သုဂတိလက်မှတ် ၀ယ်ထားကြသူများ
သတ္တ၀ါများရောက်နေရသည့်
ဘုံဘ၀ ဖြစ်နေရသည့် ဘုံဘ၀ကို ဂတိဟုခေါ်သည်။ ထိုဂတိသည် မကောင်းသော ဒုဂ္ဂတိ၊ ကောင်းသော သုဂတိဟုနှစ်မျိုးရှိသည်။
အပါယ် (၄) ဘုံကို ဒုဂ္ဂတိခေါ်၍ လူ့ဘုံ၊ နတ်ဘုံ ဗြဟ္မဘုံကိုသုဂတိဟုခေါ်သည်။
အပါယ်(၄)ဘုံသည် လူ နတ် ဗြဟ္မာတို့ကို ထောက်သော် စား ၀တ် နေရေးများ အောက်တန်းကျသောကြောင့်လည်းကောင်း ရောက်နေချိန်မှာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်ခွင့် မရှိသောကြောင့်လည်းကောင်း၊ ကောင်းမှု ကုသိုလ်တို့ကို ပြုလုပ်ခွင့် နည်းပါးသောကြောင့်လည်းကောင်း အောက်တန်းကျသောဘ၀များ
ဖြစ်သဖြင့် ဒုဂ္ဂတိအမည် ရကြသည်။
လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့ကား အပါယ် (၄)ဘုံကိုထောက်၍ အရာရာမှာပြည့်စုံသော ဘ၀များ ဖြစ်သောကြောင့်လည်းကောင်း၊ မဂ် ဖိုလ် နိဗ္ဗာန်ကို ရယူနိုင်ခွင့်ရှိသောကြောင့်လည်းကောင်း ကုသိုလ်ကောင်းမှုအားလုံးကို ပြုလုပ်နိုင်ခွင့် ရယူနိုင်သောကြောင့်လည်းကောင်း အဆင့်မြင့်သော ဘ၀များဖြစ်သဖြင့် သုဂတိအမည်ရကြသည်။
ဒုဂ္ဂတိဘုံသည် ဒုစရိုက်သမားတို့၏ ကျင်လည်ရာဘုံဖြစ်သည်။ ဒုစရိုက်လုပ်ငန်းများသည် ဒုဂ္ဂတိ ဘ၀များသို့ရောက်အောင် ပို့နိုင်သော ဒုဂ္ဂတိလက်မှတ်များဖြစ်သည်။ ဤဒုဂ္ဂတိ သုဂတိ လက်မှတ် နှစ်မျိုးတွင် မိမိတို့ဝယ်ယူနေသည့် လက်မှတ်များသည် မည်သည့် ဂတိသို့ပို့ပေးမည့် လက်မှတ်များ ဖြစ်နေသည် ဆိုတာကို မိမိကိုယ်တိုင်သာဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သည့် အသိပညာမှန်ကိုသာ ရှေးရှုဦးတည်၍ လမ်းစအနည်းငယ်မျှတင်ပြပါသည်။
၁။ အပိုလာဘ်မစားဘဲ အများအကျိုးကိုသာ သယ်ပိုးသူများ။
၂။ ၀ယ်ယူစားသုံးသူများ မနစ်နာရအောင် မှန်ကန်စွာစီးပွားရှာကြသူများ။
၃။ သူတစ်ပါးကို ဒုက္ခရောက်စေသည့် ပညာပြ နှိပ်စက်နည်းကို မသုံးသည့်သူများ။
၎။ ကျေးဇူးကန်းသည့် အလုပ်မျိုးမလုပ်ဘဲ တုံ့ပြန်ကျေးဇူးဆပ်တတ်သူများ။
၅။ မိဘ ဆရာ ရဟန်း သံဃာတော်များအား ရိုသေလေးစားတတ်ကြသူများ။
