Showing posts with label ဓမ္မပုံပြင်. Show all posts
Showing posts with label ဓမ္မပုံပြင်. Show all posts

Thursday, February 26, 2015

ဆရာဘုန်းကြီး၏ အဆုံးအမ


ဆရာဘုန်းကြီး၏ အဆုံးအမ 

ရှေးအခါက အညာကျေးလက်တောရွာတစ်ရွာတွင် စာပေတတ်မြောက် သော ဘုန်းတော်ကြီး တစ်ပါး ကျောင်းထိုင်လျက်ရှိသည်။ ထိုကျောင်း တွင် ကလေးသူငယ်အများအပြား စာပေ လေ့လာ သင်ကြားလျက်ရှိ ကြသည်။ ထိုကလေးသူငယ် အများအပြားအနက် မောင်သုတဆိုသော သူငယ်ကလေးနှင့် မောင်ဗာလဆိုသည့် သူငယ်ကလေးနှစ် ယောက်လည်းပါရှိသည်။

မောင်သုတသည် ဆရာဘုန်းကြီး သင်ကြား ပို့ချသည့် စာပေများကို ဂရုတစိုက် သင်ကြား လေ့လားပြီး စာသင်အား သော အချိန်များတွင်လည်း ကျောင်းဝိုင်းအတွင်း တံမျက်လှည်းခြင်း၊ မြက်နှုတ်ခြင်း၊ရေခပ်ခြင်းအစရှိသည့် ကျောင်း၏ ဝေယျာဝစ္စများကို ပြုလုပ်ပြီး ဆရာဘုန်းကြီးကို ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ဖြင့် အမြဲမပြတ် ပြုစုလေ့ရှိလေသည်။

မောင်ဗာလမှာ စာသင်ချိန်တွင် အိပ်ငိုက်နေပြီ စာဖြေချိန်တွင်လည်း သူတစ်ပါးထံမှ ခိုးချသည်။ ကျောင်းဝေယျာဝစ္စ လုပ်စရာရှိလျှင်လည်း သစ်ပင်အောက်မှာ သော်လည်းကောင်း၊ ကျောင်းကြိုးကျောင်းကြား၊သိမ်ကြိုးသိမ်ကြား များတွင်သော်လည်းကောင်း အိပ်နေလေ့ရှိပြီး ဆရာဘုန်းကြီး၏ ဝတ်ကြီးဝတ်ငယ်များကိုလည်း ဘာမျှမသိတတ် မပြုစုပေ။ 

တစ်နေ့တွင် မောင်သုတနှင့် မောင်ဗာလတို့နှစ်ယောက် တွေ့ကြသော် မောင်ဗာလ က “ဟေ့ မောင်သုတ ၁ နဲ့၂ ပေါင်းရင် ဘယ်လောက်လဲ”ဟုမေးလေ သည်။ မောင်သုတက “၁ နဲ့ ၂ ပေါင်းရင် ၃ ဖြစ်တာပေါ့ကွ”ဟု အမှန် အတိုင်းဖြေလိုက်သည်။ မောင်ဗာလက မကျေနပ်ဘဲ“ ဟေ့ မောင် သုတ မင်းဟာ ဆရာဘုန်းတော်ကြီးနားမှာ နေပေမယ့် အလကားပါ ကွာ၊ မင်းဘာမှ မတတ်ပါဘူး၊ ဒီမှာတစ်သတ်လုံးမှတ်ထား၊ ၁ နဲ့ ၂ ပေါင်းရင် ၂ ပဲရတယ်ကွ” ဟုပြောလေသည်။

ဤတွင် မောင်သုတက လည်း သူ အမှန်အတိုင်း ဖြေပါလျက်နှင့် ဤကဲ့သို့ ပြောရပါမလားဟု ငြင်းခုံ ပြောဆိုလေ၏။ သို့နှင့် ဆရာဘုန်းကြီး ထံရောက်လာကြလေရာ ဆရာတော်က “ ကဲ ပြောစမ်း မင်းတို့နှစ်ယောက်ဘာဖြစ် ကြသလဲ” ဟုမေးလေသည်။ မောင်သုတက “ မှန်ပါဘုရား တပည့်တော်ကို မောင် ဗာလက ၁ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရသလဲလို့မေးပါတယ်၊ ဒီတော့ တပည့်တော်က ၁ နဲ့ ၂ ပေါင်းရင် ၃ ရတာပေါ့လို့ဖြေပါတယ် ဘုရား၊ ဒါကို မောင်ဗာလက မဟုတ်၊ ၁ နဲ့ ၂ ပေါင်းရင် ၂ ပဲရတယ်လို့ ပြောပါတယ်ဘုရား၊ အဲဒါကို သူမှန်တယ်၊ ကိုယ်မှန်တယ်နဲ့ ငြင်းခုံနေ ကြပါတယ်ဘုရား ” ဟုလျှောက်လေ၏။

ဆရာတော်က မောင်ဗာလအား “မောင်သုတလျှောက်သည့်အတိုင်း မှန်ပါ့သလား” ဟုမေးရာ မောင်ဗာလကလည်း ဟုတ်မှန်ကြောင်း ပြန်လျှောက်ထားလေသည်။ ဤတွင်ဆရာဘုန်းကြီးက မောင်သုတကို ဆုံးမသောအားဖြင့် ထန်းပလပ်ဖြင့် သုံးချက်ရိုက်လေ၏။

မောင်သုတ က “ ဆရာတော်ဘုရား တပည့်တော် ပြောတာ မှန်ပါလျက်နှင့် ဘာဖြစ်လို့ တပည့်တော်ကို ရိုက်ရပါသလဲဘုရား ”ဟုလျှောက်ထားပြန် လေ၏။ ဆရာတော်က “မောင်သုတ လောကမှာ ထိုသူတစ်ယောက် သည်မိုက်မဲ၏ ဉာဏ်ပညာ မရှိ အမှားကို ပြုလျက်ရှိ၏ သို့သော် ထိုသူနှင့် ဘက်ပြိုင်ငြင်းခုံသော သူထက် မိုက်သူမရှိ ယခု သင်ကမှန် တယ် မောင်ဗာလကမှားတယ် မှားမှန်းသိလျက်နဲ့ သင်က ဘက်ပြိုင်၍ ငြင်းရာ သင်သာလျှင် မိုက်ရာကျပေတယ် ”ဟု အမိန့်ရှိလိုက်လေသည်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

Sunday, February 8, 2015

ပိဋကတ်တော်လာ ဥပမာနှင့်ဥပမေယျ၊ ရဟန်းစားရသောဆွမ်းတစ်နပ်


ပိဋကတ်တော်လာ ဥပမာနှင့်ဥပမေယျ၊ ရဟန်းစားရသောဆွမ်းတစ်နပ်

ကဿပလှိုဏ်ဂူသည်ကား လူသွားလူလာ မရှိ။ ပကတိအေးချမ်းတိတ်ဆိတ်လှ၏။ ဤနေရာသည် ဆွမ်းခံရွာနှင့်လည်းမဝေးကွာလွန်း။ ရပ်သံရွာသံများကြားရလောက်အောင်လည်း မနီးလွန်း။ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းလေ့ရှိကြသော ယောဂီ ရဟန်းတို့အတွက် အဘက်ဘက်ကအဆင်ပြေလှ
သော နေရာကလေးဖြစ်၏။

ဤလှိုဏ်ဂူ၌ အရှင်အယျမိတ္တသီတင်းသုံးလာခဲ့သည်မှာ တော်တော်ကြီးကြလာခဲ့သည်နှင့်အမျှ သူ၏ ဘာဝနာလုပ်ငန်းကလည်း အရှိန်အဟုန် ကောင်းနေခဲ့ပါပြီ။ တစ်ခုသောနံနက်ခင်း၌ အရှင်အယျမိတ္တသည် သင်္ကန်းကိုရုံပြီးလျှင် အနားပတ်သီးကို အနားပတ် ကွင်းမှာ သွတ်သွင်းကာ သပိတ်အိပ်ဖြင့်သပိတ်ကို လွယ်လျက် ကဿပလှိုဏ်ဂူမှ ထွက်ခွါလာခဲ့၏။

ဆွမ်းခံရွာတစ်ရွာလုံးသည် အရှင်မြတ်၏ဆွမ်းဒကာ ဆွမ်းအမများဖြစ်ကြသော်လည်း ရွာဦးရွာထိပ်မှ အမေကြီးမှာမူ သူများထက်ထူးခြား၏။ အယျမိတ္တ အရှင်သူမြတ်ကို သားအရင်းကဲ့သို့ ချစ်ခင် ကြည်ညို၏။ သူ၏သမီးဖြစ်သူကလည်းတစ်အူတုံဆင်းအစ်ကို ရင်းကဲ့သို့ သဘောထား၏။

သူတို့သားအမိမှာ လက်လုပ်လက်စား ဆင်းရဲသားများ ဖြစ်ကြသော်ငြားလည်း သားဖြစ်သူ အကိုဖြစ်သူ အရှင်မြတ်အတွက်ကား စားကောင်းသောက်ကောင်း အမွန်အမြတ်တို့ကို ဂရုတစိုက် ရှာဖွေ စုဆောင်း၍ ပြုစုကျွေးလာခဲ့ကြပေသည်။

ထိုနေ့နံနက်တုန်းကလည်း အရှင်အယျမိတ္တသည် သူတို့သားအမိ အိမ်ရှေ့ခြံစည်းရိုးအကွယ်သို့ ရောက်လာ၏။ ဆွမ်းခံအိမ်ရှေ့သို့ရောက်လာပြီဖြစ်၍ သပိတ်အိပ်ထဲမှ သပိတ်ကို ထုတ်ယူ၏။ ထိုတစ်ခဏအတွင်းမှာ အိမ်ထဲက သားအမိတို့ အသံကိုကြားလိုက်သဖြင့် ခြေစုံရပ်၍ နားစွင့်ထားလိုက်မိ၏။

တောအလုပ်သို့သွားခါနီးဖြစ်သော အမေကြီးသည် သမီးကိုမှာကြားနေ၏။ နေ့စဉ်နေ့တိုင်း ပြုနေကျနိစ္စဘတ် ကောင်းမှုတစ်ခု လစ်ဟင်းသွားမည်စိုးသောကြောင့် ကြောင့်ကြောင့်ကြကြ ဖြစ်နေဟန်ရှိ၏။

သမီးရေ အိမ်အတွင်းခန်းထဲက အိုးထဲမှာဆန်ကောင်း သန့်သန့်လေးရှိတယ်နော်။ ကြောင်အိမ်ထဲမှာ ထောပတ် လည်းရှိသေးတယ်။ နွားနို့သည်လာလို့လည်း ၀ယ်ထားသေးတယ်။ ကြောင်အိမ် အောက်မှာလဲ တင်လဲအိုးရှိတယ်။ အဲဒါတွေနဲ့အချိန်မှီအောင် ချက်ထားနော်။ သမီးချက်လို့ ကျက်တဲ့အချိန်နဲ့ အစ်ကိုကြီးလာတဲ့အချိန်နဲ့ အံကိုက်လောက်ပါရဲ့။ သမီးအစ်ကိုကြီးရောက်လာ တဲ့အခါ နေ့တိုင်းလုပ်သလို ရိုရိုသေသေလောင်းနော်ကြားလား။ အေး လောင်းပြီးလို့ အကြွင်းအကျန် ရှိသေးရင်တော့ သမီးပဲစားလိုက်တော့။

ကောင်းပါပြီ အမေ၊ သမီးလုပ်နေကျမို့ လုပ်တတ်ပါတယ်။ ဒါထက်အမေ၊ နေ့လယ်မှာ အလုပ်နားလို့အမေ မောမောပန်းပန်းနဲ့ပြန်လာတော့ကော ဘာစားမလဲ။
ဟဲ့ အဲဒီအတွက်တော့ ဘာကြောင့်ကြနေစရာလိုသေးလဲ။ အခုတော့ အလုပ်သွားဖို့ မနက်စာကလဲ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးနဲ့နယ်စားလို့ ၀မ်းပြည့်နေပြီပဲ။ နေ့လည်စာအတွက်လဲ ကျိုနေကျဆန်ကွဲ လက်တစ်ဆုပ်လောက်ကို ထမနဲကျိုထားလိုက်ပေါ့။ အဲဆန်နည်းလို့ ကျဲနေမှာစိုရင်တော့ ဟင်းရွက်လေးတွေခူးခပ်လိုက်ပေါ့။ ဒီတော့ ထမနဲဖြုန်းစပ်ဖြစ်သွားရော။

အသံအားလံုးကို အရွင္အယ်မိတၱၾကားလိုက္ရ၏။ သောတဒွါရဖြင့် ကြားလိုက်သော စကားသံတို့သည်  သောတဒွါရမှာပင် လမ်းဆုံးမသွားကြဘဲ ဟဒယ နှလုံးအိမ်အထိအောင် ရိုက်ခတ်လာကြ၏။

ကြည့်စမ်းအယျမိတ္တ၊ မင်းကိုမင်းသုံးသပ်ကြည့်စမ်း၊ မင်းဒကာမကြီးကတော့ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးဆမ်းပြီး စားလိုက်ရသတဲ့။ အမောတကောနဲ့ တောကပြန်လာတော့လဲ ဖြုန်းစပ်ထမနဲကိုသာ သောက်ရဦးမတဲ့။ သူတို့သားအမိ နှစ်ယောက်က မသေရုံတမည် စားသောက်နေကြပြီး မင်းအတွက်ကျတော့ ဖွယ်ဖွယ်ရာရာလုပ်ထားလိုက်တာ။

ဒါတွေဒါတွေ လုပ်ထားတာက မင်းဆီက လယ်မြေလိုချင်လို့လဲမဟုတ်ဘူး။ မြေကွက်လိုချင်လို့လဲ မဟုတ်ဘူး။ အစားအစာ လိုချင်လို့လဲ မဟုတ်ဘူး။ အ၀တ်အဆင် လိုချင်လို့လဲ မဟုတ်ဘူး။ တကယ်တော့ သူလိုချင်တာက လူချမ်းသာ နတ်ချမ်းသာတွင်မကဘူး။ နိဗ္ဗာန်ချမ်းသာအထိ မျှော်ကိုးပြီး ပြုစုနေကြတာ။

ဒီချမ်းသာတွေကို မင်းပေးနိုင်ပါ့မလား။ ပေးနိုင်တဲ့ အစွမ်းသတ္တိ မင်းမှာရှိနေပြီလား။ လောလောဆယ် မပေးနိုင်သေးဘူး။ မင့်စိတ်သန္တာန်မှာ ရာဂတွေ၊ ဒေါသတွေ၊ မောဟတွေ မကင်းစင်သေးသမျှမင်း ဒီဆွမ်းကို အလှူမခံထိုက်ဘူး။ မင်းမစားသင့်ဘူး။

ဤသို့ ကိုယ့်ကိုယ်ကို ဆုံးမပြီးလျှင် အရှင်အယျမိတ္တသည် ထုတ်ယူထားသည့် သပိတ်ကိုသပိတ် အိပ်ထဲပြန်သွင်းလိုက်၏။ သွပ်သွင်းထားသော အနားပတ်သီးကို အနားပတ်ကွင်းထဲက ဖြုတ်ပြစ် လိုက်၏။ ထိုနေရာမှပင် နောက်ကြောင်းပြန်လှည့်ကာ ကဿပလှိုဏ်ဂူသို့ ပြန်လာခဲ့၏။ သပိတ်ကို ညောင်စောင်းအောက်မှာ ချထားလိုက်၏။ အပေါ်ရုံသင်္ကန်းကို ၀ါးလုံးတန်းမှာဖြန့်ထားလိုက်၏။

ထို့နောက် အရဟတ္တဖိုလ်ကို မရမချင်း ငါဒီလှိုဏ်ဂူထဲက မထွက်တော့ဘူးဟု စိတ်နုလုံးကိုတုံးတုံးချ ဆုံးဖြတ်ချက်ချကာ ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်း၏။

အရှင်အယျမိတ္တသည်ကား ကာလကြာမြင့်စွာ မမေ့မလျော့နေလာခဲ့၏။ တရားလက်ကိုင် ခိုင်မြဲပြီးသော ရဟန်းတစ်ပါးဖြစ်၏။ ဤအနေတွင် ဆွမ်းအမကြီးများအပေါ် ပြန်လည်၍ကျေးဇူး တုံ့ပြန်လိုသော သမ္မာဆန္ဒဖြင့် ၀ီရိယသမ္ဗောဇ္ဈင်ကို ထက်သန်သည်ထက် ထက်သန်လာအောင် အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းလိုက်လေရာ ဆွမ်းစားချိန်မလွန်သေးသည့် အချိန်မှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

ထို့နောက်အရှင်အယျမိတ္တသည် လိုဏ်ဂူတံခါးကို ဖွင့်ကြည့်လိုက်ပြီးလျှင် ဆွမ်းခံချိန်မလွန်သေး ကြောင်း သိရှိရသဖြင့် သင်္ကန်းကိုရုံကာ သပိတ်ကို လွယ်လျက် နောက်တစ်ကြိမ်ဆွမ်းခံဝင်၏။ အိမ်မှာ ကျန်ရစ်သည့်သမီးကလည်း အသင့်ချက်ပြုတ် ပြင်ဆင်ထားသည့် ဖွယ်ဖွယ်ရာရာ စားကောင်းသောက်ဖွယ်တို့ကို အစ်ကိုကြီး၏သပိတ်မှာရိုသေလေးမြတ်စွာ လောင်းလှူ၏။


