Saturday, October 19, 2013

ခင်ပွန်းကြီး ၁၀ ပါး


ခင်ပွန်းကြီး ၁၀ ပါး


ခင်ပွန်ကြီး ၁၀ ပါးဟူသော ဝေါဟာရကို မြန်မာလူမျိုး အတော်များများ ကြားဖူးနေကြသည်။ လူကြီးရော ကလေးပါ နားယဉ်နေကြသည်။ ခင်ပွန်းကြီး ၁၀ ပါး မပြစ်မှားအပ်ကြောင်းလည်း ပြောကြသည်။ အချို့ဆိုလျှင် ခင်ပွန်းကြီး ၁၀ ပါး ပူဇော်ပွဲများပင် အလေ့အထ တစ်ခုအနေဖြင့် ပြုလုပ်ကြသည်။ ခင်ပွန်းကြီး ၁၀ ပါးအကြောင်း ဖွင့်ဆိုရေးသားကြသည်။

မူလဇာစ်မြစ်

ခင်ပွန်းကြီး ၁၀ ပါး၏ မူလဇာစ်မြစ်ကို လေ့လာသောအခါ ဆရာတော် ဦးသြဘာသာဘိဝံသ၏ သုတေသန သရုပ်ပြ အဘိဓာန်၌ တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀ ဟု ကျမ်းညွှန်းလျက် ကျေးဇူး မမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ၁၀ ယောက်ကို သရုပ်အရေအတွက်နှင့်တကွ ဖော်ပြထားသည်။ သုတေသန သရုပ်ပြ အဘိဓာန်၌ ကျမ်းညွှန်းလိုရင်း ဇာ ၂၊ ၁၅၀ ကို ညွှန်းလိုရင်း ဖြစ်သည်။ ဇာတက ပါဠိတော် ၂ အုပ်ရှိသည့်အနက် ဒုတိယအုပ်လာ တေမိယဇာတ်တော်ကို ညွှန်းပြလိုရင်း ဖြစ်သည်။ သို့သော် ဇာတကပါဠိတော် ဒုတိယအုပ် တေမိယဇာတ်တော် သူညွှန်းသည့်နေရာ၌ ခင်ပွန်းကြီ ၁၀ ယောက် တိုက်ရိုက် ပြချက် မရှိပါ။

ရှေးရိုက် ဘုရားရှိခိုး မူမှန်စာအုပ်၌လည်း ကျေးဇူးရှင် ၁၀ ပါးဟူသော ခေါင်းစဉ်ဖြင့်-

“သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွဋ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူးကြီးလှ၊ မိနှင့်ဘတည့်၊ ပြသတတ်သင်၊ ပြုပြင်ဆုံးမ၊ ဟောထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး”

ဟု ဖော်ပြထားသည်။ ဤ၌လည်း မူဂပက္ခ ဇာတ်ဟူသည် တေမိယဇာတ်ပင်တည်း။ လုံးတော်ဆရာတော်၏ ပုစ္ဆာပကိဏ္ဏ္ဏကကျမ်း၊ စာမျက်နှာ ၇၁ ၌ကား

ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။

မာတာ ပိတု ဂရု သတ္ထာ၊ ဒါယကာ ဓမ္မဒေသကာ။

ဤသို့ ကျမ်းလာရကား-

၁။ သဗ္ဗညုတဘုရားသခင်

၂။ ပစ္စေကဗုဒ္ဓါ

၃။ သာဝက ရဟန္တာ

၎။ လက်ျာရံ လက်ဝဲရံ

၅။ အမိ

၆။ အဘ

၇။ ဆရာ

၈။ အဖန်တလဲလဲ မပြတ်ဆုံးမပေးတတ် ဆရာမြတ်

၉။ ပေးကမ်းဖူးသောသူ

၁၀။ တရားဟောပေးသောသူ

ခင်ပွန်းကြီး ၁၀ ပါး သရုပ်ကို ကျမ်းညွန်းမပါဘဲ ဤသို့ ပြဆိုထားသည်။ ဟံသာဝတီ ပိဋကတ် ပုံနှိပ်တိုက် ၁၉၅၆ ခုနှစ် ထုတ် ဘုရားရှိခိုး အမျိုးမျိုး မူဟောင်း စာအုပ်၌-

