Monday, February 2, 2015

ပျားရည်ကုန်သည်


ပျားရည်ကုန်သည်

စာနာကြောင်းလမ်း၊ မစုံစမ်းဘဲ၊ ချီးမွှန်းပြစ်တင်၊
တွေးအထင်နှင့်၊ အလျင်နှုတ်လျာ၊ မဆောရာတည့်။
(မဃဒေ၀လင်္ကာ)

တစ်ခါတုန်းက ညီအစ်ကိုသုံးယောက်ရှိရာ အစ်ကိုနှစ်ယောက်က ပျားဖွတ်ပြီး ညီငယ်က ပျားရည် ရောင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကာ ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ တစ်နေ့တော့ ဂန္ဓမာဒန တောင်မှာ သီတင်းသုံးနေထိုင်တဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်က ခန္ဓာကိုယ်မှာ အနာရောဂါဖြစ်လို့ ရောဂါကုသရန် ပျားရည်လိုချင်တာနဲ့ မြို့ကိုကြွလာခဲ့ပါတယ်။

အဲဒီအချိန်မှာ ရေချိုးဆိပ်ကို ရေခပ်သွားတဲ့ အမျိုးသမီးလေးက ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်ကို ဖူးတွေ့လိုက်ရတော့ ကြည်ညို သဒ္ဓါစိတ်တွေဖြစ်လာပြီး
“အရှင်ဘုရား ဘာအလိုရှိလို့ ကြွလာပါသလဲဘုရား” လို့ မေးလျှောက်လိုက်တော့
“ပျားရည်လိုချင်လို့ ပျားရည်အလှူခံကြွလာခဲ့ပါတယ်”လို့ဖြေသတဲ့။
ဒါနဲ့အမျိုးသမီးလေးက ရေအိုးကိုသဲပြင်ပေါ်အသာချပြီး ဒီလိုဆိုရင်
“ဟိုအိမ်ရှေ့က ပျားရည်ကုန်သည်မို့ သူ့အိမ်မှာ အလှူခံရင် ပျားရည်ကောင်းကောင်း ရနိုင်ပါတယ် ဘုရား”ဟု ပါးစပ်ကလည်းပြော လက်ကလည်း ပျားရည်ကုန်သည်အိမ်ကို ညွှန်ပြလိုက်ပြီး ရေခပ်ဖို့ ရေဆိပ်ကို ဆက်သွားပါတော့တယ်။ 

ပျားရည်လိုချင်တဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်လည်း အမျိုးသမီးလေး ညွှန်ပြလိုက်တဲ့ ပျားရည် ကုန်သည်ရဲ့ အိမ်ရှေ့မှာရပ်သတဲ့။ အဲဒီအချိန်မှာ အစ်ကိုတွေပျားဖွပ်သွားနေတာမို့ ပျားရည် ရောင်းတဲ့ ကုန်သည်လေးဟာ အိမ်ရှေ့မှာ ရပ်နေတဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်ကို “ဘာများအလိုရှိပါသလဲဘုရား” လို့မေးကြည့်တော့ ပျားရည်လိုချင်မှန်းသိတာနဲ့ အားရ၀မ်းသာပဲ ပျားရည်တွေ သပိတ်အပြည့်နဲ့လှူဒါန်းပြီး

“တပည့်တော်အခုလို ပျားရည်လှူဒါန်းရတဲ့ ဒါနကုသိုလ်ကောင်းမှုကြောင့် နောင်အခါ ဇမ္ဗူဒိပ်ကျွန်း မှာ မိုးအောက်မြေပြင် တစ်ခွင်လုံးကို အာဏာစက်တည်တဲ့ ဧကရာဇ်မင်းတစ်ပါးဖြစ်ရပါ၏ဘုရား” လို့ ဆုတောင်းလိုက်ပါတယ်။ ရေခပ်သွားရာမှ ပြန်လာတဲ့ အမျိုးသမီးလေးက ပျားရည်ကုန်သည်လေး ရဲ့ ဆုတောင်းသံကိုကြားလိုက်ရတော့

“သူကဧကရာဇ်မင်းဖြစ်ရင် တပည့်တော် မိဖုရားခေါင်ကြီးဖြစ်ရပါလို၏ဘုရား” လို့ ဆုတောင်းလိုက်
ပြန်သတဲ့။ သူတို့ဆုတောင်းဆုံးရင် ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်က အလိုရှိတဲ့ဆု တောင့်တတဲ့ ဆုတွေနဲ့ ပြည့်ပါစေလို့ ဆုပေးပြီး စံမြန်းရာ ဂန္ဓမာဒနတောင်ပြန်ကြွသွားပါတယ်။

ပစ္စေကဗုဒ္ဓါကိုယ်တော်မြတ်ကြွသွားလို့ မကြာခင် ပျားဖွပ်ရာက ပြန်လာကြတဲ့အစ်ကိုနှစ်ယောက်ကို ပျားရည်ကုန်သည်ညီငယ်က
 “ကဲကဲ အစ်ကိုတို့ ၀မ်းသာစရာပြောမယ်။ ပျားရည်လိုချင်ပါတယ်ဆိုလို့ ပျားရည်အတွက်ကြွလာတဲ့ ပစ္စေကဗုဒ္ဓါကိုယ်တော်တစ်ပါးကို သပိတ်နဲ့ပြည့်အောင် ပျားရည်လှူဒါန်းလိုက်တယ်။ ဒီပျားတွေ
ဟာ အစ်ကိုတို့ဖွတ်လို့ရလာတာမို့ ဒီကုသိုလ်ကိုလဲ ၀မ်းသာအားရ သာဓုခေါ်ပြီး အစ်ကိုပြန်ယူကြ
ပါ”လို့ ပြောလိုက်ပါတယ်။

ညီငယ်ရဲ့စကားမဆုံးရင် အစ်ကိုကြီးဟာ စိတ်မာန်ဆိုးနဲ့
“ဒီမှာငါ့ညီ၊ သူတောင်းစားတွေဟာ ဖန်ရည်ဆိုးတဲ့အ၀တ်ကိုဝတ်ပြီး တောင်းစားကြတယ်ကွ၊ ဒီတော့ မင်းပျားရည်ပေးလိုက်တာ ပစ္စေကဗုဒ္ဓါမဟုတ်ဘူး၊ သူတောင်းစားကွ သူတောင်းစား သိရဲ့လား”ဟု အော်ပြောလိုက်လေ၏။
အစ်ကိုအလတ်ကလည်း “အေးဟုတ်တယ်။ အဲဒီပစ္စေကဗုဒ္ဓါကို လက်ပူးလက်ကြပ်ဖမ်းပြီး သမုဒ္ဒရာ ဟိုဘက်ကျွန်းပေါ် သွားပစ်ရမယ်။ ဒါမှနောက်ကို လာမတောင်းနိုင်မှာ”ဟု ပြောလိုက်ပြန်၏။

ဒီတော့လိမ္မာပါးနပ်တဲ့ ညီငယ်က “အစ်ကိုတို့ စဉ်းစားကြည့်ပါနော်။ ပစ္စေကဗုဒ္ဓါကို လှူရင် ဒီဘ၀မှာ ချက်ချင်းလက်ငင်းချမ်းသာစေတယ်တဲ့။ နောင်ဘ၀ နောင်ဘ၀တွေလဲ ရေတွက်လို့မရအောင် ဘ၀ပေါင်းများစွာ အသင်္ချေအနန္တချမ်းသာစေတယ်။ ကျွန်တော်တို့တစ်တွေ ဆင်းရဲလို့ ပျားရည် ရောင်းနေကြရတာပဲ။ ချမ်းသာရင်ရွှေရောင်းကြတာပေါ့။ အစ်ကိုတို့ကော မချမ်းသာချင်ဘူးလား။ ရွှေမ၀တ်ချင်ဘူးလား၊ ရွှေမရောင်းချင်ဘူးလား”ဟု မေးလိုက်သတဲ့။

ညီငယ်ရဲ့နှစ်သိမ်းစကားဆုံးလျှင် ညီအစ်ကို နှစ်ယောက်တည်း ၀မ်းသာအားရ သာဓုခေါ် ကြပါတော့တယ်။ ဒီလိုနဲ့နေထိုင်ခဲ့ကြတဲ့ညီ အစ်ကိုတွေမှာ ကိုယ်တိုင်လှူပြီး ဧကရာဇ်မင်း ဖြစ်ရ ပါလို၏လို့ ဆုတောင်းခဲ့တဲ့ ညီငယ်ပျားရည်ကုန်သည်ဟာ ရေတွင်းပေါင်းရှစ်သောင်း လေးထောင် လှူဒါန်းပြီး သာသနာပြုခဲ့တဲ့ သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်းကြီး ဖြစ်ခဲ့ရတယ်။ ရေခပ်တဲ့အမျိုးသမီးလေးက သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရား အသန္ဓိမိတ္တာ ဖြစ်ရတယ်။

ညီငယ်လှူဒါန်းတာကို ကုသိုလ်ယူခဲ့ကြတဲ့ အစ်ကိုနှစ်ယောက်အနက် ပစ္စေကဗုဒ္ဓါကို ဖမ်းပြီး သမုဒ္ဒရာဟိုဘက်ကျွန်းပေါ်ကိုပစ်ချရမယ်လို့ ပြောခဲ့တဲ့အစ်ကိုလတ်ဟာ သီဟိုဠ်ကျွန်းမှာ ဘုန်း တန်ခိုးအာနုဘော်နဲ့ပြည့်စုံတဲ့ ဒေ၀ါနံပိယတိဿ မင်းဖြစ်ရတယ်၊ ပစ္စေကဗုဒ္ဓါကို သူတောင်းစား ဖြစ်ရမယ်လို့ပြောဆိုမိခဲ့တဲ့ အစ်ကိုကြီးကတော့ သူတောင်းစားရွာမှာ သန္ဓေရလို့မွေးဖွားလာတဲ့ နိဂြောဓသာမဏေဖြစ်ခဲ့ရတယ်။


အဂ္ဂလွင်(မြောင်းမြ)
မူရင်း ။ ။ သာရတ္ထ ဋီကာ ၁/၁၂၉။
သီလ၀ဘာသာရေးမဂ္ဂဇင်း ၁၉၉၅၊ စက်တင်ဘာလ။