လောင်းလှူရင်းလည်း သူ့အစ်ကိုကြီး၏ တစ်မူထူးခြားနေသည့် အသွင်အပြင်ကို သတိထား၍ ဖူးမြင်နေမိ၏။ အရှင်အယျမိတ္တသည် ခါတိုင်းနေ့များအတိုင်းပင် ချမ်းသာစေကျန်းမာစေဟု တိုတိုတုတ်တုတ် ဆုပေးကာ ကဿပလိုဏ်ဂူသို့ ပြန်ကြွလာခဲ့၏။

နေ့လည်ခင်းမှာ အလုပ်နား၍ အမေကြီးတောက ပြန်ရောက်ရောက်ချင်း ဘယ့်နှယ့်လဲသမီး၊ သမီးအစ်ကိုကြီးကို ဆွမ်းလောင်းလိုက်ရရဲ့လားဟု မေးလေရာ လောင်းလိုက်ရပါတယ် အမေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတာတွေ တစ်ပါးစာ လုံလောက်အောင် လောင်းလိုက်ရပါတယ်။

ကောင်းပါလေရဲ့အေ။ ဒါနဲ့ညည်းအစ်ကိုကြီးရဲ့မျက်နှာသွင်ပြင်ကော သတိပြုမိလိုက်ရဲ့လား။

ပြုလိုက်မိတာပေါ့အမေရယ်။ အမ့သားကြီးမျက်နှာကလေ ဘယ်တုန်းကနဲ့မှမတူဘူး။ အသွေးရော အသားရော တကယ့်ကို ကြည်နေတာပဲ။ မျက်နှာတစ်ခုလုံးလဲ သိပ်ပွင့်လန်းနေတာပဲ။ အညှာကကြွေကျထားတဲ့ ထန်းသီးမှည့်လိုပါပဲအမေရယ်။ သိပ်ပြီးတော့ ကြည့်ညိုစရာ ကောင်းနေတာပဲ။

ဟုတ်ပြီသမီး ဟုတ်ပြီ။ သမီးရဲ့အစ်ကိုကြီးဟာ ဒီကနေ့ ရဟန်းကိစ္စပြီးသွားပြီ။ သူဟာ သာသနာ့ဘောင်မှာ ရာသက်ပန်ပျော်သွားပြီ။ ဘယ်တော့မှ လူထွက်လာတော့မှာ မဟုတ်ဘူး။ ဤသို့ ရဟန်းမြတ်၏ မယ်တော်ကြီးက ၀မ်းမြောက်ဝမ်းသာ မှတ်ချက်ချလိုက်လေသည်။

ဆွမ်းဒကာဆွမ်းအမတို့အားကျေးဇူးဆပ်ခြင်း ဤ၀တ္ထုခေါင်းစဉ်ကိုဖတ်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဆရာကြီးဦးသုခ၏ ရုပ်သံဇာတ်လမ်းကို ပြေး၍ သတိရမိကြပေလိမ့်မည်။ မှန်ပါသည်။ ဤ၀တ္ထုသည် ထိုရုပ်သံဇာတ်လမ်းထဲက အရန်ဝတ္ထုတစ်ပုဒ်ပင်ဖြစ်နေသဖြင့် ထိုခေါင်းစဉ်အတိုင်း အမှတ်တရ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ဒီနိကာယ်၊ မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာ အခန်းထဲက ဗောဇ္ဈင်္ဂပဗ္ဗကိုဖွင့်ပြရာတွင် ၀ီရိယ သမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား ၁၁ ပါးထဲက ပိဏ္ဍပါတာပစာယနတာဟူသော အကြောင်းတရားကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် ဤပုံဝတ္ထုဖြင့်ဥပမာပြုထားခြင်းဖြစ်ပါသည်။

ဝဏ္ဏသီရိ
မြတ်မင်္ဂလာ
၂၀၀၃ခုနှစ်၊ ဇန်န၀ါရီလ။

Friday, February 6, 2015

အနည်းငယ်သော ကုသိုလ်အကျိုး ( သုဒ္ဓေါပါသက၀တ္ထု )


အနည်းငယ်သော ကုသိုလ်အကျိုး ( သုဒ္ဓေါပါသက၀တ္ထု )

ကဿပဘုရားရှင်လက်ထက်တော်အခါက ရတနာသုံးပါး၌ ကြည်ညို၍ သဒ္ဓါတရားနှင့်ပြည့်စုံသော
ဥပသကာအမျိုးကောင်းသားတစ်ဦးသည် ကြံကြိတ်စက်ပြုလုပ်ခြင်း အတတ်ဖြင့် အသက်မွေး၍ နေခဲ့၏။

တစ်နေ့သောအခါ ထိုဥပသကာ အမျိုးကောင်းသားသည် ဂိလာနရဟန်းတစ်ပါးကို ထောပတ် တစ်ဇွန်း လောင်းလှူခဲ့၏။ အခြားရဟန်းတော်တစ်ပါးကိုမူ တင်လဲခဲတစ်ခဲပေးလှူခဲ့၏။ အလွန် ဆာလောင်နေသော ခွေးကလေးတစ်ကောင်ကိုလည်း ထမင်းတစ်ခဲ ကျွေးမွေးခဲ့၏။ ငွေကြေး အခက်အခဲဖြစ်နေရှာသူ တစ်ဦးကို အသပြာတစ်ကျပ်ပေးပြီးကူညီခဲ့၏။ ဓမ္မကထိက ရဟန်းတော် တစ်ပါးကို တရားနာအပြီး၌ သင်္ကန်းလျာပုဆိုးတစ်ထည် လှူဒါန်းခဲ့၏။

ဤသို့လျှင်ကောင်းမှုအမျိုးမျိုးပြုလုပ်ခဲ့ပြီးသည့်နောက် ထိုအမျိုးကောင်းသားသည် ငါသည် နောက်နောင် ဘ၀ သံသရာ၌ ကျင်လည်ရသည်ရှိသော် လူသူကင်းဝေးသော သမုဒ္ဒရာအတွင်း တောကြီးတောင်ဝှမ်းအလယ်၌ ရောက်နေရစေကာမူ အရာဝတ္ထုတစ်ခုခုကို အလိုရှိခဲ့ပါလျှင် ထိုအရာဝတ္ထုသည် လျင်စွာခဏပြည့်စုံပါစေသတည်း။ ငါ့ထံမျက်မှောက်ရောက်ရှိပါစေသတည်း ဟူသော ဆုကိုတောင်းယူခဲ့၏။

ထိုဥပါသကာအမျိုးသားသည် ထိုဘ၀မှသေလွန်သောအခါ နတ်ပြည်၌ဖြစ်၍ နတ်တို့၏ စည်းစိမ်ချမ်းသာတို့ကို ခံစားစံစားသည်။ နတ်ပြည်မှစုတေပြန်သော် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ သာဝတ္ထိပြည်တွင် ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝသော မဟာသာလသူဋ္ဌေးကြီးအိမ်၌ လူ့အဖြစ်ကိုရရှိခဲ့လေသည်။ အရွယ်ရောက်သောအခါ အိမ်ရာတည်ထောင် လူ့ဘောင်အဖြစ်ကို ဆင်ခြင်မိပြီး ရတနာသုံးပါးကိုကြည်ညိုသည့်အလျောက် သာသနာ့ဘောင်သို့ဝင်ရောက်ကာ ရဟန်း ပြုခဲ့၏။ ထို့နောက်၌ အာသဝေါကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ထိုရဟန္တာမထေရ်သည် မြတ်စွာဘုရားရှင်ထံခွင့် ပန်တော်မူပြီး ဥဂ္ဂမြို့သို့ရဟန်းငါးရာခြံရံလျက်ကြွ သွားခဲ့၏။ ဥဂ္ဂမြို့သို့ရောက်လျှင် သူကြွယ်ကြီးက သံဃာတော်မြတ်တို့အား ဆွမ်းလုပ်ကျွေး၏။ ဆွမ်းကျွေးပွဲ အပြီးတွင် ဥဂ္ဂသူကြွယ်၏သူဋ္ဌေးကတော် ဒါယိကာမကြီးက ထိုရဟန္တာအရှင်မြတ်ကို ကြည်ညိုလှသည်ဖြစ်၍ ဤဥဂ္ဂမြို့မှာပင် သံဃာငါးရာနှင့်အတူ အမြဲသီတင်းသုံးတော်မူဖို့ လျှောက်ထားတောင်းပန်ခဲ့၏။

ရဟန်းတော်များသီတင်းသုံးရန် စုလစ်မွန်းချွန်းတပ်သော ကျောင်းပေါင်းငါးရာကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုရဟန္တာအရှင်သူမြတ်လည်း သူဋ္ဌေးကတော် ဥပါသိကာမကြီး၏ သဒ္ဓါတရားအတိုင်း ဥဂ္ဂမြို့တွင်ရဟန်းတော်အပါးငါးရာနှင့်အတူ သီတင်းသုံးနေတော်မူခဲ့သည်။

ထိုအရှင်သူမြတ်သည် ဥဂ္ဂသူဋ္ဌေးကတော်ကြီးလှူဒါန်းသော ကျောင်း၌မွေ့လျော်သရွေ့ သီတင်းသုံး တော်မူခဲ့ပြီးနောက် ရဟန်းငါးရာခြံရံပြီး ပဋ္ဋနရွာသို့ ဒေသစာရီကြွတော်မူခဲ့၏။ ထိုရွာမှတစ်ဖန် ရဟန်းငါးရာတို့နှင့်အတူလှေဖြင့် သမုဒ္ဒရာသို့ ကြွတော်မူပြန်ပါသည်။ ထိုရွာမှတစ်ဖန် ရဟန်းငါးရာ ခြံရံပြီး ပဋ္ဋနရွာသို့ဒေသစာရီကြွတော်မူပြန်ပါသည်။ သမုဒ္ဒရာကိုကူးနေစဉ် ခရီးအလယ်သို့ အရောက် ထိုရဟန္တာအရှင်မြတ်၏၀မ်း၌ လေနာရောဂါဖြစ်ပေါ်၍ လာခဲ့၏။ သီတင်းသုံးဖော်ရဟန်းတို့က အရှင်ဘုရား ထိုရောဂါကို ရှေးအခါက အဘယ်ဆေးဝါး သောက်သုံးတော်မူပါသဖြင့် ပျောက်ငြိမ်းဖူး ပါသနည်းဟု မေးလျှောက်ကြ၏။ ၏

ရဟန္တာအရှင်မြတ်က ငါ့ရှင်တို့ ရှေးက ထောပတ်တစ်ဇွန်းကို ဘုန်းပေးကာမျှဖြင့် ထိုလေရောဂါ ပျောက်ဖူးခဲ့သည်ဟု မိန့်ကြားသောအခါ ခရီးသွားဖော်ရဟန်းတို့က အရှင်ဘုရား ဤသမုဒ္ဒရာ အလယ်၌ အရှင်မြတ်မိန့်ဆိုအလိုရှိသော ထောပတ်တစ်ဇွန်းကိုရရှိနိုင်ဖို့ရန် မလွယ်ပါဘုရားဟု လျှောက်ထားကြလေသည်။

ထိုအခါ၌ ရဟန္တာအရှင်သူမြတ်က အရှင်တို့၊ ငါ၏ သပိတ်ကိုယူ၍ သမုဒ္ဒရာ ရေအနည်းငယ်ကို ထည့်ပြီးငါ့ထံသို့ဆောင်ယူခဲ့ကြပါဟု မိန့်ဆို၏။ ဆိုသည့်အတိုင်း သပိတ်အတွင်းသို့ သမုဒ္ဒရာရေ အနည်းငယ်ကိုထည့်၍ ထိုရဟန္တာအရှင်မြတ်၏ လက်သို့ ဆက်ကပ်လိုက်လျှင်ပင် သပိတ်အတွင်းရှိ သမုဒ္ဒရာရေသည် ထောပတ်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ရဟန္တာအရှင်မြတ်လည်း ထိုထောပတ်ကို ဘုန်းပေး၍ လေနာရောဂါမှ ပျောက်ကင်း ချမ်းသာတော်မူခဲ့ပါသည်။ ဤသို့သမုဒ္ဒရာ ရေမှ ထောပတ်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တော်မူကြသော ရဟန်းတော်တို့က အံ့သြဖွယ် ကောင်းလေစွဟု အထပ်ထပ်မိန့်ဆိုတော်မူကြ၏။

ထိုသို့ပြောကြားသည့်စကားကို ရဟန္တာအရှင်မြတ်ကြားသိတော်မူသောအခါ ငါ့ရှင်တို့ ငါပြုသော ကောင်းမှုအကျိုးကို မြင်ကြရမည်ဟု မိန့်ဆိုတော်မူကာ သမုဒ္ဒရာရေကိုကြည့်၍ သမုဒ္ဒရာရေသည် ထောပတ်ဖြစ်စေသတည်းဟု အဓိဋ္ဌာန်၏။ မြင်နိုင်သမျှသမုဒ္ဒရာရေတို့သည် ထောပတ်ဖြစ်ကုန်၏။ ထိုအခါခရီးသွားဖော်ရဟန်းတို့က အရှင်ဘုရား၌ အခြားသောကုသိုလ်ကောင်းမှုရှိပါသေးသလော ဟု မေးကြပြန်ရာ ထိုအရှင်မြတ်က ငါ့၌ရှိသေး၏။


 ရှုကြကုန်လော့ဟု ဆို၍ ကျောက်တောင်ကို ကြည့်၏။ ထိုကြည့်သောခဏ၌ ဆွမ်းအုပ်နှင့် တကွသောဆွမ်းဟင်းလျာတို့ကို တွေ့ကြရ၏။ ထို့နောက်ဟိမ၀န္တာတောင်ကို လှမ်း၍ကြည့်၏။ ဟိမ၀န္တာတောင်ကြီးသည် ရွှေအတိပြီးသော တောင်ကြီးအဖြစ် မြင်ကြရပြန်၏။

ခရီးသွားဖော်ရဟန်းတော်များသည် အလွန်အံ့သြတော်မူကြပြီးလျှင် အရှင်မြတ်သည် မည်သည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ဤသို့ကြီးမားသည့် အကျိုးကျေးဇူးများ ခံစားရပါသနည်း ဘုရားဟု မေးလျှောက်ကြရာ ကဿပဘုရားရှင်လက်ထက်အခါက ပြုခဲ့သောငါ၏ ကုသိုလ်အကျိုးပင်ဖြစ်သည်ဟုဆိုပြီး မိမိ၏ရှေးဘ၀ အတိတ်ကို မိန့်ကြားတော်မူခဲ့၏။

ကဿပမြတ်စွာဘုရားရှင်လက်ထက်အခါက မိမိသည် ကြံကြိတ်ယန္တယား ပြုလုပ်၍ အသက်မွေးနေစဉ် ဂိလာနရဟန်းတစ်ပါးအား ထောပတ်ဆွမ်းလောင်းလှူသော ကုသိုလ်မှစ၍ မိမိ၏ အတိတ်ဇာတ်ကို ပြန်လည်ဖော်ထုတ် မိန့်ကြားတော်မူခဲ့၏။

ငါသည်ထိုဂိလာနရဟန်းအား ထောပတ်တစ်ဇွန်းလှူရသော ဒါန၏ကောင်းမှုကံကြောင့် သံသရာ၌ ကျင်လည်ရသည်ရှိသော် ဘ၀ကြီးငယ်၌မည်သည့်အရပ်ဒေသကို မဆို ထောပတ်ကိုအလိုရှိပါက အလိုရှိသလောက်ရရှိခဲ့၏။ သမုဒ္ဒရာ၌ပင် ထောပတ်ကိုအလိုရှိပါက သမုဒ္ဒရာရေသည်ပင် ထောပတ်ဖြစ်ခဲ့ရ၏။ ဤကားတစ်ဇွန်းမျှ ထောပတ်လှူခဲ့သောအကျိုးဖြစ်၏။

ငါသည် ဂိလာနရဟန်းတော်ကို တင်လဲလှူရသော ဒါန၏ အကျိုးကြောင့် နတ်ပြည် လူ့ပြည်၌ ကျင်လည်ပြီး ငါအလိုရှိသောအခါ၌ တင်လဲကို အလိုရှိသလောက် လွယ်လင့်တကူ ရရှိခဲ့၏။ ကြီးကျယ်မြင့်မားသောကျောက် တောင်ကြီးများသည်ပင် ငါ၏အလိုကိုလိုက်ကာ တင်လဲခဲ တောင်ကြီး ဖြစ်ခဲ့ရသည်။ ဤကားတင်လဲခဲလှူသော အကျိုးဖြစ်၏။

