Saturday, October 5, 2013

သာ သ နာ စိတ်



သာ သ နာ စိတ်

• ဓမ္မအလင်းအမှောင်ခွင်း။

ဗုဒ္ဓ ဟောကြားဆုံးမတော်မူအပ်သောဓမ္မဝိနယသည် သာသနာမည်၏။ ထိုသာသနာကို လက်ခံသိမ်းပိုက်သော စိတ်ကို ‘သာသနာစိတ်’ဟု ဆိုရမည်။ထိုစိတ်သည် သာသနာတော် တည်တံ့ခြင်း၏ အရင်းခံအကျဆုံးသော အကြောင်းဖြစ်သည်။

ဤနေရာ၌ သာသနာတော် တည်တံ့ခြင်း၏ အကြောင်းဖြစ်သည့်ဗုဒ္ဓဟောကြားဆုံးမအပ်သော ဓမ္မဝိနယကို လက်ခံသိမ်းပိုက်နိုင်သော သာသနာစိတ်ကား မည်သည့်စိတ်ဖြစ်သည်ဟုသိနိုင်ရန် သာသနာတော် စတင်ချိန်ကို ပြန်လည်သုံးသပ်ကြကုန်အံ့။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသော ဗုဒ္ဓသည် ၄၅ရက်ပတ်လုံးနိဗ္ဗာန်ကို အာရုံပြု၍ ဝိမုတ္တိချမ်းသာကို ခံစားတော်မူခဲ့ပြီး ဆိတ်ကျောင်းညောင်ပင်ရင်း၌ပြန်လည် သီတင်းသုံးကာ ဘုရားရှင်တို့ ဓမ္မတာ တရားဟောတော်မူခြင်းဟူသော ဗုဒ္ဓကိစ္စကို ဆောင်ရွက်တော်မူရန်အာသယာနုသယဉာဏ်၊ ဣနြ္ဒိယပရောပရိယတ္တိဉာဏ်တော် နှစ်ရပ်ဖြင့် သတ္တလောကကြီးကို ကြည့်ရှုသုံးသပ်တော်မူလေသည်။

ထိုအခါဥယျာဉ်ပွဲဆင်နွဲလျက်ရှိသော ပြည့်ရှင်မင်းသည် ပျော်မွေ့ဖွယ် အာရုံအမျိုးမျိုးဖြင့် မွေ့လျော်ပျော်ရွှင်ကာဥယျာဉ်တွင်းမှ မထွက်လိုတော့သကဲ့သို့ပင်၊ ပျော်မွေ့ဖွယ် ကာမဂုဏ်အာရုံ အမျိုးမျိုးတို့ဖြင့်မွေ့လျော်ပျော်ရွှင်ကာ ဘဝမှ မထွက်လိုသော သတ္တလောကကြီးကို မြင်တွေ့တော်မူလေသည်။

ထို့ကြောင့်ဘုရားရှင်က --‘ငါသည်ခဲယဉ်းစွာ ကျင့်ကြံအားထုတ်သဖြင့် သိအပ်ရအပ်သော ဤသစ္စာလေးပါး တရားကို ယခုအခါ ဟောရန် မသင့်လျော်သေးချေ။ရာဂ, ဒေါသ တရားဆိုးများ အလွှမ်းခံနေကြရသူတို့သည် ဤသစ္စာတရားကို သိလွယ်ကြမည် မဟုတ်။ကိလေသာ၏ဆန့်ကျင်ဘက်ဖြစ်ပြီး သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသည့် ဤသစ္စာလေးပါးတရားကိုအဝိဇ္ဇာ အမှောင်ဖုံးခံနေရပြီး ရာဂတို့ဖြင့် တပ်မက်စွဲလမ်းနေသူတို့သည် သိမြင်ကြမည် မဟုတ်ချေ။’ဟု ကြံစည်ဆင်ခြင်တော်မူ၏။

