Saturday, February 7, 2015

နားခိုစရာ အရိပ်ပမာ


နားခိုစရာ အရိပ်ပမာ 

အပူနဲ့အအေးဆိုတာ ဆန့်ကျင်ဘက် သဘာဝတရား နှစ်ခုဖြစ်ပေမဲ့ အပူဓါတ်ကိုလဲ တေဇောဓါတ်၊ အအေးဓါတ်ကိုလဲ တေဇောဓါတ် လို့ပဲ ခေါ်ဝေါ်သုံးစွဲခဲ့တယ်။ လောကမှာ အပူဓါတ်မရှိရင် အအေးဓါတ်ရှိမယ်၊ အအေးဓါတ်မရှိရင် အပူဓါတ်ရှိမယ်၊ တစ်ခုမဟုတ်တစ်ခုတော့ ရှိနေမှာပါ၊ အပူနဲ့အအေးဟာ ဆန့်ကျင် ဘက်ဖြစ်ပေမဲ့ ကျောခြင်းကပ်နေတဲ့အရာနှစ်ခုလို့ ပြောချင်တယ်။

ဆောင်းရာသီရဲ့ အအေးဓါတ်ကို လွန်လွန်ကဲကဲ ခံစားကြရသူများဟာ မီးလှုံခြင်း၊ ရေနွေးအိပ် ကပ်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်းဆိုပြီး အအေးသက်သာအောင် အပူဓါတ်နဲ့ ကာကွယ် ကြရပါတယ်။ ထို့အတူ အပူဓါတ်ကို လွန်လွန်ကဲကဲ ခံစားကြရသူများကလည်း အပူသက်သာအောင် အအေး ဓါတ်နဲ့ ကာကွယ်ကြရပြန်ပါတယ်။ ဘဝပေးအခြေအနေအရ နေပူပြင်မှာ လမ်းလျှောက်နေရသူများ ဟာ အေးမြတဲ့အရိပ်သို့ ဝင်ရောက်ခိုနား လိုကြပါတယ်။ ဒီလိုပါပဲ အရိပ်ဆိုတာ လာရောက် နားခိုလာသူ မှန်သမျှကို ကျောသားရင်သား မခွဲခြားဘဲ တန်းတူ အေးမြစေခဲ့ပါတယ်။

ဒါကြောင့်လဲ သစ်ပင်တို့ရဲ့အရိပ်ဟာ နေပူပြင်ကလာတဲ့သူတွေအတွက် အရိပ်ကိုပေးပြီး အေးမြစေ ခဲ့တာ ချည်းပါပဲ။ ဒီလိုပါပဲ ဘယ်လိုမှ တုနှိုင်းလို့မရတဲ့ အမိအဘများဟာလဲ သူတို့ဘဝထဲသို့ အကြောင်းအားလျော်စွာ ရောက်လာခဲ့ကြတဲ့ သားသမီးများကို သူတို့ရဲ့အေးမြတဲ့ မေတ္တာရိပ်တွေ ပေးပြီး အေးမြစေခဲ့တာပါ။ ဘဝမှာ အရေးတကြီး မရှိမဖြစ်အထူးလိုအပ်တဲ့အရာများကို ဖြည့်ဆည်း ပေးကာ အရိပ်ကိုပေး အေးမြ စေခဲ့တယ်။

ကိုယ့်ဘဝကို မရပ်တည်နိုင်သေးတဲ့ သားသမီးများကိုလဲ သူတို့ရဲ့အရိပ်ကိုပေးပြီး အေးမြစေခဲ့သလို အရွယ်ရောက်ပြီး အိမ်ထောင် ရက်သားကျလို့ စားဝတ်နေရေးအတွက် အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများရှိခဲ့တဲ့သားသမီးများကိုလဲ စားဝတ်နေရေးအတွက် တာဝန်ယူကာ ဘာမျှော်လင့် ချက်မှမထားဘဲ သူတို့ရဲ့အရိပ်ကိုပေးပြီး အေးမြစေ ခဲ့တာပါ။ ဒါကြောင့်လဲ မိဘများရဲ့အရိပ်ဟာ တစ်ခဏတာ ခိုလှုံလို့ အေးမြရတဲ့ သစ်ပင်ရဲ့အရိပ်ထက် သာလွန်မြင့်မြတ်တယ်။ အဲဒီစကား ဖြစ်ပေါ်လာပုံကို ပြောချင်ပါသေးတယ်။

သက်တော်ထင်ရှား ဘုရားရှင်လက်ထက်တော်အခါက အိန္ဒိယနိုင်ငံမှာ သက္ကတိုင်းဆိုတာရှိတယ်၊ သာကီဝင်မင်းမျိုးမင်းနွယ်များ နေထိုင်ခဲ့ကြတဲ့ တိုင်းနိုင်ငံတစ်ခု ဖြစ်တယ်။ တဖန် ကောသလတိုင်း ဆိုတာလဲရှိသေးတယ်။ ကောသလမင်းအုပ်ချုပ်တဲ့ တိုင်းနိုင်ငံပါ။ ထိုအချိန်က ကောသလမင်း ကြီးဟာ ဘုရားရှင်ကိုအစထားလို့ သာကီဝင်မင်းသားရဟန်းတော်များနဲ့လဲ ရင်းနှီးကျွမ်းဝင်ချင်တဲ့ ဆန္ဒလဲ ရှိနေတယ်။ အဆက်အစပ် မရှိတော့ အကျွမ်းဝင်ခြင်းလဲမရှိ ဖြစ်နေပါတယ်။

အဲဒါနဲ့ မင်းကြီးက “သာကီဝင်မင်းသမီးတစ်ပါးပါးကို လက်ထပ်ယူလိုက်ရင် ရဟန်းတော်များဟာ သာကီဝင်မျိုးရှိတဲ့ ငါတို့ ကောသလတိုင်းကို လာကြလိမ့်မယ်။ အဲဒီအခါ ရဟန်းတော်များနဲ့ ရင်းနှီးခွင့်ရပြီး အလှူအတန်းများလဲ ပြုလုပ်နိုင်လိမ့်မယ်” လို့ တွေးမိတယ်။

ရဟန်းတော်များနဲ့ ရင်းနှီးခွင့်ရချင်တဲ့အတွက် မင်းကြီးဟာ သာကီဝင်မင်းသမီးတစ်ပါး ပေးဖို့ အကြောင်း တောင်းရမ်းတဲ့စာကို သာကီဝင်မင်းဆီ ပို့လိုက်ပါတယ်။ သာကီဝင်မင်းမျိုးတွေဟာ သူ့တို့ရဲ့သွေး ကို အခြားမျိုးနွယ်တွေရဲ့သွေးနဲ့ မရောနှောစေချင်ဘူး။ သာကီဝင်မျိုးနွယ်က မြတ်တယ် ဆိုပြီး အမျိုးဇာတိမာန် တက်ကြတယ်။ အခုက ကောသလတိုင်းနိုင်ငံကြီးကို အုပ်ချုပ်နေတဲ့ ကောသလ မင်းကြီးလဲဖြစ်ပြန်တော့ မပေးပြန်လဲမကောင်း ပေးပြန်ပါကလဲ သွေးနှော သွားမှာ စိုးတာနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ သာကီမင်းမျိုးများ စည်းဝေးတိုင်ပင်ကြပါတယ်။

ထိုအချိန်က သာကီဝင် မျိုးနွယ်ဖြစ်တဲ့ မဟာနာမ်မင်းသားနဲ့ ကျွန်မတို့ တိတ်တိတ်ပုန်း ကျုးလွန်မိကြရာက သမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့နာမည်က “ဝါသဘခတ္တိယ” လို့ ခေါ်တယ်။ ဝါသဘခတ္တိယမင်းသမီးဟာ သာကီဝင်မျိုးမဟုတ်ပါ။ ကျွန်မသမီးဆိုတော့ ဇာတ်နိမ့်တယ်။ သာကီဝင်မင်းတွေက အဲဒီကျွန်မသမီး ကို ကောသလမင်းကြီးအား ဆက်သဖို့ရာ သဘောတူ ဆုံးဖြတ်ကြပါတယ်။ ဒါနဲ့ သာကီဝင်မင်းတွေ ဟာ ကောလမင်းကြီးထံ ကျွန်မသမီးကို သာကီဝင် မင်းသမီးဆိုပြီး ပို့ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ကောသလမင်းနဲ့ ဝါသဘခတ္တိယ မင်းသမီးတို့ အတူနေလာရာက ဝါသဘခတ္တိယမင်းသမီးမှာ သားတော်တစ်ယောက် ဖွားမြင်တယ်၊ သူ့ရဲ့နာမည်က ‘ဝိဋဋူဘ’ လို့ခေါ်တယ်၊ အရွယ်ရောက်တော့ အိမ်ရှေ့မင်းသားဖြစ်ခဲ့တယ်။ တစ်နေ့ ဝိဋဋူဘ မင်းသားဟာ အဖိုးအဖွားတွေရှိတဲ့ သာကီဝင်မင်းမျိုး တွေဆီ အလည်သွားမယ်ဆိုပြီး နောက်ပါ စစ်သည်တို့နဲ့အတူ ကောသလတိုင်းကနေ သက္ကတိုင်းကို လာခဲ့ပါတယ်။

သက္ကတိုင်းမှာ အလိုရှိသလောက်နေပြီး ကောသလတိုင်းကို ပြန်လာခဲ့ကြရာ နယ်စပ်နား ရောက်တော့ ပစ္စည်းတစ်ခု မေ့ကျန်ခဲ့တဲ့အတွက် ပြန်ယူဖို့ရာ အမတ်တစ်ဦးကို စေခိုင်းလိုက်ပါတယ်။ အမတ်လည်း သက္ကတိုင်းဘက်ကို တစ်ဖန်ပြန်လာခဲ့ရပါတယ်။ ဒီအချိန်မှာ ကျွန်မတွေက “ ဒီနေရာက ဝါသဘခတ္တိယ ကျွန်မရဲ့သား နေခဲ့တဲ့နေရာပဲ၊ ဒီနေရာက ကျွန်မသား အိပ်ခဲ့တဲ့ ကုဋင်ပဲ၊ ဒီနေရာက ကျွန်မသား အနားယူတဲ့နေရာတွေပဲ” လို့ ဆဲရေးတိုင်းထွာပြီး ဝိဋဋူဘနေထိုင်ခဲ့ တဲ့နေရာတွေကို နို့ရည်နဲ့ ဆေးနေကြတယ်။

ဒါကို ပစ္စည်းမေ့ကျန်ခဲ့လို့ ပြန်လာယူတဲ့အမတ်က ကြားခဲ့ရ မြင်လဲမြင်ခဲ့ရတယ်။ ဒါနဲ့ အမတ်ဟာ မေ့ကျန်ခဲ့တဲ့ပစ္စည်းကို ယူကာ ဝိဋဋူဘ ရှိရာသို့ ပြန်လာခဲ့ပြီး သူမြင်ခဲ့၊ကြားခဲ့တဲ့အတိုင်း လျှောက်ထားပါတယ်။ ဝိဋဋူဘ မင်းသားဟာ ကြားလိုက်ရတဲ့စကားကြောင့် အဖေဖြစ်တဲ့ ကောသလမင်းကိုလဲသနား၊ မိခင်ဖြစ်တဲ့ ဝါသဘခတ္တိယကိုလဲ သနားလှတဲ့အတွက် “ငါ ဘုရင် ဖြစ်လို့ကတော့ သာကီဝင်မင်းမျိုးတွေရဲ့ လည်ချောင်းသွေးနဲ့ ငါ့ပလ္လင်ကို ဆေးမယ်” လို့ ရှက်ဒေါသနဲ့ အတူ အငြိုးအာဃာတတွေ ထားခဲ့တယ်။

