Sunday, October 20, 2013

ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ

ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ




"သီတင်းကျွတ်လ မီးထွန်းပွဲ"

 မြန်မာပြည်တွင် ဆဲ့နှစ်လ ရာသီအကြောင်း ကလေးတိုင်း နှုတ်ဖျားပေါ်မှာ ရေပန်းစားသဖြင့် မမေ့နိုင်စရာ ကဗျာလေး တစ်ကြောင်းပင် ဖြစ်ပါတယ်။ ထို့အပြင် သီတင်းကျွတ် ပွဲတော်တွင် ဆီမီးများ၊ မီးရှုး မီးပန်းများ၊ မီးအမျိုးမျိုး ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက်အထိ သုံးရက်ကြာ ပူဇော်ကြပါတယ်။

ဘာကြောင့် သီတင်းကျွတ် မီးထွန်းကြတာလဲ

အမှန်တကယ်တော့ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးထွန်းခြင်းဟာ အလှအပအတွက် တန်ဆာဆင်ပြီး သက်သက် ထွန်းကြခြင်း မဟုတ်ပါ။ ဆီမီးထွန်းခြင်း၏ အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်း ပါဝင်ပါသည်။ အဘယ်ကြောင့်လည်းဆိုတာ မေးခွန်းဖြစ်လာပါတယ်။

မှန်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်မှာ ဝါတွင်း သုံးလတို့ ကာလပတ်လုံး အလွန် မွန်မြတ်သော အဘိဓမ္မာ တရားတော်တို့ကို ဟောကြားတော်မူခဲ့ပြီး မြတ်ဗုဒ္ဓ ဘုရားရှင်သည် နိမ္မိတ ရုပ်ပွားတော်ကို ထားတော်မူ၍ လူပြည်သို့ ကြွရောက်တော်မူသောအခါ ပညာအရာ ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာအား အကျဉ်း အဘိဓမ္မာ တရားတော်ကို ဟောဖော်ပြသတော်မူပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူပြည်သို့ ပြန်လည် ကြွတော်မူသော အထိမ်းအမှတ် အနေဖြင့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သလို ဆီမီး ပူဇော်ကြသဖြင့် သီတင်းကျွတ်လ မီးထွန်းပွဲလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။

ဤမျှသာ မကသေးပါ။ မြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် အလွန် ထူးမြတ် ကောင်းမွန်သော အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ မိခင် တယောက်ရဲ့ ဘဝထဲကို ပဋိသန္ဓေ ရရှိလာသည့်အချိန်ကစပြီး လူဖြစ်လာတဲ့အထိ လူတယောက် သူတယောက်ဖြစ်အောင် ကျွေးမွေးပြုစုတွေဟာ တုနှိုင်းမမီသော မေတ္တာတွေဖြင့် သားသ္မီးတွေအပေါ် ထားခဲ့ကြတာဖြစ်ပါတယ်။ထို မေတ္တာမျိုးဟာလည်း အပရိမာဏ မေတ္တာ ခေါ်ဆိုနိုင်သလို အနန္တကျေးဇူးများသော မေတ္တာတွေသာ ဖြစ်ပါတယ်။

ဤကဲ့သို့သော ကျေးဇူးတွေကို သားသ္မီးတွေ အနေဖြင့် မိဘတွေ လိုအပ်လာတဲ့အခါတိုင်း ကျေးဇူး သိမြင်ပြီး ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး မဆပ်နိုင်သေးသည့်တိုင်အောင် မိဘတွေ၏ ကျေးဇူးကို သိနားလည်ဖို့ အမှန်တကယ် လိုအပ်တယ် မဟုတ်ပါလား။ ထို့ကြောင့် သီတင်းကျွတ် ဆီမီးထွန်းခြင်းသည် မိဘနှစ်ပါးကို ကျေးဇူးဆပ်သော တနည်းအားဖြင့် ကျေးဇူးဆပ်ပွဲလို့ ပြောဆိုရမည်မှာ အမှန်ပင် ဖြစ်ပါတယ်။

