Monday, February 9, 2015

အဆိပ်သင့်သူ


အဆိပ်သင့်သူ

မီးဗျို့ မီး မီး ။

ကျယ်လောင်စူးရှသော အသံက ဆူးပုတ်ကုန်းရွာလေး၏ သာယာသော ညချမ်းကို ဖျက်စီးလိုက် သည်။ တစ်ရွာလုံး ယောက်ယက်ခတ်နေကြသည်။ ရွာရှိ လူငယ် လူလတ်အားလုံး မီးလောင်ရာသို့ ဦးတည် ပြေးလွှားလျက် အမျိုးသမီးများက တွေ့ရာရေပုံး ရေအိုးများ ဆွဲပွေ့ကာ နောက်က အပြေးလိုက်ကြသည်။

 “မြောက်ပိုင်းကပဲ။”
“ဘယ်သူ့အိမ်လဲ မသိဘူး။”
“ဦးဘလှိုင်အိမ်တဲ့။”
“ဟယ် ဦးဘလှိုင်တော့ ဒုက္ခပါပဲ။”
ပြေးရင်းလွှားရင်း တစ်ယောက်တစ်ပေါက် ပြောဆို နေသံများဖြစ်သည်။

အိမ်ကြီးကား မီးလောင်နေဆဲ ရွာသားများမှာ မီးအားကောင်းလွန်း၍ အနားမကပ်နိုင်ကြ။ ရေနံဝနေသော အိမ်ကြီးမို့ ပိုဆိုးသည်။ ထူးခြားစွာလေငြိမ်နေ၍တော်သေးသည်။ မီးညွှန့်က အထက်သို့ သာ ဆန်နေ၏။

တဖြည်းဖြည်း မီးညွှန့်ကျလာသည်။ ရပ်ကြည့်နေသူများလည်း အခုမှသက်ပြင်းချနိုင်ကြတော့သည်။ မီးအားကောင်းနေချိန်၌ လေငြိမ်နေသည်မှာပင် အဆိုးထဲမှ အကောင်းဖြစ်သည်။ သူ့တစ်အိမ် တည်းသာ လောင်သည်။ သို့မဟုတ်လျှင် တစ်ရွာလုံး၏ ကံကြမ္မာသည် တွေးရဲစရာမရှိ။

 “ဦးဘလှိုင်ကြီး ကံဆိုးလိုက်တာ။”
 “ဟုတ်တယ်နော်။”
 “ဒီလောက် ကောင်းတာတွေလုပ်ထားတဲ့သူက ဒီလောက် ကံဆိုးရတယ်လို့။”
မီးငြိမ်း၍ပြန်သွားသူ လူအုပ်ကြီးထံမှ ပြောဆိုဝေဖန်သံများဖြစ်သည်။

ပြောလည်း ပြောစရာပင်။ ဦးဘလှိုင်သည် ဆူးပုတ်ကုန်း ရွာကလေး၏ ရွာမျက်နှာဖုံးဖြစ်သည်။ ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင် အလွန်ဝါသနာပါ၍ အများအကျိုးကို မနားမနေ ဆောင်ရွက်သူလည်း ဖြစ်သည်။

ဘာသာရေး၊ လူမှုရေးပွဲများဆိုလျှင် ဦးဘလှိုင်မပါလျှင် မပြီး။ ကိုယ်တိုင်ပြုလုပ်သကဲ့သို့ သူတစ်ပါးကိုလည်း နားဝင်အောင်နှိုးဆော်နိုင်သူဖြစ်သည်။ ထိုမျှအကြောင်းတရားကောင်းပါလျက် အဘယ်ကြောင့် အကျိုးတရားများ ဆိုးဝါးနေပါသနည်း။
----------------------------------

လွန်ခဲ့သော နှစ်နှစ်တာကာလ ထိုနှစ်က ဆူးပုတ်ကုန်းရွာကလေးတွင် ရွာဦးဘုန်းတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဈာပနကိစ္စပြီးသောအခါ နောက်ထပ်သံဃာတစ်ပါး ပင့်ဆောင် ရေးမှာ အခက်အခဲဖြစ်နေသည်။

ထိုအခါ ကျေးရွာရှိလူကြီးများအားလုံး စုဝေးညှိနှိုင်းပြီးနောက်ထပ် သံဃာမရောက်လာမှီ ကျောင်း အဆောက် အအုံကို ရွာရှိလူငယ်များက တစ်ညလျှင်နှစ်ဦး အလှည့်ကျ တာဝန်ယူ စောင့်ရှောက်ရန်နှင့် ပရိဘောဂများကို ရွာတွင်းရှိ ဦးဘလှိုင်အိမ်သို့ ခတ္တရွေ့ပြောင်းထိန်းသိမ်း ထားနှင့်ရန် စီစဉ်ကြသည်။ ဦးဘလှိုင်၏ အိမ်ကြီးမှာ ကျယ်ဝန်းသည့်အပြင် မိသားစု နည်းသောကြောင့် ပစ္စည်းများ ထိန်းသိမ်းထားရန် အသင့်လျော်ဆုံးဖြစ်သည်။

ရွာနီးချုပ်စပ် ဆရာတော်များ၏ ပံ့ပိုးမှု ကျေးရွာလူကြီးများ၏ ကြိုးပမ်းမှုဖြင့် ၀ါဝင်ခါနီးတွင် သံဃာတစ်ပါး ကိုးကွယ်ခွင့်ရကြသည်။ ဦးဘလှိုင်အိမ်၌ ထိန်းသိမ်းထားသော ပစ္စည်းများကိုလည်း ကျောင်းသို့ပြန်ရွေ့ကြရပြန်သည်။

ထိုအခါ မထင်မှတ်စရာတစ်ခုက အံ့သြစရာ ဖြစ်လာသည်။ ဦးဘလှိုင်အိမ်မှ ပြန်သယ်လာသည့် ပစ္စည်းများသည်စုံစုံလင်လင် မဟုတ်တော့။ အဖိုးတန် ကော်ဇောများနှင့် ပန်းကန်ခွက်ယောက် အချို့ပါမလာသည်ကို တွေ့ရသည်။

ဦးဘလှိုင် အပေါ်ယုံကြည်မှုဖြင့် စာရင်းမပြုစုလိုက်ကြသောကြောင့် ထိုကိစ္စကို ရွာလူထုများ မသိလိုက်ကြ။ သိကြသူ လူကြီးပိုင်းတစ်ချို့ကလည်း ဦးဘလှိုင်၏ သိက္ခာကို ငဲ့ကွက်ထောက်ဆ၍ ဖုံးဖိထားလိုက်ကြသည်။

ထိုနေ့မှစ၍ ဦးဘလှိုင်တစ်ယောက် ရွာဦးကျောင်းသို့ အလာကျဲသွားသည်။ လုပ်ဖော်ကိုင်ဖက် လူကြီးများက ဣနြေ္ဒမပျက်အခေါ်အပြောလုပ်သော်လည်း နေမကောင်းလို့ မအားလို့ဟူသော ဆင်ခြင်များဖြင့်သာ ရှောင်ဖယ်နေတော့သည်။ ရွာသူရွာသားများကမူ လက်ရှိကျောင်းထိုင် ဆရာတော်ကို မကြည်ညို၍သာ ဦးဘလှိုင် တစ်ယောက် ကျောင်းသို့ မလာခြင်းဟု ထင်ကြေးပေးကြသည်။

ဦးဘလှိုင်လေဖြတ်လို့ ဟူသောသတင်းက တစ်ရွာလုံး ပျံ့နှံ့သွားသည်။ အဖျားအနာမရှိဘဲ ရုတ်တရက် လေဖြတ်သွားခြင်းဖြစ်သည်။ စကားလည်း ပီပီသသမပြောနိုင်။ ၀ူးဝူးဝါးဝါး ဖြစ်နေ တော့သည်။ ကောင်းနိုးရာရာ ဆေးဝါးများဖြင့်ကုသပါသော်လည်း မထူးခြား။

သူ့လုပ်ဖော်ကိုင်ဖက်များ လူနာမေးလာလျှင် ရီဝေစွာ ကြည့်နေတတ်သည်မှတစ်ပါး ဘာမျှ မပြောနိုင်တော့။ ဖွင့်ဟ၀င်ခံရန် ခက်ခဲသောနောင်တ အမှားတစ်ခုက သူ့အား နှိပ်စက် ခဲ့လေပြီ။ တစ်နှစ်ကျော်ကာလအတွင်း ဆိုးဝါးသော လောကငရဲကို မပြောင်းသာ မရွေ့သာအိပ်ယာထက်၌ ခါးသီး စွာ ခံနေရလေသည်။
------------------------------


တစ်ညတွင် အိမ်ရှိလူများအပြင်သွားခိုက် ဦးဘလှိုင် တစ်ယောက် အိပ်ယာထက်မှာကျန်ခဲ့သည်။ အိမ်သားများမရှိလျှင် လူနာအားငယ်မည်စိုး၍ ရေနံဆီမီးခွက် ထွန်းထားခြင်းဖြစ်သည်။ ထိုရေနံဆီ မီးခွက်က တစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်လေသည်။

မီးတောက် အားကောင်းလုဆဲဆဲတွင် ဦးဘလှိုင်ကို ခက်ခဲစွာ ဆွဲထုတ်ကြရသည်။ ပစ္စည်းများမှာ ကိုယ်ပေါ်မှ အ၀တ်အထည်မှ တစ်ပါး အားလုံးမီးထဲ ပါသွားသည်။ မီးလောင်ပြီး သုံးရက်အကြာတွင် ဦးဘလှိုင်တစ်ယောက် ဆုံးပါးသွားရှာသည်။

အကြောင်းကင်းသော အကျိုးဟူသည်မရှိ။ ဦးဘလှိုင်၏ မှားယွင်းစွာပြုခဲ့မိသော အမှားတစ်ခုက ကြီးမားသော ဒုက္ခကို ပေးစွမ်းခဲ့လေသည်။ ဦးဘလှိုင်၏ အကုသိုလ်ကံများသည် ဒီဘ၀ ဒီမျှနှင့် ရပ်တန့်ပါစေတော့ ဟူ၍သာ။

မောင်နွေထွန်း (ပေါက်ခေါင်း )
မြတ်မင်္ဂလာ
၂၀၀၁ခုနှစ်၊ ဇန်န၀ါရီလ။