Tuesday, February 10, 2015

ဖြစ် ပျက် ဆိုတဲ့ အသိတရား


ဖြစ် ပျက် ဆိုတဲ့ အသိတရား

ဖြစ်ပျက် ဆိုတဲ့ အသိတရား ဟာ တန်ဖိုးအင်မတန်ကြီးမားပါတယ်။ ဒီ စကားလေးကို ခပ်ပေါ့ပေါ့ ရယ်သွမ်းသွေးပြီး ပြောတာလေးကို ကြားမိပြီး အင်မတန်မှ စိတ်မချမ်းမသာ ဖြစ်မိလို့ ပါ။ စကားကြမ်းလေးနဲ့ ပြောရရင် ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ တရားကိုတရားမှန်းမသိဟာသ နှောပြီးပြောတတ်ကြတယ်။

ရယ်စရာလို့ ထင်တတ်ကြတယ်။ တရားသဖြင့် သော်၎င်း။ မတရားသဖြင့် သော်၎င်း ရထားတဲ့ စည်းစိမ်းချမ်းသာတွေနဲ့ သူတို့ကိုယ် သူတို့  အဟုတ်ထင်ပြီး တရားတော်ကိုပါ အထင်သေး အမြင်သေးစိတ်တွေထားတတ်ကြတယ်။ ကံအကြွင်းအကျန်လေးကို သုံးဆောင်ပြီး ချမ်းသာ နေတာကို အဟုတ်မှတ်လို့  တရားဆိုတာ ငွေလောက်တန်ဖိုးမရှိဘူးလို့  တွေးချင်ကြတယ်။

တရားအကြောင်းရေးတာကိုလည်း ရယ်စရာ တစ်ခုလို့  ထင်မြင်နေတယ်။ တရားနဲ့စပ်ဆိုင်ပြီး ပြောဆိုတာကိုလည်း ဟာသ တစ်ခုလို ပြုံးရယ်ပြီး ဥပေက္ခာ ပြုကြတယ်။ဒါကြောင့်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်နဲ့ တကွ အရိယာ သူတော်စင်တို့ ဟာ ပုထုဇဉ် အရိုင်း အစိုင်းတွေကို ဂရုဏာထားလို့  သနားတော်မူကြတာပါပဲ။

ဖြစ်ပြီးတော့ ပျက်သွားတာပဲ မလား ဆိုတဲ့ စကားကိုရယ်သွမ်းသွေးပြီး ပြောတာကို ကြားလိုက်ရတဲ့ ခဏ တရားတော်ကို မထီလေးစား ပြောလေခြင်းလို့  အလိုမကျတဲ့စိတ်ဖြစ်မိပါတယ်။ တရားမသိတဲ့ အရိုင်းအစိုင်းပါလားလို့  သနားမိပါတယ်။ သူ့ ရဲ့ မထင်မှတ်ပဲပြောလိုက်တဲ့စကားဟာ သူ့ အပေါ်မှာ ဓမ္မ ရဲ့ အန္တရာယ် ဖြစ်စေတယ် ဆိုတာ သူမသိရှာဘူး။

ဖြစ်ပျက် ဆိုတာ ခန္ဓာ မှာတကယ်ဖြစ်ပြီးတကယ်ပျက်တာကို  တကယ် ဥာဏ်နဲ့ ဆင်ခြင်နိုင်ရင် တန်ဖိုးရှိတဲ့ အသိတရားဖြစ်ပါတယ်။ပါးစပ်က ပြောရုံနဲ့ ပြောပြီး ခန္ဓာ မှာ ဘယ်ဟာ ဖြစ်လို့  ဘယ်ဟာ ပျက်မှန်းမသိရင် သူသိတဲ့ အသိဟာ အလကားအသိပဲ ဖြစ်နေပါတယ်။ ခန္ဓာ မှာ ဖြစ်တာ ပျက်တာကို သိမှ တန်ဖိုးရှိတဲ့ အသိဖြစ်မှာပါ။

ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ ဖြစ်ပျက် ဆိုတဲ့ အသိကို ငွေနဲ့ လဲ လို့ ရရင် သူများက ငွေပေးရင်တောင် လဲ ပစ်မယ့် သူတွေဖြစ်ပါတယ်။ တစ်ဆယ်ဆိုလည်း လဲမှာပဲ။ တစ်ရာဆိုလည်း လဲမှာပဲ။ တစ်သိန်းဆိုရင် ပိုလို့ တောင် လဲ မယ့်သူတွေပါ။

အရိယာ သူတော်ကောင်းတွေအတွက်ကတော့ ဖြစ်ပျက် ဆိုတဲ့ အသိတရားကို သိန်းတစ်ရာနဲ့လည်း မလဲပါဘူး။ သိန်းပေါင်း သောင်းဂဏန်းချီပြီးပေးလည်း လဲ မှာ မဟုတ်ပါဘူး။ဘာဖြစ်လို့ လဲ ဆိုတော့ ဖြစ်ပျက်ရဲ့တန်ဖိုးက ငွေနဲ့လဲလို့ တန်ဖိုးဖြတ်လို့  မရနိုင်အောင် တန်ဖိုးကြီးမားတယ် ဆိုတာ အရိယာတွေပဲ သိပါတယ်။

ခန္ဓာ ရဲ့ ဖြစ်ပျက်ကို ဥာဏ်နဲ့ သိဖို့ ရာမှာ ငွေနဲ့ ဝယ်လို့ မရနိုင်ဘူး။ မရေမတွက်နိုင်သော ငွေတွေ ပုံပေးပြီး ၀ယ်လည်း မရနိုင်ပါဘူး။ငွေပေါင်းသိန်းပေါင်းသောင်းချီပြီး မရေမတွက်နိုင်သော ဒါန ကိုပြုထားသူနဲ့ ခန္ဓာ ဖြစ်ပျက်ကိုမြင်ထားတဲ့သူဟာ နှိုင်းယှဉ်လို့ မရအောင်ကို တန်ဖိုးခြင်း ကွာခြား သွားပါတယ်။ စားစရာမရှိတဲ့ လူတစ်ယောက်ဖြစ်ပါစေ  ဖြစ်ပျက် တချက်မြင်တဲ့ပုဂ္ဂိုလ်ဟာ စကြာဝတေး မင်းထက်ကို မြင့်မြတ်ပါတယ်။


မရေမတွက်နိုင်သော ကုန်ကျမှူတွေနဲ့ ကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား သေခါနီး တဲံ့အခါ ဝေဒနာ   ခံစားရလို့  ဒေါသ ဖြစ်မယ်။ ဝေဒနာက သက်သာချင်လို့  လောဘ ဖြစ်မယ်။ ဘယ်လို ဝေဒနာမှန်းမသိ ခံစားနေရပါလားဆိုပြီး မောဟ ၀င်မယ်။ အဲ့ဒီ ကိလေသာတွေနဲ့ ဇောတွေကပ်ပြီးသေရင် လောဘ နဲ့သေ ပြိတ္တာပြည်။ ဒေါသ နဲ့သေ တိရိစ္ဆန်ပြည်။ မောဟနဲ့ သေ ငရဲပြည်။ စသဖြင့် ရောက်ရလိမ့်မယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောခဲ့သလို အရိယာသူတော်ကောင်း အပေါင်းတို့ ကလည်း ဟောခဲ့ ပြီးသားဖြစ်ပါတယ်။ လူ အယောက် တစ်သိန်းသေလို့  လူတစ်ယောက် ပြန်မဖြစ်ဘူး တဲ့ ။ ဘုရားရှင် ကိုယ်တိုင်က ပြောတာကို မယုံဘူးဆိုရင်တော့လည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ အရှင်းကြီးပါ။ သေခါနီး မှာ ဝေဒနာ ခံစားရရင် ဖြစ်ပေါ်လာတဲ့ဝေဒနာကြောင့် လောဘ ဒေါသ မောဟ တွေ ၀င်ပြီးသေကြလို့ ပါပဲ။