ငါသည်ဆာလောင်နေရှာသော ခွေးကလေးတစ်ကောင်ကို ထမင်းတစ်ခဲလှူရသော ဒါန အကျိုးကြောင့် ထိုအခါမှ စ၍ ငါ့၌ ထမင်းအဖျော်ချို့တဲ့သောအဖြစ်ကို မကြုံခဲ့ရပေ။ ဖြစ်လေရာ ဘ၀တို့၌ ထမင်းအဖျော်ရလွယ်၍ ကိုယ်စိတ်ချမ်းသာဖြင်းရှိခဲ့သည်။ ယနေ့လည်းဆွမ်းအလိုရှိပါက ငါ၏မျက်စိရှုကြည့်ရာအရပ်တို့၌ ဆွမ်းအိုးများရှိကြကုန်၏။

ငါသည်ကြွေးမြီတင်နေသူ တစ်ဦးကို ငွေတစ်ကျပ် ပေးလှူခဲ့သော ဒါန၏အကျိုးကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀တို့တွင် ရွှေငွေများစွာကိုရခဲ့၏။ အကယ်၍ကျောက်အတိပြီးသော တောင်ကိုသည်ပင် ရွှေဖြစ်စေနိုင်၏။ ဤကားကြွေးမြီဒုက္ခမှကယ်တင်ခဲ့သော အကျိုးဖြစ်၏။

ငါသည် ဓမ္မကထိကရဟန်းတော်တစ်ပါး၏ တရားကိုနာယူ၍ မြတ်စွာဘုရားအားလည်းကောင်း၊ တရားတော်အားလည်းကောင်း ရည်မှန်း၍ ပုဆိုးတစ်ထည် လှူခဲ့ဖူး၏။ ထိုဒါန၏အကျိုးကြောင့်၌ ကျင်လည်သည်ရှိသော် အ၀တ်များစွာကိုရခဲ့၏။ ယနေ့ငါသည် ပုဆိုးကိုအလိုရှိပါမူ ဤဇမ္ဗူဒီပါ ကျွန်းသာမက ကျန်ကျွန်း သုံးကျွန်းနေလူများ အပေါင်းကိုပင် ပုဆိုးတို့ကို လုံလောက်အောင် ပေးစွမ်းနိုင်ပါ၏။ ဤကားပုဆိုး လှူခဲ့ခြင်း၏အကျိုးဖြစ်၏။

သင်တို့သည်လည်း တစ်ခါတစ်ရံ ကုသိုလ်ပြုရာ၌ အနည်းငယ်ဟု မထီမဲ့မြင်မပြုကြပါနှင့်။ နည်းပင်နည်းသော်လည်း ထိုနည်းသော ကုသိုလ်သည်ပင် နိဗ္ဗာန်ရောက်သည့်တိုင်အောင် အတိုင်းမသိသောအကျိုးကို ပေးတတ်ပါ၏ဟူသော အနက်အဓိပ္ပါယ်ရှိသည့်အောက်ပါ ဂါထာကို ရွတ်ဆိုပြတော်မူလေသည်။

ကုသလံ နာဝမန္တဗ္ဗံ၊ ခုဒ္ဒကန္တိ ကဒါစိပိ။
အနန္တဖလဒံ ဟောတိ၊ နိဗ္ဗာနမ္ပိ ဒဒါတိ တံ။

ဤသဒ္ဒါတရားနှင့်ပြည့်စုံသော ဥပါသကာ၏ ၀တ္ထုကို
အကြောင်းပြု၍ ရှေးဆရာမြတ်တို့က

ထက်သန်ကြည်ညိုသောစိတ်ကြောင့် အနည်းငယ်သော ကုသိုလ်ကောင်းမှုသည်ပင် ကြီးမားသော အကျိုးကိုပေးတတ်၏ဟု သိနေကြသော သင်သူတော်ကောင်း အပေါင်းတို့သည် ကောင်းမှု၌ မမေ့လျော့ကြပါနှင့်၊ ပစ္စေကဗုဒ္ဓါ ငါးရာကို ပေါက်ပေါက်လှူသော ဥပ္ပလ၀ဏ်ထေရီလောင်း ပဒုမဒေ၀ီမိဖုရား၏ အဖြစ်ကိုလည်း သတိပြုကြပါကုန်လော့ဟု တိုက်တွန်းထားခဲ့၏။

ဦးအောင်မွန်(မြတ်ဆုမွန်)၏ ဥပုသ်သည်တို့မှတ်ဖွယ်
ပုံဝတ္ထုလေးဆယ်မှ

Monday, February 2, 2015

ပျားရည်ကုန်သည်


ပျားရည်ကုန်သည်

စာနာကြောင်းလမ်း၊ မစုံစမ်းဘဲ၊ ချီးမွှန်းပြစ်တင်၊
တွေးအထင်နှင့်၊ အလျင်နှုတ်လျာ၊ မဆောရာတည့်။
(မဃဒေ၀လင်္ကာ)

တစ်ခါတုန်းက ညီအစ်ကိုသုံးယောက်ရှိရာ အစ်ကိုနှစ်ယောက်က ပျားဖွတ်ပြီး ညီငယ်က ပျားရည် ရောင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကာ ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ တစ်နေ့တော့ ဂန္ဓမာဒန တောင်မှာ သီတင်းသုံးနေထိုင်တဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်က ခန္ဓာကိုယ်မှာ အနာရောဂါဖြစ်လို့ ရောဂါကုသရန် ပျားရည်လိုချင်တာနဲ့ မြို့ကိုကြွလာခဲ့ပါတယ်။

အဲဒီအချိန်မှာ ရေချိုးဆိပ်ကို ရေခပ်သွားတဲ့ အမျိုးသမီးလေးက ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်ကို ဖူးတွေ့လိုက်ရတော့ ကြည်ညို သဒ္ဓါစိတ်တွေဖြစ်လာပြီး
“အရှင်ဘုရား ဘာအလိုရှိလို့ ကြွလာပါသလဲဘုရား” လို့ မေးလျှောက်လိုက်တော့
“ပျားရည်လိုချင်လို့ ပျားရည်အလှူခံကြွလာခဲ့ပါတယ်”လို့ဖြေသတဲ့။
ဒါနဲ့အမျိုးသမီးလေးက ရေအိုးကိုသဲပြင်ပေါ်အသာချပြီး ဒီလိုဆိုရင်
“ဟိုအိမ်ရှေ့က ပျားရည်ကုန်သည်မို့ သူ့အိမ်မှာ အလှူခံရင် ပျားရည်ကောင်းကောင်း ရနိုင်ပါတယ် ဘုရား”ဟု ပါးစပ်ကလည်းပြော လက်ကလည်း ပျားရည်ကုန်သည်အိမ်ကို ညွှန်ပြလိုက်ပြီး ရေခပ်ဖို့ ရေဆိပ်ကို ဆက်သွားပါတော့တယ်။ 

ပျားရည်လိုချင်တဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်လည်း အမျိုးသမီးလေး ညွှန်ပြလိုက်တဲ့ ပျားရည် ကုန်သည်ရဲ့ အိမ်ရှေ့မှာရပ်သတဲ့။ အဲဒီအချိန်မှာ အစ်ကိုတွေပျားဖွပ်သွားနေတာမို့ ပျားရည် ရောင်းတဲ့ ကုန်သည်လေးဟာ အိမ်ရှေ့မှာ ရပ်နေတဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်ကို “ဘာများအလိုရှိပါသလဲဘုရား” လို့မေးကြည့်တော့ ပျားရည်လိုချင်မှန်းသိတာနဲ့ အားရ၀မ်းသာပဲ ပျားရည်တွေ သပိတ်အပြည့်နဲ့လှူဒါန်းပြီး

“တပည့်တော်အခုလို ပျားရည်လှူဒါန်းရတဲ့ ဒါနကုသိုလ်ကောင်းမှုကြောင့် နောင်အခါ ဇမ္ဗူဒိပ်ကျွန်း မှာ မိုးအောက်မြေပြင် တစ်ခွင်လုံးကို အာဏာစက်တည်တဲ့ ဧကရာဇ်မင်းတစ်ပါးဖြစ်ရပါ၏ဘုရား” လို့ ဆုတောင်းလိုက်ပါတယ်။ ရေခပ်သွားရာမှ ပြန်လာတဲ့ အမျိုးသမီးလေးက ပျားရည်ကုန်သည်လေး ရဲ့ ဆုတောင်းသံကိုကြားလိုက်ရတော့

“သူကဧကရာဇ်မင်းဖြစ်ရင် တပည့်တော် မိဖုရားခေါင်ကြီးဖြစ်ရပါလို၏ဘုရား” လို့ ဆုတောင်းလိုက်
ပြန်သတဲ့။ သူတို့ဆုတောင်းဆုံးရင် ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်က အလိုရှိတဲ့ဆု တောင့်တတဲ့ ဆုတွေနဲ့ ပြည့်ပါစေလို့ ဆုပေးပြီး စံမြန်းရာ ဂန္ဓမာဒနတောင်ပြန်ကြွသွားပါတယ်။

ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်ကြွသွားလို့ မကြာခင် ပျားဖွပ်ရာက ပြန်လာကြတဲ့အစ်ကိုနှစ်ယောက်ကို ပျားရည်ကုန်သည်ညီငယ်က
 “ကဲကဲ အစ်ကိုတို့ ၀မ်းသာစရာပြောမယ်။ ပျားရည်လိုချင်ပါတယ်ဆိုလို့ ပျားရည်အတွက်ကြွလာတဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်တစ်ပါးကို သပိတ်နဲ့ပြည့်အောင် ပျားရည်လှူဒါန်းလိုက်တယ်။ ဒီပျားတွေ
ဟာ အစ်ကိုတို့ဖွတ်လို့ရလာတာမို့ ဒီကုသိုလ်ကိုလဲ ၀မ်းသာအားရ သာဓုခေါ်ပြီး အစ်ကိုပြန်ယူကြ
ပါ”လို့ ပြောလိုက်ပါတယ်။

ညီငယ်ရဲ့စကားမဆုံးရင် အစ်ကိုကြီးဟာ စိတ်မာန်ဆိုးနဲ့
“ဒီမှာငါ့ညီ၊ သူတောင်းစားတွေဟာ ဖန်ရည်ဆိုးတဲ့အ၀တ်ကိုဝတ်ပြီး တောင်းစားကြတယ်ကွ၊ ဒီတော့ မင်းပျားရည်ပေးလိုက်တာ ပစ္စေကဗုဒ္ဓါမဟုတ်ဘူး၊ သူတောင်းစားကွ သူတောင်းစား သိရဲ့လား”ဟု အော်ပြောလိုက်လေ၏။
အစ်ကိုအလတ်ကလည်း “အေးဟုတ်တယ်။ အဲဒီပစ္စေကဗုဒ္ဓါကို လက်ပူးလက်ကြပ်ဖမ်းပြီး သမုဒ္ဒရာ ဟိုဘက်ကျွန်းပေါ် သွားပစ်ရမယ်။ ဒါမှနောက်ကို လာမတောင်းနိုင်မှာ”ဟု ပြောလိုက်ပြန်၏။

ဒီတော့လိမ္မာပါးနပ်တဲ့ ညီငယ်က “အစ်ကိုတို့ စဉ်းစားကြည့်ပါနော်။ ပစ္စေကဗုဒ္ဓါကို လှူရင် ဒီဘ၀မှာ ချက်ချင်းလက်ငင်းချမ်းသာစေတယ်တဲ့။ နောင်ဘ၀ နောင်ဘ၀တွေလဲ ရေတွက်လို့မရအောင် ဘ၀ပေါင်းများစွာ အသင်္ချေအနန္တချမ်းသာစေတယ်။ ကျွန်တော်တို့တစ်တွေ ဆင်းရဲလို့ ပျားရည် ရောင်းနေကြရတာပဲ။ ချမ်းသာရင်ရွှေရောင်းကြတာပေါ့။ အစ်ကိုတို့ကော မချမ်းသာချင်ဘူးလား။ ရွှေမ၀တ်ချင်ဘူးလား၊ ရွှေမရောင်းချင်ဘူးလား”ဟု မေးလိုက်သတဲ့။

ညီငယ်ရဲ့နှစ်သိမ်းစကားဆုံးလျှင် ညီအစ်ကို နှစ်ယောက်တည်း ၀မ်းသာအားရ သာဓုခေါ် ကြပါတော့တယ်။ ဒီလိုနဲ့နေထိုင်ခဲ့ကြတဲ့ညီ အစ်ကိုတွေမှာ ကိုယ်တိုင်လှူပြီး ဧကရာဇ်မင်း ဖြစ်ရ ပါလို၏လို့ ဆုတောင်းခဲ့တဲ့ ညီငယ်ပျားရည်ကုန်သည်ဟာ ရေတွင်းပေါင်းရှစ်သောင်း လေးထောင် လှူဒါန်းပြီး သာသနာပြုခဲ့တဲ့ သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်းကြီး ဖြစ်ခဲ့ရတယ်။ ရေခပ်တဲ့အမျိုးသမီးလေးက သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရား အသန္ဓိမိတ္တာ ဖြစ်ရတယ်။

ညီငယ်လှူဒါန်းတာကို ကုသိုလ်ယူခဲ့ကြတဲ့ အစ်ကိုနှစ်ယောက်အနက် ပစ္စေကဗုဒ္ဓါကို ဖမ်းပြီး သမုဒ္ဒရာဟိုဘက်ကျွန်းပေါ်ကိုပစ်ချရမယ်လို့ ပြောခဲ့တဲ့အစ်ကိုလတ်ဟာ သီဟိုဠ်ကျွန်းမှာ ဘုန်း တန်ခိုးအာနုဘော်နဲ့ပြည့်စုံတဲ့ ဒေ၀ါနံပိယတိဿ မင်းဖြစ်ရတယ်၊ ပစ္စေကဗုဒ္ဓါကို သူတောင်းစား ဖြစ်ရမယ်လို့ပြောဆိုမိခဲ့တဲ့ အစ်ကိုကြီးကတော့ သူတောင်းစားရွာမှာ သန္ဓေရလို့မွေးဖွားလာတဲ့ နိဂြောဓသာမဏေဖြစ်ခဲ့ရတယ်။


အဂ္ဂလွင်(မြောင်းမြ)
မူရင်း ။ ။ သာရတ္ထ ဋီကာ ၁/၁၂၉။
သီလ၀ဘာသာရေးမဂ္ဂဇင်း ၁၉၉၅၊ စက်တင်ဘာလ။

Saturday, October 11, 2014

ကံ၏ အမွေခံ


ကံ၏ အမွေခံ 

မြတ်စွာဘုရား လက်ထက်တော်ကာလတုန်းက သာဝတ္တိပြည်မှာ မဟာကာလဆိုတဲ့ သောတာပန် ဥပါသကာ တစ်ယောက်ရှိပါတယ်။ အဲဒီ ဥပါသကာဟာ ဇေတ၀န်ကျောင်းတော်မှာ ဥပုသ်စောင့် ညအိပ်ပြီး တရားနာနေရာက နံနက်စောစောထပြီး ဇေတ၀န်ကျောင်းတိုက် အ၀က ရေကန်မှာ မျက်နှာသစ်ပါတယ်။ အဲဒီအချိန်မှာ သူခိုးလိုက်ဖမ်းကြတဲ့ လူတစ်စုက မဟာကာလရဲ့ အနီးမှာ သူခိုးက ပစ်ချခဲ့တဲ့ ခိုးရာပါ ပစ္စည်းနှင့်တကွ တွေ့ရတဲ့အတွက် သူ့ကို သူခိုးထင်မှတ်ပြီး ၀ိုင်းရိုက်ကြလို့ မဟာကာလ ဥပါသကာဟာ သေဆုံးသွားရရှာပါတယ်။

အဲဒီအခါမှာ ရဟန်းတော်များက မဟာကာဟာ ဥပုသ်စောင့်ပြီး ကျောင်းမှာဘဲညအိပ် တရားနာ နေတဲ့ သူတော်ကောင်း စင်စစ်ဖြစ်ပါလျက် သူခိုးလို့ အစွဲခံရ ပြီး အသတ်ခံရတာဟာ မသင့်လျော်တဲ့ အကြောင်း မြတ်စွာဘုရားကို လျောက်ကြပါတယ်။

မြတ်စွာဘုရားက ပစ္စုပ္ပန် အခြေအနေအရ မသင့်လျော်သော်လဲ သူ၏ ရှေးကံအရဆိုလျင်တော့ သင့်လျော်တဲ့ အကြောင်း မိန့်တော်မူပါတယ်။

သင့်လျော်ပုံကတော့ ဒီလိုတဲ့၊

မဟာကာလဟာ တစ်ခုသော ဘ၀တုန်းက လမ်းဓားပြတွေပေါများတဲ့ တောတစ်ခု၏ အ၀မှာ တောစခန်းစောင့် အရာရှိဖြစ်ခဲ့တယ်။ အဲဒီ တောစခန်း ဖြတ်သန်းသွားလိုတဲ့ ခရီးသည်တွေကို တဖက်မှ တဖက်အရောက် ဘေးရန်ကင်းအောင် သူက စောင့်ရှောက်ပြီး ပို့ဆောင်ပေးရတယ်။ တစ်နေ့သောအခါမှာ လူတစ်ယောက်ဟာ ရုပ်ရည်အဆင်းလှပတဲ့ ဇနီးနဲ့တကွ လှည်းယာဉ် ကလေးစီးပြီး အဲဒီတော့ စခန်းကို ရောက်လာတယ်။

