အနည်းငယ်သော ကုသိုလ်အကျိုး ( သုဒ္ဓေါပါသက၀တ္ထု )
ကဿပဘုရားရှင်လက်ထက်တော်အခါက
ရတနာသုံးပါး၌ ကြည်ညို၍ သဒ္ဓါတရားနှင့်ပြည့်စုံသော
ဥပသကာအမျိုးကောင်းသားတစ်ဦးသည် ကြံကြိတ်စက်ပြုလုပ်ခြင်း အတတ်ဖြင့် အသက်မွေး၍ နေခဲ့၏။
တစ်နေ့သောအခါ ထိုဥပသကာ အမျိုးကောင်းသားသည် ဂိလာနရဟန်းတစ်ပါးကို ထောပတ် တစ်ဇွန်း လောင်းလှူခဲ့၏။ အခြားရဟန်းတော်တစ်ပါးကိုမူ တင်လဲခဲတစ်ခဲပေးလှူခဲ့၏။ အလွန် ဆာလောင်နေသော ခွေးကလေးတစ်ကောင်ကိုလည်း ထမင်းတစ်ခဲ ကျွေးမွေးခဲ့၏။ ငွေကြေး အခက်အခဲဖြစ်နေရှာသူ တစ်ဦးကို အသပြာတစ်ကျပ်ပေးပြီးကူညီခဲ့၏။ ဓမ္မကထိက ရဟန်းတော် တစ်ပါးကို တရားနာအပြီး၌ သင်္ကန်းလျာပုဆိုးတစ်ထည် လှူဒါန်းခဲ့၏။
ဤသို့လျှင်ကောင်းမှုအမျိုးမျိုးပြုလုပ်ခဲ့ပြီးသည့်နောက် ထိုအမျိုးကောင်းသားသည် ငါသည် နောက်နောင် ဘ၀ သံသရာ၌ ကျင်လည်ရသည်ရှိသော် လူသူကင်းဝေးသော သမုဒ္ဒရာအတွင်း တောကြီးတောင်ဝှမ်းအလယ်၌ ရောက်နေရစေကာမူ အရာဝတ္ထုတစ်ခုခုကို အလိုရှိခဲ့ပါလျှင် ထိုအရာဝတ္ထုသည် လျင်စွာခဏပြည့်စုံပါစေသတည်း။ ငါ့ထံမျက်မှောက်ရောက်ရှိပါစေသတည်း ဟူသော ဆုကိုတောင်းယူခဲ့၏။
ထိုဥပါသကာအမျိုးသားသည် ထိုဘ၀မှသေလွန်သောအခါ နတ်ပြည်၌ဖြစ်၍ နတ်တို့၏ စည်းစိမ်ချမ်းသာတို့ကို ခံစားစံစားသည်။ နတ်ပြည်မှစုတေပြန်သော် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ သာဝတ္ထိပြည်တွင် ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝသော မဟာသာလသူဋ္ဌေးကြီးအိမ်၌ လူ့အဖြစ်ကိုရရှိခဲ့လေသည်။ အရွယ်ရောက်သောအခါ အိမ်ရာတည်ထောင် လူ့ဘောင်အဖြစ်ကို ဆင်ခြင်မိပြီး ရတနာသုံးပါးကိုကြည်ညိုသည့်အလျောက် သာသနာ့ဘောင်သို့ဝင်ရောက်ကာ ရဟန်း ပြုခဲ့၏။ ထို့နောက်၌ အာသဝေါကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
ထိုရဟန္တာမထေရ်သည် မြတ်စွာဘုရားရှင်ထံခွင့် ပန်တော်မူပြီး ဥဂ္ဂမြို့သို့ရဟန်းငါးရာခြံရံလျက်ကြွ သွားခဲ့၏။ ဥဂ္ဂမြို့သို့ရောက်လျှင် သူကြွယ်ကြီးက သံဃာတော်မြတ်တို့အား ဆွမ်းလုပ်ကျွေး၏။ ဆွမ်းကျွေးပွဲ အပြီးတွင် ဥဂ္ဂသူကြွယ်၏သူဋ္ဌေးကတော် ဒါယိကာမကြီးက ထိုရဟန္တာအရှင်မြတ်ကို ကြည်ညိုလှသည်ဖြစ်၍ ဤဥဂ္ဂမြို့မှာပင် သံဃာငါးရာနှင့်အတူ အမြဲသီတင်းသုံးတော်မူဖို့ လျှောက်ထားတောင်းပန်ခဲ့၏။