ထိုအခါသဟမ္ပတိ ဗြဟ္မာကြီးသည် မြတ်စွာဘုရား ရှေ့မှောက်၌ ထင်ရှားပေါ်ပေါက် ရောက်ရှိလာပြီးလျှင်--‘မြတ်သောလုံ့လရှိတော်မူလျက် အောင်ပြီးသော် မာရ်စစ်မြေရှိတော်မူသည့် မြတ်စွာဘုရား … ထတော်မူပါလော့၊ကိလေသာမြီ ကြွေးကင်းဝေး၍ ရှေ့ဆောင်လမ်းပြဖြစ်တော်မူသော အရှင်မြတ်သည် လောကကြီးအတွင်းဒေသစာရီ လှည့်လည်တော်မူပါလော့။ ရှင်မြတ်ဘုရားသည် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့အား သစ္စာလေးပါးမြတ်တရားကို ဟောတော်မူပါလော့။ ဟောတိုင်း လွယ်ကူသိမြင်သူတို့ ရှိကြပါလိမ့်မည်ဘုရား။’ဟုတောင်းပန်လျှောက်ထားလေသည်။

သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန်လျှောက်ထားချက်ကို ဗုဒ္ဓက ဤသို့ ပြန်ကြားတော်မူလိုက်သည်။
‘ဗြဟ္မာ.. အကြင်သူတို့သည် နားရှိကြကုန်၏။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။ ထိုသူတို့ယုံကြည်မှုကို လွှတ်ကြပစေကုန်။ ပင်ပန်းရုံမျှသာဟု သဘောထား၍ ရရှိပြီးသည့် မွန်မြတ်သည့်တရားကို သတ္တလောက၌ မဟောဘဲ နေပေသည်’ဗုဒ္ဓ၏ပြန်ကြားချက်ကို ရရှိသောအခါ သဟမ္ပတိ ဗြဟ္မာသည် --‘ဘုရားရှင်တရားဟောရန် ခွင့်ပြုပြီ’ -- ဟု ဝမ်းမြောက်ဝမ်းသာ အရိုအသေပြု၍ မိမိနေရင်း ဗြဟ္မာ့ပြည်သို့ပြန်သွားလေသည်။

မြတ်စွာဘုရားသည်သဟမ္ပတိဗြဟ္မာအား မိန့်ကြားတော်မူပြီးသည့်နောက် ကိုးရက်မြောက်သောနေ့ ဝါဆိုလပြည့်နေ့ညဥ့်တွင်သတ္တလောက၌ ဓမ္မဝိနယ နှစ်ပါးမှ ဓမ္မဟူသော သာသနာ စတင်ထွန်းလင်းခွင့်ရတော့မည်


သဒ္ဓါ အရင်းခံသောစိတ်။


ဤသို့သာသနာ စတင်မထွန်းလင်းမီ ကိုးရက် အလိုတွင် ကြိုတင်မိန့်ကြားအပ်သော စကားဖြစ်၍ မြတ်စွာဘုရား၏ပြန်ကြားချက်ကို အလေးအနက် သတိပြုသင့်ပေသည်။ဤ ပြန်ကြားချက်၌အပိုင်း သုံးပိုင်း ပါဝင်၏။

‘ဗြဟ္မာ.. အကြင်သူတို့သည် နားရှိကြကုန်၏။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ’ --ဟူသော ပထမ စကားရပ်၌ အသိဉာဏ်ကို ‘နား’ဟု တင်စား သုံးနှုန်းထားပေသည်။ထို့အတူ‘နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ’ ဆိုသည်မှာလည်း ‘တရားဟောတော့မည်’ဟု ဆိုလိုရင်းဖြစ်သည်။

‘အသိဉာဏ်ဓာတ်ခံရှိသူတို့အတွက် နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သည့် အရိယမဂ်တရားကို ပိတ်ဆို့ထားသည့်ပမာတရား မဟောရန် စိတ်ညွှတ်မှုကို ပယ်ဖျက်ဖွင့်လှစ်လိုက်ပြီ’ -- ဟု အဓိပ္ပါယ်ရသည်။