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကာ။

မာတာ ပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။

ဣမေ ဒသ မဟာဂုဏေ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

ဗုဒ္ဓေါ စ = သစ္စာလေးပါး တရားသိမြင် ဘုရားရှင်လည်းကောင်း၊ ပစ္စေကဗုဒ္ဓေါ စ = ကိုယ်တိုင် သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဓါလည်းကောင်း၊ အရဟာ စ = အာသဝေါ ကုန်ခန်း ရဟန္တာအရှင်လည်းကောင်း၊ အဂ္ဂသာဝကာ စ = လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့လည်းကောင်း၊ မာတာ စ = ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့် မိခင် ကျေးဇူးရှင်လည်းကောင်း၊ ပိတု စ = လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေး သည့် ကျွေးသဖခင် ကျေးဇူးရှင်လည်းကောင်း၊ ဂုရု စ = ချမ်းသာရန်တွေး ပညာပေးသ ဖြင့် အလေးအမြတ် ပြုအပ် သော ဆရာလည်းကောင်း၊ 

သတ္ထာ စ = လိမ္မာစေကြ ကျိုးကြောင်းပြ လျက် ဆုံးမပေတတ် ဆရာမြတ်လည်းကောင်း၊ ဓမ္မဒေသကာ စ = သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရ အောင် တရားဟောဖော်တတ်သူတို့လည်းကောင်း၊ ဒါယကာ စ စားရေး နေရး မနှောင့်နှေးရအောင် ပေးဆောင်တတ်သူလည်းကောင်း၊ ဣမေ ဒသ မဟာဂုဏေ = ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤ ၁၀ ဦးသောသူတို့ကို၊ အဟံ = အကျွန်ုပ်သည်၊ သဗ္ဗဒါ = နေ့ညဥ့်မပျက် အချင်းခပ်သိမ်း၊ ဝန္ဒာမိ = ကျေးဇူးယှက်မြှေး စိမ့်စိမ့်တွေးလျက် မြတ်လေးကြည်ယုံ သဒ္ဓါဟုန်ဖြင့် လက်စုံချီမိုး ပျပ်ဝပ်လျှိုး၍ ရှိခိုးလိုက်ပါ၏ဘုရား ဟု ဆိုထား၏။

ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ၁၉၈၁ ခုနှစ် ရိုက်နှိပ်သော ဦးညွန်ဇော် စီစဉ်သည့် ဘုရားးရှိခိုး အမျိုးမျိုးစာအုပ်၌လည်း ဖော်ပြပါ ဟံသာဝတီတိုက်ထုတ်အတိုင်းပင် ဖော်ပြသည်။ ဤဘုရား ရှိခိုးစာအုပ်များ လာရှိသည့်အတိုင်း ဒါယကာကို ရှိခိုးခြင်း၌ လူဝတ်ကြောင်များအနေဖြင့် သင့်တော်သော်လည်း ရဟန်းတော်များအနေဖြင့် မသင့်တော်ပါ။ ဤခင်ပွန်းကြီး ၁၀ ပါးနှင့် ပတ်သက်၍ မူလဇာစ်မြစ်ကို လေ့လာသော အခါ တေမိယဇာတ်ကြောင်းပေါ်မှာ မူတည်နေသည်။ တေမိယဇာတ်ပါဠိတော်၌-

ဒသ မိတ္တပူဇဂါထာ နာမ အာရဘိ-ဟု မိန့်ဆိုထားသည်။ ယင်းအဋ္ဌကထာကို နိဿယပြန်ဆိုသော ဆရာတော်က-

ဒသ မိတ္တပူဇဂါထာ နာမ = ၁၀ ပါးသော ခင်ပွန်းတို့အား ပူဇော်ရာသော ဂါထာမည်သည်ကို၊ (တစ်နည်းကား) ဘုရားအစရှိသော တစ်ကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားရာသော ၁၀ ပါးသော ဂါထာမည်သည်ကို၊ အာရဘိ = အားထုတ်၏။ (၁၂၇၁ ခု၊ နတ်တော်လ၌ ပုံနှိပ်ပြီးသော ကဝိမျက်မှန် စာပုံနှိပ်တိုက်ထုတ် တေမိယဇာတ် အဋ္ဌကထာနိဿယ ၁၀၃)၌ မိန့်ဆိုထားခြင်းကြောင့် ခင်ပွန်းကြီး ၁၀ ပါး စတင်ဖြစ်ပေါ်ခဲ့ကြောင်း သတိပြုရမည်။

