Wednesday, October 16, 2013

မျက်ရည်မိုးတွေ စဲစေချင်


“မျက်ရည်မိုးတွေ စဲစေချင်”
  • လှိုင်းပုတ်တိုင်းသာ, ဗျိုင်းလန့်ပျံမူ, ဘယ်မှာအစာ ဝမည်နည်း။
  • ခွဲခွါတိုင်းသာ, ငိုကြပါမူ, ဘယ်မှာမျက်ရည် ရှိမည်နည်း။
    
          မိဘဆွေမျိုးတွေ ပျက်စီတဲ့အခါ တချို့ကအသံပေးပြီးငိုတယ်။ တချို့ကရင်ထဲမှာပဲ ကြိတ်ငိုတယ်။ တချို့က စိတ်ဓာတ်ခိုင်မာလို့ မငို။ တချို့က သေခြင်းတရားကို သိပြီးသားမို့ မငို။ ခွဲခွါတိုင်းသာ ငိုကြရရင် မျက်ရည် တောင်ကျန်ပါဦးမလား။ တွေ့ကြ, ဆုံကြ၊ ကွဲကြ, ခွဲကြတာဟာ တကယ်တော့ ထူးဆန်းတဲ့အရာတွေမှမ ဟုတ်တာ။ တစ်နေ့ကြုံတွေ့ရမယ်-ဆိုတာ သိနေရင် သိပ်ပြီးတုန်လှုပ်စရာတောင်မလိုဘူး။ ဥရဂဇာတ်တော် မှာ ပါဝင်တဲ့ ဇာတ် ကောင်တွေရဲ့ ဒိုင်ယာလော့တွေဖတ်ကြည့်။

          ဘုရားလောင်းပုဏ္ဏားကြီးမှာ သား, သမီး,ဇနီး, ချွေမ, အခိုင်းအစေ မိသားစုဝင် ငါးယောက်ရှိတယ်။ ဗာရာဏသီပြည်အနီးက ရွာကြီးတစ်ရွာမှာနေတယ်။ လယ်ယာလုပ် ကိုင်စားသောက်ကြတယ်။ မိသားစုအားလုံး သေခြင်းတရားကို အမြဲနှလုံးသွင်းတယ်။ မရဏာနုဿတိအမြဲရှိတယ်။ နေ့စဉ်နေ့တိုင်း သေမင်းနဲ့မိတ်ဖွဲ့ ပေါင်းတယ်။ 

တစ်နေ့တော့ သားဖြစ်သူက တောထဲမှာ လယ်ထွန်းရင်းနဲ့ မြွေကိုက်လို့ သေဆုံးသွားတယ်။ ခါတိုင်းသားအ ဖနှစ်ယောက်စာ ထမင်းထုပ်လာပို့နေကြ။ ဒီနေ့တော့ တစ်ယောက်စာသာမှာပြီး ထမင်းစားတောင် မပျက်ခဲ့တဲ့ ဖခင်။ သူ့ရင်မှာ ဘာမှမဖြစ်သလို အေးအေးဆေးဆေးပါပဲ။ 
 ကျန်ရစ်သူတွေကလည်း တစ်ယောက်မှမငိုကြဘူး။ အလောင်းကို မီးရှို့တော့လည်း တရားနှလုံးသွင်းပြီး ရှို့ကြတယ်။ သေဆုံးသူအပေါ် သစ်စိမ်းချိုး-ချိုးတာမဟုတ်။ သစ်ခြောက်ချိုး-ချိုးတာ။ သစ်စိမ်းချိုးက ချက်ချင်းမပြတ်ဘူး။ သံယောဇဉ်အမျှင်တန်းနေသေးတယ်။ သစ်ခြောက်ချိုးကမှ ချိုးလိုက်ရင် ထောက်ခ နဲ့ပြတ်တာ။

          အံဩစရာကောင်းတဲ့ ဒီမြင်ကွင်း သိကြားမင်းတောင်နေလို့မရ။ မိုးပေါ်ကအမြန်ဆင်းပြီး အကြောင်းရင်းကို မေးတဲ့အခါ…

          ၁။ ဖခင်ပုဏ္ဏားကြီးရဲ့ အဖြေစကား= (မြွေဟာ အရေဟောင်းကိုစွန့်ခွါပြီး အရေသစ်လဲသလို သားလေးက လည်း သူ့ခန္ဓာဟောင်းကိုစွန့်ပြီး ဘဝသစ်တစ်ခုဆီ ထွက်သွားခဲ့တာ။ ကျွန်တော်ငိုကြွေးနေလည်း မီးလောင် ကျွမ်းနေတဲ့ ဒီအလောင်းပုပ်ကမသိနိုင်တော့ပါ။ သူကတော့ ကျွန်တော်တို့ကိုမေ့ပြီး ဘဝသစ်မှာ ဆွေသစ်မျိုး သစ်မိဘသစ်တွေနဲပ ပျော်နေမှာကိုသိလို့ မငိုကြွေးတာပါ)-တဲ့။

          ၂။ မိခင်ဖြစ်သူရဲ့ အဖြေစကား= (ရေလှိုင်းလေးတွေဟာ မခေါ်ပဲနဲ့ကမ်းစပ်ရောက်လာတယ်။ မနှင်ပဲနဲ့ သူ့အ လိုလိုပြန်ဆင်းသွားတယ်။ ကျွန်မသား လေးဟာလည်းကျွန်မတို့က မခေါ်ပဲ ဘဝဟောင်းကနေ ဒီအိမ်ကို ရောက် လာခဲ့တာ။ အခု သူပြန်သွားတော့လည်း ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ပြန်သွားခဲ့တာ။ ကံစီမံရာအတိုင်းသူ့အလိုလိုလာပြီး သူ့အလိုလိုပြန်သွားသူအတွက် ရတက်ပူဆွေး ငိုကြွေးနေမယ်ဆိုရင် အကျိုးမရှိမှန်း သိလို့ မငိုကြွေးတာပါ)-တဲ့။

          ၃။ နှမဖြစ်သူရဲ့ အဖြေစကား= (ကြွေကျလာတဲ့ရော်ရွက်ဝါလေးဟာ သစ်ပင်မှာ ပြန်ကပ်ပေမယ့် မရှင်သန် နိုင်တော့သလို အစ်ကိုအရင်းသေဆုံးလို့ ယူကျုံးမရဖြစ်နေမယ်ဆိုရင် ကျွန်မ ပိန်ချုံးသွားဖို့ပဲရှိတယ်။ အစ်ကို ကတော့ အသက်ပြန်ရှင်လာမှာမဟုတ်တော့ပါဘူး။ အသက်မရှင်မယ့်အတူတူ ငိုကြွေးနေလို့ ဘာအကျိုးရှိ မှာလဲ။ ဒါ့ကြောင့် ကျွန်မလည်းမငိုတာပါ)-တဲ့။

          ၄။ အစေခံမလေးရဲ့ အဖြေစကား= (ရေအပြည့်ထည့်ထားတဲ့အိုးကြီး အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီးရင် အိုး ကွဲအပိုင်းအစတွေကို ဆက်စပ်ပြီး နဂိုပုံစံအတိုင်းပြန်ဖြစ်အောင် လုပ်လို့မရသလို သေပြီးတဲ့အရှင်သား လည်း ကျွန်မတို့က ဘယ်လောက်ပဲငိုငို သူ့ခန္ဓာကိုယ်ဟာ အသက်တဖန်ပြန်ရှင် မလာတော့ပါဘူး။ ဒါ့ ကြောင့်ကျွန်မလည်း မငိုတာပါ)-တဲ့။

          ၅။ မယားဖြစ်သူရဲ့ အဖြေစကား= (ကလေးငယ်တစ်ယောက်က ကောင်းကင်က လမင်းကြီးကို မရမက တောင်းနေသော်လည်း ဘယ်လိုမှမရနိုင်သလို ကျွန်မတို့ငိုနေလို့လည်း လင်ယောက်ျားရဲ့ခန္ဓာဟာ အသက် တဖန် ပြန်ရှင်မလာတော့ပါ။ ဒါ့ကြောင့် ကျွန်မလည်း မငိုကြွေးတာပါ)-တဲ့။

          ကောင်းလိုက်တဲ့ဒဿန။ အထက်တန်းကျတဲ့အတွေးအခေါ်။ မိုးပေါ်ကသိကြားတောင် လက်ဖျားခါသွားရ တယ်။ တင်စားသွားလိုက်တာများ ဥပမာလေးတွေကိုယ်စီနဲ့။ မြွေအရေလဲသလို, ရေလှိုင်းကလေးလို, ရော်ရွက်ဝါလေးလို, ရေအိုးကွဲသလို-တဲ့။ ချစ်မယားလေးကဆို သူ့လင်တော်မောင်ကို လမင်းနဲ့တောင်တင် စားသွားသေးတယ်။ သေခြင်တရားအပေါ် ဖြေဆည်နိုင်ခဲ့ကြတဲ့မိသားစု။

ဒီအတွေအခေါ်မျိုးရှိနေတာ အသိဉာဏ်ရင့်ကျက်တဲ့စိတ်ကြောင့်။ ဒီစိတ်ဓာတ်မျိုးထားနိုင်တာကလည်း အမြဲပွားနေတဲ့သေခြင်းတရားကြောင့်။ မရဏာနုဿတိ-ဆိုတဲ့ သောကငြိမ်းဆေး သောက်ထားတဲ့မိသားစု။ ဒီမိသားစုရဲ့ အဖြေစကားကို ကိုရွှေသိကြားက သဘောကျလွန်းလို့…

        (မင်းတို့မိသားစု ဒီနေ့ကစပြီး ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်စရာမလို့တော့ဘူး။ မင်းတို့အိမ်မှာ ရွှေငွေ ရတနာအပြည့်အစုံ ငါထည့်ပေးထားလိုက်ပြီး။ မပင်မပန်း ချမ်းချမ်းသာသာနဲ့ မရဏာနုဿတိဘာဝနာတ ရားပွားများကြပေတော့)-ဆိုပြီး သိကြားမင်းလည်း နတ်ပြည်ကို ပြန်သွားသတဲ့။ (အင်္ဂုတ္တရနိကာယ် ပဉ္စကနိ ပါတ် ဥရဂဇာတ်)။

       ကျွန်ုပ်တို့ရွာထဲကလူတွေ အခုလိုလူသေတာမျိုးနဲ့ကြုံရင်, သင်္ချိုင်းကုန်းကို အသုဘပို့ရောက်ရင် ဘုရားအလောင်းမိသားစုတွေရဲ့စကားအတိုင်း သေခြင်းတရားကို နှလုံးသွင်းပွားများကြည့်။ သိကြားမင်းဆင်းလာပြီး ရွှေငွေတွေမပေးတောင်မှ ပူပင်သောကမဖြစ်တော့ပဲ စိတ်သက်သာရာရမှာတော့ သေချာတယ်။

         မီးဖိုပေါ်က ဒန်အိုးအပူကို အမှတ်တမဲ့ကိုင်ရင် အပူဒဏ်ခံရမယ်။ လက်နှီးအဝတ်နဲ့ကိုင်ရင် အပူဒဏ်သက်သာမယ်။ ဘုရားရှင်ရဲ့တရားတော်ဟာလည်း အပူဒဏ်ကိုသက်သာစေတဲ့ အကာအကွယ်ပဲ။ နှလုံးသွင်းရုံနဲ့ အပူဒဏ်သက်သာတယ်ဆိုရင် တကယ်ရွပ်ရွပ်ချွံချွံ အားထုတ်နိုင်လို့ကတော့ အပူတွေလုံးဝငြိမ်းသွားမှာ သေချာတယ်။ တရားဂုဏ်တော် ခြောက်ပါးမှာ (ကြားနာရုံပင်, စိတ်ကြည်လင်၍, ကျင့်လျှင်ချမ်းသာ, ရတတ်ပါ၏)-တဲ့။

       
 ကိုယ်စိတ်ကို ဖြေနည်းလေးတွေကတော့…..

