“ဒီဘဝ ဒီချစ်သူ - ဟိုဘဝ ဟိုချစ်သူ”
နောက်ပိုင်းအတွက်စိတ်ချပြီး သေတဲ့သူနဲ့ စိတ်မချပဲသေတဲ့သူ ဘယ်သူပိုများလဲ။ မိသားစုအတွက် စိတ်ပူ ပင်သူကလည်း (နင်တို့ ငါမရှိ မဖြစ်ဘူး) ပေါ့လေ။ ဇနီးမယားအတွက် စိတ်မချရသူကလည်း(ငါမရှိတော့ရင် ငါ့မိန်းမတော့ ကလေးတစ်အုပ်နဲ့ ဒုက္ခရောက်ပြီထင်ပါရဲ့)-ပေါ့။ ချစ်သူရည်းစားအတွက် နောက်ဆံတင်းသူက လည်း (ငါမရှိရင် သူကလေး ဘယ်လိုများနေရှာမလဲ။ ငါ့ကိုများ အမြဲသတိရနေမလား) ပေါ့။
ဒါကသွားလေသူရဲ့စိတ်အထင်ပါ။ ကျန်ရစ်သူတွေကြည့်လိုက်တော့ အနေအထားကတစ်မျိုး။ အစတုန်းက တော့ တစ်ယောက်နဲ့တစ်ယောက် အသက်ပေးပြီးချစ်သတဲ့။ အသက်ကိုတောင် စွန့်ရဲသတဲ့။ (အချစ်အ တွက်နဲ့ အသက်ပင်သေသေ- သီချင်းကိုတောင် အော်ဆိုလိုက်ကြသေးတယ်။ )။ အောက်ချင်းငှက်ဖို ငှက်မ ကို အားကျလို့လား။ ရှင်မွေးလွန်း, မင်းနန္ဒတို့လို ရဇာဝင်မှာ စာတင်ခံချင်လို့လား။ ရိုမီယိုနဲ့ ဂျူးလိယက်ကိုပဲ အထင်ကြီးလို့လား။ တစ်ယောက်သေရင် နောက်ကလိုက်သေရဲတယ်ဆိုတဲ့စကား။ လက်တွေ့နဲ့ကတော့ တခြားစီ။ လောကီထုပ္ပတ်လူတို့ဇာတ်မှာ ဖြစ်ရပ်တွေက လည်းအမျိုးမျိုး။
မိဘတွေသဘောမတူလို့ စိတ်ညစ်နေတဲ့ချစ်သူနှစ်ယောက်။ (ဒီဘဝမပေါင်းရရင် နောင်တမလွန်မှာဆုံကြ စို့)- ဆိုပြီး အဆိုတင်သွင်းသူက ချစ်သူကောင်ကလေး။ ထောက်ခံအတည်ပြုပြီး လက်တွေ့အကောင်အထည်ဖော်ခဲ့သူက ချစ်သူကောင်မလေး။ မျက်စိစုံမှိတ်ပြီး ချောက်ကမ်းပါးထိပ်ကနေ ခုန်အချ။ (သူ့အလှည်ပြီးရင် ကောင်လေးက နောက်ကလိုက်လာလိမ့်မယ် အထင်နဲ့ပေါ့)။ ဒါပေမယ့် အဲဒီကလေးမ ချောက်ကမ်းပါးအောက်မှာ အသက်ပျောက်နေတဲ့အချိန်။ ကြောက်လန့်တကြားနဲ့ ရွာဘက်လှည်းပြေးသွားတဲ့ ကောင်လေးကို ကလေးမရဲ့ဝိညာဉ်က တအံ့တဩလှမ်းကြည့်ရင်း (သေချင်းဆိုး ငါကတော့ အဟုတ်မှတ်လို့)-ဆိုပြီး ကျိန်ဆဲနေမှာသေချာတယ်။ ဒီလိုမှန်းသိရင် အစကတည်းက ကောင်လေးရဲ့လက်ကိုဆွဲပြီး တပြိုင်တည်း ခုန်ချခဲ့ပါရဲ့။ ကောင်းလေရဲ့လုပ်ရပ် မှားသလား, မှန်သလား။ တစ်ကိုယ်ကောင်းဆန်တယ်-ဆိုပြီး အပြစ်တင်မလား။ သတ္တိမရှိဘူး-ဆိုပြီး ကဲ့ရဲ့ရှုတ်ချမလား။
ကောသလမင်းကြီးက သူ့မိဖုရားမလ္လိကာကို (ဟဲ့-မိဖုရားကြီး သင်ဘယ်သူ့ကို အချစ်ဆုံးလဲ)- လို့မေးတယ်။ အရှင်မင်းကြီးကို အချစ်ဆုံးပါလို့ ပြောလိမ့်မယ်ထင်နေတာ။ ဘယ်ကလာ။ ကြားလိုက်ရတဲ့အဖြေစကားက ထင်ထားတာနဲ့တခြားစီ။ (မိမိကိုယ်ကိုသာ အချစ်ဆုံးပါ)-တဲ့။ ဘုရားရှင်ကလည်း ဒီအဖြေကိုထောက်ခံ တယ်။ “နတ္ထိ အတ္တသမံ ပေမံ” - မိမိနှင့်တန်းတူထား၍ ချစ်အပ်သောသူမည်သည်မရှိ-တဲ့။
ကာတွန်းလေးတစ်ပုဒ်ဖတ်ဖူးတယ်…
(မိန်းမ)- ရှင်နဲ့ပေါင်းနေရတာ စိတ်ညစ်တယ်။ ကျွန်မသေသွားရင် ကောင်းမယ်။
(ယောက်ျား)- အေး ငါလည်းသေသွားရင်ကောင်းမယ်။
(မိန်းမ)- ဟင် ဒါဆို ကျွန်မ မသေတော့ဘူး။ ရှင်ပဲသေတော့။
လောကလူသားအားလုံး မိမိကိုယ်ကိုသာ မိမိအချစ်ဆုံး။ တစ်လောကလုံးမှာ ကိုယ့်ထက်ပိုပြီး ချစ်ရမယ့်လူဆိုတာ ဘယ်သူမှမရှိနိုင်။ ကျွန်ုပ်ကိုယ်တိုင်လည်း (ငါ့မှာ- တခြားညီအစ်ကိုတွေလို သံယောဇဉ်တွယ်စရာမရှိ။ ငါ အမေ့ကိုအချစ်ဆုံးပဲ။ အမေမရှိတော့ရင် ငါဘယ်လိုများနေခဲ့ရပါ့။ အမေနဲ့အတူ လိုက်သေမိလိမ့်မယ်ထင်ပါရဲ့)-လို့တောင် အတွေးလွန်ခဲ့မိတဲ့ ကျွန်ုပ်။ အမေဆုံးတော့လည်း ပူလိုက်တဲ့ရင်, လောင်လိုက်တဲ့မီး, ကြီးလိုက်တဲ့ဒုက္ခ, သောကပင်လယ်ဝေခဲ့ ရတဲ့ကျွန်ုပ်။ အဟုတ်တကယ် (မိဘများ မရှိတော့ရင်) ဆိုတဲ့အတွေးက ဟို-ငယ်စဉ်ဘဝကတည်းက။ ဒါမျိုးက တခြားသူများမှာလည်း ဖြစ်တတ်တဲ့ အတွေးမျိုးပါ။ ကျွန်ုပ်ကျကာမှ ထူးထူးခြားခြား ဖြစ်ပေါ်လာတာမျိုး လည်းမဟုတ်။ အခုဆို အဖေဆုံးတာ (၁၈)နှစ်။ အမေဆုံးတာက (၂) နှစ်ပြည့်တော့မယ်။ ရွာရောက်တိုင်း အမေ့အုတ်ဂူပေါ် နှင်းဆီပန်းလေးတွေ သွားတင်တာကလွဲလို့, (အဖေအမေတို့အတွက် ကုသိုလ်ပြု အမျှဝေ တာကလွဲလို့) အရာအားလုံးဟာ မေ့မေ့ပျောက်ပျောက်ပါပဲ။ တစ်ခါတလေ အကြောင်းတိုင်ဆိုင်မှပဲ အမေအဖေတို့ကို သတိရမိတယ်။ ဘယ်သူမဆို ရေစက်ရှိလို့သာ ဒီဘဝမှာ လာဆုံကြတာ။ နောက်ဘဝ ထပ်ကြုံဖို့က မလွယ်။ ဒီဘဝ ဒီမိဘ, နောက်ဘဝ နောက်မိဘ။ ဒီဘဝ ဒီချစ်သူ, နောက်ဘဝ နောက်ချစ်သူ။
အသကမင်းကြီးကိုကြည့်။ ဥပရိဒေဝီ-အမည်ရှိ မိဖုရားကြီးရဲ့ရုပ်အလောင်းကို မှန်အခေါင်းထဲထည့်ပြီး ရှိုက် ကြီတငင်နဲ့ ငိုကြွေးနေလိုက်တာ။ မိဖုရားကြီးကတော့ ဘဝသစ်မှာ ချစ်သူအသစ်နဲ့ပျော်လို့။ (အသကမင်း ကြီးရဲ့ လည်ချောင်းသွေးကိုဖောက်ပြီး ချစ်လင်နွားချေးပိုးဖိုရဲ့ ခြေထောက်ကိုတောင် ဆေးလိုက်ချင်သတဲ့)။ အဲဒါ မိဖုရားကြီးတဖြစ်လဲ နွားချေးပိုးမကြီးရဲ့စကား။ အသကမင်းကြီးသာ ကြားလိုက်ရရင် ပလ္လင်ပေါ်ကနေ ကျွမ်းဆယ်ပတ်လောက်တောင် ပစ်ကျသွားနိုင်တယ်။ နောက်ဆုံး အကြောင်းစုံလည်းသိရော ရုပ်အလောင်း ကိုဆွဲထုတ်, မှန်အခေါင်းကိုရိုက်ခွဲ, နည်းနည်းလေးမှကို သည်းမခံနိုင်တော့ပါလား။
အဆိုတော်တစ်ယောက်က (ချစ်သူရဲ့အုတ်ဂူပေါ် ထီးလေးမိုး ပေးထားတယ်။ မိုးတွေလည်း တအားမရွာ လိုက်ပါနဲ့။ အုတ်ဂူထဲက အိပ်ပျော်တဲ့ ချစ်သူလေး နိုးသွားမှာစိုးလို့ပါ)-တဲ့။ နောက်တစ်ယောက်ကလည်း (ချစ်သူ ရဲ့အလောင်းလေးမှာ ပန်းကလေးတွေ ကြဲပေးထားတယ်။ ပန်းလေးတွေကြားမှာ အိပ်စက်အနားယူ နေတဲ့ ချစ်မမနဲ့ ပန်းကလေးတွေ ဘယ်သူကပိုလှသလဲ-ဆိုတာ ဝေခွဲလို့မရတော့ဘူး)-တဲ့။
“ဗုဒ္ဓဘုရားက- ဟောလေသည်မှာ -လူတိုင်းဟာအရူး” ဆိုတာ အဲဒါပဲ။ ပုထုဇ္ဇနော ဥမ္မတ္တကော-ထဲက လွတ် တဲ့ပုဂ္ဂိုလ်မှမရှိတာ။ အသက်ရှင်စဉ်က ချစ်ခဲ့ရတာအားမရလို့ အလောင်းကောင်ဘဝရောက်တဲ့အထိ ချစ် စိတ်တွေက ဖျောက်လို့မရ။ ရုပ်အလောင်းကြီး အိမ်မှာယူထားပါလား-ဆိုတော့လည်း ကြောက်လို့၊ နောက်ကလိုက်သွားပါလား-ဆိုတော့လည်း မလိုက်ရဲ့။ အဖြစ်သည်းလိုက်ကြပုံများ။