‘ထိုသူတို့ယုံကြည်မှုကို လွှတ်ကြပစေကုန်’ ဟူသော ဒုတိယ စကားဖြင့် --‘သင်ဗြဟ္မာကိုယ်စားပြုနေသည့် သတ္တလောကကြီးကသာ ယုံကြည်မှု သဒ္ဓါတရားကို ပိတ်ဆို့မထားကြကုန်လင့်။ ငါ့အပေါ်၌လည်းကောင်း၊ငါ ဟောအပ်လတ္တံသော တရားတော်၌လည်းကောင်း ယုံကြည်မှု အခြင်းအရာကို ရှေးရှုတည်ပစေကုန်’-- ဟု ဆိုလိုသည်။‘ငါ့ကိုလည်းယုံယုံကြည်ကြည် ဆက်ဆံကြ၊ ငါ ဟောမည့်တရားကိုလည်း ယုံယုံကြည်ကြည် လက်ခံကြ’ --ဟု တိုက်တွန်းတော်မူလိုသည့်အဓိပ္ပါယ်ပင်။

‘ပင်ပန်းရုံမျှသာဟုသဘောထား၍ ရရှိပြီးဖြစ်သော မွန်မြတ်သည့် တရားတော်ကို သတ္တလောက၌ မဟောဘဲ နေပေသည်’ -- ဟူသောတတိယ စကားမှာ ရှေးရှေးရက်များက မိမိ တရား မဟောဖို့ အကြံဖြစ်ရခြင်းကို ဝန်ခံရှင်းထားခြင်းဖြစ်သည်။

ဗုဒ္ဓ၏ပြန်ကြားချက်ကို လိုရင်းချူပ်ကြည့်လျှင် -‘တရားဟောတော့မည်၊ သဒ္ဓါတရားဖြင့် လက်ခံကြ’ ဟူ၍ တွေ့ရသည်။မှန်၏၊အရိယာမဂ်ကို ညွှန်ပြသည့် ဓမ္မဝိနယ ခေါ် အဆုံးအမ သာသနာတော်ကို ယုံကြည်မှု သဒ္ဓါတရားဖြင့်သာခံယူသိမ်းပိုက်နိုင်ကြကုန်၏။ လိုက်နာ ကျင့်သုံးနိုင်ကြကုန်၏။ ယုံကြည်မှု သဒ္ဓါမရှိသူတို့ထိုဓမ္မဝိနယ ခေါ် အဆုံးအမ သာသနာတော်ကို ခံယူသိမ်းပိုက်နိုင်ကြမည် မဟုတ်။ လိုက်နာကျင့်သုံးနိုင်ကြမည်မဟုတ်ပေ။

ထို့ကြောင့်‘ထိုသူတို့ ယုံကြည်မှုကို လွှတ်ကြပစေကုန်’ဟု မိမိအပေါ်၌လည်းကောင်း၊ မိမိ ဟောကြားမည့် ဓမ္မဝိနယ၌လည်းကောင်းယုံကြည်လက်ခံကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်သည်။ဤမိန့်ကြားချက်ကိုထောက်၍ ဗုဒ္ဓ ဟောကြားဆုံးမတော်မူအပ်သော ဓမ္မဝိနယ ခေါ် သာသနာတော်ကို လက်ခံသိမ်းပိုက်နိုင်သောသာသနာစိတ် ဆိုသည်မှာ ‘ယုံကြည်မှု သဒ္ဓါအရင်းခံသောစိတ်၊ ယုံကြည်စိတ်’ ဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုယုံကြည်စိတ်ရှိပါမှ ဓမ္မဝိနယ ခေါ် သာသနိာတ်ာကို လက်ခံသိမ်းပိုက်နိုင်ကြောင်း ပိုမိုထင်ရှားစေရန်ဆက်လက်လေ့လာကြကုန်အံ့ …။