         ၁။ (ဟေတုံ ပဋိစ္စ သမ္ဘူတံ၊ ဟေတု ဘင်္ဂါ နိရုဇ္ဈတိ)=“အကြောင်းရှိလို့ အကျိုးဖြစ်တာ။ အကြောင်းကုန်ရင် အကျိုးလည်းကုန်သွားမှာပဲ” ဆိုတဲ့ ဆောင်ပုဒ်လေးအမြဲမှတ်ထား။ လူသေကောင်ကိုကြည့်ပြီး “ဪ-သူရဲ့ ကံအကြောင်းက ဒီလောက်ပဲပါလာတာကိုး” လို့စဉ်းစား။ နေသာထိုင်သာရှိသွားမယ်။ နေတတ်ထိုင်တတ် ဖြစ်လာမယ်။ လောကမှာ ဘယ်လိုပျက်စီးခြင်းမျိုးနဲ့ပဲ ကြုံကြုံ မတုန်လှုပ်တော့ဘူးပေါ့။

        ၂။ (သဗ္ဗေ သတ္တာ ကမ္မဿကာ)= ဆိုတာလည်း အကောင်းဆုံးဖြေဆေး ပဲ။ “ကမ္မဿကာပေါ့။ သူ့ကံအတိုင်းပဲ၊ ကံကိုဘယ်သူလွန်နိုင်တာမှတ်လို့၊ သူ့ကံကဒီလောက်ပဲရှိတာကိုး” ဆိုပြီး ကိုယ့်စိတ်ကိုနှိမ်။ နှိမ်ပါများရင် စိတ်ဓာတ်တွေရင့်ကျက်လာမယ်။ ဆိုးတာနဲ့ဆုံလို့ မတုန်လှုပ်သလို, ကောင်းတာနဲ့ကြုံလည်း “ကံရှိတုန်းသာ၊ ကံမရှိရင်ပျက်မှာပဲ” ဆိုတဲ့ အတွေးကြောင့် မော်ခြင်း ပျော်ခြင်းတွေ မရှိနိုင်တော့ဘူး။

        ၃။ (အနိစ္စ ဒုက္ခ အနတ္တ) သေဘာကို တွေးပြီးတော့လည်း ကိုယ့်စိတ်ကို ဖြေနိုင်တယ်။ “အားလုံးဟာ အနိစ္စ ပဲ၊ ဘယ်မြဲပါ့မလဲ၊ ကိုယ်အစိုးရတာမှမဟုတ်တာ၊ သူ့သဘောအတိုင်းဖြစ်ကြတာပဲ” လို့တွေးပြီး ကိုယ့်စိတ်ကို ဖြေ။ ဖြေပါများရင် ခံနိုင်ရည်ပိုရှိလာလိမ့်မယ်။

       ၄။ (သေခြင်းတရား ဘုရားသော်မှာမလွတ်နိုင်တာ။ တို့တစ်တွေမှာ ဘာပြောစရာရှိမှာလဲ)-ဆိုပြီး တွေးလိုက် ရင်လည်း ကိုယ့်စိတ်သက်သာ ရာရသွားမယ်။ (ပျက်စီးမှုတစ်ခုခုနဲ့ကြုံရင် ပုထုဇဉ်သဘာဝ တုန်လှုပ်ကြမှာ ပဲ။ ဒါပေမယ့် ရုပ်ပျက်ဆင်းပျက်, ဣနြေ္ဒပျက်မဖြစ်ဖို့တော့ အရေးကြီးတယ်)။

        ကိုယ်ကသာ သေသူအတွက် ရတက်ပူဆွေး ငိုကြွေးနေရတာ။ သွားလေသူကတော့ ဘဝသစ်တစ်ခုမှာ ဆွေသစ်မျိုးသစ်နဲ့ ပျော်လို့ရွှင်လို့။ အဲဒီ့ဖြစ်အင်ကိုသာ မျက်မြင်ကိုယ်တွေ့သိလိုက်ရင် ဘယ်သူမှ မျက်ရည် ကျမှာမဟုတ်။ သေသူရဲ့ဖြစ်ရာဘဝကိုသာသိရင် ဘယ်သူမှငိုကြမှာမဟုတ်။ ကျခဲ့ပြီးတဲ့မျက်ရည်ကိုတောင် “နှမြောလိုက်တာ” လို့ ပြောကြလိမ့်ဦးမယ်။ 

အရှင်သီရိကဉ္စနာဘိဝံသ