၁၉၈၅ ခုနှစ်လောက်က ဆရာကြီး ဦးဆန်းထွန်းက နိဿယဆရာ စာစပ်မှာခြင်းကြောင့် ခင်ပွန်ကြီး ၁၀ ပါး ဖြစ်လာပုံ မိန့်ကြားခဲ့ဖူးသည်။ ဆရာကြီး ဦးဆန်းထွန်းဆိုသည့်အတိုင်း ဖြစ်နိုင်ပါသည်။ ဇာတ်အဋ္ဌကထာ နိဿယဆရာသည်ပင် -

ဒသ မိတ္တပူဇဂါထာ နာမ ကို နှစ်နည်း အနက်ပေးရာ ပထမနည်းသည် ဒသနှင့် မိတ္တကို ဆက်စပ်ပြီး ၁၀ ပါးသော ခင်ပွန်းဟု အနက်ပြန်ခြင်း ဖြစ်သည်။

ဒုတိယနည်းသည် ဒသကို မိတ္တနှင့်လည်းကောင်း၊ ဂါထာနှင့်လည်းကောင်း ဆက်စပ်၍-

၁။ တစ်ကျိပ်သော ခင်ပွန်းဟုလည်းကောင်း၊

၂။ ၁၀ ပါးသော ဂါထာဟုလည်းကောင်း အနက်ပြန်ခြင်း ဖြစ်သည်။

နိဿယဆရာသည် ဒသကို မိတ္တနှင့် ဆက်စပ်၍ အနက်ပြန်မှားခြင်းကြောင့် ခင်ပွန်း ၁၀ ပါး ပြည့် အောင် ပြရတော့သည်။ ပြပုံမှာ -

မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ ဟူသော (ဇာ၊ ဋ္ဌ၊ ၆၊ ၁၉) အဋ္ဌကထာပါဌ်ကို မိတ္တာနန္တိ မိတ္တာနံ ဟူသည်ကား၊ ဗုဒ္ဓါဒီနံ = ဘုရားအစရှိကုန်သော၊ ကလျာဏမိတ္တာနံ = အဆွေခင်ပွန်းကောင်းတို့အား၊ န ဒုဗ္ဘတိ = မပြစ်မှား၊ ဗုဒ္ဓါဒီနံ၌ အာဒိသဒ္ဒါဖြင့် ပစ္စေကဗုဒ္ဓါ၊ သာဝက၊ အဂ္ဂသာဝက၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံး ပါး၌ ကြည်ညိုသောသူ၊ ပစ္စည်းဝတ္ထု ပေးကမ်းသောသူ၊ တရားဟောပေးသောသူ၊ ဤသို့ ၉ ယောက်သော ကလျာဏမိတ္တကိုယူ၊ ထို့ကြောင့် အဋ္ဌကထာဆရာတို့သည် -

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ၊ သာဝကာ အဂ္ဂသာဝကာ စ။

မာတာ ပိတု ဂုရု သဒ္ဓါ၊ ပစ္စယဒါယကာ ဓမ္မဒေသနာ။

ဟူ၍ ဆိုတော်မူကုန်၏။

(အဋ္ဌကထာဆရာတို့ဟု ဆိုသော်လည်း မည်သည့် အဋ္ဌကထာဟု မသိရ ဂါထာလည်းမဟုတ်)

ဗုဒ္ဓေါ စ = သဗ္ဗညုဘုရားလည်းကောင်း၊ ပစ္စေကဗုဒ္ဓေါ စ = ပစ္စေကဗုဒ္ဓါလည်းကောင်း၊ သာဝကာ စ = သာဝကလည်းကောင်း၊ အဂ္ဂသာဝကာ စ = လက်ျာရံ, လက်ဝဲရံဖြစ်သော တပည့်သားမြတ် နှစ်ပါးတို့လည်း ကောင်း၊ မာတာ စ = အမိလည်းကောင်း၊ ပိတု စ = အဖလည်းကောင်း၊ ဂုရု စ = အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း၊ သဒ္ဓါ စ = ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သောသူတို့လည်းကောင်း၊ ပစ္စယဒါယကာ စ = ပစ္စည်းဝတ္ထုတို့ကို ပေးပေသောသူတို့လည်းကောင်း၊ ဓမ္မဒေသနာ စ = တရားဟောပေးသောသူလည်းကောင်း၊ ဣတိ = ဤသို့၊ ဒသ = ဆယ်ပါးကုန်သော၊ ကလျာဏမိတ္တာ = အဆွေခင်ပွန်းကောင်းတို့သည်၊ ဟောန္တိ = ဖြစ် ကုန်၏။ (၁၂၇၁ ခု၊ နတ်တော်လ ကဝိမျက်မှန် ပုံနှိပ်တိုက်ထုတ် တေမိယဇာတ် အဋ္ဌကထာနိဿယ ၁၀၅/၆)

