သစ္စာ၏ သဘာဝကို လေ့လာခြင်း
သစ္စာ၏ အဓိပ္ပါယ်မှာ ဖြောင့်မှန်ခြင်းဖြစ်၏။
‘မှန်တာပြောသစ္စာ’ဟူသည့် ဆိုရိုးရှိ၏ အမှန် ပြောခြင်း သည် ၀စီကံ၏သစ္စာဖြစ်၏။ ပြုမှုသည့်အတိုင်းပြောရခြင်းဖြစ်သဖြင့်
ကာယကံအားဖြင့်လည်း မှန်၏။ ကာယကံ ၀စီကံနှင့်အတူ အတွေးအကြံအားဖြင့်ဖြောင့်မှန်သော
ရိုးသားသော သဘောရှိ၍ မနောကံ အားဖြင့်လည်းမှန်ကန်ရ၏။
ထိုအခါသစ္စာ၏ ဂုဏ်သည် ပေါ်လွင်လာ၏၊ အကြောင်းအရာတစ်ခု၌ ရိုးသားဖြောင့်မှန်သော
အတွေး အကြံလည်း ရှိ၏။ ရှိသည့်အတိုင်းပြု၏။ ပြုသည်ကို
ပြောဆို၏။ ထိုအခါကံသုံးပါးနှင့် ပြည့်စုံသော သစ္စာတရားသည်
ဖြစ်ထွန်းလာ၏။ သစ္စာ၏အစွမ်းကို ဘုရားရှင် ဟောကြားတော မူသော ၀ဋ္ဋသုတ်တွင်တွေ့နိုင်၏။
လောက၌ သီလဂုဏ်သည်ရှိ၏။ မှန်ကန်သောသစ္စာတရားသည် ရှိ၏။ ကိုယ်နှုတ်စိတ်အားဖြင့် စင်ကြယ် ဖြောင့်မတ်မှုသည် ရှိ၏။ သတ္တ၀ါတို့အပေါ် သနားကြင်နာမှုသည်ရှိ၏။ ငါ့အား သစ္စာနှင့် တူသောတရားသည် မရှိ။ ဤသို့သစ္စာပြုခြင်းသည် ငါ၏ သစ္စာပါရမီပင်ဖြစ်၏။ ( ၀ဋ္ဋသုတ် )
ဘုရားရှင်၏ငုံးမင်းဘ၀က သစ္စာပါရမီကြောင့် တောမီးသည် ၁၆ပယ်တိုင်သည်အထိ ငြိမ်းအေး ရပ်စဲရ၏။ ယင်းအဖြစ်ကိုအကြောင်းပြု၍ ဘုရားရှင်သည် သစ္စာပါရမီကို ဟောတော်မူ၏၊ ၀ဋ္ဋသုတ် တွင် ပါရှိသောအနက်ကို ကောက်ယူ၍ လောက၌သစ္စာတရားပြုသူတို့သည် သီလရှိခြင်း မှန်ကန် ဖြောင့်မတ်ခြင်း ကံသုံး ပါးစင်ကြယ်ခြင်း သနားကြင်နာမှုရှိခြင်းတို့၏ အရေးပါမှုကို ဆင်ခြင်နိုင်၏။

မီးဘေးမှ ကင်းဝေးလိုသူတို့သည် ၀ဋ္ဋသုတ်ကို ရွတ်ဆိုကြ၏။ စင်စစ်ဝဋ္ဋသုတ်သည် ဘုရားရှင်၏ သစ္စာဆိုမှုပင်ဖြစ်၏။ ထို့ကြောင့်ရွတ်ဆိုသူ
အပေါင်းသည်လည်း မိမိ၏သစ္စာတရားနှင့် လျော်ညီ သော အင်္ဂါရပ်များပြည့်စုံနေရန်အားထုတ်အပ်၏။
ဘုရားရှင်သည် အတွေးအကြံ (မနောကံ)၊ အပြောအဆို(၀စီကံ)
အပြုအမှု (ကာယကံ)အားဖြင့် ဖြောင့်မှန် ညီညွှတ်တော်မူသဖြင့်
သစ္စာ တရားနှင့်ပြည့်စုံတော်မူ၏။ သစ္စာပါရမီသည် ဘုရားရှင်၏
ပါရမီတော် (၁၀)ပါးတွင် ပါဝင်၏။
လောက၌အမှန်ရှိသော တရား(၄)ပါးရှိ၏။ ထိုတရားကို သစ္စာလေးပါး တရားတော်ဟုခေါ်၏။ ဤလေက၌ ဆင်းရဲခြင်းသည် အမှန်ရှိ၏ (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်းကိုဖြစ်စေတတ်သော အကြောင်း (သမုဒယသစ္စာ)သည်အမှန် ရှိ၏၊ ဆင်းရဲမှ လွတ်မြောက်သောငြိမ်းချမ်းမှု (နိရောဓသစ္စာ) သည် အမှန်ရှိ၏၊ ဆင်းရဲမှအမှန်လွတ်ကြောင်း(မဂ္ဂသစ္စာ)တရားသည်ရှိ၏။

ဤသစ္စာတရားလေးပါးသည် တရားတော်၏ အဆီအနှစ်ဖြစ်၏။ ၀ိပဿနာတရား၏တရားကိုယ် သဘောဖြစ်၏။ အမှန်မြင်ခြင်းသည် သစ္စာကိုမြင်ခြင်းဖြစ်၏။ သစ္စာကို မြင်လျှင်ငြိမ်းအေးမှုကိုရ၏။ ဗုဒ္ဓဘာသာဝင်တိုင်း၏ ပန်းတိုင် နိဗ္ဗာန်တံခါး၏ မုခ်ဦးဖြစ်၏။ သံသရာမှလွတ်မြောက်ရာလည်းဖြစ်၏။ ထိုသို့ ဤသို့သိရုံမျှသည် သုတမယဉာဏ်မျှသာဖြစ်၏။ ထိုးထွင်းသိမြင်မှု မဟုတ်။ ဘာဝနာမယ ဉာဏ်သို့ ရောက်သည်အထိ အားထုတ်ရ၏။ ဘာဝနာမယဉာဏ်ဖြင့် သစ္စာကို ရှုမြင်နိုင်မှသာ ပြုဖွယ်ကိစ္စ ငြိမ်း၏၊ ထိုသို့ရှုမြင်နိုင်ရန်နည်းမှာ မဂ္ဂင်ရှစ်ပါးဖြစ်၏။ ယင်းသည်ဆင်းရဲမှ လွတ်မြောက် ကြောင်းတရား အမှန်ဖြစ်၏။
လောကတွင်ဓမ္မမှုနှင့် အဓမ္မမှုဟူ၍ရှိ၏။ ဓမ္မသည် ဖြောင့်မှတ်မှန်ကန်ခြင်းဖြစ်၍ အဓမ္မသည် မရိုးသားခြင်းဖြစ်၏။ လောက၌ ဓမ္မသည် အဓမ္မကို အနိုင်ရ၏။ ထိုသို့ဆိုသော်လည်း အကုသိုလ်တို့ စုစည်း အားကောင်း၍ ကုသိုလ်ကင်းဆိတ်သောအခါ အဓမ္မက အရေးသာသည်လည်း ရှိ၏။ မိမိ၏အကုသိုလ်တို့ စုစည်း အကြောင်းပြုသောအခါ ပစ္စုပ္ပန်ကာလ၌ မှန်ကန်ပါလျက် အရေးနိမ့်ပါးရသည် ရှိ၏။
ထိုအခါပုထုဇဉ်သဘာဝအရဓမ္မအပေါ် သံသယရှိလာ၏။
ကံ ကံ၏ အကျိုးပေးမှုကို အလုံးစုံ နားမလည်နိုင်၍
ဖြစ်၏။ ကံ၏အရေးအရာသည်လည်း အစိန္တေယျ မကြံစည်အပ်သည်ဖြစ်၍ အလုံးစုံနားမလည်သည်မှာလည်း
သဘာဝကျ၏။ ပြည့်စုံနားလည်မှုသည်သူတော်ကောင်းတို့၏ အရာဖြစ်၏။
ထိုသို့ဆိုသော်လည်း ကံ၏အကျိုးပေးပုံကို သုတမယဉာဏ်မျှဖြင့် နားလည်စေရန် လေ့လာအပ်၏။ ပညာရှိ
ရဟန်းသံဃာလူပုဂ္ဂိုလ်တို့၏ သာသနာရေးဆိုင်ရာဆုံးမဟောပြောမှုကို နှလုံးသွင်းသင့်၏။ ထိုသို့နုလုံးသွင်းနိုင်လျှင် ဓမ္မအပေါ် သံသယ၀င်ခြင်းလျော့ပါးနိုင်၏။
ထိုသို့အမှန်တရားလက်ကိုင်ပြုပါလျက်နိမ့်ပါးရသောအခါ အားကိုးရာရှာရ၏။ ထိုအခါမိမိ၏သီလကို မြင်သည်လည်းရှိ၏။ ဒါနကို မြင်သည်လည်းရှိ၏။ ဘာဝနာကိုနုလုံးသွင်းသည်လည်းရှိ၏။ အဓိက အားဖြင့် ကုသိုလ် တရားသည်သာ အားထားရာဖြစ်၏။ ထိုအခါ မိမိကောင်းမှုကို အကြောင်းပြုကာ တိုင်တည်ရ၏။ ထိုစကားသည် သစ္စာစကားဖြစ်လာ၏။ အသံထွက်သည်ဖြစ်စေ အသံ မထွက်သည် ဖြစ်စေ သစ္စာ၏သဘောသည် အတူတူပင်ဖြစ်၏။ သစ္စာတိုင်တည်ခြင်း၏ အကျိုးပေးမှု များကို ဘုရားရှင်၏ဗုဒ္ဓ၀င်များ၌ အထင်အရှားမြင်တွေ့နိုင်၏။ ဇာတ်တော်များတွင်လည်း အထင်အရှား တွေ့နိုင်၏။
သစ္စာတရား၏အစွမ်းထက်မှုမှာ ကိုယ်တွေ့ဖြစ်ပါ၏။ စာရေးသူ၏ မိခင်ကြီးနာမကျန်း ဖြစ်စဉ်က သစ္စာပြုတိုင်တည်ခြင်းဖြင့် အနာရောဂါသက်သာခဲ့၏။ မိခင်ကြီး၏ စွဲကပ်သော အနာမှာ ၄လက်မအကျယ် ၁လက်မခန့်ရှိပြီး အတွင်းအသား၌ မည်မျှနက်ရှိုင်းသည်မသိသော အနာဖြစ်၏။ နာကျင်၏။ အလိုအလျောက် ပေါ်ပေါက်ခြင်းဖြစ်၍ ဆရာဝန်က ကင်ဆာဖြစ်နေမည်ဟု သံသယရှိ၏။ အသက်အရွယ်အားဖြင့်လည်းကောင်း ငွေကြေး အခြေအနေအားဖြင့်လည်းကောင်း မြို့ကြီးများရှိ သမားတော်များသို့ သွားရောက်ပြသရန်လည်းမဖြစ်နိုင်။ ဤမျှကြီးမားသောအနာကြောင့်လမ်း မလျှောက်နိုင်သည့် အခြေအနေသို့ရောက်၏။
နောက်ဆုံးတွင် စာရေးသူသည် မိမိကိုးစားရာ သစ္စာပြုတိုင်တည်ရပါ၏။ “မိမိသည် စွမ်းနိုင်သည့် အသက်အရွယ်မှ စ၍ မိဘနှစ်ပါးကို လုပ်ကျွေးခဲ့ပါ၏။ ဤသစ္စာစကား မှန်ကန်ပါ၏။ မိဘကို
လုပ်ကျွေး သောအမှုသည်မင်္ဂလာမည်၏ဟု ဘုရားရှင်ဟောတော်မူ၏။
ဤသစ္စာစကားမှန်ပါ၏။ ဤမှန်ကန်သောသစ္စာစကားကြောင့် မိခင်ကြီးခံစားနေရသော အနာရောဂါ ပျောက်ကင်းပါေ စသတည်း။”
နေအိမ်သို့မေတ္တာစေတနာဖြင့် လာရောက်ကုသပေးနေသော ဆရာဝန်မှာတစ်ပတ်အတွင်း အံ့သြစရာ ပျောက်ကင်းသွားသော ဝေဒနာအတွက်အလွန်တွေးရခက်စေ၏။ ဤအမှုသည် သစ္စာ၏ တန်ခိုးဟုပင် သံသယမရှိ ယုံကြည်ပါ၏။
ဘုရားရှင်၏ သုတ်တော်များတွင်လည်း ဤသို့သစ္စာပြုတိုင်တည်ထားသည်ကိုလည်း တွေ့နိုင်၏။ ရတနာသုံးပါး၏ဂုဏ်ကိုပြဆို၍ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ဟူသော ရတနာ့သုတ်၏ အနက်မှာလည်း ဤမှန်သော သစ္စာစကားကြောင့် သတ္တ၀ါတွေ ချမ်းသာပါစေသတည်းဟု သစ္စာဆို ထားခြင်းပင်ဖြစ်၏။

ထို့အတူ ဗောဇ္ဈင်္ဂသုတ်၌လည်း သစ္စာပြုပုံတွေ့နိုင်၏။ ဗောဇ္ဈင်္ဂသုတ်မှာ သံယုတ္တနိကာယ်
မဟာဝဂ်ပါဠိတော်၌ ဟောကြားချက်များကို ပညာရှင်တို့ စီမံထားခြင်းဖြစ်၍
ဘုရားရှင်၏ တိုက်ရိုက်ဟောကြားချက်ကား မဟုတ်။ သို့သော် ဘုရားရှင် အလိုတော်ရှိရာ အချက်များကို ဂါထာဖွဲ့စီမံထားခြင်းဖြစ်၏။
ဗောဇ္ဈင်္ဂသုတ်၌ ဗောဇ္ဈင်(၇)ပါးသည် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် သစ္စာလေးပါးသိမြင်ရန်၊
မဂ်ဉာဏ် ရရှိရန်ဖြစ်ကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်းချမ်းသာခြင်း ဖြစ်ပါစေ စသည်ဖြင့် ဧတေန သစ္စ ၀ဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ ဟု သစ္စာဆိုထားခြင်း ပင်ဖြစ်၏။ ထို့ကြောင့်သစ္စာတရား၏
ထက်မြက်ပုံကို သာသနာတော်၌ အထင်အရှားပင်တွေ့နိုင်၏။
သစ္စာစကားနှင့်စပ်လျဉ်း၍ ကောင်းမှုနှင့်ယှဉ်သောသစ္စာသည် အမြတ်ဆုံးဖြစ်၏။ ထိုသို့ ဆိုသဖြင့် မကောင်းမှုနှင့်ယှဉ်သော သစ္စာလည်းရှိကြောင်း သိနိုင်၏။ မိမိအားငွေကြေးပေး၍ ပျော်ပါးသူများ အား တူမျှသောတုံ့ပြန်မှုပြုခဲ့ကြောင်း သစ္စာဆိုသည့် ပြည့်တန်ဆာမ၏ သစ္စာဆိုခြင်း၊ မိမိသည် ဤလင်အပေါ် လုံးဝမေတ္တာမရှိကြောင်း သစ္စာဆိုသည့် မယား၏ သစ္စာဆိုခြင်း၊ ကျွန်ုပ်သည်ရသေ့ ဖြစ်သော်လည်း တရားအားထုတ်မှုလုံးဝမရှိကြောင်း သစ္စာဆိုသည့် ရသေ့၏ သစ္စာဆိုခြင်း၊ စသည့် ဇာတ်ကြောင်းများကို ဖတ်ရှုမိကြမည်ထင်ပါ၏။

ထိုသို့ သစ္စာပြုချက်များမှာ မှန်ကန်မှုအပေါ် အခြေပြုသော်လည်း အတုယူဖွယ် မဟုတ်ပါ။ ကျွန်ုပ်သည်လူသတ် ဓားပြတိုက် မကောင်းမ အမြဲပြုသူ
မှန်ပါ၏။ ဤမှန်သောသစ္စာစကားကြောင့် ကုဋေကြွယ်သူဋ္ဌေးကြီး
ဖြစ်ပါစေသတည်း ဟူသော သစ္စာဆိုခြင်းမှာ သစ္စာတရား၏
လှပမှု ဂုဏ်အင်ကို များစွာပျက်စီးစေပါသည်။ မှန်တာပြော သစ္စာဟု ဆိုသော်ငြားလည်း သစ္စာတရားအား အခြားသောကောင်းမှု ကုသိုလ်များ ထောက်ပံ့မှု လည်း လိုအပ်လှပါသည်။
လူသားစားပေါရိသာဒမင်းထံ မိမိကတိသစ္စာအတိုင်း နောက်တစ်နေ့လာရောက်၍ အသက် အပ်နှံခဲ့သည့် မဟာသုတသောမ မင်းသည် မိမိ သစ္စာတရားအပေါ်၌ အသက်စွန့်၍ လှူဒါန်းခြင်း (ဒါန)၊ အဓမ္မကို အသုံးမပြုခြင်း(သီလ) မျှော်ကိုးမှု မပါသောတာဝန် (နေက္ခမ္မ)၊ ပေါရိသာဒ၏ အလိုကို ဉာဏ်ဖြင့် ဆင်ခြင်ခြင်း(ပညာ)၊ အခက်အခဲများကို သည်းခံခြင်း (ခန္တီ) ယဉ်ကျေးစေရန် ဆုံးမလိုခြင်း(၀ီရိယ) ဆုံးဖြတ်ချက်ကိုမလျှော့ခြင်း(အဓိဋ္ဌာန်)၊ တိုး၍တိုး၍ ထားရှိသော(မေတ္တာ)၊ ရပ်တန့်မနေ အကျိုးအပြစ်ကို လစ်လျူရှုကာရပ်တည်နိုင်ခြင်း(ဥပေက္ခာ)စသော သူတော်ကောင်း ပါရမီများက ပါဝင်ပံ့ပိုးမှုကြောင့် ပေါရိသာဒအပေါ်အောင်မြင်နိုင်သော သစ္စာတရားဖြစ်လာပါသည်။ ထိုသို့သစ္စာတရားသည်သာ လောကအပေါ်အောင်နိုင်ခြင်းဖြစ်ပါသည်။ အတုယူဖွယ်မြတ်နိုးဖွယ် ဖြစ်ပါသည်။
သို့ပါ၍ လောကီ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာရရှိ၍ နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင်ရန် အလို့ငှါ ဘုရားရှင်အစရှိသော သူတော်ကောင်းတို့ချီးမွှန်းအပ်သည့် သစ္စာတရားကို လက်ကိုင် ထားလျက် အားကိုးဆောင်ရွက် နိုင်ကြပါစေရန် ဂါရ၀မေတ္တာဖြင့် တင်ပြအပ်ပါသည်။
ရည်ညွှန်း
၁။ ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓမဟာလူသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
၂။ ဓမ္မာစရိယဦးမောင်မောင်လေး၏ မြစ်မခ ပရိတ်ကြီးလက်စွဲ
ကောင်းသုခ
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ၂၀၁၃၊ ဧပြီလ