာသောအခါ လက်နှိပ်ဓါတ်မီးများ အောက်လင်းမီးများပါလာသည်။ ဖခင်ကြီးမှာလိုက်သော အုန်းရေမှုတ်ကို ၀ါးလုံးရှည်ကြီးထိပ်တွင် တပ်ကာ မတင်မြအား ရေတိုက်ကြသည်။ မတင်မြဆီသို့ ရေမှုတ်မရောက်ဘဲ ၀ါးလုံးရှည်ကြီးမှာ မီးလောင်သွားသကဲ့သို့ ကျွမ်းကာ ကျိုးပြတ်ကြသွားလေသည်။

ဤ post သည် လန်ဒန်မြို့ မစောငြိမ်းအေးမှ မေးသို့ ပို့ပေး၍ နောင်လာနောင်သားသားသမီးများ မိဘများကို ရိုသေကိုင်းရှိုင်းပြုစုစောင့် ရှောက်စေရန် ရည်ရွယ်၍ တင်ပြလိုက်ပါသည်.။။
by ဗာရာဏသီကျောင်းသာလေး