ရဟန်းတော်များသီတင်းသုံးရန် စုလစ်မွန်းချွန်းတပ်သော ကျောင်းပေါင်းငါးရာကိုလည်း
ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုရဟန္တာအရှင်သူမြတ်လည်း သူဋ္ဌေးကတော် ဥပါသိကာမကြီး၏ သဒ္ဓါတရားအတိုင်း ဥဂ္ဂမြို့တွင်ရဟန်းတော်အပါးငါးရာနှင့်အတူ သီတင်းသုံးနေတော်မူခဲ့သည်။
ထိုအရှင်သူမြတ်သည် ဥဂ္ဂသူဋ္ဌေးကတော်ကြီးလှူဒါန်းသော ကျောင်း၌မွေ့လျော်သရွေ့ သီတင်းသုံး တော်မူခဲ့ပြီးနောက် ရဟန်းငါးရာခြံရံပြီး ပဋ္ဋနရွာသို့ ဒေသစာရီကြွတော်မူခဲ့၏။ ထိုရွာမှတစ်ဖန် ရဟန်းငါးရာတို့နှင့်အတူလှေဖြင့် သမုဒ္ဒရာသို့ ကြွတော်မူပြန်ပါသည်။ ထိုရွာမှတစ်ဖန် ရဟန်းငါးရာ ခြံရံပြီး ပဋ္ဋနရွာသို့ဒေသစာရီကြွတော်မူပြန်ပါသည်။ သမုဒ္ဒရာကိုကူးနေစဉ် ခရီးအလယ်သို့ အရောက် ထိုရဟန္တာအရှင်မြတ်၏၀မ်း၌ လေနာရောဂါဖြစ်ပေါ်၍ လာခဲ့၏။ သီတင်းသုံးဖော်ရဟန်းတို့က အရှင်ဘုရား ထိုရောဂါကို ရှေးအခါက အဘယ်ဆေးဝါး သောက်သုံးတော်မူပါသဖြင့် ပျောက်ငြိမ်းဖူး ပါသနည်းဟု မေးလျှောက်ကြ၏။ ၏

ရဟန္တာအရှင်မြတ်က ငါ့ရှင်တို့ ရှေးက
ထောပတ်တစ်ဇွန်းကို ဘုန်းပေးကာမျှဖြင့် ထိုလေရောဂါ ပျောက်ဖူးခဲ့သည်ဟု မိန့်ကြားသောအခါ
ခရီးသွားဖော်ရဟန်းတို့က အရှင်ဘုရား ဤသမုဒ္ဒရာ အလယ်၌ အရှင်မြတ်မိန့်ဆိုအလိုရှိသော
ထောပတ်တစ်ဇွန်းကိုရရှိနိုင်ဖို့ရန် မလွယ်ပါဘုရားဟု လျှောက်ထားကြလေသည်။
ထိုအခါ၌ ရဟန္တာအရှင်သူမြတ်က အရှင်တို့၊ ငါ၏ သပိတ်ကိုယူ၍ သမုဒ္ဒရာ ရေအနည်းငယ်ကို ထည့်ပြီးငါ့ထံသို့ဆောင်ယူခဲ့ကြပါဟု မိန့်ဆို၏။ ဆိုသည့်အတိုင်း သပိတ်အတွင်းသို့ သမုဒ္ဒရာရေ အနည်းငယ်ကိုထည့်၍ ထိုရဟန္တာအရှင်မြတ်၏ လက်သို့ ဆက်ကပ်လိုက်လျှင်ပင် သပိတ်အတွင်းရှိ သမုဒ္ဒရာရေသည် ထောပတ်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ရဟန္တာအရှင်မြတ်လည်း ထိုထောပတ်ကို ဘုန်းပေး၍ လေနာရောဂါမှ ပျောက်ကင်း ချမ်းသာတော်မူခဲ့ပါသည်။
ဤသို့သမုဒ္ဒရာ ရေမှ ထောပတ်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တော်မူကြသော ရဟန်းတော်တို့က