အစဉ်အလာ ကောင်းမွန်သော သီတင်းကျွတ်လပြည့်နေ့မှာပင် သက်ကြီး ရွယ်အိုများကို ကန့်တော့ကြသည့်အပြင် မိဘများ၊ အသက်ကြီးသော ဦးကြီး၊ အဒေါ်များနှင့် အစ်ကို၊ အစ်မများကိုလည်း အပြစ်များရှိလျှင် သား သ္မီး မြေး မြစ် ညီငယ် ညီမငယ်တို့ကို ကန့်တော့ကြသည်မှာ မြန်မာတို့၏ ချစ်စရာကောင်းသော ရိုးရာဓလေ့ကောင်းကိုလည်း တွေ့မြင်ရသဖြင့် ကြည်နူးဖွယ်ကောင်း လှပါတယ်။

ထို့အပြင် တချို့က ဘုရား ကျောင်း ကန် သွားကြသလို ညနေပိုင်း ဆည်းဆာအချိန်တွင် အနီးရှိ တန်ခိုး စေတီ ပုထိုးများ၊ မြတ်စွာ ဘုရားရှင်၏ ရုပ်ပွားတော်ကို ရိုခိုး ပူဇော်ကြတာလည်း တွေ့မြင်ကြရသလို ညပိုင်းရောက်ပြန်တော့လည်း မိမိတို့ နေထိုင်ရာ အိမ် ဘုရားစင်မှာ ဆီမီး တန်ဆာများဖြင့် ပူဇော်ခြင်း၊ အိမ်၏ ပတ်ဝန်းကျင်မှာ အလှမီးပုံများ တန်ဆာဆင်လျက် ဆီမီး ပူဇော်ခြင်း၊ ရွာဦးကျောင်းနှင့် စေတီတော်များတွင် ဆီမီး တန်ဆာများ ပူဇော်ခြင်းနှင့် ဝတ်ရွတ်ခြင်း စသည်တို့ကို ပြုလုပ်ကြတာ အလွန်အမင် ကြည်နူးစရာကောင်းလှပါတယ်။

သြော် ဝါတော်ကျွတ်လာပြန်ပြီ။ ဝါတော်ကျွတ်ပြီဆိုတော့ မြန်မာဆိုရိုးလေး တခုကို သတိရမိပြန်တယ်။ အဲဒါလေးက ဝါလ ကင်းလွတ် သီတင်းကျွတ် လို့ ရှေးမြန်မာ လူကြီးသူမတွေ ပြောဆိုခဲ့ကြတာပါ။ မှတ်သားစရာကောင်းသော ဆိုရိုးစကားလေး ဖြစ်ပါတယ်။ အချို့က အမှတ်တမဲ့ ဆိုရိုးစကားလေးတွေကို မေ့သွားတတ်ပါတယ်။

"ဝါလကင်းလွတ် သီတင်းကျွတ်"

မှန်ပါတယ်။ "ဝါလကင်းလွတ် သီတင်းကျွတ်" အချိန်အခါ သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များ ပဝါရဏာ ပြုလုပ်ရမည့် နေ့လည်းဖြစ်ပါတယ်။ ပဝါရဏာဆိုသည်မှာ ရဟန်းအချင်းချင်း မိမိတို့ အထင်အရှားရှိသော အပြစ်များ တစုံတရာ ရှိပါက ပြောကြားကြဖို့ ဖိတ်မန်ကြသည့် သဘောတရားကို ပဝါရဏာ လို့ ခေါ်ပါတယ်။

အဲဒီလို ဖိတ်မန်လိုက်သည့်အခါ အချို့ သင့်ရောက်သည့် အပြစ်များကို အထင်အရှား ပြောပြသူကလည်း မေတ္တာကရုဏဖြင့် ပြောပြကြသလို အထင်အရှား အပြစ်ရှိသူကလည်း မိမိတို့ အပြစ်ကို သိရှိပြီး အမှန်မြင်ပြီး ပြုပြင် ကုစားဖို့ရန် ကောင်းမွန်သော ရည်ရွယ်ချက် ကောင်းတခုကို ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည် တပည့်သား သံဃာတို့ကို လမ်းညွန်းပြသ ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။



