ပိဋကတ်တော်လာ ဥပမာနှင့်ဥပမေယျ၊ ရဟန်းစားရသောဆွမ်းတစ်နပ်
ကဿပလှိုဏ်ဂူသည်ကား လူသွားလူလာ
မရှိ။ ပကတိအေးချမ်းတိတ်ဆိတ်လှ၏။ ဤနေရာသည် ဆွမ်းခံရွာနှင့်လည်းမဝေးကွာလွန်း။ ရပ်သံရွာသံများကြားရလောက်အောင်လည်း မနီးလွန်း။ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းလေ့ရှိကြသော ယောဂီ ရဟန်းတို့အတွက် အဘက်ဘက်ကအဆင်ပြေလှ
သော နေရာကလေးဖြစ်၏။
ဤလှိုဏ်ဂူ၌ အရှင်အယျမိတ္တသီတင်းသုံးလာခဲ့သည်မှာ တော်တော်ကြီးကြလာခဲ့သည်နှင့်အမျှ သူ၏ ဘာဝနာလုပ်ငန်းကလည်း အရှိန်အဟုန် ကောင်းနေခဲ့ပါပြီ။ တစ်ခုသောနံနက်ခင်း၌ အရှင်အယျမိတ္တသည် သင်္ကန်းကိုရုံပြီးလျှင် အနားပတ်သီးကို အနားပတ် ကွင်းမှာ သွတ်သွင်းကာ သပိတ်အိပ်ဖြင့်သပိတ်ကို လွယ်လျက် ကဿပလှိုဏ်ဂူမှ ထွက်ခွါလာခဲ့၏။
ဆွမ်းခံရွာတစ်ရွာလုံးသည် အရှင်မြတ်၏ဆွမ်းဒကာ ဆွမ်းအမများဖြစ်ကြသော်လည်း ရွာဦးရွာထိပ်မှ အမေကြီးမှာမူ သူများထက်ထူးခြား၏။ အယျမိတ္တ အရှင်သူမြတ်ကို သားအရင်းကဲ့သို့ ချစ်ခင် ကြည်ညို၏။ သူ၏သမီးဖြစ်သူကလည်းတစ်အူတုံဆင်းအစ်ကို ရင်းကဲ့သို့ သဘောထား၏။
သူတို့သားအမိမှာ လက်လုပ်လက်စား ဆင်းရဲသားများ ဖြစ်ကြသော်ငြားလည်း သားဖြစ်သူ အကိုဖြစ်သူ အရှင်မြတ်အတွက်ကား စားကောင်းသောက်ကောင်း အမွန်အမြတ်တို့ကို ဂရုတစိုက် ရှာဖွေ စုဆောင်း၍ ပြုစုကျွေးလာခဲ့ကြပေသည်။
ထိုနေ့နံနက်တုန်းကလည်း အရှင်အယျမိတ္တသည် သူတို့သားအမိ အိမ်ရှေ့ခြံစည်းရိုးအကွယ်သို့ ရောက်လာ၏။ ဆွမ်းခံအိမ်ရှေ့သို့ရောက်လာပြီဖြစ်၍ သပိတ်အိပ်ထဲမှ သပိတ်ကို ထုတ်ယူ၏။ ထိုတစ်ခဏအတွင်းမှာ အိမ်ထဲက သားအမိတို့ အသံကိုကြားလိုက်သဖြင့် ခြေစုံရပ်၍ နားစွင့်ထားလိုက်မိ၏။
တောအလုပ်သို့သွားခါနီးဖြစ်သော အမေကြီးသည် သမီးကိုမှာကြားနေ၏။ နေ့စဉ်နေ့တိုင်း ပြုနေကျနိစ္စဘတ် ကောင်းမှုတစ်ခု လစ်ဟင်းသွားမည်စိုးသောကြောင့် ကြောင့်ကြောင့်ကြကြ ဖြစ်နေဟန်ရှိ၏။
သမီးရေ အိမ်အတွင်းခန်းထဲက အိုးထဲမှာဆန်ကောင်း သန့်သန့်လေးရှိတယ်နော်။ ကြောင်အိမ်ထဲမှာ ထောပတ် လည်းရှိသေးတယ်။ နွားနို့သည်လာလို့လည်း ၀ယ်ထားသေးတယ်။ ကြောင်အိမ် အောက်မှာလဲ တင်လဲအိုးရှိတယ်။ အဲဒါတွေနဲ့အချိန်မှီအောင် ချက်ထားနော်။ သမီးချက်လို့ ကျက်တဲ့အချိန်နဲ့ အစ်ကိုကြီးလာတဲ့အချိန်နဲ့ အံကိုက်လောက်ပါရဲ့။ သမီးအစ်ကိုကြီးရောက်လာ တဲ့အခါ နေ့တိုင်းလုပ်သလို ရိုရိုသေသေလောင်းနော်ကြားလား။ အေး လောင်းပြီးလို့ အကြွင်းအကျန် ရှိသေးရင်တော့ သမီးပဲစားလိုက်တော့။
ကောင်းပါပြီ အမေ၊ သမီးလုပ်နေကျမို့ လုပ်တတ်ပါတယ်။ ဒါထက်အမေ၊ နေ့လယ်မှာ အလုပ်နားလို့အမေ မောမောပန်းပန်းနဲ့ပြန်လာတော့ကော ဘာစားမလဲ။