အံ့သြဖွယ် ကောင်းလေစွဟု အထပ်ထပ်မိန့်ဆိုတော်မူကြ၏။
ထိုသို့ပြောကြားသည့်စကားကို ရဟန္တာအရှင်မြတ်ကြားသိတော်မူသောအခါ ငါ့ရှင်တို့ ငါပြုသော ကောင်းမှုအကျိုးကို မြင်ကြရမည်ဟု မိန့်ဆိုတော်မူကာ သမုဒ္ဒရာရေကိုကြည့်၍ သမုဒ္ဒရာရေသည် ထောပတ်ဖြစ်စေသတည်းဟု အဓိဋ္ဌာန်၏။ မြင်နိုင်သမျှသမုဒ္ဒရာရေတို့သည် ထောပတ်ဖြစ်ကုန်၏။ ထိုအခါခရီးသွားဖော်ရဟန်းတို့က အရှင်ဘုရား၌ အခြားသောကုသိုလ်ကောင်းမှုရှိပါသေးသလော ဟု မေးကြပြန်ရာ ထိုအရှင်မြတ်က ငါ့၌ရှိသေး၏။

ရှုကြကုန်လော့ဟု ဆို၍ ကျောက်တောင်ကို
ကြည့်၏။ ထိုကြည့်သောခဏ၌ ဆွမ်းအုပ်နှင့် တကွသောဆွမ်းဟင်းလျာတို့ကို တွေ့ကြရ၏။ ထို့နောက်ဟိမ၀န္တာတောင်ကို လှမ်း၍ကြည့်၏။ ဟိမ၀န္တာတောင်ကြီးသည် ရွှေအတိပြီးသော တောင်ကြီးအဖြစ်
မြင်ကြရပြန်၏။
ခရီးသွားဖော်ရဟန်းတော်များသည် အလွန်အံ့သြတော်မူကြပြီးလျှင် အရှင်မြတ်သည် မည်သည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ဤသို့ကြီးမားသည့် အကျိုးကျေးဇူးများ ခံစားရပါသနည်း ဘုရားဟု မေးလျှောက်ကြရာ ကဿပဘုရားရှင်လက်ထက်အခါက ပြုခဲ့သောငါ၏ ကုသိုလ်အကျိုးပင်ဖြစ်သည်ဟုဆိုပြီး မိမိ၏ရှေးဘ၀ အတိတ်ကို မိန့်ကြားတော်မူခဲ့၏။
ကဿပမြတ်စွာဘုရားရှင်လက်ထက်အခါက မိမိသည် ကြံကြိတ်ယန္တယား ပြုလုပ်၍ အသက်မွေးနေစဉ် ဂိလာနရဟန်းတစ်ပါးအား ထောပတ်ဆွမ်းလောင်းလှူသော ကုသိုလ်မှစ၍ မိမိ၏ အတိတ်ဇာတ်ကို ပြန်လည်ဖော်ထုတ် မိန့်ကြားတော်မူခဲ့၏။
ငါသည်ထိုဂိလာနရဟန်းအား ထောပတ်တစ်ဇွန်းလှူရသော ဒါန၏ကောင်းမှုကံကြောင့် သံသရာ၌ ကျင်လည်ရသည်ရှိသော် ဘ၀ကြီးငယ်၌မည်သည့်အရပ်ဒေသကို မဆို ထောပတ်ကိုအလိုရှိပါက အလိုရှိသလောက်ရရှိခဲ့၏။ သမုဒ္ဒရာ၌ပင် ထောပတ်ကိုအလိုရှိပါက သမုဒ္ဒရာရေသည်ပင် ထောပတ်ဖြစ်ခဲ့ရ၏။ ဤကားတစ်ဇွန်းမျှ ထောပတ်လှူခဲ့သောအကျိုးဖြစ်၏။
ငါသည် ဂိလာနရဟန်းတော်ကို တင်လဲလှူရသော ဒါန၏ အကျိုးကြောင့် နတ်ပြည် လူ့ပြည်၌ ကျင်လည်ပြီး ငါအလိုရှိသောအခါ၌ တင်လဲကို အလိုရှိသလောက် လွယ်လင့်တကူ ရရှိခဲ့၏။ ကြီးကျယ်မြင့်မားသောကျောက် တောင်ကြီးများသည်ပင် ငါ၏အလိုကိုလိုက်ကာ တင်လဲခဲ တောင်ကြီး ဖြစ်ခဲ့ရသည်။ ဤကားတင်လဲခဲလှူသော အကျိုးဖြစ်၏။
ငါသည်ဆာလောင်နေရှာသော ခွေးကလေးတစ်ကောင်ကို ထမင်းတစ်ခဲလှူရသော ဒါန အကျိုးကြောင့် ထိုအခါမှ စ၍ ငါ့၌ ထမင်းအဖျော်ချို့တဲ့သောအဖြစ်ကို မကြုံခဲ့ရပေ။ ဖြစ်လေရာ ဘ၀တို့၌ ထမင်းအဖျော်ရလွယ်၍ ကိုယ်စိတ်ချမ်းသာဖြင်းရှိခဲ့သည်။ ယနေ့လည်းဆွမ်းအလိုရှိပါက ငါ၏မျက်စိရှုကြည့်ရာအရပ်တို့၌ ဆွမ်းအိုးများရှိကြကုန်၏။
ငါသည်ကြွေးမြီတင်နေသူ တစ်ဦးကို ငွေတစ်ကျပ် ပေးလှူခဲ့သော ဒါန၏အကျိုးကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀တို့တွင် ရွှေငွေများစွာကိုရခဲ့၏။ အကယ်၍ကျောက်အတိပြီးသော တောင်ကိုသည်ပင် ရွှေဖြစ်စေနိုင်၏။ ဤကားကြွေးမြီဒုက္ခမှကယ်တင်ခဲ့သော အကျိုးဖြစ်၏။
ငါသည် ဓမ္မကထိကရဟန်းတော်တစ်ပါး၏ တရားကိုနာယူ၍ မြတ်စွာဘုရားအားလည်းကောင်း၊ တရားတော်အားလည်းကောင်း ရည်မှန်း၍ ပုဆိုးတစ်ထည် လှူခဲ့ဖူး၏။ ထိုဒါန၏အကျိုးကြောင့်၌ ကျင်လည်သည်ရှိသော် အ၀တ်များစွာကိုရခဲ့၏။ ယနေ့ငါသည် ပုဆိုးကိုအလိုရှိပါမူ ဤဇမ္ဗူဒီပါ ကျွန်းသာမက ကျန်ကျွန်း သုံးကျွန်းနေလူများ အပေါင်းကိုပင် ပုဆိုးတို့ကို လုံလောက်အောင် ပေးစွမ်းနိုင်ပါ၏။ ဤကားပုဆိုး လှူခဲ့ခြင်း၏အကျိုးဖြစ်၏။
သင်တို့သည်လည်း တစ်ခါတစ်ရံ ကုသိုလ်ပြုရာ၌ အနည်းငယ်ဟု မထီမဲ့မြင်မပြုကြပါနှင့်။ နည်းပင်နည်းသော်လည်း ထိုနည်းသော ကုသိုလ်သည်ပင် နိဗ္ဗာန်ရောက်သည့်တိုင်အောင် အတိုင်းမသိသောအကျိုးကို ပေးတတ်ပါ၏ဟူသော အနက်အဓိပ္ပါယ်ရှိသည့်အောက်ပါ ဂါထာကို ရွတ်ဆိုပြတော်မူလေသည်။
ကုသလံ နာဝမန္တဗ္ဗံ၊ ခုဒ္ဒကန္တိ ကဒါစိပိ။
အနန္တဖလဒံ ဟောတိ၊ နိဗ္ဗာနမ္ပိ ဒဒါတိ တံ။
ဤသဒ္ဒါတရားနှင့်ပြည့်စုံသော ဥပါသကာ၏ ၀တ္ထုကို
အကြောင်းပြု၍ ရှေးဆရာမြတ်တို့က
ထက်သန်ကြည်ညိုသောစိတ်ကြောင့် အနည်းငယ်သော ကုသိုလ်ကောင်းမှုသည်ပင် ကြီးမားသော အကျိုးကိုပေးတတ်၏ဟု သိနေကြသော သင်သူတော်ကောင်း အပေါင်းတို့သည် ကောင်းမှု၌ မမေ့လျော့ကြပါနှင့်၊ ပစ္စေကဗုဒ္ဓါ ငါးရာကို ပေါက်ပေါက်လှူသော ဥပ္ပလ၀ဏ်ထေရီလောင်း ပဒုမဒေ၀ီမိဖုရား၏ အဖြစ်ကိုလည်း သတိပြုကြပါကုန်လော့ဟု တိုက်တွန်းထားခဲ့၏။
ဦးအောင်မွန်(မြတ်ဆုမွန်)၏ ဥပုသ်သည်တို့မှတ်ဖွယ်
ပုံဝတ္ထုလေးဆယ်မှ