Saturday, January 18, 2014

ကောင်းကင်လုံး ပျံ့နှံသွားစေတဲ့ တိမ်တိုက်ကလေးများ


ကောင်းကင်လုံး ပျံ့နှံသွားစေတဲ့ တိမ်တိုက်ကလေးများ

သူတစ်ပါးဒုက္ခရောက်နေတာတွေ ကြားရတော့ အများနည်းတူ တူညီချင်တာပေါ့၊ လောကကျိုး သာသနာကျိုးတွေကိုလည်း သည်ပိုးချင်တာပေါ့၊ ဒါပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ သိတဲ့အတိုင်းပဲ အချိန်က မရဘူးတို့၊ ပစ္စည်းဝတ္ထုက မပြည့်စုံဘူးတို့၊ သူများလို လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်အောင် လုပ်နိုင်ဖို့က အလွယ်ဘူးတို့… စတဲ့ ဆင်ခြေတွေကို ကြားလိုက်ရတိုင်း အငယ်ကတည်းက ဒီနေ့အထိ အကျင့်ရနေအောင် အမေက ဆုံးမခဲ့တာလေးတွေရယ်၊ ကိုရင်ဘ၀က ရွာကျောင်းမှာ အတူတွေ့ကြုံ နေထိုင်ခဲ့ရဖူးတဲ့ ကပ္ပိယကြီး  ဦးဖိုးနုပ်ရယ်ကို သတိရမိပါတယ်။

မိမိတို့ အထိုက်အလျှောက် နားလည်မှတ်သား တတ်လောက်တဲ့ အရွယ်ကစပြီး အမေ အဖေတို့က သြကာသ၊ ဣတိပိ၊ သမ္ဗုဒ္ဓေ-စတဲ့ ဘုရားရှိခိုးလေး တွေလည်း သင်ပေးတယ်၊ အဖေကတော့ ပုံပြင်တွေ ဇာတ်နိပါတ်ဆိုတာ တွေကို စိတ်ဝင်စားအောင် ပြောပြပေးပါတယ်။

တစ်ခါတော့ ရွာလယ်လမ်းမကြီးမှာ ပြေးလွှားဆော့ကားရင်း ၀ါးခြမ်း စိပ်တစ်ခုနဲ့ ခြေမခွကြား တိုးမိပြီး သွေးတွေလဲထွက် နာလဲနာတော့ ရှုံ့မဲ့ပြီး  အမေ့ဆီ ပြေးသွားခဲ့တယ်၊ ထုံးစံအတိုင်းဘဲ အမေက ချော့မော့ပြီး သွေးတွေကို  ရေနဲ့ဆေးအထဲက ငြောင့်စတွေကို ကုန်အောင်ဖယ်ရှား ပေးပြီးတော့မှ ဗီးစပ် ရွက်ဆိုတာတွေ ကြိတ်ချေ သိပ်ပေးပါတယ်။

ညကျတော့ အမေက“ငါ့သား ခုလိုငြောင့်တွေ ဘာတွေ မစူးစေချင်ရင်လေ လမ်းသွားတဲ့အခါ လမ်းပေါ်မှာ တွေ့တဲ့ ဆူးခက်တွေ၊ အချွန်အတက်တွေ၊ သံတို သံစတွေ တွေ့ရင် ဘေးလွတ်ရာကို ရောက်အောင် ဖယ်ရှားပစ်ခဲ့ရတယ်၊ အဲလိုလုပ်ရင် ငါ့သား ဘယ်တော့မှ ခလုပ်မထိ ဆူးမငြိဘူး၊ မြွေပါး ကင်းပါးဘေး တွေ၊ ချောက်ကမ်းပါး ဘေးတွေနဲ့ ဘယ်တော့မှ မတွေ့ဘူး ကြားလား၊ အဲဒါ တသက်လုံး မြဲမြဲမှတ်ထားနော်” လို့ ဆုံးမပါတယ်။