ဟဲ့ အဲဒီအတွက်တော့ ဘာကြောင့်ကြနေစရာလိုသေးလဲ။ အခုတော့ အလုပ်သွားဖို့ မနက်စာကလဲ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးနဲ့နယ်စားလို့ ၀မ်းပြည့်နေပြီပဲ။ နေ့လည်စာအတွက်လဲ ကျိုနေကျဆန်ကွဲ လက်တစ်ဆုပ်လောက်ကို ထမနဲကျိုထားလိုက်ပေါ့။ အဲဆန်နည်းလို့ ကျဲနေမှာစိုရင်တော့ ဟင်းရွက်လေးတွေခူးခပ်လိုက်ပေါ့။ ဒီတော့ ထမနဲဖြုန်းစပ်ဖြစ်သွားရော။
အသံအားလံုးကို အရွင္အယ်မိတၱၾကားလိုက္ရ၏။ သောတဒွါရဖြင့် ကြားလိုက်သော စကားသံတို့သည် သောတဒွါရမှာပင် လမ်းဆုံးမသွားကြဘဲ ဟဒယ နှလုံးအိမ်အထိအောင် ရိုက်ခတ်လာကြ၏။
ကြည့်စမ်းအယျမိတ္တ၊ မင်းကိုမင်းသုံးသပ်ကြည့်စမ်း၊ မင်းဒကာမကြီးကတော့ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးဆမ်းပြီး စားလိုက်ရသတဲ့။ အမောတကောနဲ့ တောကပြန်လာတော့လဲ ဖြုန်းစပ်ထမနဲကိုသာ သောက်ရဦးမတဲ့။ သူတို့သားအမိ နှစ်ယောက်က မသေရုံတမည် စားသောက်နေကြပြီး မင်းအတွက်ကျတော့ ဖွယ်ဖွယ်ရာရာလုပ်ထားလိုက်တာ။

ဒါတွေဒါတွေ လုပ်ထားတာက မင်းဆီက လယ်မြေလိုချင်လို့လဲမဟုတ်ဘူး။ မြေကွက်လိုချင်လို့လဲ
မဟုတ်ဘူး။ အစားအစာ လိုချင်လို့လဲ မဟုတ်ဘူး။ အ၀တ်အဆင်
လိုချင်လို့လဲ မဟုတ်ဘူး။ တကယ်တော့ သူလိုချင်တာက လူချမ်းသာ
နတ်ချမ်းသာတွင်မကဘူး။ နိဗ္ဗာန်ချမ်းသာအထိ မျှော်ကိုးပြီး
ပြုစုနေကြတာ။
ဒီချမ်းသာတွေကို မင်းပေးနိုင်ပါ့မလား။ ပေးနိုင်တဲ့ အစွမ်းသတ္တိ မင်းမှာရှိနေပြီလား။ လောလောဆယ် မပေးနိုင်သေးဘူး။ မင့်စိတ်သန္တာန်မှာ ရာဂတွေ၊ ဒေါသတွေ၊ မောဟတွေ မကင်းစင်သေးသမျှမင်း ဒီဆွမ်းကို အလှူမခံထိုက်ဘူး။ မင်းမစားသင့်ဘူး။
ဤသို့ ကိုယ့်ကိုယ်ကို ဆုံးမပြီးလျှင် အရှင်အယျမိတ္တသည် ထုတ်ယူထားသည့် သပိတ်ကိုသပိတ် အိပ်ထဲပြန်သွင်းလိုက်၏။ သွပ်သွင်းထားသော အနားပတ်သီးကို အနားပတ်ကွင်းထဲက ဖြုတ်ပြစ် လိုက်၏။ ထိုနေရာမှပင် နောက်ကြောင်းပြန်လှည့်ကာ ကဿပလှိုဏ်ဂူသို့ ပြန်လာခဲ့၏။ သပိတ်ကို ညောင်စောင်းအောက်မှာ ချထားလိုက်၏။ အပေါ်ရုံသင်္ကန်းကို ၀ါးလုံးတန်းမှာဖြန့်ထားလိုက်၏။

ထို့နောက် အရဟတ္တဖိုလ်ကို မရမချင်း ငါဒီလှိုဏ်ဂူထဲက မထွက်တော့ဘူးဟု စိတ်နုလုံးကိုတုံးတုံးချ ဆုံးဖြတ်ချက်ချကာ ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်း၏။
အရှင်အယျမိတ္တသည်ကား ကာလကြာမြင့်စွာ မမေ့မလျော့နေလာခဲ့၏။ တရားလက်ကိုင် ခိုင်မြဲပြီးသော ရဟန်းတစ်ပါးဖြစ်၏။ ဤအနေတွင် ဆွမ်းအမကြီးများအပေါ် ပြန်လည်၍ကျေးဇူး တုံ့ပြန်လိုသော သမ္မာဆန္ဒဖြင့် ၀ီရိယသမ္ဗောဇ္ဈင်ကို ထက်သန်သည်ထက် ထက်သန်လာအောင် အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းလိုက်လေရာ ဆွမ်းစားချိန်မလွန်သေးသည့် အချိန်မှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။