နောက်ထပ် ပြောရမည်ဆိုလျင် ပဝါရဏာဆိုတာ မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ ယုံမှား သံသယ ရှိလျှင်ဖြစ်စေ ပြောဆိုဖို့ရန် ဖိတ်မန်ပန်ကြားတာ ဖြစ်ပါတယ်။

ထို့အပြင် ခေတ်တွေ အဆက်ဆက် ပြောင်းလွဲလာခဲ့သဖြင့် ပြောင်းလွဲလာသည့် ခေတ်အနေအထားအရ လေ့လာမှု အားကောင်းလာသော လူပညာရှိတွေ အနေဖြင့် အချို့က သိချင်လို့သော်လည်းကောင်း လေ့လာချင်လို့သော် လည်းကောင်း မေးလာကြတာလည်း ရှိကြပါလိမ့်မည်။ အဲဒါကြောင့်လည်း ပဝါရဏပြုလုပ်ခြင်း၏ အချက်အလက်ကို ဖြေရှင်းဖို့ လိုအပ်လာပါလိမ့်မည်မှာ အမှန်ပင် ဖြစ်ပါတယ်။

အဘယ်ကြောင့် (ပဝါရဏာ) ဖိတ်မန်ပန်ကြားရသလဲ

တခါတရံ ကိုယ့်အပြစ်ကို သူတစ်ပါးက သိပြီး၊ မိမိ ကိုယ်တိုင်တော့ မသိတာလဲ ရှိနေတတ်ပါတယ်။ အဲဒီလို အပြစ်များ ရှိနေပါက အခြားရဟန်းများက ပြောပြဖို့ရန်နှင့်၊ မိမိ၏ အပြစ်ကို ပြောပြဖို့ သိရရင် အပြစ်ကင်းအောင် ဒေသနာပြောကြားခြင်းတို့ဖြင့် ကုစားဖို့ရန် ဖြစ်ပါတယ်။

ပြီးတော့ မိမိသည်လည်း စင်ကြယ်သော သီလ၀ိသုဒ္ဓိ ၊ စိတ္တ၀ိသုဒ္ဓိနှင့် ဒိဋ္ဌိဝိသုဒ္ဓိ စသည်တို့ ပြည့်စုံသွားဖို့ရန် ဖြစ်ပါတယ်။ ဒါတွေဟာ မြတ်စွာဘုရား သာသနာတော်မှာ သန့်ရှင်းစင်ကြယ်၍ သူတော်ကောင်း တရား ကျင့်ကြံအားထုတ်နိုင်ရန်တို့ကို ညွန်းဆိုထားသဖြင့် အလွန်ကောင်းမွန်သော လုပ်ဆောင်ချက် တခုပင် ဖြစ်ပါတယ်။

ဤကဲ့သို့ ကောင်းမွန်သည့် အလုပ်ကို လုပ်ဆောင်ရာတွင် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ ကျောင်းတိုင်ထဲမှာ သံဃာ ငါးပါးရှိလျှင် ထိုသံဃာ ငါးပါးလုံးကို ဖိတ်မန်ဖို့ရန်၊ သံဃာ ငါးပါး မရှိလျှင် အချင်းချင်း ဖိတ်မန်ဖို့ရန် မြတ်စွာဘုရားရှင်က ဝိနည်း ပိဋကတ်တော်မှာ သိက္ခာပုဒ်အနေဖြင့် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ပ၀ါရဏာ ပြုလုပ်ရာတွင် ရွတ်ဆိုရန်

သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )

''အသျှင်ဘုရားတို့ အကျွန်ုပ်သည် အသျှင်တို့ကို ဖိတ်ကြား ပါ၏၊ မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း၊ ယုံမှားသဖြင့်လည်းကောင်း အသျှင်တို့သည် အကျွန်ုပ်ကို အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစား ပါအံ့။ (ဒု-တ)