အရိယာသူတော်ကောင်းတွေကတော့ လောဘ ၀င်ဝင် ဒေါသ ၀င်ဝင် မောဟ ၀င်ဝင်။ လောဘ ကိုလောဘမှန်း သိတယ်။ ငါ သက်သာချင်တယ်လို့ မဖြစ်ဘူး။ သက်သာရင်တော့  ကောင်းမှာပဲလို့ တွေးတော့တွေးတယ်။ ငါ ဆိုတဲ့ ဒိဌိ မပါဘူး။ မသက်သာတဲ့ အတွက်ကြောင့်လည်း အကြောင်းကြောင့် အကျိုးပဲလေ လို့ တွေးတယ်။

ဝေဒနာ ဆိုးကြီးကိုခံစားနေရပါလားလို့ တွေးပြီး ငါ့ကျမှ ဖြစ်ရလေခြင်းလို့  မတွေးဘူး။ ငါ ဆိုတာ မပါဘူး။  ဒီဝေဒနာ တော်တော်ဆိုးပါလားလို့ တွေးတော့တွေးမယ်။ခန္ဓာ ရှိခြင်းကြောင့် ခန္ဓာ ရဲ့ အိုခြင်းသဘောနာခြင်း သဘောပါပဲလို့ တွေးတယ်။ အတွေးခြင်းကိုမတူတာပါ။ဒေါသ ကိုဒေါသမှန်း သိတယ်။

မောဟ ကိုမောဟမှန်း သိတယ်။ ဒါ အောက်မဂ်နှစ်ပါးကိုရထားပြီးတဲ့ သောတာပန်နဲ့ သကဒါဂါမ် အရိယာတွေမှာ ဖြစ်နိုင်သေးတဲ့ သေခါနီး ကိလေသာတွေဖြစ်ပါတယ်။ အရိယာ ဖြစ်လေသော ကြောင့် ငါ ဆိုတဲ့ ဒိဌိ ကို ပယ်သတ်ပြီး ဖြစ်တဲ့အတွက် အောက် သံသရာကို လည်ပတ်စရာ မရှိတော့ပါဘူး။

ပုထုဇဉ် အရိုင်းအစိုင်းတွေ အတွက်ကတော့ သိန်းပေါင်းမြောက်များစွာ မရေမတွက်နိုင်အောင် လှူဒါန်းပေးကမ်းသော်လည်း သေခါနီး ဝေဒနာ ခံစားတဲ့အခါ ငါ ဒါန တွေ အများကြီးပြုပါရဲ့နဲံ ငါ့ ကျမှ
ဘာလို့ ဒီလိုဖြစ်ရတာလဲ ဆိုတဲ့အတွေးတွေ ၀င်တတ်ပါတယ်။ဝေဒနာ က လွတ်မြောက်ချင်တဲ့ လောဘ၊ ဝေဒနာကိုမခံစားနိုင်တဲ့ ဒေါသ စသဖြင့် ဖြစ်ပေါ်ပြီး သေပွဲ ၀င်၊ အပါယ်လေးပါးကို သံသရာလည်ရပါတယ်။

သေခါနီး ခံစားရတဲ့ဝေဒနာ ဆိုးကြောင့် လောဘ နဲ့သေပြီးပြိတ္တာ ဖြစ်သော်လည်း ပြုခဲ့တဲ့ ဒါန အားလေး ကောင်းလွန်းတော့ ပြိတ္တာ ဖြစ်တာတောင် အလွန် တရာချောမောလှပတဲ့ပြိတ္တာ ဖြစ်ရတယ်။ ကာမဂုဏ်အာရုံတွေ ခံစားရတယ်။ ဒါက ကုသိုလ်ရဲ့ အထောက်အပံတွေပေါ့။ တိရိစ္ဆာန်ဖြစ်ရင်လည်း ဆင်ဖြူတော်တို့လို  ရွှေနဂါးတို့ လို အကုသိုလ် မှာ ကုသိုလ်လေးနှောပြီး သူတစ်ပါးထက်တော့သာလွန်တာပေါ့။

