Sunday, January 26, 2014

ဗုဒ္ဓလမ်းစဉ် လိုက်စေချင်

ဗုဒ္ဓလမ်းစဉ် လိုက်စေချင်

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာကို အက္ကောသဘာရဒွါဇအမည်ရှိတဲ့ပုဏ္ဏားတစ်ဦးက အမျက်ဒေါသချောင်းချောင်းထွက်ပြီးတော့ အလွန်တရာ နားမခံသာစရာ နှလုံးမသာယာစရာကောင်းတဲ့ ရိုင်းပျကြမ်းတမ်းတဲ့ ဆဲနည်းမျိုးစုံနဲ့ ဆဲဆိုပါတယ်။
ဗုဒ္ဓမြတ်စွာက ပြုံးတော်မူလိုက်ပြီး ပုဏ္ဏားကြီးကို အခုလိုမေးတော်မူပါတယ်။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင့်အိမ်ကို ဧည့်သည်မိတ်ဆွေများ လာရောက်ကြပါသလား။

ပုဏ္ဏား။ ။ လာတာပေါ့ အရှင်ကြီးဂေါတမ။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင်၏ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေ သင့်အိမ်ကို လာရောက်တဲ့အခါ သင်ဘာတွေလုပ်သလဲ။

ပုဏ္ဏား။ ။ အရှင်ဂေါတမ ကျွန်ုပ်အိမ်ကို မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေ လာရောက်တဲ့အခါမျိုးဆိုရင် စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင်ကျွေးမွေး ဧည့်ခံတဲ့ စားကောင်းသောက်ဖွယ်တွေကို အဲဒီသင်၏ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေက လက်မခံ မစားသုံးဘူးဆိုရင် အဲဒီစားကောင်းသောက်ဖွယ်တွေကို သင်ဘယ်လိုလုပ်မလဲ။ အဲဒီစားကောင်းသောက်ဖွယ်တွေဟာ ဘယ်သူထံ ပြန်ပြီးရောက်သလဲ။

ပုဏ္ဏား။ ။ အရှင်ကြီး ဂေါတမ၊ ကျွန်ုပ် ဧည့်ခံကျွေးမွေးတဲ့ စားကောင်းသောက်ဖွယ်တွေကို ဧည့်သည်တွေက မသုံးဆောင်ဘူးဆိုရင် စွန့်မပစ်ဘဲနဲ့ ကျွန်ုပ်ကိုယ်တိုင်ပဲ သုံးဆောင်စားသောက်မှာပေါ့။ ကျွန်ုပ်ထံသိုပဲ ပြန်လည်ရောက်ရှိပါတယ်။

ဗုဒ္ဓ။ ။ ကောင်းပြီ ဒီအနည်းအတိုင်းပဲ ပုဏ္ဏားကြီး၊ အခု သင်က င့ါကို ညစ်ညမ်းတဲ့ စကားမျိုးစုံနဲ့ မဆဲဆိုအပ်သော စကားကြမ်းတွေဖြင့် င့ါကို ဆဲဆိုကြိမ်းမောင်းတယ်၊ သင်ရဲ့ အလွန်ညစ်ညမ်းကြမ်းတမ်းတဲ့ ဆဲရေးစကားတွေကို ငါ လက်မခံဘူး။ သင်ပေးတဲ့ ဒီ ညစ်ညမ်းကြမ်းတမ်းတဲ့ စကားတွေကို ငါလက်မခံတဲ့အတွက် သင်ကိုယ်တိုင်ပဲ ပြန်ပြီး လက်ခံရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာသည် ဘယ်သူက ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေပါစေ ယဉ်ကျေးသိမ်မွေစွာပဲ မေတ္တာတရားနဲ့ တုန့်ပြန်တော်မူခဲ့ပါတယ်။ ယဉ်ယဉ်ကျေးကျေးပဲ ပုဏ္ဏားကြီး ပေးအပ်ခဲ့တဲ့ ကြမ်းတမ်းတဲ့စကားတွေကို ပြန်ပေးအပ်ခဲ့တာပါ။ 

“အမုန်းတရားတွေ ရန်ငြိုးအာဃာတတွေကို တူညီတဲ့ အမုန်းတွေ ရန်ငြိုးအာဃာတတွေနဲ့ ပြန်လည်တုန်ပြန်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုဆိုတာကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ထိုအမုန်းတွေ ရန်ငြိုးအာဃာတတွေကို မေတ္တာတရားနဲ့ပဲ အနိုင်ယူပြီး ငြိမ်းချမ်းမှုကို ရယူနိုင်ပါတယ်။ ဒါဟာ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အားလုံးလက်ခံနိုင်တဲ့ လောကအမှန်တရားတစ်ခုပါပဲ”

စာရေး/ဖတ်သူတို့ ဘ၀မှာလည်း တစ်ပါးသူ၏ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရန်လိုခြင်း၊ ကြမ်းတမ်းစွာ ဆက်ဆံခြင်းတွေကို ခံနိုင်ရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ဒေါသအားလျော်စွာ မတုန်ပြန်လိုက်ပါနဲ့။ ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း နည်းအတိုင်း နားလည်သဘောပေါက် လက်ခံပြီးတော့ မေတ္တာတရားနဲ့သာ အနိုင်ယူပြီး ငြိမ်းချမ်းရေးကို ရယူစေချင်ပါတယ်။ အမျက်ဒေါသထွက်နေတဲ့ ရိုင်းပျစော်ကားလာသူကို အနိုင်ယူနိုင်တာဟာလည်း မေတ္တာလက်နက်တစ်ခုတည်းပဲရှိပါတယ်။ 

ကိုယ့်ကိုလာကိုက်တဲ့ခွေးကို ပြန်ပြီးလိုက်ကိုက်နေမယ်ဆိုရင် ကိုယ်ပါ သူ့လိုမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီဥပမာအတိုင်းပါပဲ။ သူနဲဖက်ပြိုင် မမိုက်မိပါစေနဲ့၊ သူမိုက်မဲတိုင်းသာ ကိုယ်ကလိုက်မိုက်မဲနေမယ်ဆိုရင် ကိုယ်တိုင် သုံးစားမရတဲ့ အချည်းအနှီး လူမိုက်လုံးလုံးဖြစ်သွားမှာပါ။

ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ဆိုတာဟာ ငြိမ်းချမ်းမှုကို ဦးတည်တဲ့ ရှေရှုတဲ့ လမ်းစဉ်ပါ၊ သန္တိသုခဆိုတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး နိဗ္ဗာန်ကို လျှောက်လှမ်းနေတဲ့ တစ်ခုတည်းသော ငြိမ်းချမ်းရေးလမ်းစဉ်ပါ။ ဒီတော့ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ဆိုရင် ငြိမ်းချမ်းခြင်းကို လိုလားတယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ကို ထာဝရလျှောက်လှမ်းလိုက်ဖို့ပါပဲ။

ကျမ်းကိုး။   ။ သံယုတ္တနိကာယ်၊ သဂါထ၀ဂ္ဂသံယုတ်ပါဠိတော်၊ အရဟန္တ၀ဂ်၊ အသုရိန္ဒကသုတ်

(ဥယျာဉ်မှူးလေး)