ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ။
(ပထမလယ်တီဆရာတော်ကြီး)
လူ့သဘောသဘာဝတစ်မျိုးက
ကံဆိုးခြင်းတွေ ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ
ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့ သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာပေါ့ တစ်ဖက်သားကို
သူ့ကြောင့်….သူ့ကြောင့်..ဆိုပြီး တာဝန်မဲ့တဲ့ ယုတ္တိမရှိတဲ့ စွဲချက်တွေနဲ့
အပြစ်ပုံချလေ့ရှိပြီး အဆိုးမြင် အပြစ်တင်တတ်ကြတယ်။ တကယ်တော့
ကိုယ့်အားနည်းချက်တွေဟာ တစ်ခြားသူတစ်ယောက်နဲ့ လုံးဝသက်ဆိုင်တာ မဟုတ်ပါဘူး။
တကယ်လိုအပ်တာက ကိုယ့်ရဲ့
ကံဆိုခြင်းတွေ၊ ချို့ယွင်းအားနည်းချက်တွေ၊ မှားယွင်းမှု့တွေအပေါ်မှာ
ကိုယ်ကိုတိုင်ပဲ အမှန်တကယ် တာဝန်ရှိသူဖြစ်တယ်ဆိုတာကို လက်ခံနိုင်ဖို့၊
ဝန်ခံနိုင်ဖို့ပါပဲ။ ကံဆိုးခြင်းနဲ့ ကြုံတွေ့နေရတာဟာ ကိုယ်တိုင်
ဆိုးကံတွေကို ပြုလုပ်ခဲ့လို့ပါပဲ။ အမှားအယွင်းတွေ
ချို့ယွင်းချက်တွေဖြစ်ပေါ်လာရတာဟာ ကိုယ်တိုင် သတိပေါ့လျော့မှု့
ဆင်ခြင်တုံတရား ကင်းမဲ့မှု့တွေကြောင့်ပါပဲ။ ငါပြုလုပ်ခဲ့တဲ့ ကံတွေက
ပေးအပ်တဲ့ ကိုယ်ပိုင်အမွေတွေပဲဆိုတာကို ဆင်ခြင်တုံသတိတရားလေးနဲ့သာ
ကိုယ့်ကိုယ်ကို ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် တစ်ခြားသူကို အပြစ်ပုံချဖို့
သင့် မသင့်၊ တော် မတော်ဆိုတာ လုံးဝနားလည်နိုင်ပါလိမ့်မယ်။ တစ်ဖက်သားကို
အပြစ်ပုံချတာတို့ အပြစ်တင်တာတို့ စိတ်အနှောင့်အယှက်ဖြစ်စရာများတို့ကို
မလုပ်ဘဲနဲ့ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်သိစိတ်နဲ့ တာဝန်ရှိသူပီပီ
ပုခုံးပြောင်းတာဝန်ယူရဲရမှာပါ။
သူတစ်ပါးကို အပြစ်တင်တတ်သူတွေဟာ ဘယ်လိုလူစားဖြစ်သလိုဆိုတာကို ဖွင့်ဆိုထားတဲ့ ရှေးအဆိုလေးတစ်ခု ဖတ်ဖူးတယ်။
“ယဉ်ကျေးမှု့မရှိတဲ့သူများဟာ
သူတစ်ပါးကို အမြဲတမ်းပဲ အပြစ်တင်တတ်ကြတယ်။ နည်းနည်းယဉ်ကျေးတဲ့သူကတော့
ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်။ လုံးဝယဉ်ကျေးသူများကတော့ ဘယ်သူ့ကိုမှ
အပြစ်မတင်ကြတော့ဘူး”……..တဲ့။
ဒီနေရာမှာ “ယဉ်ကျေးသူဆို”တာဟာ
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါးတို့ကို ဆုံးမ
စောင့်ရှောက်သဖြင့် မိမိ၏စိတ်ကိုမိမိ နိုင်လာသူကို “ယဉ်ကျေးသူ”လို့
ဆိုပါတယ်။
မျက်စိနဲ့
မြင်အပ်တဲ့အရာဝတ္ထုအပေါ်မှာ
နှစ်သက်စရာအာရုံလေးဖြစ်နေမယ်ဆိုရင်လိုချင်တပ်မက်မှု့လေး ဖြစ်လာတတ်တယ်။
လိုချင်တပ်မက်မှု့လေးဖြစ်နေတာကိုက လောဘဖြစ်လာပါတယ်။ ဒါပေမယ့်
နှစ်သက်စရာအာရုံမဟုတ်ဘူးဆိုရင်တော့ မကျေနပ်မှု့ ဒေါသစိတ်ကလေးဖြစ်သွားတတ်တယ်။
မြင်ရုံလေးနဲ့တော့
ပြဿနာရှိမလာနိုင်ပါဘူး။ မြင်တဲ့အရာလေးပေါ်မှာ ကျေနပ်ခြင်း
မကျေနပ်ခြင်းဆိုတဲ့ ခံစားချက်ကလေးကနေတစ်ဆင့် ကျေနပ်တာလေးကို
လိုချင်မိတဲ့-လောဘ၊ မကျေနပ်တာတွေကို မလိုချင်ကြဘူး
ဝေးချင်ကြတဲ့-ဒေါသစိတ်တွေက ပြဿနာတွေ ဖြစ်ပေါ်လာတာပါ။ ကျန်တဲ့
နားနဲ့ကြားအပ်တဲ့အသံ၊ နှာခေါင်းနဲ့ ခံစားရှုရှိုက်မိတဲ့ အနံ့၊ လျှာနဲ့
ခံစားသုံးဆောင်ခြင်း ရသ စတဲ့အရာဝတ္ထုတို့အပေါ်မှာလည်း ကျေနပ်ခြင်း
မကျေနပ်ခြင်း နှစ်သက်ခြင်း ရွံမုန်းခြင်း ကြိုက်ခြင်း မကြိုက်ခြင်းဆိုတဲ့
ခံစားမှု့လေးတွေအထိ ဆက်မသွားမိစေဖို့ ဒီဣနြေ္ဒခြောက်ပါးကို
ဆုံးမစောင့်ရှောက်ခြင်းဖြင့် မိမိစိတ်ကိုမိမိ နိုင်နင်းတဲ့
ထိန်းကျောင်းနိုင်တဲ့ လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပါ။
ကိုယ်အပြစ်တင်လိုက်တဲ့သူက
မဟုတ်မခံစိတ်ရှိသူ၊ ခွင့်လွှတ်နားလည်မှု့ မပေးတတ်သူဆိုရင်တော့
ကိုယ်ခင်းလိုက်တဲ့ဇာတ်လမ်းက အကျည်းတန်အရုပ်ဆိုးဖြစ်သွားမယ်ဆိုတာ
အသေအချာပါပဲ။ မိမိရဲ့ တာဝန်ယူစိတ်ကင်းမဲ့ပြီး ကိုယ့်အမှားကို
ဝန်မခံရဲတဲ့သတ္တိကြောင့် အပြစ်ပုံချတဲ့လုပ်ရပ် အပြစ်တင်တဲ့ လုပ်ဇာတ်တွေဟာ
ခိုက်ရန်ဖြစ်မှု့တွေ ပြဿနာတွေကိုသာ မွေးဖွားပေးပါလိမ့်မယ်။
ကိုယ့်အမှားကို အမှားပါလို့
ဝန်ခံရဲတဲ့သတ္တိရှိသူဟာ တကယ့်သူရဲကောင်းတစ်ယောက်ပါပဲ။ ဒါကြောင့်
ကံအကြောင်းမလှပခဲ့လို့ စိတ်မကောင်းခြင်းတွေ ဖြစ်လာတဲ့အခါ၊
ဆင်ခြင်တုံသတိတရားကင်းလို့ အမှားများစွာကို ကျူးလွန်မိတဲ့အခါ အဲဒီ
ကံဆိုးခြင်းတွေ၊ အမှားတွေကို လက်ခံလိုက်ပါ။ သတ္တိရှိရှိ ၀န်ခံလိုက်ပါ။
"လောကမှာ ကိုယ်ကဥာဏ်မမီရင်
သူတစ်ပါးကို အမှားလုပ်ကြ၊ အမှားပြောတတ်ကြတယ်.".လို့ မဟာဂန္ဓာရုံဆရာတော်ကြီးက
မိန့်ကြားထားတာလည်းရှိပါတယ်။ ဒီလိုဆိုတော့ သူတစ်ဖက်သားကို
အပြစ်ပုံချတတ်သူတွေ၊ အပြစ်မြင်ပြီး အပြစ်တင်တတ်တဲ့သူတွေဟာ ဥာဏ်နည်းတဲ့
လူ့ဗာလတွေပဲဆိုတာ နားလည်မိပြန်တယ်။
လူမိုက်ကနေ ပညာရှိဖြစ်ဖို့ ဘာလုပ်သင့်သလဲဆိုတော့ ဗုဒ္ဓမြတ်စွာက ဓမ္မပဒပါဠိတော် ဗာလ၀ဂ်မှာ အခုလို လမ်းပြထားတော်မူခဲ့ပါတယ်။
"မိမိမှားနေတာကို မိမိကိုယ်တိုင်
မှားပါတယ်လို့ တကယ်သိပြီး ထိုအမှားကို အမှန်ပြင်ဖို့
ကြိုးစားလိုက်မယ်ဆိုရင် ပညာရှိတစ်ယောက် ဖြစ်နိုင်ပါတယ်။ မိမိအမှားကို
အမှားပါလို့ မသိဘဲ အမှားကို အမှန်ထင် ကိုယ့်ကိုယ်ကို ပညာရှိထင်ပြီး
အမှားကို မပြင် အမှားတွေကို ဆက်လုပ်နေတတ်သူတွေဟာ တကယ်တော့
လူမိုက်စစ်စစ်ဖြစ်ပါတယ်……တဲ့။"
ဒီအကြောင်းကိုပဲ ပထမလယ်တီဆရာတော်ဘုရားကြီးက “ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ”
လို့ မိန့်ဆိုတော်မူခဲ့တာပါ။ ဟုတ်ပါတယ်…၊ အမှားကို အမှားမှန်းသိပြီး
အမှန်ပြင်ဖို့ ကြိုးစားလိုက်တာနဲ့တစ်ပြိုင်နက် အဲဒီအမှားကို
သင်ခန်းစာယူပြီး ကိုယ့်အမှားကို ကိုယ်တိုင် ၀န်ခံရဲတဲ့
ရိုးသားမှု့သတ္တိစွမ်းအား၊ သတိပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှားကို
အသိဥာဏ်နဲ့ အမှန်ပြန်မြင်နိုင်ခြင်းဆိုတဲ့ ပညာစွမ်းအား၊
ယဉ်ကျေးမှု့စိတ်ထားတွေ မိမိသန္တာန်မှာ တိုးပွားလာပြီဆိုတာနဲ့ ဘ၀ဟာ
တိုးတက်ကြီးပွားလာမှာ မုချပါပဲ။
တိုးတက်ကြီးပွားတဲ့ဘ၀တစ်ခု
ပိုင်ဆိုင်လာဖို့အတွက် ကိုယ့်အမှားကို မကြောက်တတ်ဖို့လိုအပ်ပါတယ်။
အမှားတွေကို မကြောက်ကြဖို့အတွက် မဟာဂန္ဓာရုံဆရာတော်ကြီးက အားပေးထားတဲ့
စကားတစ်ခွန်းရှိပါတယ်။ "အမှားကို မကြောက်ပါနဲ့၊ အမှားကို မပြင်ဖြစ်မှာကို ကြောက်ပါ…….တဲ့။"
ဒါကြောင့် ကံဆိုးခြင်းတွေ
ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့
သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာပေါ့ တစ်ဖက်သားကို
သူ့ကြောင့်….သူ့ကြောင့်..ဆိုပြီး တာဝန်မဲ့တဲ့ ယုတ္တိမရှိတဲ့ စွဲချက်တွေနဲ့
အပြစ်ပုံချပြီး အပြစ်တင်မနေပါနဲ့။ သူတစ်ပါးကို အပြစ်တင်တတ်သူဟာ uncultured
man-မယဉ်ကျေးသူများရဲ့ လုပ်ရပ်ဖြစ်ပါတယ်။
နောက်ပြီးတော့ ကံဆိုးခြင်းတွေ
ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့
သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာလည်းပဲ င့ါကြောင့်…..င့ါညံ့လို့..ဆိုတဲ့
စွဲချက်တွေနဲ့ မိမိကိုယ်မိမိလည်း အပြစ်တင်မနေပါနဲ့တော့။ ဒါဟာ semi-cultured
man-ယဉ်ကျေးမှု့ မပြည့်ဝသူတွေရဲ့ လုပ်ရပ်ဖြစ်နေလို့ပါပဲ။
ကိုယ့်အမှားကို အမှားလို့မြင်ပြီး
အမှန်ပြင်ကာ ကြီးပွားတိုးတက်အောင် ကြိုးစားပြီး သူတစ်ပါးကိုလည်း အပြစ်မတင်
မိမိကိုယ်ကိုလည်း စွဲချက်မတင်တတ်တဲ့ fully-cultured man-လုံးဝယဉ်ကျေးတဲ့
လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပါ။
သူတစ်ဖက်သားကို အမြဲတမ်း
အပြစ်ပုံချတတ်တဲ့ အပြစ်တင်တတ်ကြတဲ့ လူ့ရမ်းကား-လူ့မယဉ်ကျေးတို့ရဲ့
လမ်းစဉ်ကို မလိုက်မိပါစေနဲ့။ ယဉ်ကျေးရင် စိတ်အေးရပါတယ်။ ကိုယ်တိုင်လည်း
စိတ်အေး၊ အများလည်း စိတ်ချမ်းသာ၊ လောကကြီးတစ်ခုလုံးကိုလည်း
ငြိမ်းချမ်းသွားအောင် ဖန်တီးပေးနိုင်တဲ့
လုံးဝယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ဖို့ပါပဲ။
(ဥယျာဉ်မှူးလေး)