ဒါဝင်၏သီအိုရီကိုသုံးသပ်ခြင်း
(၁)
ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနှောက်၍ ဖတ်ရာတွင် ဆရာစောနေလတ်၏ အစများ၏အစ
ဆောင်းပါး ကို ၂၀၀၂ ခုနှစ်၊ မတ်လထုတ် ဓမ္မရံသီ မှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း
တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ “မနုဿနိဒါန်း” ဟူသော ဆောင်းပါးကိုဖတ်ရာမှ
“အစများ၏အစ” ဆောင်းပါးကိုရေးဖြစ်ကြောင်း ဆရာစောနေလတ်က ဆိုထားပါသည်။ ဆရာစောနေလတ်ပြောသလို
မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိသည့်အလုပ်ကို ၀ါသနာအလျောက် သိချင်လုပ်ချင်မိသည်ဟု
ဆိုနိုင်ပါသ်ည။ သို့သော် ထေရဒါဝဗုဒ္ဓဘာသာကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော
ရည်ရွယ်ချက် ထားရှိပါသည်။
မြတ်စွာဘုရား ဟောတော်မူသော “သံသရာ၏အစသည်မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏အစကို ဆိုထားသည်ကား
မဟုတ်။ အနမတဂ္ဂ သံသရာ၏ အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီ (ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်)
သည် အနောက်တိုင်းမှာေ၇ာ အရှေ့တိုင်းမှာပါ ပျံ့နှံ့လျက် ရှိသည်။ သိပ္ပံပညာကို ဦးဆောင်နေသော
အနောက်တိုင်းသားတို့၏ အတွေးအခေါ်ကို အရှေ့ တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည်
ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှ စတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည်
ကမ္ဘာ့မျက်နှာစာမှာ အသာစီးက ရနေပါသည်။
သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှအမှန်၊ သူတို့သမိုင်းမှ အခိုင်အမာ အတိအကျ
ဖြစ်နေရပါသည်။ အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ ကျောက်ဖြစ် ရုပ်ကြွင်းတို့
ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြသည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည်
မဟုတ်၍ မှန်ချင်မှမှန်မည်၊ လွဲချင်လွဲမည် သေချာသော အလုပ်ကားမဟုတ်။
(၂)
မြတ်ဗုဒ္ဓ၏ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က
မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင်ကြသည် ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ ၀င်ချင်
ဝင်ဦးမည်။ ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊ ၀ီရိယ၊ သီလ၊ သမာဓိ၊ ပညာတို့ကို ထေရ၀ါဒ ဗုဒ္ဓ
ဘာသာဝင်တို့သာလျှင် သက်ဝင်ယုံကြည်နိုင်ကြ၏။ သဒ္ဓါ၊ ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။
ထိုဘုရားဟော ပိဋကတ်တော်တို့ကို ကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခု
ဉာဏ်၊ အာသ၀က္ခယဉာဏ်စသော ၀ိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့
ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှာ သဒ္ဓါ၊ ပညာအဆင့်အလိုက် ကွာဟမှုတော့ ရှိကြသည်။
သဗ္ဗညုတဉာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ၊ စရိယာ
ပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော် တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည်
ကကုသန်မြတ်စွာဘုရား လက်ထက်တော် မတိုင်မီ ကတည်းက ရှိနေပြီး ဖြစ်ကြောင်း သိရပေသည်။ လူသားမျိုးနွယ်ဆက်သည်
တစ်ကမ္ဘာလုံး အမြဲတမ်းယဉ်ကျေး တိုးတက် ၍ မနေသလို အမြဲတမ်းလည်း နိမ့်ကျမနေဟု ယူဆပါသည်။
ပိဋကတ် ကျမ်းစာများ အဆိုအရ မိမိတို့ ၀န်းကျင်ရှိ
လူ့သက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့် ကြသော
ကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တက်သွားသည်။ ဗြဟ္မစိုရ်တရား ခြောက်သွေ့၍ လူတို့တရားမစောင့်သောကာလတွင်
ဤလူတို့ သက်တမ်းသည် ၁၀ နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင်
အသက် တမ်းသည် အသင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀င်မင်းတို့ခေတ်တွင် လူတို့သက်တမ်း