ဤဇာတ်အဋ္ဌကထာနိဿယကို အကြောင်းပြု၍ ခင်ပွန်းကြီး ၁၀ ပါးဟု စတင်ပေါ်ပေါက်လာပုံရသည်။ သူ့ထက် ရှေးကျသော အထောက်အထား မတွေ့ရသဖြင့် ဤဇာတ်အဋ္ဌကထာ နိဿယကို အကြောင်းပြု၍ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ မင်းဘူး ဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးဝတ္ထုနှင့် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ၏ တေမိယဇာတ်တော် ဟောစဉ်တရား၌ မိတ္တပူဇာ ၁၀ ဂါထာဟု ဆိုထားသည်။ (ဒသ မိတ္တ ပူဇဂါထာ နာမ-ဟူသော အဋ္ဌကထာစကား၌ ဒသ-ကို မိတ္တနှင့် မတွဲစပ်ဘဲ ဂါထာနှင့် တွဲစပ်၍ ဆိုထားကြောင်း သတိပြုပါ။) သို့သော် မင်းဘူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ် တော်ကြီးဝတ္ထု၌ အမြဲမပြတ် မေတ္တာပွားအပ်သူ အဆွေခင်ပွန်း ၁၀ ယောက်အကြောင်း ဆက်လက် ဖော်ပြ ထားသည်။

 ပြပုံမှာ
ဤလောက၌ ချစ်ခြင်းမေတ္တာကို တစ်နေ့မခြား ပွားစေအပ်သောသူကား တစ်ကျိပ်အရေ အတွက် ရှိ၏။ တစ်ကျိပ်ဟူသည်ကား -

၁။ သဗ္ဗညု မြတ်စွာဘုရား

၂။ ပစ္စေကဗုဒ္ဓါ

၃။ ကိလေသာကုန်ပြီးသော ရဟန္တာ

၎။ မြတ်စွာဘုရား၏ လက်ျာရံ လက်ဝဲရံဖြစ်သော အဂ္ဂသာဝက အရှင်မြတ်

၅။ အမိ

၆။ အဖ

၇။ အရွယ်ကြီးခြင်း၊ အမျိုးမြတ်ခြင်း၊ ပညာကြီးခြင်း၊ သီလ သမာဓိရှိခြင်း -အစရှိသော ဂုဏ်တို့ကြောင့် အလေးအမြတ် ပြုအပ်သောသူ

၈။ အကျိုးအကြောင်းကို ဆုံးမသွန်သင် ပဲ့ပြင်ပေးတတ်သောသူ

၉။ ထမင်းအဖျော် အိပ်ရာနေရာ အဝတ်ပုဆိုး စသည် တစ်စုံတစ်ခု ပစ္စည်း အာမိသ ပေးဖူးသောသူ

၁၀။ သူခပ်သိမ်းတို့ကို ကုသိုလ်တရား ပွားများစေခြင်းငှါ တရားဟောပေးသောသူ

ဤသို့အားဖြင့် တစ်ကျိပ်သောသူတို့သည် အဖန်တလဲလဲ မေတ္တာကိုသာ ပွားစေအပ်သောကြောင့် အဆွေခင်ပွန်း မည်ကုန်၏။
ဤသို့ ဆိုထားသည်။

သုတေသန သရုပ်ပြ အဘိဓာန်၌ ပြအပ်သော ခင်ပွန်ကြီး ၁၀ ပါးမှာ

၁။ ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ

၃။ အရဟန္တ

၎။ အဂ္ဂသာဝက

၅။ မာတာ

၆။ ပိတာ

၇။ ဝုဒ္ဓါပစာယန

၈။ အာစရိယ

၉။ ဟိတကရ

၁၀။ ဓမ္မကထိက

(ဦးသြဘာသ၏ သုတေသနသရုပ်ပြ အဘိဓာန် စာမျက်နှာ ၁၇၇)