ရဟန်းငါးပါး အထင်မှားပုံ။


ဗုဒ္ဓသည်ထိုသို့ တရားဟောရန် ဝန်ခံအပြီး ရှေးဦးစွာ တရားဟောရမည့် ပုဂ္ဂိုလ်ကို ကြည့်ရာ မိမိပဓာနအလုပ်(တရား) အားထုတ်စဉ် အလုပ်အကျွေး ပြုဖူးကြသည့် ပဉ္စဝဂ္ဂီတို့ကို မြင်တော်မူသဖြင့် သူတို့ရှိရာ ကာသိတိုင်း၊ ဗာရာဏသီမြို့တော်အနီး ဣသိပတေန မည်သော မိဂဒါဝုန်တောသို့ ကြွတော်မူလေသည်။

ပဉ္စဝဂ္ဂီတို့သည်အဝေးမှ ကြွလာသည့် ဗုဒ္ဓကို မြင်လျှင် --‘ငါ့ရှင်တို့… လာဘ်များအောင် ကျင့်ပြီး ကမ္မဋ္ဌာန်းအလုပ်မှ နောက်ဆုတ်ကာ လာဘ်များဖို့သာ လှည့်လည်နေသည့်ရဟန်းဂေါတမ လာပြီ။ သူ့ကို ရှိမခိုးကြစတမ်း၊ ခရီးဦးကြို မပြုကြစတမ်း၊ သူ့သပိတ် သင်္ကန်းကိုလှမ်းမယူကြစတမ်း၊ သို့သော် ထိုရဟန်း ဂေါတမ ထိုင်ရအောင် နေရာကိုကား ထားထိုက်၏၊ သူအလိုရှိကထိုင်လိမ့်မည်’ ဟု ကတိကဝတ် ပြုကြကုန်၏။

ဤနေရာ၌ပဉ္စဝဂ္ဂီတို့ ထိုသို့ ကတိကဝတ်ပြုခြင်း အကြောင်းကို သိသင့်ပေသည်။ ပဉ္စဝဂ္ဂီ မည်သော ငါးယောက်အုပ်စုမှာအလောင်းတော်၏ လက္ခဏာတော်ကို ကြည့်၍ ‘ဧကန် ဘုရားဖြစ်ရမည်’ဟု ဟောခဲ့သော ပုဏ္ဏားပညာရှိများဖြစ်သည်။ (ဝဇီရဗုဒ္ဓ၊ နှာ ၃၉၉၊ ၄၀၀။)

သူတို့သည်အလောင်းတော် ဗုဒ္ဓဖြစ်လျှင် တရားဦးနာယူရန် ရသေ့ပြု၍ ကြိုဆိုနေကြစဉ် တသွင်သွင် စီးဆင်းလျက်ရှိသည့်နေရဉ္စရာမြစ်အနီး မွေ့လျော်ကြည်နူးဖွယ် ကောင်းလှသည့် ဥရုဝေလတောတွင် အလောင်းတော်နှင့်တွေ့၍ ဒုက္ကရစရိယ ခေါ် အတ္တကိလမထာနုယောဂအကျင့်ကို ကျင့်သုံးနေသည့် အလောင်းတော်ကို ဝတ်ကြီးဝတ်ငယ်ပြုရင်း..‘တရားထူးရလျှင်ငါတို့အား ဟောလိမ့်မည်’ ဟု စောင့်မျှော်နေကြလေသည်။

