ဘုန်းနှင့်ကံနှင့် လူငယ်တွေ
“ဘုန်းဘုန်း “ဘုန်း”ဆိုတာ ဘာကိုခေါ်တာ လဲ”
မျက်ခုံးတွေ
ကျုံ့သွားရတယ်။ မေးခွန်းဟာ ဃဂနဏမသိကြတဲ့ ပြဿနာ၊ လွယ်မယောင်နဲ့ ခက်၊
တိမ်မယောင်နဲ့ နက်တဲ့ အရာ၊ ဒါကို ကောက်ကာငင်ကာ မေးလိုက်သူက ဒီအုပ်စုထဲမှာ
အကြီးဆုံးဖြစ်တဲ့ ကောင်းမြတ်ထွန်း၊ ဖြေဖို့ စဉ်းစားနေတုန်း -
“ကောင်းမြတ် နင် ဒါလေးတောင် မသိဘူးလား ဗုံးဆိုတာ”
“ကျွတ် နွယ်နီထွန်းရာ နင်မသိပါဘူး၊ အသာ နေစမ်း”
“ဟဲ့
... ငါဘာလို့ မသိရမှာလဲ၊ နင်သာ တီဗွီသတင်းမကြည့် ဘာမကြည့်နဲ့ မသိတာ၊
ဗုံးတောင် မသိဘူး။ အီရတ်နိုင်ငံမှာ အသေခံဗုံးခွဲနေတာ ဗုံး ဆိုတာ”
“အာ ... ငါမေးတာက လူသတ်တဲ့ ဗုံးကို ပြောတာမဟုတ်ဘူး။ ဘကုန်းချောင်းငင်နသတ် ဝစ္စနှစ်လုံး ပေါက် ဘုန်း ကို ပြောတာ”
“အော် . . သိပြီ၊ ဘုန်းနိမ့်တာ ဘုန်းကြီးတာကို ပြောတာ ဟုတ်လား”
သံတူကြောင်းကွဲ၊
အမည်တူ အဓိပ္ပာယ်ကွဲ၊ ဘုန်းနဲ့ ဗုံး၊ မောင်နှမတွေ ငြင်းခုံနေတုန်း
ကိုယ့်မှာလည်း အပြေး အလွှား စဉ်းစားနေရတယ်။ ဘုန်းကံကြီးသူ၊ ဘုန်းကံနည်းသူ၊
ဘုန်းနိမ့်သူ၊ ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး စတာတွေ
အပြင် မအိုစာက ဗျတ်ဝိ ကို ဘုန်းနိမ့်အောင်ပြုတဲ့ အစီအရင် စတဲ့ ဒဏ္ဍာရီတွေ
တသီတတန်း စဉ်းစားနေမိတယ်။
“ဘုန်းဘုန်း”
“ဟေ”
“ဘုန်းနိမ့်တယ်၊ ဘုန်းကြီးတယ်နဲ့ မနေ့က ပြောတဲ့ထဲမှာတောင် ပါသေးတယ်။ အဲဒါ ဘုန်းဆိုတာ ဘာလဲဟင်”
ကောက်ကာငင်ကာ
ဘယ်လိုပြောရပါ့။ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်ဆိုတာမျိုး ပြောပြရမလား၊
ရှင်ဘုရင် တို့ဘုန်း မိုးသို့ချုန်း လူပုန်းတောမှာ မနေသာ ဆိုလား အဲဒါမျိုး
ပြောရမလား။
“ဘုန်းဘုန်း မသိဘူးထင်တယ် ဟုတ်လား”
အဲ
.. စဉ်းစားနေတာကြာသွားလို့ထင်ရဲ့၊ ညီညီဝေထွန်းကတောင်
စိတ်မရှည်တော့ဘူးထင့်။ မေးခွန်းတွေ မေးလာပြီ၊ ဗုဒ္ဓဝင်ရုပ်စုံကို သည်းကြီး
မဲကြီးဖတ်နေတဲ့ ခင်မေထွန်းကလွဲလို့ အားလုံးက သူတို့အစ်ကိုရဲ့
မေးခွန်းအဖြေကို ငံ့နေကြတာ သိသာ လှတယ်။ အနားမှာလာပြီး ဝိုင်းကြည့်နေကြပေါ့။
ဘုန်း
... ဖုန်း ... ဘုန်းဆိုတဲ့ စကားရဲ့လာရာ ... ဟုတ်ပြီ၊ ရှေးစာတွေမှာ
တွေ့ခဲ့တာပဲ၊ “ပုဉ်းကံ” လို့ ရေးတာ ဟုတ်တယ်။ ဘုန်းဆိုတာ “ပုည” ကလာတာ၊
သေချာတာပေါ့၊ ဣတိဝုတ် ပါဠိတော်နိဿယမှာလည်း ငါတွေ့ခဲ့ဖူးတယ်။ ဒီတော့
“အေး . . သားတို့နားထောင်ကြ။ ဘုန်းဆိုတာ “ပုည” ဆိုတဲ့စကားက လာတာ”
“ပုညဆိုတာကော သိကြရဲ့လား”
“သိဘူး ဘုန်းဘုန်း”
“သားသိတယ် ဘုန်းဘုန်း”
“ဟား လုပ်စမ်းပါဦး ကိုညီညီဝေထွန်းရဲ့၊ ပုည ဆိုတာ ဘာကိုခေါ်တာလဲ”
“သားတို့ ခြေရင်းအိမ်က “ပုညဌေး” ဆိုတဲ့ ကောင်လေးကိုခေါ်တာ”
“ဟား ဟား ဟား”
အကြီးတွေက
ဝိုင်းရယ်လိုက်ကြတယ်။ ကိုယ်တိုင်တောင် အသံထွက်အောင် ရယ်မိသေး။ ပုညဆိုတာ
ပုညဌေးရဲ့ နာမည်တဲ့၊ တကယ့်ကောင်၊ အေးလေ ထင်တာကို ရဲရဲတင်းတင်းဖြေရဲတာကိုပဲ
ချီးကျူးရမှာ။ နို့မဟုတ်ရင် ...
“သားတို့ကို မေးရဦးမယ် ... ဘုရားရှိခိုးပြီး အမျှဝေတဲ့အခါ ဘယ်လိုဆိုကြလဲ”
အားလုံး စဉ်းစားသွားကြတယ်။ ကြာနေမှာစိုးလို့ အစလေး ဖော်ပေးလိုက်တယ်။
“ဤသို့ပြုရ ... လေ”
အဲဒီမှာ သူတို့သံပြိုင်အော်ကြတော့တာပဲ။
“ဤသို့ပြုရ၊ မြတ်ပုညကြောင့်
ချမ်းမြအေးကြည်၊ ဘေးမဲ့မည်သည်
ရွှေပြည်ထုတ်ချောက်၊ လမ်းမကောက် ...
“အေး
... လာ ... တော်လောက်ပါပြီကွယ် ... အဲဒီမှာ ကလေးတို့ဆိုသွားတဲ့ ဤသို့ပြုရ
မြတ်ပုည ... တဲ့၊ အဲဒီပုညကို ပြောတာကွယ့်။ ပုညကနေ ပုည ... ပုဉ် ... ပုန်း
... ဘုန်း ... ဆိုပြီး ရွေ့လျှောလာတာကွဲ့”
“ပုဉ်းကနေ ဘုန်းဖြစ်လာတာပေါ့ ဘုန်းဘုန်း”
“ဒါပေါ့ ကိုကောင်းရဲ့ “ပုဉ်းကံ” လို့ ရေးရာ၊ ပြောရာကနေ “ဘုန်းကံ”၊ တချို့ဆို “ဖုန်းကံ” လို့တောင် ပြောကြ၊ရေးကြ သေးတယ်”
“အဲဒီ ပုဉ်းဆိုတာကကော ဘာကိုခေါ်တာလဲ”
သူတို့လေးတွေ
ထင်သာမြင်သာတဲ့ ဥပမာ သာဓကလေး ဆောင်ရဦးမှာပေါ့၊ အဲဒါကြောင့်
နိပါတ်တော်တွေထဲ စဉ်းစားရှာဖွေရတော့တယ်။ ဟော ... အမှတ်ရပြီ၊
ဒီအကြောင်းလေးနဲ့ သူတို့ကို ရှင်းပြရမယ် ... ။
“ကဲ
... သားတို့သမီးတို့ကို ဘုန်းဆိုတာ “ပုဉ်း” က လာတယ်။ ပုဉ်းဆိုတာ ပုညရဲ့
ပုဒ်ပျက်၊ အဲဒီ ပုညရဲ့ အဓိပ္ပာယ်ကို သိရအောင် ဘုန်းဘုန်း
ပုံပြင်နဲ့ပြောပြမယ်”
ပုံပြင်ဆိုတဲ့ အသံလည်းကြားရော စာဖတ်နေတဲ့ ခင်မေထွန်းပါ အနားရောက်လာတယ်။
“အဲ ခုပြောပြမယ့်ဟာက ပုံပြင်တော့ မဟုတ်ဘူး”
“ အာ .. ဘုန်းဘုန်းကလဲ ပုံပြင်မဟုတ်ရင် ပျင်း စရာကြီး”
“ပုံပြင်မဟုတ်ဘူး ဆိုပေမယ့် ဒီအဖြစ်အပျက်က ဘုရားရှင်လက်ထက်က တကယ်ဖြစ်ခဲ့တာမို့ကွဲ့”
“လောင်း လောင်း အဂိုးပေါ့နော် ဘုန်းဘုန်း”
“ကဲ .. ညီညီဝေထွန်းနဲ့ မိနီလာထွန်း နင်တို့ လျှာကို ရှည်တယ်”
“အာ .. မမနီနီကလဲ သားက ပုံပြင်မှကြိုက်တဲ့ ဟာကို”
“ကျွတ် ... ကိုကောင်း ပြီးတော့ မုန့်ဝယ်ကျွေးမယ်။ ငြိမ်ငြိမ် နားထောင်ကြစမ်းပါ။ ကဲ ... ဘုန်းဘုန်း ပြောတော့ဘုရား”
“အေး
... အေး ... နားထောင်ကြ ... ဘုရားရှင်ရဲ့ လက်ထက်တော်အခါတုန်းက
ရာဇဂြိုဟ်မြို့မှာ သူဋ္ဌေးတစ်ယောက် ရှိတယ်။ သူ့နာမည်က ဇောတိကတဲ့၊ ဘာလို့
ဇောတိကလို့ခေါ်သလဲဆိုတော့ သူ့ကိုမွေးတဲ့ညမှာ မြို့မှာရှိတဲ့ ဓားလှံလက်နက်
တွေနဲ့ လူတွေ ဝတ်ဆင်ထားတဲ့ ရတနာတွေဟာ အလျှံတပြောင်ပြောင် တောက်ကြသတဲ့။
အဲဒီအရောင်အလျှံ တောက်တာကို စွဲပြီး သူ့ကို “ဇောတိက” လို့ မှည့်ခေါ်တာတဲ့။
“ဘုန်းဘုန်း အင်္ဂုလိမာလ မွေးတုန်းကလဲ အဲလိုဘဲနော်”
“ဟုတ်တယ် ကိုကောင်းရ။ ကိုကောင်းက ဘယ်ဆိုးလို့လဲ ...”
“နွယ်နီတို့လဲ သိပါတယ် ဘုန်းဘုန်းရာ။ ကောင်းမြတ်မှသိတာ မဟုတ်ပါဘူး”
“အေးပါ။
သိပါတယ်။ အဲ .. နောက်ပြီး သတ္တုက ဆိုတဲ့ ခိုးသူကြီးကို မွေးတုန်းကလဲ
ဒီအတိုင်းပဲကွဲ့။ အဲ ကွာတာက သူတို့နှစ်ဦးက စောရနက္ခတ် ယှဉ်ပြီး လက်နက်တွေသာ
အရောင်တောက်သတဲ့။ ကဲ .. ဒါ တွေထားပါတော့။ အဲဒီဇောတိက သတို့သား
အရွယ်ရောက်တော့ သူရဲ့ကုသိုလ်အား လို့ဆိုရမယ့် ကိုယ်ရဲ့ကောင်းမှုကျိုး၊
စိတ်ရဲ့ကောင်းမှုကျိုးတွေ ပြလာတယ်။ စည်းစိမ်တွေ တိုးတက်ချမ်းသာပြီး
နေဖို့အိမ်ကြီးကလည်း ရတနာတွေ စီခြယ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဗိမာန်
ပြာသာဒ်ကြီးတဲ့၊ ဇနီးကလည်း သိပ်ချောမွတ်နူးညံ့တဲ့ “သတုလ ကာယီ” ဆိုတဲ့
မြောက်ကျွန်းသူတဲ့။
“အွန်စောနဲ့ ဘယ်သူက ချောလဲ”
“ဟေ”
“ရုပ်ရှင်မင်းသမီး အွန်စောနဲ့ဘယ်ကချောလဲလို့ မေးတာ”
“မင့်
မင်းသမီး ဘုန်းဘုန်းမှ မမြင်ဘူးတာကွယ်” ဟိုကတော့ စာထဲမှာပါတာ
လှပနူးညံ့သတဲ့။ အင်း .. ပေါက်ပေါက် ရှာရှာ မေးတဲ့ကောင်တွေ၊ တော်ပါသေး၊
မြောက်ကျွန်းဆိုတာ ဘယ်နိုင်ငံလဲလို့ မမေးတာကံကောင်း။ ဟူး .. ခုနေ စကားဆက်မှ
..
“အဲဒီ
ဇောတိကရဲ့ ဘုံဗိမာန်ဟာ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားသလဲဆိုရင် အင်္ဂတိုင်း၊
မဂဓတိုင်းက လူတွေနဲ့ ရာဇဂြိုဟ်ဘုရင်ကြီး ဗိမ္ဗိသာရတောင်
လာရောက်ကြည့်ရှုရသတဲ့။
အဲဒီ
ဗိမ္ဗိသာရဘုရင်ကြီးဟာ ဆယ့်သုံးလေးနှစ်သာရှိသေးတဲ့ သားတော်
အဇာတသတ်မင်းသားလေးကို လက်တွဲပြီး လာကြည့်တာတဲ့။ ဘုရင်ကြီးကတော့
ဇောတိကမောင်နှံ ဧည့်ခံတာကို ကျေနပ်နိုင်ပေမယ့် အဇာတသတ်ရဲ့ စိတ်ထဲမှာတော့
“ငါ့ ခမည်းတော်နှယ် မိုက်လိုက်၊ အလိုက်တာ၊ သာမန်လူတစ်ယောက်က
ရတနာစိန်ရွှေတွေစီတဲ့ နန်းတော်တမျှ ဗိမာန်ကြီးမှာ နေရပြီး
ဘုရင်ဖြစ်တဲ့သူ့မှာတော့ သစ်သားနဲ့ ဆောက်တဲ့ အိမ်သာသာ နန်းတော်လေးနဲ့ နေရတယ်
.. ဟွန်း ငါသာ ဘုရင်ဖြစ်လို့ကတော့ သိမ်းပိုက်ပြီးသားပဲ” လို့
ကြံစည်နေသတဲ့။
“အကြံဆိုးနော် ဘုန်းဘုန်း”
“ဒါပေါ့ ငွေထုပ်မရဲ့ အကြံဆိုးပေါ့”
ကဲ..
တိုတိုပြောကြပါစို့ကွယ်။ အဲဒီ အဇာတသတ်က ဒေဝဒတ်နဲ့ပေါင်းပြီး
ဖခင်ဘုရင်ကြီးကို လုပ်ကြံကာ ထီးနန်းကို လုယူပြီး ဘုရင်ဖြစ်လာရော။
ဘုရင်ဖြစ်တယ်ဆိုရင်ပဲ သူ့အကြံကို အကောင်အထည် ဖော်တော့တာပဲ၊ တပ်တောင်တာ
ဗိုလ်ထုနဲ့ ဇောတိကသူဋ္ဌေးအိမ်ကို သွားဝိုင်းတော့ တာပေါ့။ တံတိုင်းခုနစ်ထပ်
ရံပတ်ထားတဲ့ ဇောတိကသူဋ္ဌေးအိမ်ရဲ့ ပထမမုခ်လဲရောက်ရော ညာသံပေး
လိုက်တယ်ဆိုရင်ပဲ အထဲကလည်း ကြုံးဝါးသံတွေ ပြန်ကြားရပြီး လှုပ်ရှားနေတဲ့လူတွေ
သူ့တပ်ထက် အများအပြား တွေ့လိုက်ရတော့ အဇာတသတ်လည်း လန့်ဖျပ်ပြီး တပ်ဆုတ်
ပြေးခဲ့ရသတဲ့။
သူ့စိတ်ထဲမှာ
ဇောတိကဟာ သူ့ကို အံတုဖို့ လက်နက် လူသူတွေ ထောင်သောင်းချီပြီး
စုထားတယ်ထင်တာကိုး၊ အမှန်က စိန်တွေ၊ ဖန်လ်တွေ၊ မှန်တွေနဲ့ စီခြယ်ထားတော့
သူတို့ရဲ့အရိပ်တွေက မှန်တွေမှာဟပ်ပြီး တစ်ယောက်က ဆယ်ယောက်ဖြစ်၊ ဆယ်ယောက်က
တစ်ရာဖြစ်ပြီး ကိုယ့်အရိပ်ကိုယ် ရန်သူထင်ပြီး ပြေးကြတာ”
“ဟား .. ဟား .. ဟား ကိုယ့်အရိပ်ကိုယ် ပြန်လန့်ကြတာပေါ့နော်”
“ဒါပေါ့
ကိုကောင်းရဲ့ အထဲက ကြုံးဝါးသံ ဆိုတာကလည်း အဇာတသတ်တို့အော်လိုက်တဲ့အသံက
တံတိုင်း အထပ်ထပ်မှာရိုက်ခတ်ပြီး ပဲ့တင်ထပ်တဲ့အသံ၊ အဲဒါကိုလည်း
သူတို့လန့်ပြေးလာကြတာ”
“ဟား .. ဟား .. ဟား မဟုတ်တာလုပ်တဲ့လူများ ကိုယ့်အရိပ်ကိုယ်ပြန်လန့်၊ ကိုယ့်အသံ ကိုယ်ပြန်ကြောက် နေရတယ်နော်”
“ကောင်းမြတ်နဲ့တေဇာ နင်တို့ သိပ်လေရှည် မနေနဲ့၊ ရှေ့ဘာဖြစ်မယ်ဆိုတာ နွယ်နီတို့သိချင်ပြီ၊ ဘုန်းဘုန်း ဆက်တော့”
“အေး
.. အေး .. ဒါနဲ့ အဇာတသတ်လည်း ရှက်လည်းရှက်၊ ဒေါသလည်းထွက်ပြီး
အခဲမကျေဖြစ်ကာ ဇောတိကကို လိုက်ရှာရော၊ ဘုရားရှင်ရဲ့ကျောင်းတော်မှာ
ဥပုသ်စောင့်နေတဲ့ ဇောတိကကိုတွေ့တော့ တစ်ခါတည်း သူ့ကိုပုန်ကန်ဖို့ လုပ်တယ်၊
ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ စွပ်စွဲတော့တာပေါ့။ ဇောတိကသူဌေးကတော့ အေးဆေး
တည်ငြိမ်ပဲ”
“အရှင်မင်းကြီး ကျွန်ုပ်အိမ်ကို ဘာကိစ္စ သွားပါသလဲ”
“သိမ်းပိုက်ဖို့ဟေ့”
“အရှင်မင်းကြီး ကျွန်ုပ်ပစ္စည်းကို ကျွန်ုပ်မပေးက ဗိမာန်ကိုမဆိုထားနှင့်၊ ချည်တစ်မျှင်ကိုမျှ သိမ်းယူလို့မရပါ”
“ဘာကွ ငါဟာ သက်ဦးဆံပိုင် ရေမြေ့ရှင်ပဲ၊ ငါလိုချင်တာ ဘာမဆို ရ ရမယ်”
“အရှင်မင်းကြီးမယုံက ဟောဒီ ကျွန်ုပ်လက်က ဝတ်ဆင်ထားတဲ့ လက်စွပ်အခြည်နှစ်ဆယ်ကို ချွတ်၍ ယူတော်မူလော့”
“သယ် ...”
အဇာတသတ်ဟာ
အထင်သေးရမလားဆိုပြီး ထိုင်လျက်က ခုန်လိုက်တာ ဆယ့်ရှစ်တောင်မြင့်သတဲ့၊
ထလျက်က ထပ်ခုန်တော့ ဝါးလေးပြန် တောင် မြင့်ဆိုပဲ၊ အဲလောက်တောင် သန်စွမ်းတာ၊
တစ်ခါတည်း ဒေါနဲ့ မောနဲ့ ဇောတိကရဲ့ လက်က လက်စွပ်တွေကို ချွတ်တော့တာပဲ။
အကြိမ်ကြိမ်ချွတ်ပေမယ့်
လက်စွပ်တွေက လှုပ်တောင်မလှုပ်ဘူး။ သူ့မှာသာ ချွေးသီး ချွေးပေါက်တွေကျပြီး
ဟောဟဲလိုက်ရတာတဲ့။ နောက်ဆုံး လက်လျှော့လိုက်မှ ဇောတိကက “ယုံပြီလား
မင်းကြီး၊ ဒါတွေကို ကျွန်ုပ် မသာယာပြီ။ အရှင်ယူလိုက ဝတ်လဲကိုသာဖြန့်၍
ခံတော်မူ” ဆိုပြီး လက်အစုံကို အောက်စိုက်ပြလိုက်တာနဲ့
လက်စွပ်အခြည်နှစ်ဆယ်လုံးဟာ ရှောရှောရှူရှူ ကျလာ ကြပါရောတဲ့။ အဇာတသတ်
တအံ့တဩဖြစ် နေချိန်မှာ ဇောတိက ကတော့ အေးချမ်းတဲ့ဘုရားရှင်ရဲ့အရိပ်မှာ
တစ်သက်လုံး ခိုလှုံဖို့ ဆုံးဖြတ်နေပါသတဲ့။
“ပြီးပြီလား ဘုန်းဘုန်း”
“အေး
ဒီနေရာမှာရပ်ပြီး ဘုန်းအကြောင်း ကောက်ချက် ဆွဲရအောင်၊ ကိုင်း .. သားတို့
သမီးတို့ ဖြေကြပါဦး၊ ဇောတိကနဲ့ အဇာတသတ် သူတို့နှစ်ဦး ဘယ်သူက အာဏာရှိလဲ”
“အဇာတသတ်က”
“ဘယ်သူက ခွန်အားကြီးလဲ”
“အဇာတသတ်ပဲ”
“ဘယ်သူက နောက်လိုက် အင်အားရှိလဲ”
“အဇာတသတ်ပဲ ဘုန်းဘုန်း”
“ကိုင်း ဒါဖြင့် ဘာဖြစ်လို့ အဇာတသတ်က ဇောတိကကို အနိုင် မရလဲ”
“... ... ...”
“သားတို့ သမီးတို့ စဉ်းစားခက်နေလား၊ ဒါဆို မေးခွန်းပြင်မေးမယ်။ သူတို့နှစ်ဦး ကုသိုလ်ကံကောင်းတဲ့ လုပ်ရပ်ကျ ဘယ်သူသာမလဲ”
“ဇောတိကက သာမယ် ဘုန်းဘုန်း”
“ဇောတိက သာပါမယ်”
“ဘာဖြစ်လို့လဲ”
“ဟို အဇာတသတ်က ဖအေကိုလဲ သတ်တယ်။ သူတစ်ပါးဟာကိုလည်း မတရား လိုချင်တယ်။ အဲဒါ တွေကြောင့် ဘုန်းဘုန်း”
“အေး ဟုတ်ပြီ ဇောတိက ကကော”
“သူကကျတော့ ဥပုသ်လဲ စောင့်တယ်။ နောက်ပြီး အလှူလည်းလုပ်တယ်။ ဘုရားရှင်နဲ့လည်း ဟို ဟို ...”
“ဆည်းကပ်တယ်
ဆိုပါတော့ကွယ်။ဟုတ်တယ်။ သားတို့ သမီးတို့ ပြောတာမှန်တယ်။
ကုသိုလ်ကံမှာကျတော့ ဇောတိကက သာတယ်၊ ဇောတိကရဲ့ ရှေးရှေးက ပြုခဲ့တဲ့
ကောင်းတဲ့အမှုတွေ၊ ယခုပြုဆဲ ကောင်းမှုတွေဟာ ကောင်းကျိုးချမ်းသာတွေကို
ဖြစ်စေတဲ့ အကြောင်းတွေဖြစ်တယ်။ ဘုရင်ကတောင် မနာလိုဖြစ်ရအောင် ကြီးမားတဲ့
အကျိုးတွေဟာလည်း ကုသိုလ်ကံလို့ဆိုတဲ့ “ပုည” တွေပေါ့။ အဲဒီပုညကျတော့ ဇောတိကက
မသာဘူးလား”
“သာတယ်”
“အေး ပုညသာလို့ ပုဉ်း = ဘုန်းဆိုတဲ့ ပုညငယ်တဲ့ ဘုရင်က အနိုင်မရတာပေါ့၊ ရှင်းပြီလား”
“ရှင်းပါပြီ”
“ဒါဆို ဘုန်းဆိုတာ ကုသိုလ်ကံဆိုတဲ့ ပုည ပေါ့နော်”
“အေးပေါ့။
မိမိစိတ်ကို စင်ကြယ်စေပြီး လိုလားတဲ့ အကျိုးတွေကို ပေးတတ်တာ ပုညခေါ်တာပဲ၊
ပုည ကနေ ပုဉ်း၊ ပုဉ်းကနေ ဘုန်းဖြစ်လာတာ၊ တကယ်တော့ ကောင်းမှုကုသိုလ်ကံပါဘဲ၊
အဲဒီ ကုသိုလ်ကံတွေများရင် ဘုန်းကြီးပြီး၊ နည်းရင် ဘုန်းနည်းတာပဲ”
“ဒါဆို သားတို့ ဘုန်းကြီးအောင် လုပ်လို့ရတာ ပေါ့နော် ဘုန်းဘုန်း”
“ရတာပေါ့ ကိုညီညီဝေထွန်းရဲ့”
“သမီးတို့ မိန်းကလေးတွေကော ဘုန်းဘုန်း”
“ရတာပဲ ဒေါ်ခင်မေထွန်းရဲ့။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို လုပ်လို့ရတယ်”
“ဘယ်လိုလုပ်ရမလဲ ဘုန်းဘုန်း”
" ကဲ ဒါဆိုလိုက်ဆိုကြ၊ ဘုန်းကြီးလိုလျှင်
(၁) လှူဒါန်းရမယ်၊ စွန့်ရဲရမယ်။
(၂) မသမာမှုရှောင်၊ သမာမှု သုစရိုက်ကျင့်ရမယ်။
(၃) ပြုသမျှ မေတ္တာနှင့်ယှဉ်ရမယ်။
ဒီသုံးပါးကို ကျင့်နိုင်ရင် ဘုန်းကြီးတယ်လို့ ပိဋကတ်တော်မှာ ပါတယ်။ ကဲ တစ်ခေါက် ထပ်ဆိုကြဦး။"
သူတို့တစ်တွေ
အားပါးတရ အော်ဆိုကြတယ်။ စိတ်ဝင်တစားဆိုနေကြတဲ့ သူတို့လေးတွေကိုကြည့်ရင်း
ကြည်နူး နေမိတယ်။ ဒီကျင့်ဝတ်သုံးပါးကို သူတို့လေးတွေ လိုက်နာရင်း ဘုန်းရှင်
ကံရှင်လေးတွေ ဖြစ်လာကြပြီး ဘုန်းစွမ်း ကံစွမ်းနဲ့ အဇာတသတ်လို
ရုန့်ကြမ်းတဲ့မင်းဆိုးတွေကို ပယ်ရှားနိုင်ကြမှာကဖြင့် ကျိန်းသေပါပဲ။ ။
ကံထွန်းသစ်