တခါတလေ ကျောင်းကပြန်လာတဲ့အခါ“ အမေ.. ဒီနေ့ သားလမ်းမှာ ဆူးလှည်းပေါ်က ကျကျန်ခဲ့တဲ့ ဆူးခက်တွေကို ခရိုး(စည်းရိုး) ထဲရောက်အောင် ဖယ်ပစ်ခဲ့တယ်တို့၊ ဒီနေ့ လမ်းမှာ တွေ့ရတဲ့ ၀ါးချွန်ပိုင်းကြီးကို ခြုံထဲရောက်အောင် လွှစ်ပစ်ခဲ့တယ်”တို့ဆိုတဲ့ စကားမျိုးများ ကြားရရင် အမေက“ အံမယ် ငါ့သားလေး က လိမ္မာလိုက်တာဟယ်၊ သာဓုတော်.. သာဓု၊ ငါ့သားလေး တစ်သက်လုံး ခလုပ်မထိ ဆူးမငြိပါစေနဲ့ ၊ လာမည့်ဘေး ဝေးပါစေတော်” ဆိုပြီး  ကျေကျေ နပ်နပ်ကြီး ဆုပေးလေ့ရှိပါတယ်။

ဘာရယ်လို့ မဟုတ်ဘူး၊ အမေ့မျက်နှာ ရွှန်းရွှန်းစားစားကြီး ပြုံးပြီး ဆုပေး လိုက်တာကိုပဲ ဧရာမ ဆုထူးလာဘ်ထူးကြီးကို ရလိုက်သလို ၀မ်းသာခဲ့မိပါတယ်။

အဲဒီကတည်းက အကျင့်ရလာတာ ခုထိလည်း တစ်ခါတလေ တောင်စွန်း ကို ပြန်တဲ့အခါ လမ်းပေါ်မှာ ကျောက်ကားကြီးတွေက ကျကျန်ရစ်တဲ့ ကျောက်တုံး ကြီးကြီးတွေ တွေ့လို့  ကားသမားက ကွေ့ပြီး မောင်းမယ်လုပ်ရင် “ခဏရပ်ပါဦးဟ” ဆိုပြီး အဲဒီကျောက်တုံးကို လမ်းဘေးရောက်အောင် ဖယ်ရှားခဲ့ ဖြစ်တယ်၊  အဲဒီလိုလုပ်မိတဲ့အခါတိုင်းလဲ“ အမေသာ မြင်လိုက်နိုင်ရင်တော့ ဟို တုန်းကလို သာဓုခေါ်ပြီး ဆုတွေများပေးနေဦးမလား” လို့လဲ အောက်မေ့ပြီး ကိုယ့် အတွေးနဲ့ကိုယ် ပြုံးလိုက်မိသေးတယ်။

မှတ်မိသေးတယ်၊ တစ်ခါက တစ်ခြားးရွာအလှူကို ဆရာတော်ကြွလို့ နောက်ပါ ကျောင်းသားအဖြစ် လိုက်သွားရတာ၊ နေ့ခင်းပိုင်းမှာ ရွာထဲက မဏ္ဍပ် ကို ဆရာတော်တွေ ကြွတဲ့အခါ ရှေ့ကမောင်းသွားတဲ့ ဆူးလှည်းပေါ်က ကျကျန် ရစ်တဲ့ ဆူးခက်တွေကို မိမိက ပြေးကောက်တဲ့ပြီး အဝေးကို ဖယ်ရှားပစ်တော့ မိမိ တို့ ဆရာတော်နဲ့ ရင်းနှီးတဲ့ ဆရာတော်ကြီးတစ်ပါးက “အံမာ..ဥယျဉ်ဘုန်းကြီး ကျောင်းသားက တယ်ဟုတ် ပါလားဟေ့၊ ဘုန်းကြီးကျောင်းသား ဆိုတာ  ဒီလို လိမ္မာမှပေါ့ကွ” လို့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါတယ်၊ မိမိတို့ဆရာတော်ကလဲ သဘောတွေကျပြီး ပြုံးနေပါတယ်။

