ဗေဒင်နှင့် ကံတရားတို့စစ်ပွဲ
သည်။ ဗေဒင်ဆရာ ဟောသောလများသို့ ရောက်လာသည်နှင့် တပည့်အများစုမှာ ပို၍ပင်စိုးရိမ်နေကြသည်။
သို့သော် အန္တရာယ်လများကို ကုန်လွန်အောင်ကျော်လာသည်အထိ ဆရာတော်ကား ဘာရောဂါ၊ အသက်ဘေးမှ မဖြစ်သည့်အပြင် စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီးအဖြစ်သို့ပင် ရောက်သွားပါတော့သည်။ ကျောင်းထိုင်ဆရာတော်
ဖြစ်သောအခါကျမှပင် ဗေဒင်ဆရာဟောခဲ့သလို အဘယ့်ကြောင့် အသက်ဘေးအန္တရာယ် မဖြစ်ရကြောင်း သေသေချာချာ မေးကြည့်ရပါတော့သည်။
“ရဟန်းချင်းဆိုတော့ ပြောပြလို့ကောင်းတာပေါ့။ ဒကာ, ဒကာမဆိုရင်တော့ သိပ်ပြောလို့မကောင်းဘူး၊ ကြည်ညိုအောင် ကြွားပြသလို ဖြစ်နေမှာစိုးရတယ်။ အရှင်ဘုရား စဉ်းစားကြည့်လေ။ ဗေဒင်ပညာရှင်တွေ ဆိုတာလည်း ပုထုဇဉ်တွေပဲ။ အဲဒီတော့ အမှားဆိုတာ ဘယ်ကင်းပါ့မလဲ။ အညာသိကောဏ္ဍည မထေရ်လောက်
တော်တဲ့ ဗေဒင်ပညာရှင် နောက်ထပ်မပေါ်လောက်သေးဘူး ထင်ပါတယ်။ သူ့လောက်တော်တဲ့ ပညာရှင် တစ်ယောက်တောင်မှ ကိုယ့်ဟောကြားချက်ကို ကိုယ်ပြန်ပြီး သံသယ၀င်ခဲ့ဖူးတယ် မဟုတ်လား။ ဘာလဲဆိုတော့ သူကိုယ်တိုင်ပဲ သိဒ္ဓတ္ထ မင်းသားလေးကို လက်ညှိုးတစ်ချောင်းထောင်ပြီး ဘုရား ဧကန်မုချ ဖြစ်ရမယ်လို့ ဟောခဲ့တယ် ”
ဘုရားကမှားနေတဲ့ ဒုက္ကရစရိယာကိုစွန့်ပြီး အာဟာရ သပ္ပါယမျှအောင် အစားအသောက်တွေပြန်ပြီး ဘုဉ်းပေး သုံးဆောင်ရတဲ့အခါ သူကိုယ်တိုင်ပဲ ဘုရားမဖြစ်နိုင်တော့ဘူးလို့ ယူဆပြီး ဘုရားလောင်းကို စွန့်ပစ်ခဲ့တယ်မဟုတ်လား။ ဘုရားဖြစ်ပြီးလို့ ဓမ္မစကြာတရား လာဟောတာကိုတောင် မယုံမကြည်ဖြစ်နေကြသေးလို့ သေချာရှင်းပြပြီးမှ ဟောရတယ်။ ဆိုလိုတာက ဗေဒင်ဆရာ ကိုယ်တိုင်တောင် သူဟောတာကို သူကိုယ်တိုင် အပြည့်အ၀ မယုံဘူးလို့ ဆိုလိုတာ ဗေဒင် နက္ခတ် ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်သိနိုင်စွမ်းရှိတဲ့ ပညာတစ်မျိုးမို့ လေးစားအပ်တဲ့ လောကီ ပညာတစ်ခုပါ။ ဒါပေမယ့် လိမ်းဆေးကို စားဆေးအဖြစ်သုံးလိုက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို ဒီဂြိုဟ်ထဲရောက်နေလို့သာ ဒီလိုဖြစ်ရတာ၊ အတိတ်ကံ ပုစ္စပ္ပန်ကံနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆလိုက်ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိက အန္တရာယ်ကြီး ဖြစ်သွားနိုင်တယ်။