ပဝါရဏာ ခွင့်ပြုတော်မူရခြင်း

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ကောသလတိုင်းထဲမှ ဇနပုဒ်တွင် နေထိုင် သီတင်းသုံးတော်မူသော ရဟန်းတို့သည် အချင်းချင်း ငြင်းခုံခြင်း မပြုပါပဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာ နေထိုင် သီတင်းသုံးအောင် စကားမပြောပဲ ကတိကဝတ် ပြု၍ ဝါတွင်း သုံးလ ကာလပတ်လုံး စကားမပြော မဆိုပဲ သီတင်းသုံး နေထိုင်ခဲ့ကြပါတယ်။

ထိုရဟန်းတော်တို့သည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံသွားရောက် ဖူးမြှော်ကန်တော့ကြပါတယ်။ ဗုဒ္ဓမြတ်စွာသည် အဝေးမှ ကြွရောက်လာသော တပည့် ရဟန်းတော်များနှင့် ၀မ်းပန်းတသာ မေးမြန်းပြောဆိုလေ့ရှိသည့်အတိုင်း

˝ချစ်သားတို့ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့် တဦး ခိုက်ရန်ငြင်းခုန်မှု ပြုခြင်း မရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား˝ ဟုမေးမြန်းတော်မူပါတယ်။ ထိုအခါ ရဟန်းတော်များက တ၀ါတွင်းလုံး သူတို့ နေထိုင်ခဲ့ကြပုံတွေကို လျှောက်ထား၍ ˝ချမ်းသာစွာ နေခဲ့ရပါကြောင်း˝ ပြန်လည် လျှောက်တင်ကြပါတယ်။

ဤသို့ ကြားတော်မူသောအခါ ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့ကို ကဲ့ရဲ့ရှုတ်ချတော်မူသလို အပြစ်တင်တော်မူပါတယ်။ ˝သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါပဲ ချမ်းသာစွာ နေခဲ့ကြရပါသည်˝ ဟု ၀န်ခံကြပါတယ်။ သင်တို့၏ ၀စီပိတ်အကျင့်သည် တောတွင်း တိရစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်တယ်။ သိုးတွေရဲ့ နေနည်း ထိုင်နည်းသာ ဖြစ်တယ်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်တယ်။ သင်တို့သည် သာသနာတော်ကို မကြည်ညိုသေးသည့် သူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသည့် သူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ˝ဟု ကဲ့ရဲ့ ရှုတ်ချတော်မူလျက် ˝သာသနာပ တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ လူအ အကျင့်၊ ၀စီပိတ် အကျင့်ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ˝ ဟုသိက္ခာပုဒ် ပညတ်ပိတ်ပင်တော်မူခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာရှင်သည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက်တွင် ၀ါကျွတ်ပြီးသော ရဟန်းတော်တို့အား အပြစ်မြင်ပါက၊ ကြားပါက၊ ယုံမှားသံသယဖြစ်ပါက ရေငုံနှုတ်ပိတ် (၀စီပိတ်) မနေဘဲ အချင်းချင်း ပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက်မိန့်ကြားတော်မူခဲ့သဖြင့် ဤအချိန်အခါမှ စ၍ သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း သံဃာတော်တို့၏ ˝ပ၀ါရဏာပွဲ˝ များ ပြုလုပ်ခဲ့တာ ယ္ခုထိတိုင်အောင် ပင်ဖြစ်ပါတယ်။

အားလုံးသော စာပေချစ်ခင် မြတ်နိုးကြသော သူတော်စဉ် သူတော်ကောင်းတို့သည်လည်း သီတင်းကျွတ်လပြည့်နေ့ အကြောင်းကို ဝမ်းမြှောက် ဝမ်းသာစွာ ဖတ်ရှုရသဖြင့် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ ရည်မှန်း ရည်စူးသော ဘ၀ပန်းတိုင် အသီးသီးသို့ လွယ်ကူသော အသိဥာဏ်နှင့် အကျင့်မြတ် သီလတို့ဖြင့် ရောက်နိုင်ကြပါစေလို့ ဆုတောင်းပတ္တနာ ပြုလိုက်ပါတယ်။



တက္ကသိုလ်မြတ်မင်း