ကောသလမင်းကြီးနတ်ရွာစံလို့ ဝိဋဋူဘမင်းသား မင်းဖြစ်တဲ့အချိန်ရောက်တော့ သာကီဝင် မင်းမျိုးတွေကို တစ်ယောက်မကျန်သတ်မယ် ဆိုပြီး ကောသလတိုင်း ကနေ သာကီဝင်မျီုးတွေရှိရာ သက္ကတိုင်းကို စစ်ချီလာခဲ့တယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ထိုအကြောင်းကို ဥာဏ်တော်နဲ့ သိမြင်တော်မူတဲ့အတွက် သက္ကတိုင်းရဲ့ နယ်စပ်အနီးကို ကြွတော်မူခဲ့ပါတယ်။ ထိုအချိန်က ကောသလတိုင်းဘက်နယ်စပ်အနီးမှာ အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်ရှိသလို သက္ကတိုင်းရဲ့နယ်စပ်အနီးမှာလဲ အရိပ်ကျိုးတိုးကျဲတဲပေါက်နေတဲ့ သစ်ပင်တစ်ပင်လဲ ရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က သက္ကတိုင်းဘက်မှ အရိပ် ကျိုးတိုးကျဲတဲသာရှိတဲ့ သစ်ပင်ရင်းမှာ သီတင်းသုံးတော်မူနေပါတယ်။

စစ်သည်အလုံးအရင်းနဲ့ စစ်ချီလာတဲ့ ဝိဋဋူဘမင်းဟာ နယ်စပ်အနီးရောက်လာတယ်။ ဘုရားရှင်အား မထင်မှတ်ဘဲ ဖူးတွေ့လိုက်ရတဲ့အခါမှာ ဆင်တော်ပေါ်မှ အသာဆင်းပြီး ဘုရားရှင်အား ရှိခိုးကန်တော့ပါတယ်။ ဝိဋဋူဘမင်းက “အရှင်ဘုရား…သီတင်းသုံးနေတဲ့ သစ်ပင်က အရိပ်ကျိုးတိုး ကျဲတဲဖြစ်နေတဲ့အတွက် အရိပ်မကောင်းပါဘုရား၊ ဟောဟိုနားက တပည့်တော် တို့ ကောသလတိုင်းနယ်စပ်အနီးရှိ အရိပ်ကောင်းတဲ့ သစ်ပင်မှာ သီတင်းသုံးတော်မူပါလား ဘုရား” လို့ ဘုရားရှင်အား လျှောက်လိုက်တယ်။

ဘုရားရှင်က “အရိပ်အာဝါသ ကောင်းတဲ့သစ်ပင်အရိပ်ထက် မိဘဆွေမျိုးတွေရဲ့အရိပ်က ပိုပြီးအေးမြတယ်” လို့ မိန့်တော်မူလိုက်တဲ့အခါ ဘုရင် ဝိဋဋူဘ က “ဘုရားရှင်ဟာ သူ့ဆွေမျိုးများ သေကြေပျက်စီးမှာကို မလိုလားတဲ့အတွက် ငါ့ကို ပရိယာယ်နဲ့ပြောတာနေမှာပဲ” ဆိုပြီး ဘုရားရဲ့အလိုတော်ကို ဆန့်ကျင်ဘက် မလုပ်လိုတာနဲ့ ကောသလတိုင်းကို ပြန်လာခဲ့ကြပါတယ်။ ဇာတ်ကြောင်းကတော့မပြီးသေးဘူး။ ပြောလိုရင်းကတော့ သစ်ပင်အရိပ်ထက် ဆွေမျိုးမိဘအရိပ်က ပိုပြီးအေးမြ တယ်ဆိုတဲ့စကားဟာ ဝိဋဋူဘမင်းကို ဘုရားရှင် မိန့်တော်မူခဲ့တဲ့ စကားတော် ဖြစ်တယ်ဆိုတာကို သိစေချင်လို့ပါ။

တခါ မိဘဆွေမျိုးတို့ရဲ့အရိပ်ထက် မင်း အရိပ်က ပိုအေးမြတယ်…….တဲ့။ ဒါနဲ့စပ်လို့ စာချစ်သူတို့ ခရီးတစ်ခု သွားလာတဲ့အခါ သူတစ်ပါးရဲ့ အနှိပ်စက် မခံရလေအောင်၊ နိုင်လိုမင်းထက် မပြုလုပ်နိုင်အောင်၊ မိမိကို ရန်ပြုမဲ့သူတွေနဲ့ မတွေ့နိုင်အောင်၊ မိမိရဲ့အသက်အိုးအိမ်စည်းစိမ်တွေ မဆုံးရှုံးရလေအောင်၊ လူဆိုး သူခိုးတွေက မထိပါးရဲအောင် တိုင်းပြည် အုပ်ချုပ်နေတဲ့ မင်းက ဥပဒေတွေ အာဏာတွေနဲ့ စောင့်ရှောက်ပေးနိုင်တယ်။ မိဘများက အဲဒီလိုမျိုး စောင့်ရှောက်မပေး နိုင်ကြဘူး။ဒါကြောင့်လဲ မိဘများရဲ့အရိပ်ထက် တိုင်းပြည်အုပ်ချုပ်နေတဲ့ မင်းရဲ့အရိပ်က ပိုမိုအေးမြစေခဲ့တာ ဖြစ်တယ်။

နောက်တစ်မျိုးက ဆရာ့အရိပ်ပါ။ ဆရာသမားဟာလဲ တပည့်သားများအတွက် အေးမြလှတဲ့ အရိပ်တစ်ခုပါ။ ဆရာသမားများဟာ တပည့်သားများအား တစ်ဘဝတာ အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေ ကို စေတနာပြည့်ဝ နှလုံးလှလှဖြင့် သင်ပေးခဲ့တယ်။ အတတ်ပညာများ သင်ပေးပြီး တပည့်သားတို့ရဲ့ ဘဝအပူတွေ ကို ဖြေရှင်းပေးခဲ့ကြတယ်။ ထို့အတူ စိုးရိမ်ပူဆွေးမှု၊ငိုကြွေးမှု၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု စတဲ့ ဘဝမှာ ခါးစပ်တဲ့အရသာတွေကို ခံစားရတဲ့အခါမှာလဲ အပူငြိမ်းကြောင်း အကျင့်တွေကို လက်တွေ့ကျကျ ညွန်ပြဆုံးမပေးခဲ့တယ်။

 ပီးတော့ စာချစ်သူတို့ရဲ့ ဘဝလမ်းကြောင်းကောင်း အောင်၊ ပစ္စုပ္ပာန်လမ်းကြောင်း သံသရာလမ်းကြောင်း မတိမ်းစောင်းရအောင် ဆရာသမားများက ဆုံးမသွန်သင် နည်းလမ်းထွင်ပေးနိုင် ခဲ့ကြပါတယ်။ လက်ရှိဘဝတိုးတက်ကြီးပွားအောင်၊ သံသရာမှာလဲ ဘဝအဆင့်အတန်း မြှင့်မားနိုင်အောင် ဆရာသမားများက သွန်သင်ဆုံးမပေးနိုင်ပါတယ်။ ဒါတွေကို မိဘများ၊ တိုင်းပြည်အုပ်ချုပ်နေတဲ့မင်းများက မဆောင်ရွက်ပေးနိုင်ကြဘူး။ ဒါကြောင့် သစ်ပင်၊ မိဘ ၊ မင်းစိုးရာဇာ တို့ရဲ့အရိပ်ထက် ဆရာရဲ့အရိပ်က ပိုအေးမြစေခဲ့တာ ဖြစ်တယ်။

နောက်အရိပ်တစ်ခုကတော့ ဘုရားရှင်ရဲ့အရိပ်တော်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အရိပ်ဟာ အရိပ် တကာ အရိပ်တို့ထက် အသာလွန်ဆုံးအရိပ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပူအားလုံးကို အေးငြိမ်းစေနိုင် လို့ပါပဲ။ ဒီအကြောင်းနဲ့စပ်လို့….သတ္တဝါတွေမှာ အတွင်းပူနဲ့အပြင်ပူဆိုပြီး အပူနှစ်မျိုးရှိတယ်။ လောဘ ဒေါသ စတဲ့ ကိလေသာအပူကိုတော့ အတွင်းပူလို့ခေါ်ပြီး၊ အဆင်း အသံ စတဲ့ ငါးပါးရန်သူကိုတော့ အပြင်ပူ လို့ ခေါ်ပါတယ်။ သတ္တဝါတွေဟာ ဒီအပူနှစ်မျိုးတို့နဲ့ ညှပ်ပြီး အမြဲအလောင်ခံနေကြရတယ်။ ဘယ်လောက်အထိ အပူလောင်ခံနေရသလဲ ဆိုရင် နေ့ရော ညဉ့်ပါ (၂၄နာရီ)စလုံး အပူလောင်ခံနေရတယ်။

အဆင်းမျိုးစုံရူပါရုံနဲ့ တွေ့တဲ့အခါလိုချင်စရာကောင်းတဲ့အဆင်း၊ကြောက်စရာကောင်းတဲ့အဆင်း ဆိုတာတွေဟာ အပြင်ပူတွေချည်းပဲ၊ ဒါတင်မဟုတ်သေးပါ အသံမျိုးစုံသဒ္ဒါရုံနဲ့တွေ့တဲ့အခါ နားထောင်ချင်စရာအသံတွေ၊ မခံနိုင်တဲ့အသံတွေ။ အနံ့မျိုးစုံ ဂန္ဓာရုံနဲ့တွေ့တဲ့အခါ နမ်းရှုချင်စရာ နှစ်သက်ဖွယ်ရာအနံ့၊ မနှစ်သက်နိုင်တဲ့ အနံ့တွေ။ အရသာမျိုးစုံ ရသာရုံနဲ့တွေ့တဲ့အခါ စားချင်စရာအရသာ၊ အဝင်ခက်လှတဲ့ အရသာတွေ။ အတွေ့အထိ မျိုးစုံ ဖောဋ္ဌဗ္ဗာရုံနဲ့ တွေ့တဲ့အခါ နူးညံ့တဲ့အထိအတွေ့၊ ကြမ်းတမ်းတဲ့အထိအတွေ့တွေ ဒါတွေအားလုံးဟာ အပြင်ပူတွေဖြစ်တယ်။

ထိုအပြင်ပူတွေ အတိုက်ခံရတဲ့အခါ အတွင်းကအပူများဖြစ်တဲ့ လောဘ စတဲ့ကိလေသာအပူတွေ ထတောက်တော့တာပဲ။ ဒီလိုနဲ့ အပူကောင်တွေ အပူကောင်မတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ သားသမီးမြေးမြစ်ဆိုတဲ့ မိသားစုနဲ့ နေရတာ ပျော်ရွှင်ကြတယ်ဆိုပေမဲ့ အတွင်းအပြင်ဆိုတဲ့ အပူတွေကြောင့် အပူရုပ်ကို ဟန်လုပ်ပြီးနေကြရတာပါ။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်ရင်…ဘယ်တော့မှ မအေးဘူး။ သားပူ သမီးပူ မယားပူတွေနဲ့ အပူတိုက် အမြိုက်ခံနေကြရတယ်။ ဘယ်လောက်တောင် ပူသလဲဆိုရင် လူတစ်ယောက်ဟာ အလွန်ပြင်းတဲ့ နေပူပြင်ထဲမှာ မီးပြင်းပြင်းနဲ့ အတိုက်ခံရသလို အပူတွေ ဆင့်ကာဆင့်ကာ အပူခံနေ ရပါတယ်။ဒါကြောင့်လဲ သတ္တဝါတွေဟာ အေးငြိမ်းချမ်းသာတဲ့ အခွင့်အရေးကို မရနိုင်ကြ ဖြစ်နေပါတယ်။

ဥပမာ သစ်ရွက်ကလေးများ မီးလောင်လို့ရှိရင် ငြိမ်နေတာမရှိဘူး၊ တွန့်လိန်ကောက်ခွေသွားတယ်။ ဒီလိုပါပဲ မိသားစု စားဝတ်နေရေးအတွက် အထက်ကလူ အောက်ကို စုံဆင်းရတယ်၊ အောက်ကလူ အထက်ကို ဆန်တက်ကြရတယ်။ သတ္တဝါတွေဟာ အစားအတွက်ပူ ၊ အဝတ်အတွက်အပူ၊ နေထိုင်စရာအတွက် အပူတွေဆင့်နေတဲ့အတွက် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြရတယ်။

ဒါကြောာင့်ဘုရားရှင်က မာလုကျပုတ္တသုတ္တန်မှာ အတွင်းအပြင်အပူများငြိမ်းစေဖို့အတွက် မြင်ရင် လဲ မြင်ရုံမျှဖြစ်ရမယ်။ ကြားရင်လဲ ကြားရုံမျှဖြစ်ရမယ်၊ နံရင်လဲ နံရုံမျှ ဖြစ်ရမယ်။ စားသောက်တဲ့အခါမှာလဲ အရသာသိရုံမျှ ဖြစ်ရမယ်။ ထိတဲ့အခါမှာလဲ အထိတွေ့ရုံမျှ ဖြစ်ရမယ် အခြားဖြစ်လာတဲ့အပေါ်မှာလဲ သိရုံမျှ ဖြစ်ရမယ်လို့ ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက မြင်ရင် မြင်တယ်၊ ကြားရင်ကြားတယ်၊ နံရင်နံတယ်၊ စားရင်စားတယ်၊ ထိရင်လဲ ထိတယ်၊ သိရင်လဲသိတယ် လို့ ရှုမှတ်နေခြင်းဖြင့် အပူမှန်သမျှကို ငြိမ်းအေးစေနိုင်ပါတယ်။


လိုရင်းချုပ်ပြောရရင် အတွင်းပူဆိုတဲ့ ကိလေသာပူတွေ အပြင်ပူဆိုတဲ့ အဆင်းအသံစတဲ့ အာရုံငါးပါးအပူတွေ ငြိမ်းအေးအောင် မိဘများ၊ မင်းစိုးရာဇာများ၊ဆရာသမားများက မစွမ်းဆောင် ပေးနိုင်ပါ။ ဘုရားရှင်နဲ့တကွ ဘုရားရှင်ရဲ့တရားတော်ကသာလျှင် အပူငြိမ်းအောင် စွမ်းဆောင်ပေး နိုင်ပါတယ်။ဒါကြောင့် အရိပ်တကာ့ အရိပ်တို့တွင် အအေးမြဆုံးအရိပ်ဟာ ဘုရားရှင်ရဲ့ တရားတော်အရိပ်ပင်ဖြစ် ပါကြောင်း ပြောကြားရင်း ….အားလုံးအပူတွေ ငြိမ်းအောင် တရားတော် အရိပ်ကို ခိုလှုံနိုင်ကြပါစေ…

ဦးကော