စကြာမင်းကြီး စိတ်ကူးပုံ
ရှေးလွန်လေပြီးသောအခါ ငါတို့ ၏ ဘုရားအလောင်းတော်သည် တစ်ခုသော ဘ၀၀ယ်
"တိလောက ၀ိဇယ" မည်သော စကြာမင်း ဖြစ်ခဲ့ဖူး၏။ ထိုမင်းသည် သံဃာတော်အများနှင့် တကွ
ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ ကို လည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍ ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညို ရိုသေစွာ ရှိခိုးဦးချ၏။ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော ဝေဇယန္တာမည်သော ရတနာဗိမာန် ပြဿာဒ်တော်ကြီးကို အထပ်ပေါင်းများစွာ ဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလျက် ရှိ၏။
ထိုဗိမာန်ကြီးဝယ် တင့်တယ် သားနားသော အခင်းအမျိုးမျိုးကိုလည်း စိတ်ကူးဖြင့် ခင်းထား၏။
သူ့ နေရာနှင့် သူ ရေပြည့်အိုး၊ ပန်းပြည့်ရေတဂေါင်းများကိုလည်း တည်ထား၏။ ထို့ နောက် ကျယ်ပြန့် သော တံခါးကြီးများမှ နောက်ပါ သံဃာတော်များနှင့်တကွ ဘုရားရှင်များစွာ
ပစ္စေကဗုဒ္ဓါ များစွာတို့ မှာ မိမိ၏ ပင့်ဖတ်ချက်အရ ကြွတော်မူလာကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးသီး ထိုင်နေတော်မူပုံ စိတ်ကူးလေသည်။
ထို့ နောက် လူ့ ပြည် နတ်ပြည်၌ ရှိသမျှ အထည်ကောင်းတို့ ကို စုပေါင်းဆောင်ယူလျက် ထို ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ၊ သံဃာတော်တို့ အား ၃ ထည်သော (တိစီဝရိတ်) သင်္ကန်းကို လှူဒါန်း၍
မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာ အဖြာဖြာတို့ ဖြင့် သပိတ်အသီးသီးတို့ ၌ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်။ အသီးသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ
ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့ သည် ဗိမာန်ကြီး၌ အသီးသီးသော ရတနာတိုက်ခန်းသို့  ၀င်ကာ ခေတ္တခဏမျှ ကိန်းအောင်းတော်မူပြီးနောက် ကိန်းအောင်းရာမှ ထ၍ တချို့ က ဈာန်ဝင်းစားနေပုံ ၊ တချို့ က ပြဿနာ မေးပုံ ဖြေပုံများကိုပါ စိတ်ကူးလေသည်။
ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့ သည် ဈာန်ဝင်းစားမှု စသော အလိုတော်ရှိရာ ကိစ္စဖြင့် မွေ့ လျော်တော်မူနေကြစဉ် ထိုအရှင်မြတ်တို့ ၏ အထက်တွင် ရတနာထီးဖြူဆောင်းလျက်
မွှေးကြိုင်သော ပန်းမျက်နှာကြက်တွေ တဝေေ၀နှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျနေပုံ၊ ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့ ၌
ကြာမျိုးငါးပါးဖြင့် တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ၊ ပတ်ဝန်းကျင်ဝယ် တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မှုံတို့ သည် အထက်သို့  လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ၊ ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြ၀ဠာအနှံ့ စိုက်၍ ညှိထွန်းထားပုံ၊ သစ်ပင်ဖျားနှင့် တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူထားပုံတို့ ကိုပါစိတ်ကူးလေးသည်။
ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော်ကြီး၏ အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့ လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသော စိတ်ဖြင့် ကကြ၊ သီဆိုကြ၊ တီးမှုတ်ကြပုံ၊ လူ နတ် သိကြား နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗ မကျန် သူတော်ကောင်းမှန်သမျှလည်း အသီးအသီး လက်အုပ်ချီကာ အရိယာတို့ သီတင်းသုံးရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာကြပုံ၊ ထိုပရိတ်သတ်အား စကြာမင်းကြီးက မိမိပြုအပ်သော ကုသိုလ်၏ အဖို့ ကို အမျှဝေစကား ပြောကြားနေပုံ၊ ဤနေရာသို့ မရောက်လာသေးသူတို့ အား နတ်များကတဆင့် ပြောပြနေပုံတို့ ကိုပါ စိတ်ကူးလေသည်။
ထိုကဲ့သို့  အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူသော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထိုကောင်းမှုကြောင့် တာဝတိံသာ၌ ဖြစ်ရလေသည်။ ထိုကောင်းမှုစေတနာစုကြောင့် နတ်ပြည်မှ လူ့ ပြည်သို့ လည်းကောင်း ၊ လူ့ ပြည်မှ နတ်ပြည်သို့ လည်းကောင်း စုတေ ရွှေ့ ပြောင်း၍ ဖြစ်လေရာ၌ ပညာအရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်း သာလွန် ၊ လူချင်းလည်း သာလွန်သူသာ ဖြစ်ခဲ့ရလေသည်။
ထို့ ကြောင့် ယခုအခါ သူတော်ကောင်း စိတ်ဓါတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး လူကြီး သူမတို့ သည် သန့် ရှင်းသော ဘုရားအနီးမှာ ဖြစ်စေ၊ အခြားတစ်နေရာမှာ ဖြစ်စေ သက်တော်ထင်ရှား ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူးလျက် အထူးကြည်ညိုသော သဒ္ဓါတရားဖြင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်အောင် စီးဖြန်း ပွားများ၍ ပန်း ဆီမီး အမွှေးတိုင် စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။
(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ၏ ရတနာ့ဂုဏ်ရည် မှ မျှဝေပူဇော်ပါသည်)
မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