ကျောင်းပြန်ရောက်တဲ့ညက ဘုရားဝတ်တက်ပြီးတဲ့အခါ ဆရာတော်က ကျောင်းသားကိုရင် အားလုံးကို ဒီအကြောင်းပြောပြီး အားလုံးအတုယူ ကြဖို့ ဆုံးမ ပါတယ်။

ပြီးတော့မှ“ အေး.. ခုလို အများသူငါသွားတဲ့ လမ်းတို့၊ ရေတွင်း ရေကန် ရေအိုးစင်တို့၊ အရိပ်သစ်ပင်တို့ဆိုတာ သတ္တ၀ါအားလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ “မသာသံဃိက”လို့ ခေါ်တယ်။ ရဟန်းသံဃာတို့နဲ့သာ ဆိုင်တဲ့ ရိုးရိုး“သံဃိက” ထက် ကျယ်ပြန့်တယ်၊ အဲလို နေရာမျိုးတွေကို ဖျက်ဆီးရင်လည်း ရိုးရိုးသံဃိက ကို ဖျက်ဆီးတာထက်တောင် အပြစ်ကြီးတယ်၊ ဒီလို နေရာတွေကို ကောင်း အောင် ပြုရင်လည်း ရိုးရိုးသံဃိက ကုသိုလ်ထက် အကျိုးကြီးတယ်” ဆိုပြီး ဆုံးမပါတယ်။

ဆရာသမားရဲ့ အဲဒီ အဆုံးအမကြောင့်လည်း ဒီနေ့အထိ လမ်းဆုံ လမ်းခွ မှာ ရေးစင် တည်ထောင်တာတို့၊ အရိပ်ရသစ်ပင်စိုက်ပျိုးတာတို့လည်း အကျင့် ရပြီး ၀ါသနာ ပါနေခဲ့ပါတယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ ဦးနုပ်ဆိုတဲ့ ကပ္ပိယကြီး တစ်ယောက် ရှိတယ်၊ အားလုံး ကတော့“ဘိုးလေးနုပ်” လို့ ခေါ်ကြပါတယ်၊ သူက မျက်စိမမြင် ဘူး၊ မွေးတွင်းပါတော့ မဟုတ်ဘူး၊ တော်တော်ကြီးမှ မျက်စိကို စပါးနှံ ခတ်မိရာကနေ ဆေးးမြီးတိုနဲ့ ဖြစ်ကတတ်ဆန်းကုရင်း ကွယ်သွားတာလို့ ပြော ပါတယ်။ တောထဲတောင်ထဲ မသွားနိုင်တော့ အိမ်မျာပဲ ဆေးရိုးအငှားထုပြီး ချို့ချို့တဲ့တဲ့ အသက်မွေးရတာပါ။

ဥပုသ်သီတင်းနေ့တွေမှာတော့ ကျောင်းကို ဥပုသ်စောင့် မှန်မှန် ရောက်တယ်၊ အသက်ခုနှစ်ဆယ် နီးပါးလောက်ရောက်တော့ အလုပ်လည်း မလုပ်နိုင်ဘူး၊ သားသမီး တွေကလည်း လက်လုပ် လက်စားတွေဆိုတော့ မှီခိုသူ တစ်ယောက် အပိုကျွေးထားရတာကိုပဲ ခက်ခဲနေပုံရပါတယ်၊ ဒါနဲ့ ဆရာတော်က ကျောင်းမှာ ကပ္ပိယ အဖြစ်နေဖို့ ခေါ်ထားတာပါ။ ဆရာတော်က သူ့အတွက် မီးတင်းကုတ်ခေါင်းရင်းနဲ့  တဆက်တည်း ကွပ်ပျစ်ကလေး သပ်သပ်ရပ်ရပ် လေလုံ မိုးလုံးနဲ့ လုပ်ပေးထားပြီး နေစေပါတယ်၊

ညနေရောက်ရင် ကိုရင်ကြီးတွေက ရေနွေးကျိုတဲ့ ခရားထဲမှာ ရေအပြည့် ထည့်ပေးထားပြီး မီးဖိုနားမှာ မီးပျိုးစရာ ထင်းခွဲခြမ်းလေးတွေ အသင့်လုပ် ပေးထားရတယ်၊ နံနက်စော ဆိုရင် ကပ္ပိယကြီးက သူဟာသူ မီးပျိုါ် ရေနွေးကျို ပြီး အသင့်ဖြစ်နေပြီ၊ ကိုရင်ကြီးတွေက နံနက် စောစော အိပ်ယာထရတဲ့ ဒုက္ခလွတ်သွားလို့ ကပ္ပိယကြီးကို ခင်မင်ကြည်ဖြူ ကြပါတယ်။

ဘိုးလေနုပ်ဟာ ကျောင်းမှာ ကပ္ပိယ အဖြစ်နဲ့ နေကတည်းက ရှစ်ပါးသီလ အမြဲစောင့်ပါတယ်၊ သူကို တစ်ကျောင်းလုံးကရော ရွာနီးချုပ်စပ်ကပါ လေးစား ခင်မင်ရတဲ့ နိစ္စဓုဝ ကုသိုလ်တစ်ခုလည်း အမြဲတမ်း ရှိတယ်။ မိမိတို့ကျောင်းဝန်း အတွင်းမှာက ရှေးက ဆောက်ခဲ့တဲ့ ကိုးခန်း ဆယ့်တစ်ခန်း ကျောင်းအိုကြီး တစ်ဆောင်ရှိတယ်။

မိမိတို့ ကိုရင်ဝတ်တော့ အဲဒီကျောင်းကြီးရဲ့ သက်တမ်းက ကိုးဆယ်ကျော် နေပြီး လေပြင်းပြင်း တိုက်ခတ်လိုက်ရင် ပြိုလဲမည့် အခြေအနေ ရောက်နေပြီဖြစ်လို့ ကျောင်းကြီးရဲ့ မြောက်ဘက်မှာ ကျောင်းသစ်တစ်ဆောင် ဆောက်ထားတယ်၊ အဲဒီမှာပဲ ရှေးကပူဇော်ထားတဲ့ ဆင်းတုတော်ကြီးတွေကိုပါ ရွေ့ပြောင်းပြီး  အားလုံးနေကြပါတယ်။

ရွာကနေ ကျောင်းကို လာသူများအနေနဲ့ ကျောင်းအိုကြီးရဲ့ ခြေရင်းပိုင်း ကနေ ကျောင်းဆောင်သစ် အထိ အလျားကိုက် တစ်ရာလောက်နဲ့ အနံကိုက် နှစ်ဆယ်ကျော်လောက်ရှိတဲ့ ကွက်လပ်ကိုဖြတ်ပြီး လာကြရပါတယ်၊ တောင်ရွာ မြောက်ရွာ ကူးသန်းသွာယးလာကြသူတွေလည်း ဒီကွက်လပ်ကပဲ ဖြတ်သွား ကြရတာပါ၊ မိုးတွင်း ရောက်ပြီဆိုရင် မုန်ညင်းမြက်ပင်တွေနဲ့  ဆူးပန်း တောင်းပင် စတဲ့ ပေါင်းပင်းတွေ ပေါက်လေ့ရှိပါတယ်၊ ၀ါတွင်းဆိုရင် အဖိတ်နေ့ ညနေပိုင်းနဲ့ ဥပုသ်နေ့ နံနက်ပိုင်းတွေမှာ ကိုရင်ကျောင်းသားတွေက ဒီပေါင်းပင် တွေကို ရှင်းကြ ရလို့ ဆော့ကစားးချိန် နည်းကြတဲ့အတွက် အလွန်ညဉ်းကြပေါ့။

ဘိုးလေးနုပ် ကပ္ပိယအဖြစ် ရောက်လာပြီးကတည်းက နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒီပေါင်းတောကြီးကို တစ်နေ့ တစ်ပိုင်းချင်း မှန်မှန်ရှင်းလို့ ဥပုသ် နေ့ရောက်ရင် ကွက်လပ်က ရှင်းပြီးဖြစ်နေပြီ၊ ဥပုသ်ထွက်နေ့ ရောက်တော့ ပထမစရှင်းတဲ့ နေရာကနေ ပြန်စရှင်းတော့တာပဲ၊ ဥပုသ်တစ်ပတ်နဲ့ ကွက်လပ် ရှင်းပြီးတာနဲ့က ကွက်တိပဲ။

ဘိုးလေးနုပ် ပေါင်းထိုးတာနဲ့ ပတ်သက်လို့ လူတိုင်း အံ့သြရတာ တစ်ခုလည်း ရှိသေးတယ်၊ သူက တစ်နေရာထိုင်လိုက်ပြီးရင် သူ့လက်နဲ့ တကမ်း မှီရာ ပတ်လည်ကို လက်နဲ့ အသေအချာစမ်းပြီး ပေါင်းတစ်ပင်မျှ မကျန်ရအောင် ထိုးတာ၊ ပြီးရင် ပေါင်းမှိုက်ကို လက်နဲ့ အသေချာစုပြီး အပုံလေးလုပ်ထားလိုက် တယ်၊ လက်တကမ်း စာထိုးပြီးတိုင်း အဲဒီလိုပုံထားတာဆိုတော့ သူပုံထားတဲ့ ပေါင်းမှိုက်ပုံလေးတွေက အရွယ်တူ လေးတွေ အတန်းလိုက်လို ဖြစ်နေတော့ဒါ ကိုး… ဒါကိုကြည့်ပြီး လူတိုင်းက အံ့သြချီးကျူးကြတာပဲ။

ကပ္ပိယကြီးက နေ့တိုင်းလည်း ဥပုသ်ဆောက်တည်ထားတယ်ဆိုတာ သိလာကြတော့ ဖြတ်သွား ဖြတ်လာ တချို့က ညနေပိုင်းဆိုရင် ထန်းလျှက်ခဲ လေးတွေ ယူယူလာပြီး ပေးကြလို့ ညညကျ သူနားလာကြတဲ့ ကိုရင်တွေ ကိုတောင် သူက ထန်းလျှက်ခဲလေးတွေ လှုနိုင်လိုက်သေးတယ်။

ကပ္ပိယကြီး ဆုံးပါးသွားတဲ့အခါမှာလည်း မှတ်မှတ်ရရ ပြောစမှတ်တွင်ခဲ့ ပါတယ်၊ သူ့ကို သင်္ဂြိုဟ်တဲ့ အခါမှာ ရပ်နီးရပ်ဝေး သာရေးနာရေး အဆက် အသွယ်ရှိတဲ့ ကျောင်းတွေက ကျောင်းထိုင် ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ချီးမြှင့်ကြသလို တောင်ရွာ မြောက်ရွာကလည်း အိမ်စေ့လူကုန်နီးပါး လိုက်ပါပို့ဆောင်ကြပါတယ်။

လူကြီးတွေ ပြောကြတာကတော့ သူတို့ တစ်သက်တာမှာ သူကြီးတို့ မျက်နှာကြီးတို့ဆိုတဲ့ အသုဘတွေမှာတောင် ကပ္ပိယကြီးရဲ့ အသုဘလောက် ထေရ်ြကီးဝါကြီး ဆရာတော်တွေစုံတာနဲ့ လူစည်ကားတာမျိုး တစ်ခါမှ မတွေ့ဖူး ဘူးတဲ့။

ကုသိုလ်ရေးနဲ့ ပတ်သက်လို့ ဟိုလို ဒီလို ဆင်ခြေ ဆင်လက်တွေ ပေးသံ ကြားရတိုင်း ကပ္ပိယကြီး ဘိုးလေးနုပ် ကိုလည်း အထူး သတိရမိပါတယ်။

စွမ်းနိုင်သမျှ ကျက်သရေဆောင်တတ်ကြပါစေ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း