Saturday, January 11, 2014

ပေးဆပ်နိုင်ခွင့်ရခြင်း၏ ပီတိ


  ပေးဆပ်နိုင်ခွင့်ရခြင်း၏ ပီတိ 
တချို့သောသူများက ရယူခြင်းအတွက် မွေးဖွားလာကြသည်။ တချို့ကား ပေးဆပ်ခြင်းအတွက် မွေးဖွားလာခဲ့ကြသည်။ အစုန်စိတ် အခြေခံသူများနှင့် အဆန်စိတ် အခြေခံသူများဟု သာမန်အားဖြင့် ဆိုနိုင်မည်ဖြစ်သည်။ လောကပါလတရားများတွင် အသိထူးကို ပိုင်ဆိုင်နိုင်ခွင့်ရှိသော လူအဖြစ်သို့ ကံအဟုန်ကြီး၍ ရောက်လာကြသူများအနေဖြင့် တစ်စုံတစ်ရာ ပေးဆပ်ခြင်းဖြင့် လောကကြီးကို တည်ဆောက်ရန် ဆုံးမထားပြီး ဖြစ်သည်။

ဗုဒ္ဓသည် လောကကြီးကို ပေးဆပ်နိုင်ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီဖြည့်ဆည်း ခဲ့ရသည်။ သိဒ္ဒတ္ထ အိမ်ရှေ့စံအဖြစ် မင်းစည်းစိမ် ခံစားနေရာမှ စွန့်လွှတ်ပြီး တောကြီးမျက်မည်းတွင် ဒုက္ကရစရိယာ (၆)နှစ် ကျင့်ကြံနိုင်ခြင်းသည် သုံးလောကသားတို့အား ပေးဆပ်ရန်ဖြစ်သည်။ အဆုံးစွန်သော စွန့်လွှတ်ခြင်းတို့ကို စွန့်လွှတ်နိုင်ခဲ့သူ ဖြစ်သည်။ ဗုဒ္ဓအဖြစ် ရောက်ပြီးချိန်မှစ၍ ပရိနိဗ္ဗာန်ပြုချိန်အထိ မရပ်မနား၊ ခရီးသွား၍ လောကကြီးကို ပေးဆပ်ခဲ့သူ ဖြစ်သည်။ ဗုဒ္ဓလက်ထက် အသိမှန်၊ အမြင်မှန်ရခဲ့သူများ မရေတွက်နိုင်၊ ထေရ၀ါဒဗုဒ္ဓလမ်းစဉ်ကို တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၂၅၀၀ ကျော်အတွင်း လိုက်နာကျင့်ကြံသူတို့ အနည်းဆုံး ကောင်းရာဂတိလားနိုင်ကြသူ အရေအတွက်သည် အနန္တဖြစ်၏။ ဗုဒ္ဓသည် သက်ရှိထင်ရှားရှိစဉ်ကပင် လောကကြီးအတွက် ပေးဆပ်ခဲ့သူဖြစ်ပြီး ပရိနိဗ္ဗာန်ပြုပြီးနောက် သူ့လမ်းစဉ်ဖြင့် ဆက်လက်ပေးဆပ်ထားသူလည်း ဖြစ်၏။

ကြီးမြတ်လှစွာသော ဗုဒ္ဓကဲ့သို့ လောကကြီးကို ပေးဆပ်သူများရှိသလို လောကကြီးတွင် ဒေ၀ဒတ် ကဲ့သို့ အစုန်စိတ်ကြီးမားစွာဖြင့် မွေးဖွားခဲ့ကြသူများလည်း ရှိကြသည်။ အကောင်း၊ အဆိုး ဒွန်တွဲ နေခြင်းကပင် လောက၏ နိယာမတစ်ခု ဖြစ်သည်။ အကောင်းများ၍ အဆိုးနည်းရန် ဆုတောင်းရပြီး၊ ပေးဆပ်သူများ တစ်စုံတစ်ရာ အင်အားကောင်းရန်သာ ဆန္ဒပြုကြရမည်ဖြစ်သည်။