တောစခန်းစောင့်က အဲဒီလူရဲ့ ဇနီးချောကလေးကို လိုချင်တာနဲ့ သူ့အိမ်မှာ တညအိပ်စေပြီးတော့ နောက်တစ်ရက် ခရီးထွက်တဲ့အခါမှာ ပတ္တမြားပျောက်တယ်၊ မသင်္ကာဘူးဆိုပြီး အဲဒီလှည်းကို ရှာဖွေစစ်ဆေးတယ်။ စောစောက သူ့ဟာသူထည့်ထားတဲ့ ပတ္တမြားကို တွေ့ရတဲ့အခါမှာ သူက အဲဒီခရီးသည်ကို ပတ္တမြားသူခိုးလို့ စွဲချက်တင်ပြီး သတ်ခဲ့တယ်။

အဲဒီ မကောင်းမှုကံကြောင့် မဟာကာလ အလောင်း တောစခန်းစောင့်ဟာ အဲဒီဘ၀က သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ပြီး ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲဒုက္ခတွေကို အကြီးအကျယ် ခံစားခဲ့ရတယ်။ ငရဲမှ လွတ်ပြန်တော့လဲ အဲဒီ ကံကြွင်းကြောင့် ဘ၀တစ်ရာတိုင်တိုင် ဒီပုံဒီနည်းဖြင့် သူခိုးလို့ အစွဲခံရပြီး အသတ်ခံခဲ့ရတယ်။

ဒါကြောင့် ရှေးဘ၀က ရက်ရက်စက်စက်ပြုခဲ့တဲ့ သူ့မကောင်းမှုကံအရ ဆိုလျှင်တော့ သူခိုးထင်ပြီး မဟာကာလ အသတ်ခံရတာဟာ သင့်လျော် ထိုက်တန်လှပါတယ်လို့ မြတ်စွာဘုရားက ရှင်းလင်း ဟောကြားတော်မူပါတယ်။

အပြစ်မရှိဘဲ ခံရတယ်လို့ ထင်ရသူအတွက် သူကံနဲ့သူဘဲလို့ နှလုံးသွင်းသင့်တယ်လို့ သက်သေ သာဓက တစ်ခုပါပဲ၊

နောက်ပြီး အားလုံး ကံတရားအတိုင်းဘဲလို့ နှလုံးသွင်းနေတဲ့အတွက် မရနိုင်တဲ့ အခွင့်အရေး မျှော်လင့်တောင့်တ ခြင်းလဲ ကင်းမယ်။ အဆင်မပြေတာရှိရင်လဲ ကံတရားအတိုင်း ဘဲလို ဆင်ခြင်ပြီး စိတ်သက်သာရမယ်။ နောက်ပြီး နတ်သိကြား၊ ဘိုးတော်မယ်တော်၊ ဂိုဏ်းဆရာ စသော သူတစ်ပါးကို အားမကိုးဘဲ ကြီးပွားချမ်းသာရန် နည်းလမ်းမှန်ဖြစ်တဲ့ အလုပ်အကိုင်ကိုသာ အားကိုးပြီးတော့လဲ လုပ်ကိုင်မယ်၊ ဒီလို လုပ်ကိုင်တဲ့အတွက် မျက်မှောက်မှာလဲ စီးပွားဥစ္စာတွေကို ရသွားနိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဘိဏှသုတ်မှာ မြတ်စွာဘုရားက ကိုယ်ကိုယ်ကိုလဲ ဒီနည်းအတိုင်း ဆင်ခြင်ဖို့ ညွန်ကြားတော်မူခဲ့ပါတယ်။

ငါ့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံ၏ အမွေခံဖြစ်တယ်၊ ကံသာလျင် ချမ်းသာဖို့ ဆင်းရဲဖို့ အကြောင်းရှိတယ်၊ ကံသာလျှင် ဆွေမျိုးအစစ်ရှိတယ်၊ ကံသာလျှင် အားကိုးရာရှိတယ်၊ ကောင်းမှုကံကို ပြုလျှင် ကောင်းကျိုး အမွေကိုခံစံရမယ်၊ မကောင်းမှုကံကိုပြုလျှင် မကောင်းကျိုး အမွေဆိုးကို ခံစားရမယ်လို့ အဖန်တလဲလဲ ဆင်ခြင်ပါတဲ့။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


Friday, October 3, 2014

အထမ်းသမား နှစ်ယောက်


အထမ်းသမား နှစ်ယောက်

လွန်လေပြီးသောတချိန်တုန်းက မင်းနေပြည်တော်နှင့် အလှမ်းကွာဝေးသည့် ကျေးရွာအုပ်စု နယ်မြေကြီး တခုလုံးသည် တစုံတခုသော အန္တရာယ်ကြောင့် ရွာလုံးကျွတ် နယ်လုံးကျွတ် ပြောင်းရွှေ့သွားကြရ၏။ အန္တရာယ်ကင်းရှင်းသည့် ရပ်ရွာတွင် နေထိုင်ကြသော လူတို့သည် ထိုသတင်းကို ကြားသိကြ၏။ ထိုအထဲက လူတယောက်သည် သူငယ်ချင်း ဖြစ်သူထံ သွားရောက်ကာ-

သူငယ်ချင်း-ရွာလုံးကျွတ် နယ်လုံးကျွတ် ပြောင်းရွှေ့သွားတဲ့ နယ်မြေကို သွားကြရအောင်။ အဲဒီမှာ ငါတို့အတွက် ပစ္စည်းတခုခု ရဖို့ရှိတယ်။-ဟု ပြောဆိုစည်းရုံးလေရာ ဒုတိယလူကလည်း ကောင်းပါပြီ-ဟု သဘောတူ၏။

ဤသို့ဖြင့် သူငယ်ချင်းနှစ်ဦးတို့သည် ဇာတိရပ်ရွာမှ ထွက်လာခဲ့ကြ၍ ရွာပျက်ကုန်းတခုသို့ ရောက်လာကြ၏။ ရွာပျက်ကုန်းတနေရာတွင် ပိုင်ရှင်တို့ မသယ်နိုင်၍ စွန့်ပစ်ထားခဲ့သော ပိုက်ဆံလျှော်များကို တပုံတပင်ကြီး တွေ့ကြရ၏။

ဤတွင် ပထမ လူက-
သူငယ်ချင်း ဒီမှာ စွန့်ပစ်ထားတဲ့ ပိုက်ဆံလျှော်တွေကို အပုံလိုက်တွေ့ရပြီ။ ဒီတော့ မင်းကလဲ ပိုက်ဆံလျှော်တွေကို အထုပ်ကြီး တထုပ်ထုပ်။ ငါကလဲ ထုပ်မယ်။ ငါတို့နှစ်ယောက်သား ပိုက်ဆံလျှော်ထုပ် ကိုယ်စီထမ်းပြီး သွားကြတာပေါ့။
ကောင်းပါပြီ သူငယ်ချင်း။

ဒုတိယလူကလည်း ပထမလူ၏ တိုက်တွန်းချက်ကို အလွယ်တကူ လက်ခံကာ ပိုက်ဆံလျှော်များကို အသင့်ပါလာသော အ၀တ်ဖြင့် ထုပ်ပိုး၏။ ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက်တို့ အထုပ်ကိုယ်စီဖြင့် လျှောက်လာကြရာ အခြားရွာပျက်ကုန်း တနေရာတွင် ပိုက်ဆံလျှော်များကို အကြမ်းထည် အတိုင်းမဟုတ်တော့ဘဲ ချည်ဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ကြရသဖြင့် ပထမလူက-

သူငယ်ချင်း၊ ငါတို့မှာ အသုံးချစရာရှိလို့ ပိုက်ဆံလျှော်ထုပ်တွေ ထမ်းလာခဲ့ကြပြီ။ ခုတော့ ပိုက်ဆံလျှော်ထက် ပိုပြီးအသုံးကျတဲ့ ပိုက်ဆံလျှော်ချည်တွေ တွေ့ကြရပြီ။ ဒီတော့ သင်ကလဲ ပိုက်ဆံလျှော်ထုပ်ကြီးကို စွန့်ပစ်လိုက်ပါ။ ငါကလဲ စွန့်ပစ်လိုက်ပါမယ်။ ငါတို့နှစ်ယောက်လုံး ပိုက်ဆံလျှော်ချည်ထုပ် ကိုယ်စီထမ်းသွားကြရအောင်။ ဤသို့တိုက်တွန်းစကား ပြေားကြားရာတွင်

ဒုတိယလူက-
သူငယ်ချင်း၊ ဒီပိုက်ဆံလျှော်ထုပ်ကို ငါအဝေးကြီးက ထမ်းလာခဲ့ရတယ်။ နောက်ပြီးတော့ မြဲမြဲခိုင်ခိုင်ကြီးလဲ ထုပ်ပိုးထားခဲ့တယ်။ ဒါကြောင့် ငါကတော့ ငါ့အထုပ်ကြီးကို မစွန့်ပစ်နိုင်ပါ။ သင်ကြိုက်သလိုသာ လုပ်ပါတော့-ဟု ငြင်းဆို၏။

ဤတွင် ပထမလူသည် ပိုက်ဆံလျှော်တို့ကို အထုပ်ထဲက ထုတ်ပစ်ပြီးလျှင် ထို့ထက်ပို၍ အသုံးကျသော ပိုက်ဆံလျှော်ချည်တို့ကို ထမ်းနိုင်သလောက် စုစည်းထုပ်ပိုး၍ ထမ်းလာခဲ့၏။ ဒုတိယ လူကတော့ အဝေးကြီးက ထမ်းလာခဲ့ရသည့် ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ စွဲစွဲမြဲမြဲ ထမ်းလာခဲ့လေသည်။

သူငယ်ချင်းနှစ်ယောက်တို့ အတူတကွ ခရီးဆက်လာခဲ့ကြ၍ ရွာပျက်ကုန်းတခုသို့ ရောက်ပြန်သော် ဂုန်လျှော်တို့ကို တပုံတပင်ကြီး တွေ့ကြရ၏။ ဤတွင်လည်း ပထမလူက ထမ်းလာခဲ့သည့် ပိုက်ဆံလျှော်ချည်များကို စွန့်ပစ်ကာ ထို့ထက် အသုံးကျသော ဂုန်လျှော်တို့ကို စုစည်းထုပ်ပိုး၏။ သူငယ်ချင်းကိုလည်း သူ့နည်းတူ ပြုလုပ်ရန် တိုက်တွန်း၏။ သို့ရာတွင် သူငယ်ချင်းက လက်မခံဘဲ ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ ထမ်းမြဲထမ်းလာခဲ့လေသည်။

ထိုမှတဆင့် ခရီးဆက်လာခဲ့ရာ ရွာပျက်ကုန်းတနေရာတွင် ဂုန်လျှော်တို့ကို ချည်ဖြစ်အောင် ပြုပြင်ထားပြီးသော ပစ္စည်းတို့ကို တွေ့ကြရပြန်၏။ ဤတွင် ပထမလူသည် ဂုန်လျှော် အကြမ်းထည် တို့ကို စွန့်ပစ်ကာ ဂုန်လျှော်ချည်တို့ကို နိုင်သလောက် စုစည်းထုပ်ပိုး၍ ထမ်းလာခဲ့သည်။ ဒုတိယလူကမူ အစဦးတုန်းက ထမ်းလာခဲ့သည့် ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ မစွန့်နိုင် မလွှတ်နိုင် ထမ်းမြဲထမ်းလာခဲ့၏။

ဤသို့ဖြင့် နှစ်ယောက်သား ခရီးဆက်လာခဲ့ကြရာ ရွာပျက်ကုန်းအသီးသီးတွင် သည့်ထက် သည့်ထက် အသုံးကျသည့် ပစ္စည်းတို့ကို တွေ့ကြရ၏။ ပိုက်ဆံလျှော်ချည်များ တွေ့ပြီးနောက် ပိုက်ဆံလျှော်ချည်ကို ရက်လုပ်ထားသည့် အထည်များ တွေ့ကြရ၏။ နောက်တဖန် ၀ါဂွမ်း၊ ၀ါချည်နှင့် ၀ါချည်ထည်တို့ကို တွေ့ကြရ၏။ ပထမလူသည် ထမ်းပိုးလာခဲ့သည့် ပစ္စည်းတို့ကို စွန့်ပစ်ကာ သည်ထက်အသုံးကျသည့် ပစ္စည်းကို အစားထိုး သယ်ပိုးလာခဲ့၏။

ဒုတိယလူကမူ ပထမဆုံး သယ်လာခဲ့သည့် ပစ္စည်ကိုသာ တရိုတသေ ထမ်းမြဲထမ်းလာခဲ့လေသည်။
သူငယ်ချင်းနှစ်ယောက်တို့ ခရီးဆက်လက် ထွက်ခွာလာခဲ့ကြရာ ရွ့ာပျက်ကုန်းများတွင် သံ၊ ကြေး၊ ခဲပုပ်၊ ဘင်၊ ငွေ-ဟူသော သတ္တုပစ္စည်းများကို တွေ့ကြရပြီးလျှင် နောက်ဆုံးတွင် ရွှေများကို တွေ့ကြရ၏။ ပထမလူသည် ထမ်းလာခဲ့သမျှ ပစ္စည်းတို့ကို စွန့်ပစ်ကာ ရွှေတို့ကို တနိုင်ဝန် ထမ်းနိုင်သလောက် ထမ်းလာခဲ့၏။


ဒုတိယလူကမူ-
ငါ့မှာ ဒီပစ္စည်းကို ဟို့ဟို အဝေးကြီးက တရိုတသေ ထမ်းလာခဲ့ရာတယ်။ နောက်ပြီးတော့ မြဲမြဲခိုင်ခိုင်ကြီးလဲ ထုပ်ပိုးထားခဲ့တယ်။ ဤသို့ ဆိုမြဲဆိုကာ ထမ်းမြဲပင် ထမ်းလာခဲ့လေသည်။

ဒီဃနိကာယ် မဟာဝဂ် ပါယာသိသုတ် ပါဠိတော်တွင် ၀ိစိတ္တဓမ္မကထိက ဧတဒဂ်ဂုဏ်ထူးရ အရှင်ကုမာရကဿပ-က ပါယာသိမြို့စားအား ထုတ်ဆောင်ဟောကြားခဲ့သည့် ဥပမာပုံဝတ္ထုတခု ဖြစ်ပါသည်။

ဘ၀သံသရာတွင် ကျင်လည်ရခြင်းကို လက်မခံ၊ ငြင်းဆန်ခဲ့သော ပါယာသိမြို့စားသည် အရှင်ကုမာရကဿပနှင့် တွေ့ကြုံရသောအခါ မိမိ၏ အယူဝါဒကို သက်သေသာဓကအမျိုးမျိုးနှင့် တင်ပြလျှောက်ထား၏။ အရှင်ကုမာရကဿပ-ကလည်း ဥပမာပုံဝတ္ထုအမျိုးမျိုးတို့ဖြင့် ဖြေရှင်းဟောပြ၏။

အရှင်ကုမာရကဿပ-၏ ရှင်းလင်းချက်တို့မှာ ထိမိပိုင်နိုင်လှသဖြင့် ပါယာသိမြို့စားမှာ နောက်ထပ်တင်ပြစရာ အချက်အလက်များ ကုန်သွားတော့၏။ သို့ရာတွင် မိမိစွဲယူထားသည့် အယူကိုကား မစွန့်ပါချေ။

အရှင်ဘုရား၊ တပည့်တော်ကို ပေဿနဒီကောသလမင်းကြီးကလည်း ဤသို့အယူရှိကြောင်း သိထားပါသည်။ ပြည်နီးချင်း မင်းတွေကလည်း ဤသို့ပင် သိထားကြပါသည်။ သို့ဖြစ်၍ တပည့်တော်က ဤအယူကိုစွန့်လွှတ် လိုက်လျှင် သူတို့တတွေက တပည့်တော်ကို မိုက်မဲသည်-ဟု ဆိုကြပါလိမ့်မည်။ ထို့ကြောင့် သူတို့ကို အမျက်ထွက်သောအားဖြင့်လည်း ဤအယူကို ယူမြဲယူထားပါမည်။ အရှင်ဘုရား၏စကားကို ချေဖျက်သောအားဖြင့်လည်း ယူမြဲယူထားပါမည်။

ဤသို့ တင်းခံနေသဖြင့် အရှင်ကုမာရကဿပ-က မိုက်မဲသော လှည်းကုန်သည်မှူးနဲ့ လိမ္မာသော လှည်းကုန်သည်မှူးတို့ ပုံဝတ္ထု၊ မစင်ထုပ်ကြီး ရွက်ထားသည့် ပုံဝတ္ထုနှင့် အဆိပ်လူးထားသည့် အံစာတုံးကို မျိုမိသည့် အံခတ်သမား ပုံဝတ္ထုတို့ဖြင့် ဟောပြောချေချွတ်၏။

ထိုပုံဝတ္ထုတို့ဖြင့် ဦးမညွတ်သေးသဖြင့် ဤပုံဝတ္ထုဖြင့် ဆက်လက်၍ ချေချွတ်ရ၏။
ဤတွင်မှ ပါယာသိမြို့စားက-
အရှင်ဘုရား၊ တပည့်တော်သည် ပထမဆုံး ပုံဝတ္ထုဖြင့်ပင် အရှင်ဘုရားအပေါ် အားရကျေနပ်ပြီး ဖြစ်ပါသည်။ သို့ရာတွင် အရှင်ဘုရား၏ အဆန်းတကြယ် ခြယ်လှယ်ဟောကြားချက်များကို ဆက်လက်၍ ကြားချင်သေးသဖြင့် တင်းခံနေခဲ့မိပါသည်။ အရှင်ဘုရားကို နှိပ်စက်မိသကဲ့သို့ ဖြစ်သွားရပါသည်။ တပည့်တော်သည် လွဲမှားသော မိစ္ဆာအယူကို စွန့်လွှတ်လိုက်ပါပြီဘုရား။

ဤသို့ ရိုသေလေးမြတ်စွာ ဦးခိုက်လျှောက်ထား၏။ ထို့နောက် အရှင်ကုမာရကဿပ-အထံ၌ သရဏဂုံသုံးပါး ဆောက်တည်ကာ ဥပါသကာအဖြစ်ကို ခံယူပြီးလျှင် အလှူပေးခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်သွားလေသည်။

(၀ဏ္ဏသီရိ)

Saturday, August 30, 2014

ဇနီး လေးယောက်ရှိသော ခင်ပွန်း


ဇနီး လေးယောက်ရှိသော ခင်ပွန်း

အမျိုးသား တစ်ဦးမှာ ဇနီးသည် လေးဦး ရှိပါတယ်။ ယင်းထဲက သူက လေးယောက်မြောက် အငယ်ဆုံး မယားကို အချစ်ဆုံး ဖြစ်သတဲ့။ အမြဲတမ်း ဂရုစိုက်တယ်။ ပြုပြင်ချယ်သပေးတယ်။ တတိယမြောက် ဇနီးကို ချစ်တာကျတော့ တစ်မျိုးလေးပါ။ သူ့မိတ်ဆွေသူငယ်ချင်းတွေ နဲ့ တွေ့တဲ့ အခါကျတော့ အမြဲလိုလို ထုတ်ပြ ဂုဏ်ယူချင်ပြီး တတိယ မယားရှိထားခြင်း အတွက်လည်း သူ့ ဂုဏ်ယူသတဲ့။ ဒုတိယမြောက် ဇနီးဖြစ်သူ ကိုကျတော့ သူတစ်ချစ်တာက နောက်ထပ်တစ်နည်းနဲ့ ဖြစ်ပါတယ်။

သူ ပြဿနာဖြစ်တိုင်း အခက်အခဲတွေ့ ကြုံတွေ့ရတဲ့ အမြဲတမ်း တိုင်ပင်လို့ရတယ်။ အဖြေကောင်း တွေ ပေးတယ်။ ကူညီဖြေရှင်းဖို့အတွက် အမြဲအထောက် အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူ့ကိုလည်း မခွဲနိုင် ပါဘူး။ သူ့ရဲ့ ပထမ ဇနီး (မယားခေါင်ကြီး) ကိုကျတော့ သူမချစ်ပါဘူး။ ပထမ ဇနီး ကတော့ သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရှိတယ်လို့တောင် အမျိုးသားက သတ်မှတ်ထားသူ မဟုတ်ပါဘူး။

တစ်နေ့တော့ ရောဂါတစ်ခုကြောင့် သေဆုံးခါနီးအချိန်ကို အမျိုးသား ရောက် ရှိလာပါပြီ။ သူ့သေဖို့ အင်မတန် ကြောက်ရွံ့လို့ သူ့ဇနီး လေးဦးထဲမှာ ဘယ်သူတွေ သူနဲ့ လိုက်မလဲလို့ မေးပါတယ်။
အငယ်ဆုံး (လေးယောက်မြောက်) ဇနီးက : မလိုက်နိုင်ပါဘူးရှင် လို့ ဖြေပြီး အခြားဘာမှ မပြောပဲ ထွက်ခွာသွားပါတယ်။

တတိယ ဇနီးက : ရှင်သေရင် ကျမ နောက်တစ်ယောက် ထပ်ယူရုံပဲလို့ ပေါ်တင်ပြောပြီး လှည့်ထွက် သွားပါတယ်။


ဒုတိယ ဇနီးက: ရှင်မသေခင်နဲ့ အုတ်ဂူမသွင်းခင်အထိတော့ ကျမ ပြုစုစောင့်ရှောင့်ပေးနိုင်ပါတယ်။ အတူသေပေးဖို့ ကတော့ ကျမလည်း မတတ်နိုင်လို့ ဝမ်းနည်းပါတယ်။

ပထမ ဇနီးက : ကျမ ရှင်နဲ့ လိုက်ပါမယ်။ ဘယ်တော့မှ မခွဲပါဘူး။
အဲ့တော့ သေလုမြောမြော အမျိုးသားက သူ့ပထမ ဇနီးကို ဂရုမစိုက်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တရပါတော့တယ်။ အကြောင်းက သူ့ပထမ ဇနီးကို သေချာ မပြုစု မကျွေးမွေးခဲ့လို့ ပိန်လို့ ပင်ပန်းနေရှာပါတယ်။ ဒါတောင် လိုက်ဖို့ သေချာဆုံးဖြတ်ထားသူ ဖြစ်နေလေရဲ့

သင်ခန်းစာ -
စတုတ္ထဇနီး ။ ။ အငယ်ဆုံး ဇနီးဆိုတာ မိမိတို့ နေ့စဉ် သယ်ဆောင်နေတဲ့ ကိုယ်ခန္ဓာဖြစ်ပါတယ်။ သေတဲ့တစ်နေ့ကျရင် ယူသွားလို့ မရပဲ ထားခဲ့ရပါမယ်။ မြေကြီးမှုန့်သာ ဖြစ်သွားပါလိမ့်မယ်။

တတိယ ဇနီး။ ။ မိမိတို့ အသက်ရှိရင် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ် ဥစ္စာများ ဖြစ်ပါတယ်။ မိမိသေသွားတဲ့အခါ တစ်ပါးသူရဲ့ လက်ထဲကို ရောက်ရှိသွားပါလိမ့်မယ်။ မိမိ မပိုင်တော့ ပါဘူး။

ဒုတိယ ဇနီး။ ။ မိမိရဲ့ မိသားစုပါ။ အသက်ရှိစဉ်၊ အတူနေရစဉ် မိမိအတွက် အကောင်းဆုံး အကြံဥာဏ်များ ပေးအပ်ခြင်း၊ ကူညီပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပေမယ့် အတူတော့ လိုက်သေနိုင်သူများ မဟုတ်ပါဘူး။ ကံရှိလို့သာ ဒီတစ်ဘဝမှာ တွေ့ဆုံ ကြုံတွေ့ ရခြင်း ဖြစ်ပါတယ်။

ပထမ ဇနီး။ ။
ပထမ ဇနီးဆိုတာ မိမိတို့ ပြုလုပ်တဲ့ ကံ ဖြစ်ပါတယ်။ ကံဆိုတာ မိမိတို့ ပြုလုပ်တဲ့ မကောင်းမှု၊ ကောင်းမှုများ ဖြစ်ပြီး သံသရာမှာ ကြင်လယ်နေရသေးသရွေ့ တစ်လှည့်စီ အကျိုးပေးနေမှာ ဖြစ်ပါတယ်။ မကောင်းမှု များများ ပြုထားသူဟာ မကောင်းတဲ့ ဝဋ္ဋ်ဒုက္ခများကို ကြုံတွေ့ ခံစားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အမှုကိစ္စများကို ပြုထားပါက ကောင်းတဲ့ ကံများ၊ ရလဒ်များကို ခံစားရမှာ ဖြစ်ပါ တယ်။ အကယ်၍ ဝိပဿနာ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းဖြစ်တဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းတို့ကတော့ မိမိကို သံသရာကနေ လွတ်ကင်းလို့ နိဗ္ဗာန် ရောက်ရှိစေမှာ ဖြစ်ပါတယ်။

ဒါကို လူအများစုဟာ မေ့လျော့ကြပြီး မိမိရဲ့ ဒီပထမ ဇနီး၊ ပထမ ခင်ပွန်းကို ပစ်ပယ်ထားလေ့ ရှိပါတယ်။ မပစ်ပယ်သည့်တိုင် မကောင်းမှုများမှာသာ မွေ့လျော်နေကြတာ များပါတယ်။ မိမိက မခေါ်ရင်တောင် ဘဝဆက်တိုင်းမှာ သူက လိုက်ပါလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယနေ့က စလို့ မိမိတို့ အနေနဲ့ ကောင်းမှု ကုသိုလ် နဲ့ ဝိပဿနာ ကုသိုလ်များကို စတင်ပြုလုပ်နိုင်ကြစေဖို့ အကြံပေး စေတနာဖြင့် ရေးသား တိုက်တွန်း လိုက်ရ ပါတယ်။

Credit : yoyarlay

Monday, July 21, 2014

ဘုရားရှင်ရဲ့ စည်းကမ်း


ဘုရားရှင်ရဲ့ စည်းကမ်း

ဂေါတမမြတ်စွာဘုရားရှင် လက်ထက်က အဖြစ်အပျက်တခု ဖြစ်ပါတယ်။ တနေ့မှာ မြတ်စွာဘုရားရှင်ဟာ ညီတော်အာနန္ဒာကို အမိန့်ရှိခဲ့ပါတယ်။ အမိန့်ရှိတဲ့ အကြောင်းကတော့ ဘုရားရှင်ဟာ တပါးတည်းသော ဧကစာအကျင့်ကို ကျင့်သုံးမယ့်အကြောင်း၊ ကျင့်သုံးမယ့်ကာလက ၀ါတွင်းသုံးလဖြစ်ကြောင်း၊ ဧကစာအကျင့် ကျင့်သုံးမယ့် ကျောင်းတော်က ၀ိသာခါကျောင်းအမကြီးရဲ့ ပုဗ္ဗာရုံကျောင်း ဖြစ်ပါသတဲ့။

ဘုရားရှင်က သူ-ဒီလို တပါးတည်း စံပယ်တော်မူမယ့်အချိန်မှာ ရှင်အာနန္ဒာတပါးတည်းသာ ဆွမ်းပို့ ဆွမ်းကပ်လာရန် ခွင့်ပြုတော်မူသတဲ့။ ရှင်အာနန္ဒ္ဒာ အနေနဲ့ကတော့ တနေ့တနေ့ ဘုရားရှင်ဟာ သာသနာတော်အကျိုးအတွက် စီစဉ်ဆောင်ရွက်ရတာတွေ များပြားလွန်းတာမို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိထားတဲ့သူဖြစ်တဲ့အတွက် ဒီလိုတပါးတည်း ဧကစာကျင့်မယ်ဆိုတာ ကြားသိတော့ ၀မ်းသာမိတယ်။ ဘုရားရှင် ဧကစာကျင့်နေခိုက် သာသနာအတွင်း၊ သံဃာတော်အတွင်း၊ ပြဿနာတခုခု ရှိလာရင် ဘယ်လိုဖြေရှင်းမလဲ ခေါင်းခဲမိပေမယ့် ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံ တပည့်သားသံဃာကြီးတွေ ရှိတာပဲဆိုပြီး စိတ်ဖြေခဲ့တယ်။

ဘုရားရှင်အပေါ်မှာ ကြည်ညိုလွန်း စေတနာပိုလွန်းတဲ့ ညီတော်အာနန္ဒာ အပါအ၀င် သံဃာတွေဟာ အစည်းအဝေးတခုတောင် ပြုလုပ်ခဲ့သေးတယ်။ အဲဒါကတော့ ဘုရားရှင်တပါးတည်း ကျင့်သုံနေတဲ့အချိန်မှာ ဘယ်သံဃာတော်မျှ ဘုရားရှင်ကို ဖူးတွေ့ခွင့် မတောင်းရ၊ မဖူးမြော်ရ၊ ဖူးမြော်ရင် အပြစ်ရှိတယ်လို့ ကတိက၀တ် ပြုခဲ့ကြသတဲ့။ တကယ်တော့ ဘုရားရှင်ကို လွတ်လပ်အေးချမ်းစွာ သီတင်းသုံးစေချင်တဲ့ စေတနာနဲ့ စီစဉ်ခဲ့ကြတာပါ။ ဒီလို စည်းကမ်းချထားတဲ့ အကြောင်းကိုလည်း ရှင်အာနန္ဒာက ဘုရားရှင်ကို ပြန်ပြောပြသတဲ့။ ဒီအခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့တယ်။ ဘုရားရှင် ပြုံးတော်မူရင် အကြောင်းထူးတခုခု ရှိမယ်ဆိုတာ ရှင်အာနန္ဒာသိပေမယ့် ဘုရားရှင်က ဘာမျှ မိန့်ကြားတော်မမူတော့ ရှင်အာနန္ဒာလည်း မလျှောက်သာ၊ မမေးသာဘူးပေါ့။ ဒီလိုနဲ့ ဘုရားရှင်ဟာ တပါးတည်း ဧကစာကျင့်သုံးနေတဲ့ အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အရှင်ဥပသေနရဲ့ ပြဿနာက ၀င်ရောက်လာခဲ့တယ်။ ရှင်ဥပသေနဆိုတာ နှယ်နှယ်ရရ ရဟန်းမဟုတ်ဘူး။ ရဟန်းပရိသတ်၊ လူပရိသတ်တို့အလယ်မှာ ကြည်ညိုဖွယ်ကို ဆောင်ကြဉ်းနိုင်လွန်းလို့ ဘုရားရှင်ကိုယ်တိုင် ချီးကျူးတော်မူရတဲ့ ဧတဒဂ်ရ ရဟန်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လက်ရွေးစင် ရဟန်းအပါး ၄၀-ထဲမှာ ရှင်ဥပသေနလည်း တပါးအပါအ၀င်ပေါ့။

ရှင်ဥပသေနဟာ ဘုရားရှင်ရဲ့ ကျောင်းတော်ရာအတွင်းက ရဟန်းမဟုတ်ပါဘူး။ တောအရပ်ကိုမှီးတဲ့ တောနေရဟန်းတပါးမို့ အရှင်အာနန္ဒာတို့ အသစ်ထုတ်ထားတဲ့ စည်းကမ်းကိုလည်း မသိပေဘူးပေါ့။ အရှင်ဥပသေနဟာ ဘုရားရှင်ကို မဖူးမြော်ရတာ ကြာပြီမို့ စိတ်ထဲမှာ ဖူမြော်ချင်ဇောနဲ့ လာခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာ သူ့ရဲ့တပည့် ရဟန်းငါးရာလည်း လိုက်ပါလာခဲ့တယ်။ ရှင်ဥပသေနရော သူ့တပည့်ရဟန်းငါးရာဟာ တောအရပ်မှာပဲ သီတင်းသုံးနေထိုင်တဲ့ အရညကင်ဓုတင်၊ ဆွမ်းခံစားတဲ့ ပိဏ္ဍပါတ်ဓုတင်၊ သင်္ကန်းသုံးစွဲတဲ့ နေရာမှာလည်း စွန့်ပစ်စတွေကိုသာ ကောက်ယူသုံးစွဲတဲ့ ပံသုကူဓုတင်တွေကို ဆောင်တဲ့ ရဟန်းများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာနဲ့ တပည့်တွေဟာ အကျင့်သီလ မွန်မြတ်ကောင်းမွန်သူတွေမို့ ကြည်ညိုဖွယ်ရာအတိ ဖြစ်ပါသတဲ့။

အရှင်ဥပသေနနဲ့ ဘုရားရှင်ကြားမှာလည်း အများမသိတဲ့ ပြဿနာလေးတခု ရှိနေတယ်။ အရှင်ဥပသေန ရဟန်းဝတ်ခါစ အချိန်ကပေါ့။ ရဟန်းဝတ်ပြီး နှစ်နှစ်မြောက် အချိန်မှာ တပည့်ရဟန်းတဦးကို တပည့်မွေးဖူးတယ်။ ဒါကို ဘုရားရှင်က ကိုယ်တိုင်တောင် သူများဆုံးမတာ ခံရမယ့်အနေအထားမှာ သူများကို ဆရာလုပ်နေရလားဆိုပြီး ပြောဖူးပါတယ်။ ဒီအဖြစ်ကို အရှင်ဥပသေနက အသည်းထဲ စွဲနေအောင် မှတ်ပြီး ရဟန်းအကျင့်ကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ရာက ခုလို အသက်လည်းရ ရဟန်းနှစ်လည်း ကြာလာချိန်မှာ တပည့်ကောင်း ငါးရာ မွေးထုတ်နိုင်ပြီဟု ဘုရားရှင်ကို ပြောချင်နေပါသတဲ့။ ဒါကြောင့်လည်း ဘုရားရှင်ရှိရာဆီကို တကူးတက လာဖူးခဲ့ခြင်း ဖြစ်ပါသတဲ့။

ရှင်အာနန္ဒာကတော့ ရှင်ဥပသေနနဲ့ တပည့်တွေ လာတယ်ဆိုရင်ပဲ အစအစအရာရာ ချင့်တွက်ပြီး ဘုရားရှင်ကို ၀င်တွေ့ခွင့် တောင်းပေးခဲ့ပါတယ်။ ဘုရားရှင်ကလည်း တွေ့ခွင့်ပေးခဲ့ပါတယ်။ ဘုရားရှင်ဟာ ကြီးမားလှတဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်သူမို့ ရှင်ဥပသေနကို မြင်မြင်ချင်းမှာပဲ ဘာကြောင့်လာတွေ့တယ်။ ဘာကိုပြောချင်တယ်ဆိုတာ တန်းသိတာပေါ့။ ဒါကြောင့် ဆရာသမားကောင်းပီသစွာပဲ ချီးမွမ်းအပ်ရာကို ချီးမွမ်းသတဲ့။

ဘုရားရှင်။ ။ ဥပသေန-သင့်တပည့်တွေဟာ ကြည်ညိုဖွယ် ကောင်းလှချည်လား၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ပြီထင်တယ်။ သင်ဘယ်လိုများ ဆုံးမသွန်သင်ထားသလဲ- ဘုရားရှင် ဒီလိုအမိန့်ရှိတယ်ဆိုရင်ပဲ ရှင်ဥပသေနဟာ ရွှင်လန်းဝမ်းမြောက်စွာနဲ့ သူကိုယ်တိုင်ရော တပည့်သံဃာတော်တွေရော ကျင့်သုံးတဲ့ အကျင့်တွေကို လျှောက်တင်တော်မူခဲ့တယ်။ ဒီလိုနဲ့ ဘုရားရှင်ဟာ ရှင်ဥပသေနရဲ့ အကျိတ်အခဲတွေကို ကြေစေပြီးတဲ့အချိန်မှာ-

ဘုရားရှင်။ ။ ဥပသေန-ငါဘုရား သုံးလ ဧကစာကျင့်သုံးနေတဲ့အချိန်မှာ ဘယ်သူမျှ တွေ့ခွင့်မရှိဘူးလို့ ရဟန်းများ အစည်းအဝေးလုပ်ပြီး ဥပဒေချထားသတဲ့။ ဒါကို သင်သိရဲ့လား။

ရှင်ဥပသေန။ ။ မသိပါ အရှင်ဘုရား။ ဒါပေမယ့် သိရင်လည်း တပည့်တော် သဘောမတူပါဘူးဘုရား။ စည်းမျည်း စည်းကမ်းဥပဒေဆိုတာ ဘုရားရှင်ကသာ ချမှတ်ပေးရတာဘုရား။ တပည့်သားသံဃာတွေရဲ့အလုပ် မဟုတ်ပါဘူးဘုရား။

ဘုရားရှင်။ ။ သာဓု သာဓု သာဓု ဥပသေန၊ သင့်အယူအဆမှန်ပေသည်။ ငါဘုရားသည် ဟိုအရင်အချိန်ကပင် ငါ့အား ဖူးတွေ့လိုသော ရပ်ဝေးနေရဟန်းများအား အချိန်မရွေး ဖူးတွေ့ခွင့် ပြုပြီး ဖြစ်ပေတယ်။

ဘုရားရှင်နဲ့ ရှင်ဥပသေနဟာ ဒီစကားတွေ ပြောဆိုဆွေးနွေးပြီး ရှင်ဥပသေနရဲ့ အပြန်လမ်းမှာတော့ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ရဟန်းတွေနဲ့ တိုးတော့တာပေါ့။ ရဟန်းတွေကလည်း ဥပဒေကိုမသိဘူးလား ဘာလားဆိုပြီး ရှင်ဥပသေနကို ပြောဆို ပြစ်တင်ကြသတဲ့။

ရှင်ဥပသေနကလည်း အခုပဲ ဘုရားရှင်နဲ့ ဒီအကြောင်း ပြောဆိုခဲ့ကြောင်း၊ ဘုရားရှင်ကလည်း ရဟန်းတို့ ဒီလိုဥပဒေထုတ်ပြန်မှုကို အကျိုးအကြောင်းပြ ပယ်ဖျက်တော်မူကြောင်း ပြန်ပြောသတဲ့။ ဒီအခါမှာတော့ အပြစ်တင်ချင်သူ သံဃာတော်တွေဟာ သူတို့ရဲ့အပြစ်ကို သဘောပေါက်သွားပြီး နှုတ်ပိတ်ခေါင်းငုံ့သွားကြတယ်။


ဒီအတွက် အကျိုးသက်ရောက်မှုက ဘာရသလဲဆိုတော့ ဓုတင်ဆောင်ရဟန်းတွေဟာ ဘုရားရှင်ကို ဖူးမြော်ချဉ်းကပ်လိုတဲ့အခါမှာ အချိန်မရွေး ချဉ်းကပ်ဖူးမြော်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ဓုတင်ဆောင်ရဟန်းတွေရဲ့ သီလသိက္ခာ အကျိုးသက်ရောက်မှု ကြီးမာပုံကို သိတဲ့အတွက် ရဟန်းအချင်းချင်းမှာလည်း ပိုမိုကြိုးစားအားထုတ်မှုတွေ များပြားလာခြင်းပါပဲ။

ကလေးတို့ရေ ဘုရားရှင်လက်ထက်က ဒီအဖြစ်အပျက်ကလေးကို ဖတ်ပြီးတဲ့အခါမှာ ကိုယ်ကျိုးမပါဘဲ ကိုယ့်အတွက် ကောင်းမွန်ပေမယ့် သာသနာတော်နဲ့ မသင့်တော်ဘူးဆိုရင် ပြတ်သားရဲတဲ့ သာသနာတော်ရဲ့ အကျိုးတခုတည်းကိုသာ အစဉ်တစိုက် ကြည့်တတ်တဲ့ ဘုရားရှင်ရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကြည်ညိုနိုင်ကြပါစေကွယ်။

ဇာတ်ညွှန်း-( မိုးမိုးစောဝင်း )

Saturday, July 19, 2014

အဟောင်းစားသူ


အဟောင်းစားသူ

ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာ ဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်း ငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။

 ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။

သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။

ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ်  ရွေးချယ် ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သာကေတမြို့က ဓနဉ္စယ သူဌေးကြီးရဲ့ သမီး ၀ိသာခါနဲ့ သာဝတ္ထိပြည်က မိဂါရသူဌေးကြီးရဲ့ သားတို့ ဖူးစာဆုံဖြစ်ခဲ့ကြတာပေါ့။

နှစ်ပြည်ထောင် သူဌေးကြီးတွေရဲ့ မိတ်ဆွေတွေ၊ ဓန အင်အားတွေနဲ့ မင်္ဂလာပွဲဟာ ခြိမ့်ခြိမ့်သဲသဲ  ဖြစ်ခဲ့ပြီး  ကောသလမင်းကြီးကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးခဲ့ပါတယ်။ ဓနဉ္စယ သူဌေးကြီးဟာ ယောက္ခမအိမ် ပါမယ့်သမီးအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေ လိုက်နာရမယ့် အချက်တွေကို သေချာသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတော့ သာဝတ္ထိပြည်ကနေ မင်္ဂလာပွဲကျင်းပရာကို လိုက်လာတဲ့ သူဌေးကြီးရှစ်ယောက်ကိုလည်း သမီးကို ကြည့်ရှုစောင့်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။

မိဂါရသူဌေးအိမ်ကို ရောက်တဲ့ ချွေးမ ၀ိသာခါဟာ ရောက်တဲ့နေ့ကစပြီး ချွေးမ၀တ္တရားကို ကျွေးပွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ တာဝန်ကျေကျေ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါမှာ တော့ ခုနစ်နှစ်သမီး အရွယ်ကတည်းက သောတာပန်ဖြစ်ခဲ့တဲ့ ၀ိသာခါဟာ ယောက္ခမကြီးတွေရဲ့ တိတ္တိကိုးကွယ်မှုအပေါ်မှာတော့ ဟန်ဆောင်ပန်ဆောင်တောင် တာဝန် မကျေနိုင်ခဲ့ပါဘူး။

အိမ်ကိုကြွလာ ကြတဲ့ အရှက်မရှိတဲ့ မလုံမခြုံ ပုံစံတွေနဲ့ တိတ္ထိတွေကို အမြင် ၀ိသာခါဟာ ချာခနဲ အိမ်ထဲလှည့်ဝင် သွားခဲ့ပါတယ်။ ဒီအမူအရာကို တိတ္တိရော  ယောက္ခမကြီးတွေရောက သေချာ မြင်ခဲ့တာမို့ ဒေါသထွက်ကုန် ကြတော့တာပေါ့။ ဒါပေမယ့်လည်း သမီးယောက္ခမဖြစ်တာ မကြာသေးဘူးဆိုတော့ ယောက္ခမကြီးတွေဟာ သူတို့အမျက်ဒေါသကို ချုပ်ထိန်းထားခဲ့ပါတယ်။


ဒီလိုနဲ့ နောက်တနေ့အရောက်မှာ ၀ိသာခါတို့အိမ်ရှေ့ကို ရဟန်းတပါး ဆွမ်းခံရပ်လာခဲ့ပါတယ်။ ဒါကို ၀ိသာခါရဲ့ ယောက္ခမကြီးက ထမင်းစားနေရင်းနဲ့ လှမ်းမြင်နေသော်လည်း မမြင်ယောင်ပြုနေခဲ့ ပါသတဲ့၊ ၀ိသာခါက ဒီအဖြစ်ကို မြင်ပြီးလက်အုပ်ချီလို့--

ဝိသာခါ။ ။ ခွင့်လွှတ်ပါ အရှင်ဘုရား၊ တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာ စားသုံးသူ တယောက်မို့ ကန်တော့ဆွမ်းပါဘုရား။

ယောက္ခမ။ ။ ဟယ်--ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့် အသက်အရွယ်ကလေးနဲ့ ငါ့ကို အဟောင်းစားသူလို့ ပြောတာ အစွမ်းကုန် စော်ကားလိုက်တာပဲ၊ နင် ခုချက်ချင်း အိမ်ပေါ်က ဆင်းသွားစမ်း။

ဝိသာခါ။ ။ ကျွန်မမှာ အပြစ်မရှိပါ အဖေ၊ အဖေ မကျေနပ်ရင် ကျွန်မဖခင် အပ်လိုက်တဲ့ သူကြွယ် ရှစ်ယောက်ရှေ့မှာ ကျွန်မကို စစ်မေးနိုင်ပါတယ်။

ဒီလိုနဲ့ ချွေးမနဲ့ ယောက္ခမ အခြေအတင်ဖြစ်ပြီး သူကြွယ်ရှစ်ယောက်ပါ ကြားဝင်ရတဲ့အနေအထား ဖြစ်ကုန်တာပေါ့။ သူကြွယ်ရှစ်ယောက်က ၀ိသာခါကို အကျိုးအကြောင်းမေးကြတဲ့ အခါမှာ ၀ိသာခါ ဒီလိုဖြေရှင်းခဲ့ပါတယ်။

ဝိသာခါ။ ။ ဦးကြီးတို့၊ အဟောင်းစားသူဆိုတဲ့ အဓိပ္ပါယ်ဟာ မိုက်ရိုင်းတဲ့သဘောနဲ့ ပြောခြင်းမဟုတ်ပါဘူး။ ကျွန်မယောက္ခမဟာ ဒီဘ၀မှာ သူကြွယ်တဦး ဖြစ်နေပါလျက်နဲ့ ဘုရား ရဟန်းတို့ကို ဆွမ်းတလုတ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘ၀ဟောင်းက ကောင်းမှုအကျိုးကိုပဲ ခံစားပြီး၊ ခုဘ၀မှာ ဘာကောင်းကျိုးမှ မလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်။

ဝိသာခါရဲ့ ဖြေရှင်းချက်ဟာ ရဲရင့်မှန်ကန်နေတဲ့အတွက် သူကြွယ်ရှစ်ယောက်က မိဂါရသူဌေးကို အမျက်ပြေဖို့ ၀ိုင်းဝန်းနားချကြပါတယ်။ ၀ိသာခါကလည်း သူမ ဒီအိမ်မှာ ဆက်နေရမယ်ဆိုရင် ဗုဒ္ဓရှင်တော်ကို အတိအလင်း ကိုးကွယ်ခွင့်ရမှ နေမယ်လို့ ပြန်တောင်းဆိုတဲ့အတွက် ဒေါသဖြစ်မိတဲ့ ယောက္ခမကြီးလည်း လိုက်လျောဖို့ ဖြစ်ရတော့တာပေါ့။

 ဒီလိုနဲ့ နောက်တနေ့မှာ ၀ိသာခါဟာ ဘုရားရှင်ရနဲ့ သံဃာတော်တွေကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်ခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတဲ့အခါမှာ ၀ိသာခါက ယောက္ခမကြီးကို တရားထွက်နာဖို့ အလိမ္မာနဲ့ ခေါ်ခဲ့ပါသတဲ့။

အများရှေ့မှာဆိုတော့ ယောက္ခမကြီးဟာ ငြင်းလို့လည်း မကောင်းတာနဲ့ ကန့်လန့်ကာ နောက်ကွယ် မှာ ခပ်ကွယ်ကွယ်လေးထိုင်ပြီး ဘုရားရှင်ကို မကြည့်ဘဲ တရားနာခဲ့ပါတယ်။ ဒါပေမယ့် ကန့်လန့်ကာနောက်ကွယ်က မိဂါရသူဌေးဟာ ဘုရားရှင်ရဲ့ တရားကို နာရင်းနာရင်းနဲ့ သစ္စာလေးပါး တရားမြတ်ကို သိမြင်နားလည်ပြီး သောတာပန်တည်ခဲ့ပါတယ်။

 ဒီတော့မှ သူဟာ ကန့်လန့်ကာနောက်ကွယ်က ထွက်လာပြီး ဘုရားရှင်ကို ရိုသေစွာ ကန်တော့လို့ ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် စိတ်ရောကိုယ်ပါ ခံယူခဲ့ပါသတဲ့။ ဒါတွေအားလုံးဟာ ချွေးမအလိမ္မာ ၀ိသာခါရဲ့ စွမ်းဆောင်ချက်လို့ ပြောရမှာပါပဲ။

ရေးသားသူ : Buddhism Beams


Sunday, June 8, 2014

နတ်သမီးနဲ့ မျောက်အိုမ


နတ်သမီးနဲ့ မျောက်အိုမ 

တခါတုန်းက ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဓနနဲ့ ဂေါတမီမိဖုရားတို့မှာ နန္ဒမင်းသားဆိုတဲ့ သားတော်တပါး ရှိပါတယ်။ ဘုရင်ကြီးသုဒ္ဓေါဓနဟာ သားတော်ကြီး သိဒ္ဓတ္ထက ထီးနန်းစွန့်ခွါပြီး တောထွက်သွားတာမို့ နန္ဒမင်းသားကိုပဲ အားကိုးအားထားပြုပြီး ထီးနန်းကို လွှဲအပ်ပေးခဲ့ပါတယ်။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ လက်ထပ်ပွဲ နဲ့ ဘိသိက်ပွဲဟာ အင်မတန် ကြီးကျယ်ခမ်းနားခဲ့တာပေါ့။

နန္ဒမင်းသား လက်ထပ်ပြီး မင်းလုပ်မယ့်အချိန်မှာ အကိုဖြစ်သူ သိဒ္ဓတ္ထမင်းသားက ဘုရားအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဆွေတော်မျိုးတော်တွေကိုတွေ့ဖို့ ကပိလ၀တ်ပြည်ကို ရောက်ရှိလာခဲ့ပါသတဲ့။ ဒီတော့လည်း နန္ဒမင်းသားအနေနဲ့ သူ့ရဲ့မင်္ဂလာဆွမ်းကို အကိုဖြစ်တဲ့ ဘုရားရှင်ဆီမှာ ဆက်ကပ်ခဲ့တော့တာပေါ့။ နန္ဒမင်းသားဟာ ငယ်စဉ်ကတည်းက အကိုသိဒ္ဓတ္ထကို ချစ်ကြောက်ရိုသေခဲ့သူမို့ အမြဲ ဂါရ၀တရားရှေ့ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီမှာတွင်မပြီးဘဲ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ပြဿနာစတော့တာပါပဲ။ နန္ဒမင်းသားက ဘုရားရှင်ကို ရိုသေတဲ့အနေနဲ့ နန်းတော်ပေါက်ဝအထိ သပိတ်ကိုကိုင်ပြီး လိုက်ပို့ပေးခဲ့ပါတယ်။

သူ့စိတ်ထဲမှာလည်း အကိုဘုရားက အပေါက်ဝထိပဲ သူ့ကို သပိတ်ကိုင်ခိုင်းမယ်ထင်တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကလည်း ညီတော်ကို ချွတ်ချင်တော့ နန်းတော်ပေါက်ဝမှာ သပိတ်ကို ပြန်မယူဘဲ ကျောင်းတော်အထိ လိုက်ပါစေခဲ့ပါတယ်။ နန္ဒမင်းသားဟာ ဘုရားနောက်က သပိတ်ကိုင်ပြီး ပါသွားတယ်လည်းကြားရော ဇနပဒကလျာဏီဟာ ချက်ချင်းကို လေသာပြတင်းကထွက်ပြီး-
( ဇနပဒကလျာဏီက )-မောင်တော် မောင်တော်ဘုရား မြန်မြန်ပြန်ခဲ့ပါနော်။
နန္ဒမင်းသားလည်း အသံကြားလို့ လှည့်ကြည့်တဲ့အခါ ဇနီးသည်ရဲ့ စိုးရိမ်တဲ့မျက်ဝန်း၊ ကြောင့်ကြပုံစံကို မြင်လိုက်ရတော့ ချက်ချင်းတောင် ပြန်လှည့်ပြေးချင်တော့တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကို ကြောက်ရ၊ ရိုသေရတာမို့ ကြိတ်မှိတ်ပြီး ကျောင်းအထိ လိုက်သွားခဲ့ပါတယ်။

ကျောင်းကိုရောက်တဲ့အခါမှာ ဘုရားရှင်က -
( ဘုရားရှင် )-ညီတော်-ရဟန်းပြုပေးမယ်ဆိုရင် ပြုနိုင်မလား။
( နန္ဒမင်းသား )-မှန် မှန်ပါ့ဘုရား၊ ပြု ပြုပါ့မယ်ဘုရား။
နန္ဒမင်းသားဟာ စိတ်ထဲက အကြိမ်ကြိမ် ငြင်းမိပေမယ့် ပါးစပ်ကတော့ ဒီလိုပဲ ထွက်သွားခဲ့ပါတယ်။ မပြုချင်ပါဘူးလို့ သူဘယ်လိုမှ မပြောရဲခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ပဲ နန္ဒမင်းသားဟာ ရဟန်းပြုဖြစ်သွားခဲ့ပါတယ်။ ကြောက်လို့သာ ရဟန်းပြုခဲ့ရသူဆိုတော့ သာသနာ့ဘောင်မှာ ဘယ်လိုပျော်နိုင်မှာတဲ့လဲ။ စိတ်ထဲမှာလည်း ဇနီးသည်ရဲ့ အမှာစကားနဲ့ မှာလိုက်ပုံလေးကို တမ်းတနေတာပေါ့။ အရှင်နန္ဒ သာသနာ့ဘောင်မှာ မပျော်မှန်းသိတဲ့ ဘုရားရှင်က ရှင်နန္ဒရဲ့စိတ်ကို ဒီလိုအနိုင်ယူခဲ့ပါတယ်။

အဲဒါကတော့ လမ်းခုလတ်မှာ မီးလောင်ပြီး အမြီးပြတ်နေတဲ့ မျောက်အိုမကြီး တကောင်ကိုပြပြီး-
( ဘုရားရှင် )-ရှင်နန္ဒ-ဒီမျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူချောသလဲ
( ရှင်နန္ဒ )-ဘယ်လိုမေးလိုက်တာလဲ ဘုရား၊ ဇနပဒကလျာဏီက မနှိုင်းယှဉ်သာအောင် သာတာပေါ့။
( ဘုရားရှင် )-ဟုတ်ပါပြီလေ။
ဘုရားရှင်က ဒီတခွန်းပဲပြောပြီး တာဝတိံသာနတ်ပြည်ကို ဆက်လက်ကြွချီသွားတဲ့အချိန်မှာတော့ နတ်ပြည်မှာ အင်မတန်ချောမောလှပတဲ့ နတ်သမီးတွေ တပုံတပင်မို့ ရှင်နန္ဒမှာ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
( ဘုရားရှင် )-ရှင်နန္ဒ-ဒီနတ်သမီးတွေနဲ့ ဇနပဒကလျာဏီ ယှဉ်လျှင်ရော။
( ရှင်နန္ဒ )-နတ်သမီးတွေရဲ့အလှက တပုံကြီး သာတာပေါ့ဘုရား၊ သူတို့နှင့်ယှဉ်လျှင် ကလျာဏီဟာ မျောက်အိုမကြီးရဲ့ အနေအထားလောက်ပဲ ရှိပါတယ်။
( ဘုရားရှင် )-ဒါဆို-ညီတော်နန္ဒ-ဒီနတ်သမီးတွေကို လိုချင်လျှင် သာသနာတော်မှာ ပျော်ပျော်နေပါ။ သူတို့ကို ရစေရပါ့မယ်။

ရှင်နန္ဒဟာ တခါတည်းငြိမ်ကျသွားပါတော့တယ်။ ဘုရားရှင်စကားကို ယုံပြီး သာသနာ့ဘောင်မှာ ပျော်အောင်ကြိုးစားပြီး နေခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းတွေကြားထဲမှာတော့ ပြောစရာကြီးတခုလို ဖြစ်တော့တာပေါ့။ ရှင်နန္ဒဆိုတဲ့ရဟန်းဟာ သာသနာ့ဘောင်မှာပျော်ဖို့အတွက် နတ်သမီးတွေနဲ့ မျှားထားရတယ်ဆိုပြီး သတင်းတွေ ပြန့်ကုန်ပါတော့တယ်။ ရှင်နန္ဒကို တွေ့တဲ့အခါမှာလည်း စ,သလို နောက်သလိုနဲ့ ဒီအကြောင်းက အမြဲလိုလို ပြောလာကြတဲ့အခါ ကြာလာတော့ ရှင်နန္ဒစိတ်ထဲမှာ ရှက်စိတ် မခံချင်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ရဟန်းတို့ရဲ့ ကဲ့ရဲ့စကားကို မခံချင်တော့တာမို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်လိုက်တာဟာ မကြာခင်အချိန်မှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့ပါတော့တယ်။ ဒီတော့မှ သူဟာ စိတ်လက်အေးချမ်းစွာနဲ့ ဘုရားရှင်ထံပါးသွားပြီး-

( ရှင်နန္ဒ )-အရှင်ဘုရား-ဒီနေ့မှစ၍ နတ်သမီးငါးရာကို ရရှိလိုခြင်းမှ ကင်းပါပြီဘုရား။
( ဘုရားရှင် )-သာဓု သာဓု သာဓု။
ပြောင်းလဲသွားတဲ့ ရှင်နန္ဒကိုကြည့်ပြီး ရဟန်းတွေက ဒီကိုယ်တော် ထူးခြားတယ်လို့ ထင်လာကြတယ်။ ရဟန္တာဖြစ်သွားတဲ့ ရှင်နန္ဒအကြောင်းကို မသိကြသေးဘဲ အရင်ကလို စကြ နောက်ကြတဲ့အခါ ရှင်နန္ဒက ဣနြေ္ဒသိက္ခာကြီးမားစွာနဲ့ သာသနာ့ဘောင်မှာ တကယ်ပျော်မွေ့သွားပါပြီ ငါ့ရှင်တို့။ လူ့ဘ၀မှာ တောင့်တမှု မရှိတော့ပါဘူး-လို့ ပြန်ဖြေပါတယ်။ ရှင်နန္ဒရဲ့ စကားကို မယုံကြည်ကြတဲ့ ရဟန်းတွေဟာ ဒီအကြောင်း ဘုရားရှင်ဆီ လျှောက်ထားမေးမြန်းခဲ့ကြပါသတဲ့။

ဘုရားရှင်ဟာ ညီတော်နန္ဒ ရဟန္တာဘ၀ကို ရောက်ရှိသွားပြီးမှန်း သိနေခဲ့တာမို့ ရဟန်းများ သံသယမပွားစေရန် ဒီလိုဟောကြားခဲ့ပါတယ်။
( ဘုရားရှင် )-ရဟန်းတို့ အိမ်တလုံးမှာ အိမ်ခေါင်မိုး မလုံလျှင် မိုးရေပေါက်တွေ အိမ်ထဲ ၀င်မှာပဲ။ ထို့အတူ ရဟန်းတရားကို ကောင်းစွာ မကျင့်ကြံ မပြီးစီးဘူးဆိုရင်လည်း မကောင်းသော အတွေးစိတ်ကူးတွေ ၀င်မှာပဲ။ အခု ရှင်နန္ဒကတော့ လုံသောအိမ်ခေါင်မိုးကဲ့သို့ ဖြစ်သွားပြီ။
ရဟန်းအပေါင်းဟာ ဘုရားရှင်ရဲ့တရားအဆုံးမှာ သာဓုခေါ်ဆိုပြီး ၀မ်းမြောက်သွားခဲ့ကြပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်လေးကို ဖတ်ပြီးတဲ့အချိန်မှာ ရှင်နန္ဒရဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ထားကို ကြည်ညိုအားကျနိုင်ကြပါစေ။

( မိုးမိုးစောဝင်း ) 

Sunday, January 26, 2014

ဗုဒ္ဓလမ်းစဉ် လိုက်စေချင်

ဗုဒ္ဓလမ်းစဉ် လိုက်စေချင်

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာကို အက္ကောသဘာရဒွါဇအမည်ရှိတဲ့ပုဏ္ဏားတစ်ဦးက အမျက်ဒေါသချောင်းချောင်းထွက်ပြီးတော့ အလွန်တရာ နားမခံသာစရာ နှလုံးမသာယာစရာကောင်းတဲ့ ရိုင်းပျကြမ်းတမ်းတဲ့ ဆဲနည်းမျိုးစုံနဲ့ ဆဲဆိုပါတယ်။
ဗုဒ္ဓမြတ်စွာက ပြုံးတော်မူလိုက်ပြီး ပုဏ္ဏားကြီးကို အခုလိုမေးတော်မူပါတယ်။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင့်အိမ်ကို ဧည့်သည်မိတ်ဆွေများ လာရောက်ကြပါသလား။

ပုဏ္ဏား။ ။ လာတာပေါ့ အရှင်ကြီးဂေါတမ။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင်၏ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေ သင့်အိမ်ကို လာရောက်တဲ့အခါ သင်ဘာတွေလုပ်သလဲ။

ပုဏ္ဏား။ ။ အရှင်ဂေါတမ ကျွန်ုပ်အိမ်ကို မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေ လာရောက်တဲ့အခါမျိုးဆိုရင် စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင်ကျွေးမွေး ဧည့်ခံတဲ့ စားကောင်းသောက်ဖွယ်တွေကို အဲဒီသင်၏ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေက လက်မခံ မစားသုံးဘူးဆိုရင် အဲဒီစားကောင်းသောက်ဖွယ်တွေကို သင်ဘယ်လိုလုပ်မလဲ။ အဲဒီစားကောင်းသောက်ဖွယ်တွေဟာ ဘယ်သူထံ ပြန်ပြီးရောက်သလဲ။

ပုဏ္ဏား။ ။ အရှင်ကြီး ဂေါတမ၊ ကျွန်ုပ် ဧည့်ခံကျွေးမွေးတဲ့ စားကောင်းသောက်ဖွယ်တွေကို ဧည့်သည်တွေက မသုံးဆောင်ဘူးဆိုရင် စွန့်မပစ်ဘဲနဲ့ ကျွန်ုပ်ကိုယ်တိုင်ပဲ သုံးဆောင်စားသောက်မှာပေါ့။ ကျွန်ုပ်ထံသိုပဲ ပြန်လည်ရောက်ရှိပါတယ်။

ဗုဒ္ဓ။ ။ ကောင်းပြီ ဒီအနည်းအတိုင်းပဲ ပုဏ္ဏားကြီး၊ အခု သင်က င့ါကို ညစ်ညမ်းတဲ့ စကားမျိုးစုံနဲ့ မဆဲဆိုအပ်သော စကားကြမ်းတွေဖြင့် င့ါကို ဆဲဆိုကြိမ်းမောင်းတယ်၊ သင်ရဲ့ အလွန်ညစ်ညမ်းကြမ်းတမ်းတဲ့ ဆဲရေးစကားတွေကို ငါ လက်မခံဘူး။ သင်ပေးတဲ့ ဒီ ညစ်ညမ်းကြမ်းတမ်းတဲ့ စကားတွေကို ငါလက်မခံတဲ့အတွက် သင်ကိုယ်တိုင်ပဲ ပြန်ပြီး လက်ခံရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာသည် ဘယ်သူက ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေပါစေ ယဉ်ကျေးသိမ်မွေစွာပဲ မေတ္တာတရားနဲ့ တုန့်ပြန်တော်မူခဲ့ပါတယ်။ ယဉ်ယဉ်ကျေးကျေးပဲ ပုဏ္ဏားကြီး ပေးအပ်ခဲ့တဲ့ ကြမ်းတမ်းတဲ့စကားတွေကို ပြန်ပေးအပ်ခဲ့တာပါ။ 

“အမုန်းတရားတွေ ရန်ငြိုးအာဃာတတွေကို တူညီတဲ့ အမုန်းတွေ ရန်ငြိုးအာဃာတတွေနဲ့ ပြန်လည်တုန်ပြန်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုဆိုတာကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ထိုအမုန်းတွေ ရန်ငြိုးအာဃာတတွေကို မေတ္တာတရားနဲ့ပဲ အနိုင်ယူပြီး ငြိမ်းချမ်းမှုကို ရယူနိုင်ပါတယ်။ ဒါဟာ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အားလုံးလက်ခံနိုင်တဲ့ လောကအမှန်တရားတစ်ခုပါပဲ”

စာရေး/ဖတ်သူတို့ ဘ၀မှာလည်း တစ်ပါးသူ၏ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရန်လိုခြင်း၊ ကြမ်းတမ်းစွာ ဆက်ဆံခြင်းတွေကို ခံနိုင်ရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ဒေါသအားလျော်စွာ မတုန်ပြန်လိုက်ပါနဲ့။ ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း နည်းအတိုင်း နားလည်သဘောပေါက် လက်ခံပြီးတော့ မေတ္တာတရားနဲ့သာ အနိုင်ယူပြီး ငြိမ်းချမ်းရေးကို ရယူစေချင်ပါတယ်။ အမျက်ဒေါသထွက်နေတဲ့ ရိုင်းပျစော်ကားလာသူကို အနိုင်ယူနိုင်တာဟာလည်း မေတ္တာလက်နက်တစ်ခုတည်းပဲရှိပါတယ်။ 

ကိုယ့်ကိုလာကိုက်တဲ့ခွေးကို ပြန်ပြီးလိုက်ကိုက်နေမယ်ဆိုရင် ကိုယ်ပါ သူ့လိုမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီဥပမာအတိုင်းပါပဲ။ သူနဲဖက်ပြိုင် မမိုက်မိပါစေနဲ့၊ သူမိုက်မဲတိုင်းသာ ကိုယ်ကလိုက်မိုက်မဲနေမယ်ဆိုရင် ကိုယ်တိုင် သုံးစားမရတဲ့ အချည်းအနှီး လူမိုက်လုံးလုံးဖြစ်သွားမှာပါ။

ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ဆိုတာဟာ ငြိမ်းချမ်းမှုကို ဦးတည်တဲ့ ရှေရှုတဲ့ လမ်းစဉ်ပါ၊ သန္တိသုခဆိုတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး နိဗ္ဗာန်ကို လျှောက်လှမ်းနေတဲ့ တစ်ခုတည်းသော ငြိမ်းချမ်းရေးလမ်းစဉ်ပါ။ ဒီတော့ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ဆိုရင် ငြိမ်းချမ်းခြင်းကို လိုလားတယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ကို ထာဝရလျှောက်လှမ်းလိုက်ဖို့ပါပဲ။

ကျမ်းကိုး။   ။ သံယုတ္တနိကာယ်၊ သဂါထ၀ဂ္ဂသံယုတ်ပါဠိတော်၊ အရဟန္တ၀ဂ်၊ အသုရိန္ဒကသုတ်

(ဥယျာဉ်မှူးလေး)

Thursday, September 12, 2013

အပြန်အလှန် အညှိုး The Story of Kalayakkhini 食人魔Kalayakkhini的故事


အပြန်အလှန် အညှိုး
တစ်ဦးတည်းသောသားကို မိန်းမပေးစားပြီးကာမှမိန်းမမြုံ ဖြစ်နေလို့ တခြားမိန်းမ တစ်ယောက်နဲ့ ပေးစားပြန်သတဲ့..။ အဲ့ဒီတော့ မယားကြီးနေရာကနေတဲ့သူကမယားငယ်သာ ကလေးမွေးနိုင်ခဲ့ ရင်တော့ သူပဲမျက်နှာသာရလို့ စည်းစိမ်တွေ ပိုင်ဆိုင်တော့မှာပဲဆိုပြီး မနာလိုစိတ် နဲ့ မယားငယ်ကိုကြံစည်တယ်..။ ကိုယ်ဝန်ဆောင်ရင်သူ့ ကို အကြောင်းကြားဖို့ ပေါ့..။ မယားငယ်ကလည်း ကောင်းတဲ့စိတ်နဲ့ပြောတယ်ထင်လို့ တကယ်ပဲ ကိုယ်ဝန်ဆောင်တော့ ပြောပြတာပေါ့လေ..။

အဲ့ဒီမှာ မယားကြီးလုပ်သူ က ဂရုစိုက်သလိုလိုနဲ့ ယာဂုလို့ခေါ်တဲ့ အဟာရကို ကိုယ်တိုင် ချက်ကျွေး တာပေါ့..။ တကယ်တော့ အဲ့ဒီယာဂု ထဲမှာ က ကိုယ်ဝန်ပျက်ကျစေတဲ့ဆေးတွေ နဲ့ရောထားတာ..။ အဲ့တော့ ကိုယ်ဝန်ပျက်ကျတာပေါ့..။  ဒုတိယ အကြိမ် ကိုယ်ဝန်ရှိရင်လည်းပြောဖို့ မှာထားတော့ မယားငယ် ခမျာ အကောင်းထင်ပြီး ပြောပြပြန်တယ်..။ ဒါ နဲ့ ကိုယ်ဝန် ကို ဖျက်ချခံ လိုက်ရ ပြန်ရောလေ..။ ဒီတော့ ရင်းနှီးတဲ့သူတွေက နောက်တခါ  မပြောပြဖို့မှာတာပေါ့။  သုံးကြိမ်မြောက် ကိုယ်ဝန်ရှိတော့ မပြောပဲထားလိုက်တာ ကိုယ်ဝန်ရင့်လာမှ မယားကြီး ကတွေ့တော့ သူကို မပြောရကောင်းလားဆိုပြီး  အလစ်ချောင်းပြီး ဆေး ခပ်တိုက်လိုက်တာ မယားငယ်မှာ ကိုယ်ဝန် အရင့်အမာ နဲ့ဆိုတော့ လျှောလည်းမကျပဲ ၀မ်းထဲမှာကန့်လန့် ခံနေလို့ သေရမယ့် အခြေအနေဆိုးနဲ့ရင်ဆိုင်ရတော့ တာပေါ့..။

သေခါနီးမှာ မယားငယ်က  ဒီဘ၀ ကလွတ်ရင် ဘီလူးမ ဘ၀ နဲ့ နင့်သားတွေကို စားရတဲ့ကိုယ် ဖြစ်ရပါစေလို့ ဆုတောင်းသတဲ့..။ သေလည်းသေရော..အဲ့ဒီအိမ်မှာ ကြောင်မကြီးသွားဖြစ်သတဲ့..။ မယား ကြီး ကတော့ လင်ယောက်ျားက သူ့အမျိုးအနွယ်ကို ဖျက်ဆီးရကောင်းလားဆိုပြီးထောင်းထု ပုတ်ခတ်လို့ ဝေဒနာခံစားပြီး သေရှာသတဲ့..။သေလွန်တော့  အဲ့ဒီအိမ်မှာပဲ ကြက်မ ဖြစ်သတဲ့.။
ကြက်မ ဥ ဥတော့  မယားငယ်ဘ၀က လာတဲ့ ကြောင်မ  ကဥတွေကိုစားသတဲ့ ..။ အဲ့ဒီလိုနဲ့ ကြက်မက ငါ့ဥတွေ ကိုတော့စားပြီးပြီ ခု ငါ့ကိုပါစားတော့မှာပါလားဆိုပြီး ``ငါသည်  ဤ ကိုယ်အဖြစ်မှ သေလွန်ရင်တော့ သားသမီးနှင့်တကွ ဒီကြောင်မကို စားရပါလို၏ ``လို့  ဆုတောင်းသတဲ့..။
+++++++++
မယားကြီးဘ၀ ကလာတဲ့ကြက်မ သေသွားတော့ သစ်မ သွားဖြစ်သတဲ့..။ မယားငယ် ဘ၀ က လာတဲ့ ကြောင်မ က သမင်မ သွားဖြစ်သတဲ့..။ သမင်မ သားဖွားတော့ သစ်မ  လာပြီးသားတွေ ကိုစားသတဲ့..။ အဲ့ဒီတော့ သမင်မလည်း သိတာပေါ့။ ဒီသစ်မ ဟာ သားတွေကိုစားပြီး ငါ့ကိုစားတော့မှာပါလားလို့ တွေးမိတာနဲ့  ဒီဘ၀က သေရင် သစ်မကို သားသမီးတွေပါမကျန် စားရပါလို၏  လို့ဆုတောင်းပြန်သတဲ့…။
+++++++++++++++
မယားငယ်ဘ၀ ကလာတဲ့ သမင်မလေး သေတော့ ဘီလူးမ ဖြစ်သတဲ့..။ သစ်မ ကတော့သေပြီး နောက်မှာ လူမိန်းမ ဖြစ်သတဲ့…။ မိန်းမသား သဘာဝ အရွယ်ရောက်လာတော့ အိမ်ထောင်ရက်သားကျပြီး သား တစ်ယောက်ဖွားမြင်တယ်။ အဲ့ဒီအခါ ဘီလူးမ က မိတ်ဆွေယောင်ဆောင်ပြီး အိမ်ကိုအလည်လာတယ်။ ဘာလေးမွေးတာလဲလို့လာမေးသလိုနဲ့ အိမ်ခန်းထဲဝင်ပြီး ကလေးကို စားပစ်လိုက်တယ်။ ဒုတိယ အကြိမ်မြောက် သားကိုဖွားတော့လည်း
အဲ့ဒီလိုပဲ ဘာလေးမွေးတာလဲလို့  လာမေးသလိုလိုနဲ့ ကလေးကိုစားပြန်တယ်။ တတိယမြောက် ကလေးကိုမွေးမယ့်အချိန်ရောက်တော့ အမျိုးသမီးက သူ့ ယောက်ျားကိုပြောတော့တာပေါ့..။ 
``ယောက်ျားရေ …ကျမ တို့   ကလေး နှစ်ယောက်မွေးတာ ဘီလူးမက လာလာပြီး စားသောက် ပစ်တယ်  ဒီတခါတော့ မိဘ အိမ်ကိုသွားပြီးမီးဖွားတော့မယ်လို့   လင်ယောက်ျားကို ခွင့်တောင်းပြီး မိဘ အိမ်ကိုသွားတယ်။ 
++++++
ဘီလူးမ ရောက်လာတော့  အမျိုးသမီးကိုမတွေ့တာနဲ့ ဘယ်မှာလဲဆိုတာ စုံစမ်းပြီး  အမျိုးသမီးရှိတဲ့ နေရာကို ရောက်အောင်သွားတာပေါ့…။ မီးဖွားပြီး ပြီဆိုတာသိလို့ ကလေးငယ်ကိုစားမယ် ကြံတဲ့အချိန်မှာပဲမိခင်ဖြစ်တဲ့ အမျိုးသမီးက ဘီလူးမ မှန်းသိတာနဲ့ အသံကျယ်ကျယ် အော်ဟစ်ပြီး ဘုရားရှင်ရှိတဲ့  ကျောင်းဝင်းထဲကို ပြေးဝင်သွားတယ်။ ပြီးတော့ ဘုရားရှင်ရဲ့ ခြေတော်ပေါ်တင် ကလေးကို အိပ်စေလိုက်တယ်။ ပြီးတာနဲ့

``တပည့်တော် အရှင်ဘုရားကို  ဒီကလေးကိုပေးလှူပါတယ်ဘုရား” လို့လျှောက်ထားလိုက်တယ်။ ကျောင်းတံခါးကိုစောင့်နေတဲ့ နတ်သားက ဘီလူးမ ကို ၀င်ခွင့်မပေးဘူး။ ဒါကိုသိတော်မူတဲ့ မြတ်စွာဘုရားက  အရှင်အာနန္ဒာကို ဘီလူးမ ကိုသွားခေါ်ခိုင်းလိုက်တယ်။ ကလေး မိခင် အမျိုးသမီးက ဘီလူးမ ကိုမြင်တာနဲ့ ဘုရားရှင်ကိုလျှောက်ထားတာပေါ့။ တပည့်တော်ရဲ့ ကလေးကို စားတာ ဒီဘီလူးမ ပါဘုရား လို့လျှောက်ထားတော့ မြတ်ဘုရားက..``လာပါစေ  အသံမပေး နဲ့`` မိန့် တော်မူတယ်။ ဘီလူးမလည်း ရောက်လာရော မြတ်ဘုရားက  ဘာလို့ဒီလိုလုပ်သလဲ လို့  မေးပြီး သင်တို့ နှစ်ယောက်လုံးသာ ငါဘုရားရှေ့ ကိုမရောက်ခဲ့ရင်တော့ မြွေ နဲ့ မြွေပါ။ ကျီးနဲ့
ခင်ပုတ်တို့  လို (၁)  ကမ္ဘာပတ် လုံး ရန်သူတွေ ဖြစ်တော့မယ် လို့ မိန့် တော်မူတယ်။

ဘာဖြစ်လို့ များရန်ကိုရန်ချင်းတုန့် နှင်းတာလဲ ။ ရန်ကို ရန်ချင်း မတုန်ပြန်မှ အေးငြိမ်းပေမယ်။ ရန်တုန့့် ပြန်နေမယ်ဆိုရင် တရံတဆစ်တောင်မှ မငြိမ်းအေးနိုင်ဘူးလို့ ဆုံးမတော်မူပြီး ဂါထာတစ်ပုဒ်ကို  ဟောတော်မူလိုက်တယ်။ အဲ့ဒီဂါထာရဲ့အဆုံးမှာ ဘီလူးမက သောတာပတ္တိဖိုလ်မှာ တည်ပါတော့တယ်။ ဘုရားရှင် က တရားတော်ဆုံးတာနဲ့  ကလေးမိခင်ဖြစ်တဲ့အမျိုးသမီးကို
``သင့်သားငယ်ကို ဘီလူးမ ကိုပေးလိုက်တော့လို့ `မိန့်တော်မူလိုက်တယ်။ အမျိုးသမီး ကကြောက်နေတဲ့အတွက် မြတ်ဘုရားက မကြောက်နဲ့ ဘေးရန်မရှိတော့ပြီလို့ မိန့်တော်မူမှ သားငယ်ကိုဘီလူးမ လက်ထဲ ပေးလိုက်တယ်။

ဘီလူးမ  ကသားငယ်ကို နမ်းရှုပ်ပွေ့ ပိုက်ပြီး  မိခင်ကိုပြန်ပေးပြီး ငိုတယ်။ အဲ့တော့ မြတ်စွာဘုရားက ဘာကြောင့်ငိုသလဲလို့ မေးတာပေါ့..။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား တပည့်တော် ကအစားအစာကို ရွေးချယ်ခြင်းမရှိ စားသောက်ပြီး အသက်ကိုမွေးခဲ့တာ ခုတော့ ဘယ်လို အသက်မွေးရမယ် မသိတော့ပါဘူးဘုရားလို့ လျှောက်ထားလိုက်တယ်။ ဘုရားရှင်က မစိုးရိမ်နဲ့ လို့  မိန့် တော်မူပြီး ကလေးမိခင်ကို  ဘီလူးမကို အိမ်ခေါ်သွားဖို့  အဟာရတွေ နဲ့ပြုစုလုပ်ကျွေးဖို့ မှာလိုက်တယ်။ ကလေမိခင်က ဘုရားရှင်မှာတဲ့ အတိုင်းဘီလူးမ ကိုအိမ်ကို ခေါ်သွားတာပေါ့။ ဒါပေမယ့် ဘီလူးမက အိမ်မှာမနေနိုင်ဘူးဖြစ်နေတယ်။ စပါးထောင်းတဲ့အခါ ကျည်ပွေ့ နဲ့ ဦးခေါင်းကို ထုခွဲသလို ခံစားရသတဲ့ ။

အိမ် ရဲ့ဘယ်နေရာမှာမှ နေလို့ အဆင်မပြေဖြစ်တာနဲ့  ရွာရဲ့အပြင်ဖက်မှာ နေစရာလေးပေးပြီး
နေ့ စဉ် အဟာရပို့ ဆောင် ပြီး ထားတာပေါ့။ဘီလူးမကလဲ ငါ့အပေါ် ကျေးဇူးရှိတဲ့သူကိုတော့ ကျေးဇူးတုံ့ ပြန်မှပဲလို့ ကြံစည်ပြီး  မိုးကောင်း မယ့်နှစ်မှာ ကုန်းပေါ်မှာ စပါးစိုက်ဖို့။ မိုးခေါင်မယ့်နှစ်မှာ ချိုင့်ဝှမ်းမှာစပါးစိုက်ဖို့ ပြောတယ် ။ ဘီလူးမ ပြောသလို လိုက်ပြီးစိုက်ပျိုးတဲ့အတွက် နှစ်တိုင်းနှစ်တိုင်း စိုက်ပျိုးတွေကအောင်မြင်သတဲ့ …။ တခြားသူတွေ ကတော့ မိုးခေါင်မယ် မိုးကောင်းမယ် ဆိုတာ မသိရတဲ့အတွက် ရာသီဥတုနဲ့  မလျော်ညီတဲ့အခါ..စိုက်ပျိုးတဲ့ စပါး သီးပင် တွေ ပျက်စီးဆုံးရှုံး တာပေါ့..။ ဒီအခါ မှာ ဘီလူးမ ကြောင့်  ဒီလို ကောင်းကျိုးချမ်းသာ ရတယ် ဆိုတာသိသွားတာနဲ့ တရွာလုံးက လူတွေကလဲ ဘီလူးမကို ပူဇော်ပသပြီး စိုက်ကြပျိုးကြတာ အားလုံးပဲ အောင်မြင်ဖြစ်ထွန်း ကြသတဲ့လေ။ ဘီလူးမလည်း အသက်ထက်ဆုံး လာဘ်သပကာပြည့်ပြည့်စုံစုံနဲ့ နေသွားရတာပေါ့။

 ဤဇာတ်တော်ကို အကြောင်းပြု၍ "ကြက်မဥရင်း ကြောင်စာရင်း၊ သမင်မွေးရင်း ကျားစားရင်း" ဆိုသော မြန်မာ စကားပုံ တစ်ခု ပေါ်ပေါက်လာခဲလေသည်။

ရန်ကိုရန်ခြင်း တုံ့ နှင်းမိလို့  သံသရာမှာကြောက်စရာကောင်းလှပါတယ်။


(ကျမ်းကိုး။   ။ဓမ္မပဒ  ကာဠယက္ခိနီ ၀တ္ထု)

*****တတိယမြောက်သမီးတော်*****

The Story of Kalayakkhini

While residing at the Jetavana monastery in Savatthi, the Buddha uttered Verse (5) of this book, with reference to a certain woman who was barren, and her rival.
Once there lived a householder, whose wife was barren; later he took another wife. The feud started when the elder wife caused abortion of the other one, who eventually died in child birth. In later existences the two were reborn as a hen and a cat; a doe and a leopardess; and finally as the daughter of a nobleman in Savatthi and an ogress named Kali.

The ogress (Kalayakkhini) was in hot pursuit of the lady with the baby, when the latter learned that the Buddha was nearby, giving a religious discourse at the Jetavana monastery. She fled to him and placed her son at his feet for protection. The ogress was stopped at the door by the guardian spirit of the monastery and was refused admission. She was later called in and both the lady and the ogress were reprimanded by the Buddha. The Buddha told them about their past feuds as rival wives of a common husband, as a cat and a hen, and as a doe and a leopardess. They were made to see that hatred could only cause more hatred, and that it could only cease through friendship, understanding and goodwill.

Then the Buddha spoke in verse as follows:

Verse 5: Hatred is, indeed, never appeased by hatred in this world. It is appeased only by loving-kindness. This is an ancient law.


At the end of the discourse, the ogress was established in Sotapatti Fruition and the long-standing feud came to an end.


食人魔Kalayakkhini的故事

佛在舍衛城在Jetavana的修道院的在居住期間,說出了詩歌(5)這本書,有一個女人,誰是貧瘠的,和她的對手。
一旦住著一家之主,他的妻子是貧瘠的,後來他妻子又。仇隙開始另外一個,最終死在孩子出生時,老人的妻子造成流產。在以後存在兩個人重生為一隻母雞和一隻貓,一隻母鹿和一隻,終於在舍衛城一個貴族的女兒和一個食人魔命名卡利。

在與寶寶的女士,當後者了解到,佛就在附近,給人一種宗教話語在Jetavana的修道院中緊追的食人魔(Kalayakkhini)。她逃到了他,並保護她的兒子在他的腳下。食人魔被攔在門外守護靈的寺院,而被拒絕入場。她後來被稱為夫人和食人魔佛陀譴責。佛陀告訴他們,他們過去的恩怨對手一個共同的丈夫的妻子,一隻貓和一隻母雞,並作為能源部一隻母鹿一隻的。他們作了看到,仇恨只能造成更多的仇恨,它只能通過友誼,理解和善意停止。

佛說詩如下:

第5節:仇恨,的確是在這個世界上的仇恨,絕不姑息。安撫慈愛。這是一個古老的法律。


結束時的話語,食人魔成立在Sotapatti修成正果,並長期宿怨走到了盡頭。