ထို့နောက်အရှင်အယျမိတ္တသည် လိုဏ်ဂူတံခါးကို ဖွင့်ကြည့်လိုက်ပြီးလျှင် ဆွမ်းခံချိန်မလွန်သေး ကြောင်း သိရှိရသဖြင့် သင်္ကန်းကိုရုံကာ သပိတ်ကို လွယ်လျက် နောက်တစ်ကြိမ်ဆွမ်းခံဝင်၏။ အိမ်မှာ ကျန်ရစ်သည့်သမီးကလည်း အသင့်ချက်ပြုတ် ပြင်ဆင်ထားသည့် ဖွယ်ဖွယ်ရာရာ စားကောင်းသောက်ဖွယ်တို့ကို အစ်ကိုကြီး၏သပိတ်မှာရိုသေလေးမြတ်စွာ လောင်းလှူ၏။
လောင်းလှူရင်းလည်း သူ့အစ်ကိုကြီး၏ တစ်မူထူးခြားနေသည့် အသွင်အပြင်ကို သတိထား၍
ဖူးမြင်နေမိ၏။ အရှင်အယျမိတ္တသည် ခါတိုင်းနေ့များအတိုင်းပင် ချမ်းသာစေကျန်းမာစေဟု တိုတိုတုတ်တုတ်
ဆုပေးကာ ကဿပလိုဏ်ဂူသို့ ပြန်ကြွလာခဲ့၏။
နေ့လည်ခင်းမှာ အလုပ်နား၍ အမေကြီးတောက ပြန်ရောက်ရောက်ချင်း ဘယ့်နှယ့်လဲသမီး၊ သမီးအစ်ကိုကြီးကို ဆွမ်းလောင်းလိုက်ရရဲ့လားဟု မေးလေရာ လောင်းလိုက်ရပါတယ် အမေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတာတွေ တစ်ပါးစာ လုံလောက်အောင် လောင်းလိုက်ရပါတယ်။
ကောင်းပါလေရဲ့အေ။ ဒါနဲ့ညည်းအစ်ကိုကြီးရဲ့မျက်နှာသွင်ပြင်ကော သတိပြုမိလိုက်ရဲ့လား။
ပြုလိုက်မိတာပေါ့အမေရယ်။ အမ့သားကြီးမျက်နှာကလေ ဘယ်တုန်းကနဲ့မှမတူဘူး။ အသွေးရော အသားရော တကယ့်ကို ကြည်နေတာပဲ။ မျက်နှာတစ်ခုလုံးလဲ သိပ်ပွင့်လန်းနေတာပဲ။ အညှာကကြွေကျထားတဲ့ ထန်းသီးမှည့်လိုပါပဲအမေရယ်။ သိပ်ပြီးတော့ ကြည့်ညိုစရာ ကောင်းနေတာပဲ။
ဟုတ်ပြီသမီး ဟုတ်ပြီ။ သမီးရဲ့အစ်ကိုကြီးဟာ ဒီကနေ့ ရဟန်းကိစ္စပြီးသွားပြီ။ သူဟာ သာသနာ့ဘောင်မှာ ရာသက်ပန်ပျော်သွားပြီ။ ဘယ်တော့မှ လူထွက်လာတော့မှာ မဟုတ်ဘူး။ ဤသို့ ရဟန်းမြတ်၏ မယ်တော်ကြီးက ၀မ်းမြောက်ဝမ်းသာ မှတ်ချက်ချလိုက်လေသည်။
ဆွမ်းဒကာဆွမ်းအမတို့အားကျေးဇူးဆပ်ခြင်း ဤ၀တ္ထုခေါင်းစဉ်ကိုဖတ်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဆရာကြီးဦးသုခ၏ ရုပ်သံဇာတ်လမ်းကို ပြေး၍ သတိရမိကြပေလိမ့်မည်။ မှန်ပါသည်။ ဤ၀တ္ထုသည် ထိုရုပ်သံဇာတ်လမ်းထဲက အရန်ဝတ္ထုတစ်ပုဒ်ပင်ဖြစ်နေသဖြင့် ထိုခေါင်းစဉ်အတိုင်း အမှတ်တရ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
ဒီနိကာယ်၊ မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာ အခန်းထဲက ဗောဇ္ဈင်္ဂပဗ္ဗကိုဖွင့်ပြရာတွင် ၀ီရိယ သမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား ၁၁ ပါးထဲက ပိဏ္ဍပါတာပစာယနတာဟူသော အကြောင်းတရားကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် ဤပုံဝတ္ထုဖြင့်ဥပမာပြုထားခြင်းဖြစ်ပါသည်။
ဝဏ္ဏသီရိ
မြတ်မင်္ဂလာ
၂၀၀၃ခုနှစ်၊ ဇန်န၀ါရီလ။