သည် သိန်းချီ၍ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတု စကြာမင်းတို့ခေတ် မဟာသုဒဿန စကြာမင်းတို့ခေတ်သည်လည်း
သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်ပါသည်။
ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင်
မယဉ်ကျေးသောလူရိုင်းများလည်း ရှိနေနိုင်ပါသည်။ ယခု တိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင်
အချို့နေရာများမှာ လူရိုင်းများရှိနေသည်ကို သတိရပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှု တိုးတက်
နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏ သမိုင်းခေတ် ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ်
ဖြစ်ချင်ဖြစ်နေမည်။ ယခု သီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသော လူ့အဖွဲ့ အစည်း
မရှိသေးကြောင်း သိရပေသည်။ အိမ်နားမှာ စိုက်ထားသော ငှက်ပျောမျိုးကို တောကြီး မျက်မည်းတွင်
သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာ သည်ကို
တွေ့ရှိရပေသည်။ တောငှက်ပျော်၏ ၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။
လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍ တောသဘာဝနှင့် လိုက်လျော ညီထွေသော
ကြမ်းတမ်းမှု စသည်လောက်တော့ ဖြစ်လာနိုင်စရာရှိပါသည်။ သို့သော် လူသည် လူသာဖြစ်၍ တိရစ္ဆာန်အနွယ်
ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို တိရစ္ဆာန်အနွယ်မှလည်း
လူအနွယ် ဖြစ်လာစရာ အကြောင်းမရှိဟု ယူဆပါသည်။
ဣသိသိင်္ဃဇာတ်တော်တွင် ဘုရားအလောင်း ရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင်
မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ
သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ်သည်။ တစ်စတစ်စ မျိုးဗီဇတို့ ဇာတ်ခြားသည်အထိ
ရိုင်းရာမှ ယဉ်၊ ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ်က ဆရာဝန်
တစ်ဦး ရေးသောဆောင်းပါးတစ်ပုဒ် ဖတ်ဖူးသည်ကို သတိရမိသည်။
ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီ ဇာတ်ခြား
သောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်း ဆိုပါသည်။ ထိုအဆိုသည် သူသိသော ဆေးပညာ အရသာ ဆိုခြင်းဖြစ်ပြိး
သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်း မဟုတ်ဟု နားလည်မိပါသည်။
မကျည်းပင်၊ ကြာပွင့်တို့၌ သံသေဒဇ ပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ
စဉ်းစားလျှင် ဦးနှောက်ခြောက်ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ပို၍ပို၍ စဉ်းစားမနိုင်ဖြစ်ရသည်မှာ
ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်။ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှားဖြစ်သည်ဟူသော ဥပပါတ်
သတ္တ၀ါများ အကြောင်းပင်ဖြစ်ပါသည်။
အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော
ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသန္ဓေများအနက်
သြပါပါတိက (ဥပပါတ်) ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ် ၀တ္ထုများကိုသာ စူးစမ်းသော
အသိဉာဏ်ဖြင့် မလုံလောက်တော့ချေ။ မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဉာဏ်၊ သဗ္ဗညုတဉာဏ်တို့ကိုလည်း ယုံကြည်နိုင်ရန်
မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်း တိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဉာဏ်
ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မာ့ပြည်မှစုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ
ဖြစ်လာ သည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည့်လျှင် မျောက်ကနေ၍ လူဖြစ်လာသည်
အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပန်းခံရှာဖွေခြင်းသည် သာမန်လူတစ်ဦး၏ ကိုယ်ပိုင်
အတွေး အခေါ် အပိုင်းအခြား (သာမညယုတ္တိ) ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင်
ပေသည်။ ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏အပြင်ဘက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။
မြတ်စွာဘုရားကို ခံ၍ ငြင်းရာလည်း ရောက်ပါမည်။ အဘယ်ကြောင့် နည်း။ ဥပပါတ်သတ္တ၀ါများရှိကြောင်း
မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသော ကြောင့် ဖြစ်ပါသည်။
(၃)
ဒါဝင်၏ evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ
ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာ ရှိပါသည်။ လက်ရုံး နှစ်ဖက်မှ
လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ်ကြောင့်ဆိုသော ဒါဝင်၏
evolution သီအိုအရ နိမ့်ရာမှ မြင့်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သော
ကြောင့်တည်း။ ဒါဝင်၏အဆိုကို (ကမ္ဘာကျော် အတွေးအခေါ် ပညာရှင်) ဘာထရန်ရပ်ဆယ် ကလည်း ငြင်းဆိုကန့်ကွက်ခဲ့ကြောင်း
သိရပေသည်။
အစ၏အစ ဆိုရာမှာ သတ္တ၀ါ၏ အစကို အသာထား၍ ရေ၊ မြေ၊ လေ၊ မီးဟူသော ပရမတ္ထဓာတ်ကြီး လေးပါး၏
အစကို ရှာကြည့်လျှင်လည်း အသိဉာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုသာ
ပိုင်းခြားသိတော်မူသည်ကား မဟုတ်၊ ရုပ်တရားများကိုလည်း ပိုင်ခြားသိတော်မူပါပေ၏။ လောက၀ိဒူ
ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခါရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊
သြကာသ လောကတွင် နေ၊ လ၊ ကမ္ဘာ၊ အနန္တစကြ၀ဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့
သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။
“ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း
(ဧကနိကယ) ကိုမျှလည်း ငါဘုရား မြင်တော်မမူ” ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာ ရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော
ဥပပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခု အပါအ၀င်ဖြစ်ပေလိမ့်မည်။ ဥပပတ်ပဋိသန္ဓေကို
မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင် ၀ါဒကိုလျှင်လည်း ယုံကြည်ယူဆမိမည်၊ သို့မဟုတ်
ဒါဝင်၏ evolution သီအိုရီကို လျှင်လည်း ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လည်း
သာမညယုတ္တိနောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော
နည်းပညာပစ္စည်းများ အကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်ကာလမှာသွားပြောလျှင်
ဉာဏ်မီရာ ယုတ္တိ ရှာမရ၍ မယုံကြည်နိုင် ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသည်။
နိဂုံးချုပ်အနေဖြင့် တစ်ခုပြောလိုသေးသည်။ အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပတို့သည် ကံ၊
စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓ
ဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ ဗဟိဒ္ဓရုပ် ဖြစ်သော သုဒ္ဓဋ္ဌ
ကလာပ် (ရေ၊ မြေ၊ လေ၊ မီး၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ သြဇာ) သဒ္ဒန၀က ကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင်
သဒ္ဒထည့်) တို့သည် ဥတု အကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ သင်္ခါရတို့နှင့်
လုံးလုံးအဆက်အသွယ် ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသော အကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။
“စိတ်သည်လောကကို ဆောင်အပ်၏” ဟူသော မြတ်ဗုဒ္ဓ၏ အဆိုအမိန့်ကို ဤအရာ၌ ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။
အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်း တွင် ကြည့်ရှုနိုင်ကြပါသည်။
ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း၊ ဆရာစောနေလတ်တို့ကို အထူး ကျေးဇူးတင်ပါသည်။
စာရေးသူ- ဉာဏ်ဝင်း (ပင်လယ်ဘူး) |
http://www.venkawwida.net/2010/08/blog-post_1424.html
Posted August 10, 2010 by Annyatara
(အညတရ) in သူ့အတွေးသူ့အမြင်