ဗုဒ္ဓသည် မင်းစည်းစိမ်ကို စွန့်သူဖြစ်၏။ ဖြစ်လတ္တံ့သော စကြ၀တေးမင်း၏ စည်းစိမ်ကို စွန့်ဝံ့သူလည်း ဖြစ်သည်။ လောကအတွက် ချစ်သောသား ရာဟုလာနှင့် ချစ်သောမိဖုရား ယသော်ဓရာကိုလည်း စွန့်ခဲ့သူဖြစ်၏။ သုံးလောကသားတို့ အမြင်မှန်၊ အကျင့်မှန်၊ ပညာမှန်ရန် ဘ၀ကို သက်ဆုံးတိုင် စတေးထားခဲ့သူ ဖြစ်၏။ ထေရ၀ါဒဗုဒ္ဓလမ်းစဉ်တစ်ရပ်ကို တည်ထောင်ပြီး အခြွေအရံ ကြီးမားခဲ့သော်လည်း မင်းစည်းစိမ်၊ မင်းအာဏာတို့ကို မယစ်မူးခဲ့။ သူတော်စင်တို့၏ ခြိုးခြံသော အကျင့်သီလကိုသာ ဆောက်တည်ခဲ့၏။ ရရာစား၊ သင့်သလိုသာ အိပ်စက်ခဲ့သူဖြစ်သည်။

ဒေ၀ဒတ်ကား ဗုဒ္ဓနှင့် ဆန့်ကျင်၏။ နောက်ပါရဟန်း ၅၀၀ တို့နှင့် အင်အားပြ၍ ၀ါဒတစ်ရပ် ထူထောင်ရန် ကြိုးစားသူဖြစ်၏။ မိမိထက် တန်ခိုးကြီးသော ဗုဒ္ဓကို မလိုမရှုဆိတ်သူ ဖြစ်၏။ တန်ခိုး၊ အာဏာကို မက်မောသူဖြစ်သည်။ တန်ခိုးအာဏာအတွက် အိမ်ရှေ့စံ အဇာတသတ်ကို စည်းရုံး ခဲ့သူဖြစ်ပြီး တပည့်ကျော်၏ ခမည်းတော်အား လုပ်ကြံစေ၍ တပည့်ကို မင်းဖြစ်၊ ကိုယ်ကလည်း မင်းဆရာလုပ်လိုသူ ဖြစ်သည်။

ဆုကြီးပန်ကြသူများတွင်ပင် ဤသို့ အကွဲအပြား ရှိခဲ့ကြဖူးသည်။

ကျန်သူများသည် ဆုကြီးပန်များ မဟုတ်ကြချေ။ သို့ဆိုလျှင် အစုန်စိတ်ဟူသော အတ္တကြီးသူတို့နှင့် အဆန်စိတ်ဟူသော "ပရ" စိတ် ရှိသူတို့ မည်၍မည်မျှ အားကောင်းကြသည်ဆိုသည်က လောကကြီးကို အကျိုးယုတ်စေမှု၊ လောကကြီးအား အကျိုးဖြစ်စေမှု အတိုင်းအဆတစ်ခု ဖြစ်လာပါချေမည်။

ခေတ်အသိ၊ ခေတ်အတွေးတို့ ပိုမိုထွန်းကားလာပြီး ပညာခေတ်သို့ ရောက်ပြီးဟူသောအချိန်တွင် ကြားရသည့် သတင်းတို့က နှလုံးအေးစရာ တစ်စက်မှမရှိ။ ကမ္ဘာအနှံ့ တိုက်ခိုက်မှုများက နေရာ မလပ်၊ သဘာဝဘေးအန္တရာယ်များကလည်း မကြာခဏ၊ ကမ္ဘာကြီးသည် ကောင်းရာ၊ အေးချမ်း ရာသို့ ရှေးရှုနေခြင်းမှ ဟုတ်ပါရဲ့လားဟု အတွေးစိတ်တို့ မကြာခဏ ရောက်,ရောက်လာတတ်သည်။

အချို့နိုင်ငံများတွင် အဆိုးထက်၊ အကောင်းက များသည်။ အချို့နိုင်ငံများမှာမူ အကောင်းထက် အဆိုးက ပို၍များ၏။ အဆိုးများသော နိုင်ငံများတွင် "အူမ မတောင့်၍ သီလ မစောင့်နိုင်ကြ"၊ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဦးဆောင်နိုင်ငံဖြစ်သော အမေရိကန် ပြည်ထောင်စုတွင် Civil Society ဟုဆိုသည့် အရပ်ဘက် လူမှုအဖွဲ့အစည်း လွန်စွာအားကောင်း၏။ ထိုအဖွဲ့အစည်းတို့ အားကောင်းသည်နှင့်အမျှ သူ့နိုင်ငံအကျိုး ကောင်းရာကောင်းမှုအတွက် များစွာ သယ်ပိုး နိုင်ကြသည်။ ဆိုးသောနိုင်ငံများ၊ လူမှုဒုက္ခတွင်းမှ မတက်နိုင်ကြသော နိုင်ငံများတွင် Civil Society အားမကောင်းသည်ကို တွေ့နိုင်သည်။ Civil Society အားကောင်းသော နိုင်ငံများတွင် အစိုးရက အနည်းငယ်လွဲမှားမှု ရှိလျှင်ပင် ပြန်လည်ချိန်ညှိ ထိန်းသိမ်းနိုင်စွမ်း ရှိကြသည်။ ထိုအရပ်ဘက် လူမှုအဖွဲ့အစည်းအား မကောင်းသော နိုင်ငံများ၌ ပြည်လည်ထိန်းညှိမှု မရှိနိုင်တော့ချေ။

ဓန၊ သြဇာအာဏာ၊ ကျော်ကြားမှုတို့သည် လူအများ တောင့်တရာဖြစ်၏။ လူတို့ကလည်း ထိုအရာများ၏ သားကောင် ဖြစ်လေ့ရှိ။ ပညာမကြီးလျှင် သားကောင်ဘ၀မှ ရုန်းမထွက်နိုင်၊ ထိုအရာများကို အမှန်သုံးစွဲနိုင်ခဲ့လျှင် အများကောင်းရာကောင်းကျိုးကို သယ်ပိုးနိုင်မည် ဖြစ်သော်လည်း အမှားသုံးစွဲမိလျှင် သို့မဟုတ် အစုန်စိတ်ဖြင့် ကိုယ်ကျိုးသုံးစွဲခဲ့လျှင်မူကား အများ၏ ဘ၀သည် ဆန့်ကျင်ဘက်သို့ ရောက်သွားတော့သည်။

ဂျာမနီမှ ဟစ်တလာ၊ အီတလီမှ မူဆိုလီနီတို့သည် စစဉ်က ဘာမှမဟုတ်ကြသော်လည်း  အာဏာ စောင်းထက်လာသောအခါ သူတို့ ကိုယ်ပိုင်လမ်းစဉ်များ ချမှတ်၍ ကိုယ့်ပြည်သူရော၊ အခြား နိုင်ငံများကိုပါ ဒုက္ခတွင်းသို့ ရောက်စေခဲ့ကြသူများ ဖြစ်သည်။ ရံဖန်ရံခါတွင် ပညာကြီးသူ၊ အခြေ အနေပေးသူများမှာ အများအတွက် "ဟစ်ကောင်း" များဖြင့် ကိုယ့်အတွက် ကိုယ့်အတ္တရှာကြသူများ ဖြစ်လာလေ့ရှိသည်။ နောက်လိုက်တို့ အတ္တကြီး၍ မထောင်းသာသော်လည်း ခေါင်းဆောင်တို့ အတ္တကြီးသော် လောကကြီး ပျက်ဖွယ်ရာသာ ဖြစ်သည်။

ဓမ္မသည် အဓမ္မထက် အင်အားကြီးသည်ဆိုသော်လည်း အရေအတွက်အားဖြင့် ၂၀ ရာစု တစ်ခုလုံးတွင် အဓမ္မအရာကသာ ပို၍များသည်ကို တွေ့ရသည်။ ၂၁ ရာစုသည်လည်း ၂၀ ရာစုနှင့် များစွာဆန့်ကျင်မည်ဟု မဆိုနိုင်သေး။