ထိုစဉ်အလောင်းတော်က ဒုက္ကရစရိယအကျင့်ကို စွန့်၍ ကြမ်းတမ်းသော ထမင်း၊ မုယောမုန့်တို့ကို မျှတရုံမှီဝဲပြီး မဇ္ဈိမပဋိပဒါအကျင့်ကို ပြောင်းလွှဲ ကျင့်သုံးလိုက်ရာ --‘ရဟန်းဂေါတမသည် လာဘ်များအောင် ကျင့်ပြီး ကမ္မဋ္ဌာန်း အလုပ်မှ နောက်ဆုတ်ပြီ၊ လာဘ်များအောင် လှည့်လည်ပြီ’ဟု စွပ်စွဲကာ အလောင်းတော်ကို စွန့်၍ ကာသိတိုင်း၊ ဗာရာဏသီမြို့တော်အနီး ဣသိပတန မည်သောမိဂဒါဝုန်တောသို့ ပြောင်းရွှေ့သွားခဲ့ကြခြင်း ဖြစ်ပေသည်။

သူတို့သည်ပဲပြုတ်ရည်မျှလောက်ကိုသာ မှီဝဲ၍ အသေအလဲ အားထုတ်စဉ်ကမှ တရားထူးကို မရလျှင် ဆွမ်းခံကာကြမ်းတမ်းသော ထမင်း၊ မုယောမုန့်တို့ကို မှီဝဲ၍ ကျင့်သုံးသောအခါ၌ တရားထူးကို ရနိုင်တော့မည်မဟုတ်ဟုယူဆနေကြသူများ ဖြစ်သည်။

ထို့ကြောင့်ဗုဒ္ဓ ကြွလာသည်ကို မြင်သောအခါ ဆိုခဲ့ပြီးသည့်အတိုင်း ဆန္ဒပြ၍ ကတိကဝတ် ပြုထားကြခြင်း ဖြစ်သည်။သို့သော်ဗုဒ္ဓရောက်လာသောအခါ ထိုကတိကဝတ်အတိုင်း မတည်နိုင်ကြဘဲ ခရီးဦးကြိုပြုမိကြပြီး တစ်ယောက်ကသပိတ်၊ သင်္ကန်းကို လှမ်းယူလိုက်၏။ တစ်ယောက်က နေရာခင်း၏။ တစ်ယောက်က ခြေဆေးရေတည်၏။ တစ်ယောက်ကခြေဆေးအင်းပျဉ်ကို ချ၏။ တစ်ယောက်က ခြေပွတ်အိုးခြမ်းကို အနီး၌ ထား၏။ဤသို့ကတိကဝတ်ကို ဖျက်၍ အမှတ်မထင် ပြုမိကြသော်လည်း ဗုဒ္ဓအဖြစ်ကိုကား လုံးဝ အသိအမှတ် မပြုကြပေ။

ဗုဒ္ဓ အပေါ်၌ခေါ်ဝေါ်ပြောဆိုမှု မပြုထိုက်သည့် ‘ဂေါတမ’ဟူသော စကားလုံး၊ ‘ငါ့ရှင်’ဟူသော စကားလုံးတို့ဖြင့်ခေါ်ဝေါ်ပြောဆိုကြကုန်၏။ထို့ကြောင့်ဗုဒ္ဓက --‘ရဟန်းတို့… ငါ့ကို ဂေါတမ ဟူသော အမည်ဖြင့်လည်းကောင်း၊ ငါ့ရှင် ဟူသော အမည်ဖြင့်လည်းကောင်း မပြောဆိုကြကုန်လင့်။ရဟန်းတို့ … ငါသည် အပူဇော်ခံထိုက်သူ၊ တရားအားလုံးကို ကိုယ်တိုင် ကောင်းမွန်စွာ သိသူဗုဒ္ဓ ဖြစ်ပြီ။ရဟန်းတို့… နားထောင်ကြကုန်လော့။ အမတကို ငါရပြီ။ ငါဆုံးမအံ့၊ တရားဟောအံ့။ ငါ့ အဆုံးအမအတိုင်းကျင့်လျှင် အတုမဲ့ မြတ်သောအကျင့်၏ ခရီးဆုံးဖြစ်သည့် အရဟတ္တဖိုလ်ကို မကြာမီ ဉာဏ်အထူးဖြင့်မျက်မှောက်ပြု၍ နေရလတ္တံ့’ ဟု မိန့်ကြားတော်မူလေသည်။

ထိုအခါပဉ္စဝဂ္ဂီတို့က --‘ငါ့ရှင်ဂေါတမ .. ထိုဣရိယာပုတ်၊ ထိုအကျင့်၊ ထိုဒုက္ကရစရိယာဖြင့်ပင် လူတို့ တရားထက် မွန်မြတ်သောအရိယာအဖြစ်ကို ပြုနိုင်စွမ်းသည့် ဉာဏ်အမြင်အထူးကို မရပါဘဲ ယခုလို လာဘ်များအောင် ကျင့်ပြီးကမ္မဋ္ဌာန်းအလုပ်မှ နောက်ဆုတ်ကာ လာဘ်များဖို့သာ လှည့်လည်နေသည့် သင်ဟာ အဘယ်မှာ လူတို့၏သာမာန်ကုသိုလ် တရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုနိုင်စွမ်းသည့် ဉာဏ်အမြင်အထူးကိုရနိုင်ပါမည်နည်း’ ဟု ပြောဆိုကြကုန်၏။

ထိုအခါဗုဒ္ဓက --‘ရဟန်းတို့… ငါ လာဘ်များအောင် ကျင့်သည်မဟုတ်၊ ကမ္မဋ္ဌာန်းအလုပ်မှ နောက်ဆုတ်ခဲ့သည် မဟုတ်၊ လာဘ်များအောင်လှည့်လည်နေသည်လည်း မဟုတ်။ ရဟန်းတို့ .. ငါသည် အပူဇော်ခံထိုက်သူ၊ တရားအားလုံးကို ကိုယ်တိုင်ကောင်းစွာသိသူ ဗုဒ္ဓဖြစ်ပြီ။ ရဟန်းတို့ … နားထောင်ကြကုန်လော့။ အမတကို ငါရပြီ၊ ငါဆုံးမအံ့၊တရားဟောအံ့၊ ငါ၏ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးလျှင် အတုမဲ့မြတ်သော အကျင့်၏ ခရီးဆုံးဖြစ်သည့်အရဟတ္တဖိုလ်သို့ မကြာမီ မျက်မှောက်ပြု၍ နေရလတ္တံ့။’ ဟု မိန့်ကြားဖြေရှင်းတော်မူသည်


ရဟန်းငါးပါးစုက စိတ်ချယုံကြည်ကြပုံ။


ဤသို့ရှင်းလင်းမိန့်ကြားသော်လည်း ပဉ္စဝဂ္ဂီတို့က ယုံကြည်မှု မရှိဘဲ ဖြစ်နေရာ --‘ရဟန်းတို့… ရှေးအခါက ဤသို့သော စကားကို ငါပြောဖူးသည်ကို သင်တို့ မှတ်မိကြကုန်သလော’ ဟု မေးခွန်းထုတ်ပြီးအပူဇော်ခံထိုက်သူ၊ တရားအားလုံးကို ကိုယ်တိုင် ကောင်းစွာသိသူ ဗုဒ္ဓဖြစ်ကြောင်း မိန့်ကြားတော်မူမှ--‘သြ.. ဗုဒ္ဓဖြစ်ပြီကိုး’ ဟု ယုံကြည်စိတ် ပေါ်လာကြကုန်၏။

ထိုအခါတွင်မှဗုဒ္ဓစကားတော်ကို ကောင်းစွာနာယူကြကုန်၏။ နားထောင်ကြကုန်၏။
အရဟတ္တဖိုလ်ကို ဖြစ်စေရန် စိတ်ကိုရှေးရှုထားကြကုန်၏။ဤသို့ယုံကြည်စိတ်ဖြင့် လက်ခံလိုက်သောအခါမှ ပွင့်တော်မူတိုင်းသော ဘုရားရှင်တို့ ဟောကြားတော်မူမြဲဖြစ်သည့် ဓမ္မစာရင်းဝင် ဓမ္မစက္ကပဝတ္တနသုတ္တန် (ဓမ္မစကြာတရားတော်) ဟူသော အဆုံးအမ သာသနာသည်ပဉ္စဝဂ္ဂီတို့၏ သန္တာန်၌ တည်လေတော့သည်။

ထို့အတူယင်းဝါဆိုလပြည့်ကျော် ငါးရက်နေ့၌ ဟောကြားအပ်သော အနတ္တလက္ခဏာသုတ္တစသော ဓမ္မစာရင်းဝင် အဆုံးအမသာသနာတို့သည်လည်းကောင်း၊ ယင်းနှစ် သီတင်းဝါကျွတ်သည့်နေ့မှ စ၍ ခွင့်ပြုပညတ်အပ်သော ဝိနယစာရင်းဝင်အဆုံးအမ သာသနာတို့သည်လည်းကောင်း၊ ခုနှစ်ဝါမြောက်တွင် ဟောကြားအပ်သည့် ဓမ္မစာရင်းဝင် အဘိဓမ္မာဟူသော အဆုံးအမ သာသနာတို့သည်လည်းကောင်း ယုံကြည်စိတ်ဖြင့် လက်ခံသိမ်းပိုက်သော ရဟန်းသာမဏေလူနတ်ဗြဟ္မာသတ္တဝါတို့၏ လက်ခံသိမ်းပိုက်သော ရဟန်းသာမဏေ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ သန္တာန်၌တည်၍ သတ္တလောက၌ ဗုဒ္ဓ၏ အဆုံးအမ သာသနာတော် ထွန်းလင်းတောက်ပခွင့် ရလေတော့သည်။


ယုံကြည်မှုရမှသာသနာ ပြုနိုင်ကြမည်


ထို့ကြောင့်သာသနာ စိတ်ထက်သန်သော သာသနာပြု ရဟန်းကောင်း၊ ရဟန်းမြတ်၊ ယောက်ျားကောင်း၊ ယောကျာ်းမြတ်တို့သည်---‘နှိမ့်သင့်သူတို့ကိုနှိမ်၍၊ ချီးမြှောက်သင့်သူတို့ကိုလည်း ချီးမြှောက်ကာ၊ သဗ္ဗညုတဘုရားရှင်၏ သာသနာတော်ကိုလွယ်ကူချမ်းသာစွာ ထွန်းလင်းတောက်ပစေနိုင်ရလို၏’ -- ဟူသော သာသနာပြု မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ဆုတောင်းအတိုင်း သာသနာတော်တည်တံ့ခြင်း၏ အကြောင်းရင်းဖြစ်သော ရတနာသုံးပါး အပေါ်၌ ‘ယုံကြည်စိတ်’ကိုပျက်စီးစေနိုင်သည့် မှားယွင်းသော ရေးသားဟောပြောချက်များနှင့် ရဟန်းတု ရဟန်းယောင် အလဇ္ဇီဒုဿလီလများကိုပယ်ရှား ရှင်းလင်းခြင်ဖြင့်လည်းကောင်း၊ ချီးမြှောက်သင့်သည့် ဓမ္မအနုဂ္ဂဟနှစ်ပါးဖြင့်ချီးမြှောက်ခြင်းဖြင့်လည်းကောင်း သာသနာတော်ကို စောင့်ရှောက်ကြရမည်မှာ မလွှဲမရှောင်သာသည့်မွန်မြတ်သော အလုပ်ပေတကားဟု နားလည်သဘောပေါက်သင့်ကြပေသတည်း။


Other Dhamma PostsSource:ဆရာတော်ဥုးမာနိတသိရီဘိဝံသ
(ကထိကရဟန်း)၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊
တွဲဖက်အကျိုးတော်ဆောင်(၁)၊ မတ္တရာသူဌေးကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊
ရွှေကျင်နိကာယ ဗဟိုဌာန၊ မန္တလေးမြို့။