“ဗေဒင်ဆရာ၊ လက္ခဏာဆရာ၊ နက္ခတ်ဆရာ အဟောမှားခြင်း အကြောင်းနှစ်ခုရှိတယ်။ ပထမအချက်က သူတို့ကိုယ်တိုင် ပုထုဇဉ်ပီပီ အတွက်အချက်မှားပြီး အဟောမှားတာ၊ ဒုတိယအချက်က အဟောခံရသူက ကောင်းတဲ့ကံသစ်တွေ အမြဲမပြတ် ပြုလုပ်နေလို့ ဟောကြားချက် မှားသွားတာပေါ့။ တပည့်တော်အပေါ် ဟောကြားချက်မှားတာ ဒုတိယအချက်ကြောင့်ပဲပေါ့။ သူဟောတဲ့အချိန်မှာ တခြားဘယ်ဆရာ လာတွက်တွက် ခန္ဓာပျက်ကိန်းပဲထွက်မှာပဲ။ ဒါဆိုဘာကြောင့် တပည့်တော် ခန္ဓာမပျက်ရသလဲ၊ အသက်ကယ်ဂါထာလေး တစ်ဂါထာကြောင့်ပဲပေါ့ ”
အသက်ကယ်ဂါထာ ဆိုသည်နှင့် စာရေးသူက မှတ်စုစာအုပ်ထုတ်၍ အသင့်ပြင်လိုက်ရာ ဆရာတော်က “ ဒီအသက်ကယ်ဂါထာက တခြားဘာသာရေး မဂ္ဂဇင်းတွေမှာပါသလို၊ အရကျက်ပြီး ရွတ်နေရမယ့် ဂါထာမျိုးမဟုတ်ဘူး၊ ဂါထာ ညွှန်ပြချက်အတိုင်း လိုက်နာကျင့်ကြံရမယ့် ဂါထာမျိုးပဲ။”
ဂါထာလေးက -
“ ဓနာ ပုညာ ဓိလာဘေန
ကာလံခိယျတိ ပဏ္ဍိတော၊
ကီဠနေနစ ဒုမ္မေ ဓော၊
နိဒ္ဒါယ ကလဟေန၀ါ ” တဲ့။
အဓိပ္ပာယ်က -
ပညာရှိ သူတော်ကောင်းဟာ ဥစ္စာရယ်၊ ကုသိုလ်ရယ်၊ ပညာဗဟုသုတရယ် တစ်ခုခုကိုရခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေတယ်။ ပညာမဲ့ လူမိုက်ကတော့ မြူးတူး ပျော်ပါးကစားခြင်း၊ အိပ်ခြင်း၊ ငြင်းခုန်ခိုက်ရန် စကားများခြင်းဖြင့် အချိန်ကာလကို
ကုန်လွန်စေတယ်တဲ့။ အချိန်မှန်သမျှထဲက ဥစ္စာရယ်၊ ပညာဗဟုသုတ မရရအောင်ယူတာတော့ ဟုတ်ပါပြီ၊ ကုသိုလ်တရားကိုရော ဘယ်လိုရအောင် ယူမလဲလို့ မေးစရာရှိလာတယ်။
ဒကာ၊ ဒကာမများဟာ များသောအားဖြင့် ကုသိုလ်ဆိုရင် ဒါနနဲ့သီလလို့ပဲ သတိထားမိတတ်တယ်။ ဘာဝနာကို သတိမထားမိကြဘူး။ တကယ်ကျတော့ ဘာဝနာကုသိုလ်ဟာ ဒါန၊ သီလထက်သာတယ်။ သွားရင်းလာရင်း၊ ချက်ရင်းပြုတ်ရင်းနဲ့
လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ပွားများလိုက်တာနဲ့မေတ္တာဘာဝနာကုသိုလ်ဖြစ်တာပဲ။ အရဟံ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ၏ လို့ အာရုံပြုလိုက်တာနဲ့ ဗုဒ္ဓါနုဿတိ ဘာဝနာပွားများပြီးသား ဖြစ်သွားတာပဲ။
အဲဒီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတွေကြောင့် တပည့်တော် ခန္ဓာပျက်ကိန်းက လွတ်ခဲ့ရတာပေါ့။ လူတွေကမသိကြလို့၊ ကံဆိုတာ ကောင်းအောင်လုပ်လို့ရတယ်။ ဒါန၊ သီလ၊ ဘာဝနာလုပ်တာဟာ ကံကောင်းအောင်လုပ်တာပဲ။ မကောင်းကျိုးတွေ ပေးမရအောင် အကောင်းဆုံးယတြာတွေ ချေချင်တယ်ဆိုရင်လည်း ဒါန၊ သီလ၊ဘာဝနာတွေ ကြိုးစားအားထုတ်ဖို့ပဲ လိုပါတယ် ”
ဆရာတော်၏ သြ၀ါဒဆိုလိုရင်းမှာ ကုသိုလ်ကံသစ်များကို မမေ့မလျော့ ကြိုးစားအားထုတ်နေသမျှ အကုသိုလ်ကံဆိုးများ ၏ ခေါင်းထောင်မလာနိုင်ဘဲ နောက်ဆုတ် သွားရမည်ဟု ဆိုလိုပါသည်။အကုသိုလ်ကံများနောက်ဆုတ်သွားရန်အတွက် ကုသိုလ်ကံများကို မမေ့မလျော့ဖို့ အရေးကြီးလှပါသည်။
မေတ္တာရှင် - ရွှေပြည်သာ
(မျက်ရည်မကျခင်သိစေချင်)