မှတ်ချက်။ ။ သုတေသနသရုပ်ပြ အဘိဓာန်ဆရာသည် တေမိယဇာတ်ကို ညွှန်းထားသော်လည်း ဇာတ်အဋ္ဌကထာ နိဿယနှင့်လည်း ရေတွက်ပုံ မတူ။ မင်းဘူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော် ကြီးဝတ္ထုလာသည်နှင့် မတူပါ။ ပါဠိတော်၌ကား လုံးဝမရှိပါ။ ယခုထုတ်ပြခဲ့ပြီးသော ကျမ်းဂန်အရပ်ရပ်လာ ခင်ပွန်းကြီး ၁၀ ယောက်တို့ကို နှိုင်းယှဉ်ကြည့်သောအခါ ခင်ပွန်းကြီး ၁၀ ယောက် အရေအတွက်တူသော်လည်း သရုပ်ယူပုံ အနည်းငယ် ကွဲပြားသည်ကို တွေ့ရသည်။

၁။ သဗ္ဗညုဗုဒ္ဓ (မူကွဲ မရှိ)

၂။ ပစ္စေကဗုဒ္ဓ (မူကွဲ မရှိ)

၃။ သာဝက (တေမိယဇာတ် အဋ္ဌကထာ နိဿယ)

ရဟန္တာ (မူ အများ)

သင်္ဃာများ (ဘုရားရှိခိုးမူမှန်)

၎။ အဂ္ဂသာဝက (မူ အများ)

ရဟန္တာ (ဘုရားရှိခိုးမူမှန်)

၅။ အမိ (မူကွဲ မရှိ)

၆။ အဖ (မူကွဲ မရှိ)

၇။ ဂုရု (မူ အများ)

ဝုဒ္ဓါပစာယန (သုတေသန)

၈။ သတ္ထ (မူ အများ)

သဒ္ဓါ ရှိသူ (တေမိယဇာတ်အဋ္ဌကထာ နိဿယ)

၉။ ဒါယကာ (မူ အများ)

သီလစောင့်သူ (ဘုရားရှိခိုးမူမှန်)

ဟိတကရ (သုတေသန)

၁၀။ ဓမ္မဒေသကာ (မူကွဲ မရှိ)

သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အမိ၊ အဖ၊ တရားဟောပြသူ ဤငါးဦး၌ ကွဲပြားမှုမရှိကြ။ အားလုံး အယူအဆ တူသည်။ ဂုရုနှင့် ဂရုကား အတူတူပင် ဖြစ်သည်။ ယင်းအရ - အတတ်သင်ပေးသော ဆရာဟုလည်းကောင်း၊ အလေးအမြတ်ပြုအပ်သူဟုလည်းကောင်း ၂ မျိုး အယူအဆကွဲသည်။ အလေးပြုအပ်သူဟု ဆိုလျှင် ဆရာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အလေးပြုအပ်သူမှန်သမျှ ဂုရု မည်နိုင်သည်။ သတ္ထာ အရလည်း ညွန်ပြ ဆုံးမသူ သာမန်ယူလျှင် ဆရာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သက်ဆိုင်နိုင်သည်။ သဒ္ဓါတရားနှင့် ပြည့်စုံသူ၊ သီလစောင့်သူ၊ ဝုဒ္ဓါပစာယန၊ ဟိတကရ-တို့ကို ခင်ပွန်းကြီထဲ ထည့်သွင်းခြင်းကား အရေအတွက် ပြည့်ရုံလောက်သာ အကျိုးရှိနိုင်သည်။

ခင်ပွန်းကြီး ၁၀ ပါးကို မပြစ်မှားအပ်သူ၊ ကျေးဇူးရှိသူ၊ မေတ္တာပို့အပ်သူအဖြစ် ယူဆမှု အားလုံး တူကြသည်။ ရှိခိုးခံထိုက်သူအဖြစ်ကား ယူဆမှု တူကြမည်မဟုတ်။ ရှိခိုးသူထက် မြင့်မြတ်သော ရှိခိုး ခံထိုက်သူ ခင်ပွန်း ရှိသလို၊ မမြင့်မြတ်သူ ခင်ပွန်းလည်း ရှိနိုင်ပါသည်။ ဥပမာ- ရဟန်းတော်ကား ဒါယကာကို ရှိခိုးမှု မဖြစ် နိုင်ပါ။

တေမိယဇာတ် အဋ္ဌကထာနိဿယကဲ့သို့ ဒသ-ကို မိတ္တနှင့် အစပ်မှား၍ ဒသ + မိတ္တ = ၁၀ ပါးသော ခင်ပွန်းကြီး (၀ါ) ခင်ပွန်းကြီး ဆယ်ပါးဟု ဖြစ်လာရသည်။ ခင်ပွန်းကြီးကို ရတနာ သုံးပါးကဲ့သို့ သုံးပါးလည်း ဖြစ် နိုင်သည်။ အနန္တော အနန္တငါးပါးကဲ့သို့ ငါးပါးလည်း ဖြစ်နိုင်သည်။ ဆယ်ပါး၊ ဆယ်ပါးထက်အလွန် ဖြစ်နိုင်သည်။ ဆယ်ပါး အတိအကျ ဖြစ်ရမည်ဟု ယူခြင်းကား မသင့်ပါ။

၁၃၂၂ ခုနှစ် သုဓမ္မဝတီပုံနှိပ်တိုက်ထုတ် လုံးတော် ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း၊ ပ တွဲ၊ စာမျက်နှာ ၂၈၁ စသည်၌ ခင်ပွန်းကြီး ၁၀ ပါး(သံဂါယနာတင်) ကျမ်းဂန်၌ မလာ။ ပစ္စေက ဗုဒ္ဓေါ စ စသော ဘုရားရှိခိုး ဂါထာကို (နောက်နှောင်းခေတ်) ဆရာကြီးတို့ စီကုံး ရေးသားခဲ့ဟန်ရှိသည်ကိုလည်းကောင်း၊ ဤဂါထာအတိုင်းဆိုလျှင် မဟာသာဝက စသော ခင်ပွန်းများ ကြွင်းကျန်နိုင်သည်ကိုလည်းကောင်း၊ ၁၀ ပါးထက် အပိုအလွန်လည်း ဖြစ်နိုင်ကြောင်းကိုလည်းကောင်း၊ အင်္ဂုတ္တိုရ် သတ္တကနိပါတ် မိတ္တသုတ်ကိုထောက်လျှင် ၆၀ ကျော်ပင် ဖြစ်နိုင်ကြောင်းကိုလည်းကောင်း မိန့်ဆိုထားသည်။

ဤသို့လျှင် ပြဆိုခဲ့ပြီးသော အာဂမယုတ္တိတို့အရ-
၁။ မူဂပက္ခဇာတ် (၀ါ) တေမိယဇာတ်တော်လာ မိတ္တပုဒ်ကို ခင်ပွန်းဟု မြန်မာပြန်ကြခြင်း ဖြစ်သည်။
၂။ ဒသကို မိတ္တနှင့် အစပ်မှားခဲ့ခြင်းကြောင့် ခင်ပွန်းကြီး ၁၀ ပါး ပေါ်ပေါက်လာရသည်။
၃။ ခင်ပွန်းကြီး ၁၀ ပါး အတိအကျ သံဂါယနတင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ တိုက်ရိုက်မရှိ။
၎။ မပြစ်မှားထိုက်သော မိတ္တ-အဆွေခင်ပွန်းဟူသည် ဘုရားအစရှိသော ခင်ပွန်း-ဟု တေမိယဇာတ် အဋ္ဌကထာ၌ လာသည်။

၅။ ဒသ မိတ္တပူဇဂါထာ နာမ-ဟူသော တေမိယဇာတ် အဋ္ဌကထာပါဠိကို ၁၀ ပါးသော ခင်ပွန်းဟု အနက်မပြန်ရ၊ မိတ္တပူဇာ ၁၀ ဂါထာဟုသာ အနက်ပြန်ရမည်။
၆။ ခင်ပွန်းကြီးသည် ၁၀ ပါးလည်း ဖြစ်နိုင်သည်။ ၁၀ ပါးထက်အလွန်လည်း ဖြစ်နိုင်သည်။
ဤကား ခင်ပွန်းကြီး ၁၀ ပါးအကြောင်း သုတေသီတို့ လေ့လာနိုင်ရန်၊ ဝေဖန် ဆန်းစစ်နိုင်ရန် စာရေးသူ လမ်းလှမ်းမှီသမျှ တင်ပြရင် ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်

(ဟင်္သာတမြို့၊ မြစ်ကွေ့ ပရိယတ္တိစာသင်တိုက် ကျောင်းသမိုင်းမော်ကွန်းနှင့် ဂုဏပူဇာသဘင် မှတ်တမ်းစာစောင်၊ စာမျက်နှာ ၈၀၊ ၈၁၊ ၂၄၅၊ ၂၄၆၊ ၂၄၇) (၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ)