“ ချစ်မိလေသောအခါ .... ”
သီဟိုဠ်ကျွန်းမှာ “ ဒုဋ္ဌဂါမဏိမင်းကြီး ” ရဲ့ ငရုတ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲဟာ သမိုင်း တွင်ရစ်အောင် စည်ကားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီငရုတ်သီးတစ်တောင့်ကျောင်းရေစက်ချပွဲမှာ ရဟန်းတော်တစ်သိန်း၊ ဘိက္ခုနီမကိုးသောင်းပင့်ပြီး လှူဖွယ်ဝတ္ထုများစွာနဲ့ အကြီးအကျယ် ပေးလှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ရေစက်ဆုံခဲ့ကြသူနှစ်ဦးရဲ့ ဇာတ်လမ်းကလေးကလည်း စိတ်ဝင်စားစရာတစ်ခုအဖြစ် ပူးတွဲ သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။
ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့ တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့အခါ စားဦးကို မလှူရသေးဘဲ ငရုတ်သီး တစ်တောင့်ကို အမှတ်တမဲ့ စားလိုက်မိပါသတဲ့။ ဒုဋ္ဌဂါမဏိမင်းကြီးက ဒီအမှတ်တမဲ့ စားလိုက်မိ တာလေးကိုပဲ သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်းပြည်အေးချမ်းတဲ့အခါ ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်းပါတယ်။ ကျောင်းတိုက် အမည်ကိုလည်း “ငရုတ်သီးတစ်တောင့်ကျောင်း”လို့ အမည်ပေးထားပါတယ်။
အဲဒီ ငရုတ်သီးတစ်တောင့်ကျောင်းတိုက် ရေစက်ချပွဲမှာ ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးဟာ ယာဂုပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂုကပူတော့သပိတ်ကို သင်္ကန်းစွန်းလေးနဲ့ ခုကိုင်လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာတဲ့အခါကျတော့ မြေကြီးပေါ်ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်းလေးနဲ့ကိုင်ပြီး ရှေ့ဆက်ကြွလိုက်၊ ပူလာတဲ့အခါကျတော့ မြေကြီးပေါ် ခဏ ချထားလိုက်နဲ့ ဖြစ်နေပါတယ်။
ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့ သက်တူရွယ်တူ ခုနစ်နှစ်အရွယ် သာမဏေ မလေးက မြင်သွားပါတယ်။ ဒါကြောင့် ကိုရင်လေးဆီသွားပြီး…
“ကိုရင်... ပူနေရင်
တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့ သပိတ်အောက်က ခံကိုင်သွားပါလားဘုရား၊ ပြီးတော့ ဒီခံခွက်ကလေးကို ကိုရင့်ကို အပြီးလှူလိုက်ပါတယ်ဘုရား” လို့ပြောပြီး ကိုရင်လေးရဲ့အခက်အခဲကို ဖြေရှင်းပေးလိုက်ပါတယ်။ ကိုရင်လေးကလည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့် လိုက်ပါသတဲ့။
ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲဆိုပါတော့၊ အဲဒီကြားကာလမှာ ဗြဟ္မဏတိဿ သူပုန်ကြီးက (၁၂)နှစ် တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ ပြည်သူတွေငတ်မွတ်ဆင်းရဲ၊ ရဟန်း သံဃာတွေလည်း အတိဒုက္ခရောက် တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေးကြပါတယ်။ တချို့ ရဟန်းတော်တွေကျတော့ တောထဲပုန်းရှောင်ပြီး “ ပိဋကသုံးပုံ ” ကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြ ရပါတယ်။
တချို့ရဟန်းတော်တွေကျတော့ အသတ်ခံလိုက်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တစ်ခါက ယာဂုပူပူကို သပိတ်နဲ့ ခံယူခဲ့တဲ့ ကိုရင်လေးဟာ သက်တော်(၈၀) ဝါတော် (၆၀)ရ ဆရာတော်ကြီး ဖြစ်နေလို့ ခံခွက်ကလေးလှူခဲ့တဲ့ သာမဏေမလေးဟာလည်း သက်တော်(၈၀)ရ ဘိက္ခုနီမကြီး ဖြစ်နေပါပြီ။ အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ စောစောက ဘိက္ခုနီမကြီးလည်း ပါပါတယ်။ သူတို့ဟာ အိန္ဒိယရောက်နေပေမယ့် သူတို့ရဲ့ဇာတိ သီဟိုဠ်စစ်သတင်းကို အမြဲ နားစွင့်နေကြပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး အိန္ဒိယကို စစ်တိမ်းရှောင်လာတယ် ဆိုတဲ့သတင်း ကြားလိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြီးဆီကို ဇာတိစစ်သတင်း သွားမေးကြ ပါတယ်။ သတင်းမေးတဲ့သူတွေထဲမှာ ဘိက္ခုနီမကြီးလည်း ပါပါတယ်။
လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်ကြီးကို မေးခွန်းတစ်ခု မေးပါတယ်။
“ဆရာတော်ဘုရား၊ ငရုတ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော် ဘယ်လောက်ရှိပါပြီလဲဘုရား”
“အဲဒီတုန်းက ငါ့အသက်က ခုနစ်နှစ်အရွယ် ကိုရင်လေးပေါ့”
“အဲဒီကျောင်းရေစက်ချပွဲတုန်းက တပည့်တော်လည်း ခုနစ်နှစ်အရွယ် သာမဏေမလေးပါပဲဘုရား၊
အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော် ကြုံခဲ့တာလေးကို ဆရာတော့်ကို လျှောက်ပြ ရဦးမယ်ဘုရား၊ ကိုရင်လေးတစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ ဖြစ်နေပါတယ်ဘုရား။
ဒါနဲ့ တပည့်တော်လည်း သူ့ဆီသွားပြီး တပည့်တော်ရဲ့ခံခွက်ကလေးကို သပိတ်အောက်က ခံဖို့ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာလေးကိုတော့ ဒီနေ့အထိ မေ့လို့ကို မရပါဘူးဘုရား”
♦ ဘိက္ခုနီမကြီးဆီကစကား ကြားလိုက်ရတော့ ... ဆရာတော်ကြီးက “သြော်” ဆိုပြီး အာမေဍိတ်သံ နဲ့ အတူ သက်ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့…
“အဲဒီကိုရင်လေးဟာ တခြားသူ မဟုတ်ပါဘူး၊ ငါပါပဲ” လို့ပြောပြီး အနှစ်နှစ်အလလက ကိုယ်နဲ့အခွဲမခွာ အမှတ်တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကိုအိတ်ထဲက ထုတ်ပြ လိုက်ပါသတဲ့။
သက်တော်(၈၀)အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ နှစ်ပေါင်းခုနစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ခံခွက်ကလေးကို နှစ်ဦးသား မှင်တက်မိစွာ စိုက်ကြည့်နေကြပါတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ ဝတ်ခဲ့တဲ့အဝတ်တွေကို တခြားအဝတ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြသတဲ့။
တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ ဒီစာစုလေးကို ဒီမှာတင် အဆုံးသတ် လိုက်ချင်ပါတယ်။ အဋ္ဌကထာမှာလည်း ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက် ဘာဖြစ်သွား ကြတယ်။ လူ့ဘဝမှာ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာ ဆက်ပြမထားပါဘူး။ လူထွက်သွားကြတယ်ဆိုတာနဲ့ပဲ အဆုံးသတ်ထားပါတယ်။
ဒါပေမယ့် ကိုယ်က ဝိပဿနာနယ်နိမိတ်အတွင်းမှာ ရောက်နေရတာဖြစ်လေတော့ ဝိပဿနာ နွယ်တဲ့ အဘိဓမ္မာသဘောလေးတစ်ခုကို သုံးသပ်ပြဖို့ တာဝန်က ရှိနေပြန်ပါတယ်။ ဒါကြောင့် ဝိပဿနာနွယ်တဲ့ အဘိဓမ္မာသဘောလေးတစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။ ပုထုဇဉ်တိုင်းမှာ ကိလေသာတွေ ရှိနေတယ်ဆိုတော့ အထူးပြောစရာ မလိုပါဘူး။
ကိလေသာက သုံးပါးရှိပါတယ်။
♦ ၁။ အနုသယ ကိလေသာ၊
♦ ၂။ ပရိယုဋ္ဌာန ကိလေသာ၊
♦ ၃။ ဝီတိက္ကမ ကိလေသာ တဲ့။
♦ အနုသယ ကိလေသာဆိုတာ- ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ ကိလေသာပါ။ သတ္တဝါတွေရဲ့ သန္တာန်မှာ အစဉ်သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။
♦ ပရိယုဋ္ဌာန ကိလေသာဆိုတာက- အာရုံတစ်ခုကိုတွေ့ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။
♦ ဝီတိက္ကမ ကိလေသာဆိုတာကတော့ အာရုံတစ်ခုကို တွေ့ပြီး ထကြွသောင်းကျန်းရုံတင် မကတော့ဘဲ လွန်ကျူးမှုအဆင့်အထိရောက်သွားတဲ့ ကိလေသာပါ။
ဒီကိလေသာသုံးပါးရဲ့ သရုပ်ကို ပေါ်လွင်သွားအောင် အထက်ကရေးပြခဲ့တဲ့ ဝတ္ထုလေးကိုပဲ ပြန်အာရုံပြုကြည့်လိုက်ပါ။
♠ ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်ကတည်းက အနုသယ ကိလေသာတွေက ပါလာပြီးသားပါ၊ သူတို့နှစ်ဦးရဲ့သန္တာန်မှာ အနုသယ ကိလေသာတွေက အစဉ်သဖြင့် ကိန်းနေခဲ့ပါတယ်။
♠ ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ ဘိက္ခုနီမကြီးက ဆရာတော်ကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ အဲဒီအချိန်မှာ အစဉ်သဖြင့် ကိန်းနေခဲ့တဲ့ ကိလေသာတွေက ထကြွသောင်းကျန်းလာပါတော့တယ်။ (လွန်ကျူးမှုအဆင့် အထိတော့ မရောက်သေးပါဘူး) အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေသာကို ပရိယုဋ္ဌာန ကိလေသာလို့ ခေါ်ပါတယ်။
♠ နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတာကတော့
လွန်ကျူးခြင်းဆိုတဲ့ ဝီတိက္ကမ ကိလေသာ ဖြစ်သွားတော့တာပါပဲ။
ဒီတော့ ဒီကိလေသာသုံးပါးကို ဘာနဲ့ တားမလဲ?
(ဒီနေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးလိုပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိလေသာတွေကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်လို့ရပါတယ်။ အခုပြောနေတာက ပုထုဇဉ် သက်သက်မျှ အသွင်နဲ့ ပြောနေတာမို့ပါ)
♦ ♦ ♦စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့ တားရပါတယ်။ ♦ ♦ ♦
၁။ ဝီတိက္ကမ ကိလေသာကို “ သီလသိက္ခာ ” နဲ့ တားရပါတယ်။ ကိုယ်အခွင့်သင့်ရာ သီလတစ်ခုခုကို ဆောက်တည်ထားရင် လွန်ကျူးစရာအာရုံတစ်ခုကို တွေ့ပေမယ့် သီလ ဆောက်တည်ထား တဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။
၂။ ပရိယုဋ္ဌာန ကိလေသာကို “သမာဓိသိက္ခာ”နဲ့ တားရပါတယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်း လေးဆယ်ထဲက ကိုယ်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။
ဥပမာ- ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရားဂုဏ်တော်ဆီမှာပဲ ရောက်နေတဲ့အတွက် ထကြွသောင်းကျန်းစရာအာရုံ မတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာန ကိလေသာကို တားပြီးသား ဖြစ်နေပါတယ်။
၃။ အနုသယ ကိလေသာကိုတော့ “ ဝိပဿနာဆိုတဲ့ပညာသိက္ခာ ” နဲ့ တားရပါတယ်။ ဆိုလိုချက်ကတော့ ကိလေသာ သုံးပါးကို သိက္ခာသုံးပါးနဲ့ တားဆီးရတဲ့ သဘောပါ။
ဒီစာစုမှာ အဓိကပြောချင်တာက ဝိပဿနာသတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ပါဠိတော်မှာ-သတ္တာနံ ဝိသုဒ္ဓိယနော မဂ္ဂေါ လို့ ဟောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ သတ္တဝါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။ ဒါကြောင့် ကိလေသာတွေ စင်ကြယ်ဖို့အတွက် ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်မှတစ်ပါး…..။
ကျမ်းကိုး-
၁။ မူလပဏ္ဏာသ အဋ္ဌကထာ(ရထဝိနီတသုတ်၊ နှာ- ၅၀၊ ၅၁)
၂။ မဟာဝင်(ကျီးသဲလေးထပ်ဆရာတော်)
၃။ သင်္ဂြိလ်ဘာသာဋီကာ(အရှင်ဇနကာဘိဝံသ)
အင်တာဗျူးဂျာနယ် (၁၁-၁၁-၂၀၀၂)
ဆရာတော် ရဝေနွယ်(အင်းမ) ၏
“ ကုသိုလ်ဖြစ်အောင်တွေးမယ် ”စာအုပ် စာမျက်နှာ ၃၁ ~ ၄၀ မှ ကူးယူပူဇော်ပါသည်။