အကယ်၍များ ပုထုဇဉ် အရိုင်းအစိုင်းပေမယ့် ခန္ဓာ ငါးပါးအကြောင်းလေး လေ့လာထားပြီး ခန္ဓာ ရဲ့ဖြစ်ခြင်း ပျက်ခြင်းကို ရှူမှတ်ဖူးလို့  အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာလေး ကိုလေ့လာခဲ့ ဖူးပါတယ်ဆိုရင်တော့ သေခါနီး ဝေဒနာ ခံစားရတဲ့အချိန်မှာ သတိလက်လွတ်နဲ့လောဘတွေ ဒေါသ တွေ ဘယ်လောက်ပဲ ၀င်နေပါစေ ဖြတ်ခနဲ့ သတိရပြီး ခန္ဓာ ရဲ့ ဖြစ်ခြင်း ပျက်ခြင်းလေးပါလားလို့  ဖြစ်ပျက်လေး တစ်ချက်လောက် အသိ ၀င်လိုက်မယ်ဆိုရင်တော့ နောက် ဘ၀ ဆိုတာ အပါယ် သံသရာ မဖြစ်ပဲ သုဂတိဘုံမှာ စံရမှာ သေချာပါတယ်။

ဒီ အသိ တရား ဟာ ပေါ့ပေါ့ တန်တန် သိထားရမယ့် အသိတရားမဟုတ်ဘူး။ တကယ်လေးလေး နက်နက် သိထားရမယ့် အသိတရားတခုပါ။ ပုထုဇဉ် အရိုင်းအစိုင်းတွေ အတွက် သေခါနီးမှာ အဲ့ဒီ အသိလေး ၀င်ဖို့  သိတ်ကိုအရေးကြီးလှပါတယ်။ ပုထုဇဉ် အရိုင်းအစိုင်းဆိုတာ ကိလေသာ တစ်ပါးမှ မပယ်ရသေးသူမှန်သမျှ အရိုင်းအစိုင်းတွေကြီူးပါပဲ။ သူ့ မှာ ငါဆိုတဲ့ အားကြီးတဲ့ သက္ကာယ ဒိဌိကြီးက ကြီးစိုးနေလို့  အရိုင်းအစိုင်းပဲ ဖြစ်နေတာပါ။

ကုသိုလ်တွေ အများကြီး ပြုလုပ်ထားပါလျှက်နဲ့ အပါယ်သံသရာ မှာကျင်လည်ရတယ် ဆိုတာ တော်တော်ကိုနစ်နာ တဲ့ကိစ္စပါ။  ကုသိုလ် လုပ်ပါလျှက် နဲ့  ကုသိုလ် အကျိုးပေးကိုမခံစားရတာ ဒိဌိကြောင့်ပဲဖြစ်ပါတယ်။ငါ လှူတယ် ဆိုတဲ့ အစွဲဟာ အကုသိုလ် ဖြစ်တယ်ဆိုတာ သိပြီး  လှူလိုက် ရတယ် ဆိုတာကိုပဲ စိတ်က ခံစားမှသာ ကုသိုလ် အပြည့်အ၀ ဖြစ်တယ် ဆိုတာကိုသိထားဖို့ အရေးကြီးပါတယ်။

ဖြစ်ပျက် ဆိုတဲ့အသိတရားကို ဆင်ခြင်နိုင်ရင် သိနိုင်ရင်  သိန်းပေါင်းမြောက်များစွာ လှူဒါန်းထားတဲ့ သူထက်သာလွန်မြင့်မြတ်တယ်ဆိုတာ  ချစ်ခင်လှစွာသော ဘလော့ဂါ မောင်နှမများနှင့်တကွ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ကို အသိတရားတခု မျှဝေလိုက်ပါတယ်။

ဖြစ်ပျက်တို့ ရဲ့ အဆုံးဖြစ်တဲ့ နိဗ္ဗာန် ကို အရောက်လှမ်းနိုင်ကြပါစေ

*****တတိယမြောက်သမီးတော်*****