၆။ ငါးပါးသီလကို လုံခြုံအောင် ထိန်းသိမ်း ကျင့်သုံးသူများ။
၇။ စွန့်ကြဲ ပေးကမ်း လှူဒါန်းရေး၌ ၀ါသနာပါသူများ။
၈။ အပြစ်ရှိသောလုပ်ငန်းများ ပြုလုပ်ရာမှာ ရှက်တတ်ကြောက်တတ်သူများ။
၉။ သတ္တ၀ါအားလုံးအပေါ်၌ ကိုယ်ချင်းစာစိတ် မျှတစိတ်ထားကြသူများ။
၁၀။ အချုပ်အားဖြင့် ကုသိုလ်သုစရိုက်လုပ်ငန်းများ စုဆောင်းနေသူများ။
အချိန်ရှိသမျှ ကုသိုလ်ရဖို့အရေးကိုသာ အာရုံစိုက်၍ ကုသိုလ်ရှာနေကြသူများသည် သုဂတိ လက်မှတ် လက်ဝယ်နေသူများဖြစ်သည်။ ပိဋကကျမ်းစာများက ကောင်းမှုကုသိုလ်ကို ရယူနေသူ များသည် ကောင်းကျိုးပေးမည့် သုစရိုက်လုပ်ငန်းများကို ပြုနေသောကြောင့် မိမိ၏အကျိုးစီးပွားကို ရယူနေကြသူများဖြစ်သည်။ သုဂတိဘုံသို့ရောက်မည့်သူများဖြစ်သည်။ ပိတ်နေသောသုဂတိဘ၀ တံခါးကို ဖွင့်ရန် သော့ရထားသူများ ဖြစ်သည်ဟု အတိအကျဖွင့်ပြထားသည်။
လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ
၁။ လူ့ဘုံ။ ။ လူတို့နေရာဖြစ်သောဘုံကိုလူ့ဘုံ ဟုခေါ်သည်။ ပိဋကတ်ကျမ်းစာများ၌လူ့ဘုံကို မနုဿဘူမိ ဟုပြဆိုထားသည်။ မနုဿ = ပါဠိစကား၏အနက်အဓိပ္ပါယ်ကိုလည်း အောက်ပါအတိုင်း ပါဠိနည်းအရဟောပြချက်နှင့်လျော်ညီစွာဖွင့်ပြလေသည်။
က။ ကုသိုလ်မှန်း၊ အကုသိုလ်မှန်းကိုခွဲခြားပြီး သိနားလည်သူမှ လူ = မနုဿ။
ခ။ အကြောင်းအရာမှန်သမျှကိုဆင်ခြင်တိုင်းထွာတတ်မှ လူ = မနုဿ။
ဂ။ အပြစ်ကင်းမကင်း၊ အကျိုးရှိမရှိကိုခွဲခြားသိတတ်မှ လူ = မနုဿ။
ဃ။ အလုပ်ကိစ္စဆောင်ရွက်ရာမှာ ထက်မြက်သောစိတ်မျိုးရှိမှ လူ = မနုဿ။
မိမိရထားသော လူ့ဘ၀၏တန်ဖိုးရှိပုံမြင့်မြတ်ပုံကို သိနားလည်တတ်သောဉာဏ်ရှိသူတိုင်းသည် လူဟူသော စကားလုံး၏အနက်အဓိပ္ပါယ်တို့ကို အထူးစဉ်းစားထိုက်ပေသည်။ လူတွေထဲမှာ လူရယ် လို့ဖြစ်ခဲ့ရလို့ လူလို့ငါ့ကိုခေါ်နေကြတာလား။ ဖော်ပြထားတဲ့အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံသူ ဖြစ်လို့ လူလို့ ခေါ်ကြတာလားလို့ သုံးသပ်သင့်ပါသည်။ ဖြစ်ရဦးမည့်ဘ၀များကို ပြတ်အောင် ဖြတ်နိုင်သော