Monday, October 28, 2013

နတ်ပြည်ရောက် အရက်သမား

နတ်ပြည်ရောက် အရက်သမား

ကပိလ၀တ်မြို့တော်တွင် အရက်လည်းသောက်သော သရဏဂုံလည်းတည်သော  အမျိုးသားတစ်ယောက် ရှိလေသည်။ သရဏဂုံသုံးပါးကို စွဲစွဲမြဲမြဲ ယုံကြည်ခြင်း၊ အမြဲရွတ်ဖတ် သရဇ္ဈာယ်ခြင်းတို့ကြောင့် မူလအမည်ရင်းပျောက်၍ သရဏ ဥပါသကာဟူ၍ အမည်တွင်လေသည်။ သရဏဂုံမြဲသော်ငြားလည်း တစ်ခါတစ်ရံ အရက်မူးသောအခါလည်း ရှိသောကြောင့် ကပိလ၀တ်မြို့သားအများတို့က နှာခေါင်းရှုံ့ကြသည်။ ဖိနပ်ကြားက နတ်စကားထွက်သည် စသည်ဖြင့်ကဲ့ရဲ့ကြသည်။ အရက်
သောက်သူက သရဏဂုံတည်ခြင်းကို လက်မခံနိုင်ဖြစ်နေကြသည်။

တစ်နေ့ သရဏဥပါသကာ သေဆုံးသွားရာ အများစုက အပါယ်ကျမည်ဟု ထင်နေကြသော်လည်း ဗုဒ္ဓက နတ်ပြည်ရောက်သွားပြီဟု ဟောသောအခါ အများစုက လက်မခံဖြစ်နေကြသည်။ ထိုစကားစုများကို ယူဆောင်၍ ဗုဒ္ဓ၏နောင်တော်ကြီး မဟာနာမ်က ယခုကဲ့သို့ လာရောက်လျှောက်ထားပါသည်။

“ မြတ်စွာဘုရား၊ အရက်သမား သရဏဥပါသကာ နတ်ပြည်ရောက်ကြောင်း ဟောကြားတယ်ဆိုတာ အမှန်ပါ ပဲလား ဘုရား"

“ မဟာနာမ်၊ မှန်ပေသည်။ သရဏဥပါသကာသည် သေရည်သောက်သည့် အကုသိုလ်ရှိရိုး မှန်ပါသော်လည်း ဘုရား၊ တရား၊ သံဃာကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော အဝေစ္စပသန္န ကုသိုလ်သဒ္ဓါဓာတ် အရှိန်ကြောင့် စုတေခါနီးတွင် သော
တာပန် တည်ခဲ့လေပြီ။ သို့အတွက် ယခုအခါ သောတာပန် နတ်သားအဖြစ် နတ်စည်းစိမ်ကို ခံစားနေပြီ ” ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့ပါသည်။


(မဟာဝဂ္ဂသံယုတ်ပါဠိတော် နှာ-၃၂၆)


ဤနေရာ၌ ဗုဒ္ဓဘာသာဝင်များအတွက် အကျိုးများမည့် မေတ္တာရှင်မိုးညှင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရား အတိုချုပ်လေးကို ဖော်ပြရပါသည်။

တို့ကို တချို့ကပြောကြတယ်။ မိုးညှင်းဆရာတော်ဟာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဘုန်းကြီးတဲ့။ ဘာ့ကြောင့်လဲဆိုတော့ ငါးဖမ်းတဲ့သူကို ငါးဖမ်းရင်း ဣတိပိသော ရွတ်ခိုင်းတယ်၊ ငှက်ထောင်စားတဲ့သူကိုလည်း ငှက်ထောင်ရင်း ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်ခိုင်းလို့တဲ့၊ ဟုတ်တယ်၊ ငါးဖမ်းအသက်မွေးနေရတဲ့သူကိုငါးမဖမ်းနဲ့လို့ဟောလို့မရတဲ့အတူတူ ငါးဖမ်းရင်း ဣတိပိသော ရွတ်ခိုင်းတယ်၊ ငှက်ထောင်စားတဲ့သူကိုလည်း ငှက်မထောင်နဲ့လို့ ဟောမရတဲ့အတူတူ ငှက်ထောင်ရင်း ဗုဒ္ဓံသရဏံဂစ္ဆာမိ ရွတ်ခိုင်းတယ်။

ငါးဖမ်းတာ၊ ငှက်ထောင်တာဟာ အကုသိုလ်မီးစပေါ့၊ ဣတိပိသော ရွတ်တာ၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်တာက ကုသိုလ်ရေမှုတ်ပေါ့၊ စဉ်းစားကြည့်ကြလေ မီးစချည်းပဲဆို ဘယ်မှာလောင်လို့ ပြီးတော့မှာလဲ၊ ရေမှုတ်တစ်ဖက်ကပါတော့ မီးအလောင် သက်သာတာပေါ့၊ ဒါ့ကြောင့် တို့ကို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ပြောလည်း မနာပါဘူး ဟူ၏။

လောကက သံပုရာပေးလာလျှင် မိမိကဖျော်ရည် လုပ်သောက်ပစ်လိုက်ပါ ဟူသော စကားလေးအတိုင်း အဆိုးလောကဓံကို အကောင်းလောကဓံဖြစ်အောင် နှစ်လုံးသွင်း
နိုင်သည့်အပြင် အကျိုးရှိသော နီတိတစ်ခုဖြစ်သည်အထိ အသုံးချပြနိုင်သော ဆရာတော်ကြီးကို ယခုစာရေးရင်းပင် လက်အုပ်ချီမိုး ရှိခိုးရပါသည်။


မေတ္တာရှင်ဆရာတော်အရှင်ဇဝန
(မျက်ရည်မကျခင်သိစေချင် မှ)