သမိုင်းတစ်လျှောက် ရတတ်ရာရာကို ဖတ်ရှုသည့်အခါ မဟတ္တမဂန္ဓီလို၊ မာသာထရီဇာလို လောကအတွက် ပေးဆပ်ခဲ့ကြသူများကို ကြိုကြားတွေ့ရသော်လည်း အရေအတွက်ကား အတော်နည်းပါး၏။ ကိုယ့်တိုင်းပြည်လည်း ဖွတ်ဖွတ်ညက်ညက်ကြေ၊ တခြားတိုင်းပြည်များကိုလည်း ဒုက္ခပေးခဲ့ကြသော အေဒီအာမင်လို၊ မီလိုဆိုဗစ်(ခ်ျ)လို အဓမ္မ၀ါဒီသမားများကား များပြားလှကုန်၏။ အကြမ်းဖက်မှု (Terrorism) သည် ၂၀ ရာစုကုန်ခါနီးက အနောက်နိုင်ငံများတွင်သာ အဖြစ် များသော်လည်း ၂၁ ရာစုအ၀င်တွင် အာရှသို့ ကောင်းစွာ ကူးစက်ဝင်ရောက်လာပြီ ဖြစ်သည်။ ငြိမ်းချမ်းရေးစကားများ ပြောသော်လည်း အရာကားမထင်၊ ကမ္ဘာကြီး ပို၍ မငြိမ်းချမ်းရာသို့ ဦးတည်နေ၏။ ငြိမ်းချမ်းရေးအတွက် တည်ထောင်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂကြီးမှာ ကြိုးဆွဲ အရုပ်တစ်ခုထက် ဘာမှမပိုခဲ့။ အရာမထင်သော ဆုံးဖြတ်ချက်များ ချမှတ်ရာ နေရာတစ်ခုမျှ သာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အရေးယူဆောင်ရွက်နိုင်မှုတွင် ကောင်းစွာ အားကိုးမရနိုင်ပေ။

ငြိမ်းချမ်းရေးကို မတောင့်တသူမရှိဟု ယုံကြည်သည်။ သို့သော်လည်း လက်တွေ့တွင်ကား ကမ္ဘာကြီး မငြိမ်းချမ်း၊ အစုန်စိတ်ကြီးသူ၊ အတ္တစိတ်ကြီးသူ၊ အဓမ္မ၀ါဒီများ အင်အားတစ်စုံတစ်ရာ ကောင်းသောကြောင့် ဖြစ်သည်။

"အမြန် ငြိမ်းချမ်းကြပါစေ" ဟုသာ ဆုတောင်းဖြစ်သည်။

သို့သော်လည်း ဆုကြီးပန်သူများမဟုတ်၍ ဆုတောင်းတိုင်း မပြည့်ဝတတ်။ သို့ဆိုလျှင် ဘာလုပ်မည်နည်း။

ကိုယ်ကလည်း ဘာမှမဟုတ်တော့ လုပ်နိုင်သည်ကိုသာ လုပ်ရန်ဖြစ်တော့သည်။ ကံကလေး ကောင်း၍ ရခဲ့သော လူ့ဘ၀ ရလာသည့်အချိန်ကလေးတွင် ပေးဆပ်သူဖြစ်ခွင့်အတွက် ကြိုးစား ကြည့်သည်။ သီလစောင့်နိုင်ရန် အူမတောင့်ဖို့ အရင်ကြိုးစားရသည်။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံနှင့် ကြိုးစားမှုတို့ တိုက်ဆိုင်သောကြောင့် အူမတောင့်ရန် တစ်စုံတစ်ရာ ဖန်တီးနိုင်ခဲ့သည်။

အူမတောင့်မှုအတွက် အဆုံးမသတ်နိုင်လျှင် အစုန်စိတ်ကြီးသူ ဖြစ်လာပါမည်။ တစ်စုံတစ်ရာ အတိုင်းအဆအထိ အူမတောင့်မှုအတွက် ဆောင်ရွက်စီမံပြီးသည့်အခါ ကျန်ဆဲအချိန်အတွက် ပေးဆပ်နိုင်သူအဖြစ် ကြိုးစားမိသည်။ သေခြင်းတွင် အရွယ်အကန့်အသတ် ရှိသည်မဟုတ်၊ ကြိုတင်အသိပေးစနစ်လည်း မထား၊ အချိန်မရွေး မရဏမင်းက တံခါးခေါက်ခွင့် ရှိနေ၏။

ကိုယ့်အတွက်ကိုယ် အူမတောင့်ရန် ကြိုးစားစဉ်က တစ်စုံတစ်ရာ အောင်မြင်မှုအတွက် ပီတိတစ်ခု ခံစားခဲ့ရဖူးသည်။ မိသားစု စား၊ ၀တ်၊ နေရေး လုံခြုံအဆင့်သို့ ရောက်သောအခါကလည်း ပီတိတစ်ခု ခံစားရပြန်ပါသည်။ "အရာရာသည် မတည်မြဲတတ်" ဟူသော နှလုံးသွင်းနိုင်မှုဖြင့် လောကကို ရင်ဆိုင်နိုင်ရန်လည်း အသင့်ပြင်ထားနိုင်ခဲ့သည်။

ထိုက်သင့်သော တစ်ကိုယ်ရေ သီလစောင့်ထိန်းနိုင်ခြင်းအတွက်လည်း မတူညီသော ပီတိတစ်ခုကို ခံစားရပြန်သည်။ ဘာမှမဟုတ်သော်လည်း သဲတစ်ပွင့်မျှ လူပီသသောလူဖြစ်အောင် ကြိုးစားသည့် အခါ၌လည်း ပီတိတစ်ခု ခံစားရပြန်သည်။ သဲပွင့်များလာသည့်အခါ သဲပုံ ဖြစ်နိုင်ပါသည်။ လူပီသ သောလူဖြစ်ရန် အဆန်စိတ်ကို မွေးရပါသည်။ အဆန်စိတ်သည် စွန့်လွှတ်စိတ်၊ ပေးဆပ်လိုစိတ် ဖြစ်သည်။

စွန့်လွှတ်စိတ်၊ ပေးဆပ်လိုစိတ် အထိုင်ကျသောအခါ ရလာသော "ပီတိ" တို့သည် ရှေးက စားခဲ့ရသော "ပီတိ" တို့ထက် ထူးကဲသောအရသာ ရှိနေပါ၏။

ဗုဒ္ဓသည် ပေးဆပ်လိုခြင်းကြောင့် မင်းစည်းစိမ်ကို စွန့်ခဲ့၏။

မဟတ္တမဂန္ဓီကြီးသည်လည်း ပေးဆပ်လိုစိတ်ကြောင့် သူ့ဘ၀ကို စွန့်ခဲ့၏။

ထို မဟာလူသားများနှင့်ယှဉ်လျှင် ကိုယ့်စိတ်က ဘာမှမဟုတ်၊ သဲတစ်ပွင့်ထက်ပင် သေးငယ် သွားသည်၊ ကိုယ်က ဘာမှ စွန့်လွှတ်ရသည် မဟုတ်၊ အသက်ဇီဝ စွန့်ရခြင်း၊ ဥစ္စာစည်းစိမ် စွန့်ရခြင်း ဒုက္ခတို့ကို လက်ခံရခြင်း အလျဉ်းမရှိ၊ ထိုက်သင့်သောအချိန် ထိုက်သင့်သော ငွေကြေး တစ်စုံတစ်ရာကိုမျှသာ စွန့်ရခြင်းဖြစ်သည်။

သဲတစ်ပွင့်သည် ဘာမျှမရှိပါ။
သဲပွင့်များလျှင်ကား သဲပုံ ဖြစ်လာပါ၏။
သဲတစ်ပွင့်၏ ပီတိပင်လျှင် ကြီးကျယ်ပါသည်။

နေဇင်လတ်
၂၇-၃-၂၀၀၉ (၃း၃၀)