တရားကို ရေသေးသမျှဖြတ်ကျော်ရမည့်ဘ၀တွေ ငါ့မှာရှိနေသေးကလားဟု အသိ တရား ၀င်လာ ခဲ့လျှင် သုဂတိဘ၀ကူးလက်မှတ်ကို ၀ယ်ယူသူတစ်ယောက်ဖြစ်နိုင်သည်။ ဒုဂ္ဂတိဘ၀၏ ဆင်းရဲမျိုးစုံကို အမှန်သိနားလည်သူသည် အပါယ်လက်မှတ်ကို ၀ယ်လိုစိတ်မရှိနိုင်ပါ။ သုဂတိ လက်မှတ်ကား ကုသိုလ်သုစရိုက်များတည်း။ အပါယ်လက်မှတ်ကား အကုသိုလ် ဒုစရိုက်များတည်း။
၂။ နတ်ဘုံ ။ ။ လူတွေခံစားတွေ့ကြုံအပ်သော လူ့စည်းစိမ်။ လူ့ကာမဂုဏ်အာရုံတို့ထက် အရာရာမှာ သာလွန်တောက်ပြောင် မြင့်မားသော ကုသိုလ်ကံအဟုန်ကြောင့် ဘွားခနဲ ကိုယ်ထင်ရှား ဖြစ်ကြရသော နတ်တို့၏ နေရာဘုံတို့ကို နတ်ဘုံဟုခေါ်သည်။ နေရေးအတွက်နေစရာဗိမာန်ကို ကံကပင်ဖန်တီးပေးသည်။ စားရေးအတွက်နတ်သုဒ္ဓါကို ကံကပင်စီမံပေးသည်။ ၀တ်ရေးအတွက် အဆင်တန်ဆာမှန်သမျှကို ကံကပင် စီမံပေးသည်။ နတ်သားများ အသက်နှစ်ဆယ်အရွယ် နတ်သမီးများ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ပင်ကိုယ်အလှမပျက် ၀တ်ဆင်ထားသော အ၀တ်များ၊ ပန်ဆင်ထားသောပန်းများမညှိုးမနွမ်း အမြဲတမ်း လန်းဆန်းတောက်ပြောင်လျက်ပင် ရှိကြသည်။
၃။ ဗြဟ္မာ့ဘုံ ။ ။ ဈာန် အဘိညာဉ်ကို ရကြသူများဖြစ်သဖြင့် အသက်တမ်းရှည်ကြာစွာ ချမ်းချမ်းသာသာ နေရခြင်းစသော ထူးခြားသောဂုဏ်များဖြင့် လူတွေ နတ်တွေထက် အဆင့်အတန်း ကြီးကျယ်မြင့်မြတ်သောသူများကို ဗြဟ္မာဟုခေါ်သည်။ ထိုဗြဟ္မာတို့၏နေရာဘုံသည် ဗြဟ္မာ့ဘုံ မည်၏။ ဗြဟ္မာတို့၏ဗိမာန် ပဒေသာပင် ဥယျာဉ်စသော အသုံးအဆောင်များကား နတ်တို့ထက် အဆပေါင်းများစွာ ခမ်းနားကြီးကျယ်လှသည်။ ဗြဟ္မာ့ဘုံသို့ဈာန်ကို ရထားသူများမှ ရောက်နိုင်သည်။ လူတွေ နတ်တွေကဲ့သို့ အစားအစာကိုစားသုံး၍ အသက်ရှည်ကြသည်မဟုတ်။ ဈာန်သမာပတ်တို့ကို ၀င်စား၍ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာခေါ် ဗြဟ္မ၀ိဟာရတရားများကို အချိန်ရှိသမျှ ပွားများလျက် ဖြစ်ပေါ်လာသော ကျေနပ်မှုပီတိဖြင့်သာ နေကြရသည်။
ဗြဟ္မ၀ိဟာရတရားဟူသည် ဈာန်သမာပတ်ကိုရပြီးသော ဗြဟ္မာတို့၏ နေကြောင်းတရားများ ဖြစ်သည်။ ဗြဟ္မာ့ဝိဟာရတရားတို့ကိုသာ အချိန်ပြည် ပွားများအားထုတ်နေကြသော ဗြဟ္မာကြီး များသည် ကိလေသာအပူ ကင်းစင်ပြီးသော ယောဂီပုဂ္ဂိုလ်ကြီးများကဲ့သို့ အလွန်သန့်ရှင်း စင်ကြယ်စွာ နေကြပေသည်။ ဗြဟ္မာကြီးများသည် ကမ္ဘာနှင့်ချီ၍ အသက်တမ်းရှည်ကြာကြသည်။
ချမ်းသာသုံးမျိုးနှင့်ကုသိုလ်ကောင်းမှု
ထေရ၀ါဒပိဋကတ်ကျမ်းစာများ၌ ချမ်းသာသုခကို အောက်ပါအတိုင်းသုံးမျိုးဟုဖော်ပြထားသည်။
၁။ လူချမ်းသာ ။ လူဖြစ်ရခြင်း၊ လူ့စည်းစိမ်ကို ခံစားရခြင်း။
၂။ နတ်ချမ်းသာ = နတ်ဖြစ်ရခြင်း၊ ဗြဟ္မာဖြစ်ရခြင်း၊ နတ်စည်းစိမ်ကိုခံစားရခြင်း။
၃။ နိဗ္ဗာန်ချမ်းသာ = ဘ၀ဒုက္ခအားလုံးချုပ်ငြိမ်းခြင်း ( သန္တိသုခ )။
ဤချမ်းသာများကို ကောင်းမှုကုသိုလ်ပြုသူစုဆောင်းသူများသာ ရနိုင်သည်။ သုဂတိဘုံများ၌သာ ဤချမ်းသာများရှိသည်။ မကောင်းမှု အကုသိုလ်ဒုစရိုက်သမားများသည် ဘ၀အဆက်ဆက်၌ ဤချမ်းသာမှ အလွန်ကွာဝေးကြပေသည်။ ဗုဒ္ဓမြတ်စွာ၏တရားတော်အရ ဘ၀ထဲမှာ ကျင်လည် နေကြရသော သတ္တ၀ါများသည် လက်ရှိပစ္စုပ္ပန်ဘ၀တစ်ခုထဲမှာ ကိစ္စပြီးဆုံးနိုင်သည်မဟုတ်။ နောက်နောင် ဘ၀ဆက်တွေ အများအပြားရှိနေပေသည်။
နောက်ဘ၀တွေမှာ ချမ်းသာသုခ ရဖို့အာမခံ ပေးနိုင်သည်မှာ
မိမိပြုအပ်သော ကုသိုလ်များ သာဖြစ်သည်။ ဖော်ပြခဲ့သော ချမ်းသာကို ရယူလိုပါက ကုသိုလ်သုစရိုက်ဖြင့်ပင်ရယူနိုင်သည်။
ပစ္စည်းဥစ္စာ၊ ငွေကြေးပိုက်ဆံ၊ လက်နက်အင် အား အခြွေအရံများဖြင့် ရအောင်ယူလို့မရနိုင်။ ဤသဘောတရားများကို အဓိဋ္ဌာန်ကျကျနား လည်အောင် ဆင်ခြင်ရမှာက မိမိတာဝန်သာ ဖြစ်ပါသည်။ ဤအကြောင်းအရာများကား ပိဋကတ် စာပေလာအကြောင်းအရာများသာ ဖြစ်ပါသည်။
သုဂတိလက်မှတ်များကို ၀ယ်ယူနိုင်ကြပါစေ။
ပါဠိဂုဏ်ထူး - ဦးအောင်ခိုင် (န-ပ-သ၊ ဘိ-တွဲပါမောက္ခ)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ။
သုဂတိလက်မှတ်များကို ၀ယ်ယူနိုင်ကြပါစေ။
ပါဠိဂုဏ်ထူး - ဦးအောင်ခိုင် (န-ပ-သ၊ ဘိ-တွဲပါမောက္ခ)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ။