“ပန်းခြင်းတူတူ လူခြင်းမျှမျှ”
ဓမ္မဘေရီ ရှင်ဝီရိယက ဖုန်းဆက်ပြီး “ရာဂျနိ”ရဲ့စာအုပ် The Book (An
Introduction to the Teaching of Bhangwan Shree Rajneesh) written by
Bhangwan Shree Rajneesh စာမျက်နှာ-၃၇၇ ကို ကြည့်ဖြစ်အောင်
ကြည့်ပေးပါဆိုတာနဲ့ Division ဆိုတဲ့ ခေါင်းစဉ်ပါ စာပိုဒ်ကို ဖတ်ကြည့်မိရာက
ဒီစာကို ရေးဖြစ် လိုက်ပါတယ်။ ဒီခေတ်မှာ အင်္ဂလိပ်စာတတ်တွေလဲ
မရှားတော့တာဖြစ်လို့ သူ့မူရင်း အင်္ဂလိပ်အရေးအသားတွေ ထည့်ပေးလိုက်ပါတယ်။
The Divisions are not needed, that is human stupidity.
“ကွဲပြားခြားနားမှု ဆိုတာတွေဟာ မလိုအပ်ပဲ လူသား(တို့)ရဲ့ မိုက်မဲမှုတွေကြောင့် ဖြစ်နေတာပါ”လို့ ဆို ပါတယ်။
သူဆက်ပြောထားတာက “သင်နှင်းဆီပန်းကို သဘောကျနှစ်ခြိုက်တာ ကောင်းပါတယ်။
ဒီအတွက် သင်နဲ့ ကျုပ်တို့ တစ်ဦးကို တစ်ဦးက တိုက်ခိုက်ပြောဆိုစရာ
ဘာမှမလိုအပ်ပါဘူး။ ကျုပ်က ကြာပန်းကို နှစ်သက် တယ်။ သင်က နှင်းဆီပန်းကို
သဘောကျတယ်။ ဒါ ဘာပြသနာ ရှာစရာလိုသလဲ။ သင်ရော ကျုပ်ပါ ပန်းချစ်သူ တွေပဲဟာ။
ဒီလို ပန်းကိုချစ်တာခြင်း တူညီမှုကဘဲ တစ်ဦးနဲ့တစ်ဦး မျက်နှာခြင်းဆိုင်
လက်ဆွဲနှုတ်ဆက်နိုင်ခြင်း ရဲ့ အခြေခံတရားဖြစ်နေတာဘဲ”။
သူရဲ့အဆိုဟာ တော်တော့ကို လှပါတယ်။ ထောက်ခံသင့်တဲ့
အဆိုတစ်ခုဖြစ်တယ်ဆိုတာ လက်ခံကြရ မှာပါ။ ဒါပေမယ့် ကျုပ်တို့
တကယ်ထောက်ခံနိုင်ကြပါ့မလား။ ကိုယ့်အတွေး ကိုယ့်အမြင်ကို သေချာ စူးစမ်းကြည့်
မှ သူ့အဆိုအတိုင်း စိတ်သဘောထား ကြီးနိုင်မကြီးနိုင်ဆိုတာ
တွေ့လာမှာဖြစ်ပါတယ်။
လူဆိုတာ့ ကိုယ့်ကိုယ်ကို ဗဟိုပြုတွေးတော ပြုမူ ပြောဆိုတတ်တဲ့
ဇာတိစိတ်ကို ဖျောက်နိုင်ခဲကြတော့ ငါ့ပန်းနဲ့ သူ့ပန်း ယှဉ်လိုက်ရင်
ငါ့ပန်းကပိုလှတယ် ဆိုတာမျိုး ဖြစ်ကုန်ကြရော။ ခက်တော့ အခက်သား ရေတွင်း
တစ်တွင်းထဲက ရေခြင်းတူတာတောင် ငါ့ရေက အလယ်သားကရေလို့ အသားယူချင်တတ်ကြတာလေ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ “ပန်း”ဆိုတဲ့ မူလအမည်ရင်းကို
မေ့နေတတ်ကြပြီး စပယ်၊ နှင်းဆီ မြတ်လေး၊ စွယ်တော် စတဲ့ ဂုဏ်ပုဒ်တွေက
အမည်ရင်းကို ၀ိုင်းပြီးဖုံးလွှမ်းလိုက်လို့ဖြစ်ပါတယ်။
ကိုယ်ကြိုက်တဲ့ပန်းကို မြတ်နိုးနှစ်သက်ကြတယ်ဆိုတာ အပြစ်တစ်ခုအနေနဲ့
မြင်နေစရာမလိုပါဘူး။ ခက် တာက ကိုယ့်ပန်းကို အချစ်အစွဲ လွန်သွားပြီဆိုရင်
သူတကာ့ပန်းကို ငြူစူတတ်လာပါတယ်။ ငြူစူစိတ်ပြင်းထန် လာပြီဆိုရင်တော့
တခြားသူနှစ်သက်ရာ ပန်းတွေကို ပြောင်ကျကျရော တိတ်တခိုးနည်းနဲ့ပါ
ဖျက်ဆီးတတ်ကြပါ တယ်။ တစ်ချိန်မှာ အဖျက်ဆီးခံရသူကလဲ တန်ပြန်လာမှာပါ။
စိတ်ယုတ်စိတ်မာနဲ့ ကိုယ်ကလည်းစသေး ခံရသူ ကိုလည်း လူဆိုးဖြစ်အောင်
ဝိုင်းအော်ခိုင်းတတ်တဲ့ အကျင့်ဆိုးလဲ ရှိတတ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ တစ်ဦးနဲ့တစ်ဦး မျက်နှာခြင်း
မဆိုင်နိုင်လောက်အောင် ဖြစ်လာကြပြီး ၀စီကံဆိုး တွေကတစ်ဆင့် စိတ်မှာ
အရှအနာဖြစ်ရာက ကိုယ်ခန္ဓာတွေပါ အရှအနာဖြစ်လာအောင် ကာယကံဆိုးတွေနဲ့ ဖြေ
ရှင်းမိကြပါရော။
ဘာ့ကြောင့် ဒီလိုဖြစ်ကြရတာလဲ မျှတသင့်တော်အောင် တွေးခေါ်မျှော်မြင်တတ်တဲ့
စိတ်ထားမရှိကြလို့ ပါ။ ဒီတော့ အလိုကြီးမှုတွေ အမျက်ဒေါသကြီးမှုတွေအထိ
ရောက်ကုန်ကြတာဖြစ်ပါတယ်။ ငါ့ပစ္စည်း ငါချစ်မြတ် နိုးသလို သူ့ပစ္စည်း
သူချစ်မြတ်နိုးမှာပါကလား။ ငါ့ပစ္စည်း သူဖျက်ဆီးခံရတာ ငါမနှစ်သက်ခဲ့ရင်၊
သူ့ပစ္စည်း ငါဖျက် ဆီးတာလည်း သူကြိုက်မှာ မဟုတ်ပါဘူးဆိုတဲ့
နှလုံးစိတ်ထားလေးနဲ့ ကြည့်တတ်မယ်ဆိုရင် ပန်းချစ်သူတွေခြင်း
လက်ဆွဲနှုတ်ဆက်နိုင်မှာပါ။
ရာဂျနိက ဒီလိုဆိုပြန်တယ်….. You love Chris, that is one flower, I love
Buddha, that is another flower, somebody else loves Laotzu , that is
another flower . We all are friends because we love flowers.
သင်က ခရစ်တော်ဆိုတဲ့ ပန်းပွင့်ကို ချစ်မြတ်နိုးတယ်။ ကျုပ်က
ဗုဒ္ဓရှင်တော်မြတ်ဆိုတဲ့ ပန်းပွင့်ကို ချစ် မြတ်နိုးတယ်။ တစ်ခြားသူများကလဲ
လာအိုဇူဆိုတဲ့ ပန်းတစ်မျိုးကို ချစ်မြတ်နိုးကြတယ်။ ဒီလိုဆိုတော့ ပန်းချစ်
တတ်သူ ကျုပ်တို့အားလုံး သူငယ်ချင်းတွေပေါ့။
မြန်မာစကားလုံး “လူ”ဆိုတာနဲ့ အနက်တူစကားလုံးတွေ လူမျိုးတိုင်းရဲ့
ဘာသာတိုင်းမှာ ရှိနေကြမှာ သေချာပါတယ်။ လူဆိုတာ မြန်မာလူမျိုး
တစ်မျိုးတည်းနဲ့သာ သက်ဆိုင်တဲံ့ စကားလုံးမဟုတ်ပဲ ကမ္ဘာဂြိုလ်ပေါ် က
လူမျိုးအားလုံး လူ့အနွယ်အားလုံးကို ရည်ညွှန်းတဲ့ မြန်မာစကားလုံးဖြစ်ပါတယ်။
ဒီနေ့လက်ရှိ ကမ္ဘာပေါ်က လူသားအားလုံးဟာ သူတို့မွေးစက “လူ”လေးမွေးတယ်လို့ပဲ
အသိအမှတ်ပြု ကြတာပါ။ ဟန္ဒီလေး မူစလင်လေး ဗုဒ္ဓဘာသာလေး မွေးလာတယ်ရယ်လို့
မပြောကြပါဘူး။ အသက်အရွယ်လေး ရလာလို့ သိတတ်စမှာ (ဥပမာ) ဗုဒ္ဓရဟန်းတော်တစ်ပါး
အိမ်ကို ဆွမ်းခံကြွလာချိန် မိခင်က ကလေးရဲ့ လက်အုပ် ကလေးကိုကိုင်ပြီး
“ဘုန်းဘုန်းကို ရှိခိုးလိုက် …..ရှိခိုးလိုက် ဆိုတဲ့ အချိန်ကစပြီး ဘာသာရေး
အသိအမြင်လေး တွေ ၀င်လာပါရော။
အတော်လေး အသက်ကြီးလာတော့ ဒို့က မူစလင်၊ ဒို့က ခရစ်ယာန်၊ ဒို့က ဗုဒ္ဓဘာသာ
စတာတွေ ဖြစ် ကုန်တော့ မူလ“လူ”ဆိုတဲ့တန်ဘိုးက ခတ်မှိန်မှိန်ပဲကျန်တော့တယ်။
ဒီကစလို့ ခြားနားခြင်းတွေပေါ်လာရာက မနောကမ် လက်နက်တိုက်ကထုတ်ပြီး ၀စီကမ်
လက်နက်တွေနဲ့ ထိုးကြ ခုတ်ကြ ပစ်ကြ ခတ်ကြနဲ့ တစ်ဆင့် တက်ပြီး ကာယကမ်တွေနဲ့ပါ
ကိုယ်ထိလက်ရောက် ဖြစ်ကုန်ကြတာပါ။
တစ်ချို့ဘာသာတွေဆို ဘာသာဝင်အချင်းချင်း ဂိုဏ်းကွဲပြီး အငြိုးတေးတွေနဲ့
တိုက်ကြခိုက်ကြတာတွေ ရှိနေတာကို သိနေရတယ်။ ဒါနဲ့ပတ်သက်လို့ ကျုပ်တို့
ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲတွေရှိကြပေမယ့် ကာယကမ် မြောက် အတိုက်အခိုက်တွေ
မရှိကြဘူး။ နှုတ်နဲ့ စာနဲ့တော့ အနည်းငယ် ရှိခဲ့ကြပါတယ်။
ဒီလို ဘာသာကြီးတွေ ကွဲပြားနေတဲ့ကိစ္စနဲ့ပါတ်သက်လို့ နတ်မှီတောရဆရာတော်
သျှင်ဥက္ကဋ္ဌ အိန္ဒိယ မှာ နေစဉ်က တစ်ခြားဘာသာက ပညာရှင်တွေနဲ့အတူ
တစ်ကမ္ဘာလုံးကလူတွေ ဘာသာတစ်ခုတည်း သက်ဝင် ကိုးကွယ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်
လူတစ်ဦးဘ၀ရဲ့အသက်ကို လေးပိုင်း ပိုင်းပြီး ဘာသာလေးမျိုးလုံး
ကျင့်သုံးနိုင်ရင် ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်နိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့
ဆွေးနွေးခဲ့ကြဘူးတယ်လို့ ဆိုပါတယ်။ အကောင်အထည် တော့ မပေါ်ခဲ့ပါဘူး။
အမှန်ကတော့ ဘာသာတရားတိုင်းက ခေါင်းဆောင်တွေ “လူဦးရေ” လုပွဲကြီး
လုပ်နေကြတာဖြစ်ပါ တယ်။ ဘာသာကိုးကွယ်မှုကို အရောင်တွေနဲ့ ခွဲပြထားတဲ့
ကမ္ဘာ့မြေပုံမှာ ဧရိယာကျယ်ပြီး ဘာသာဝင်ဦးရေများ မ ကြိုးစားနေကြရာမှာ
တစ်ဖက်အိမ်မြေပိုင်နက်ကို ကျူးကျော်ပြီး ခြံစည်းရိုးခတ်တာမျိုးတွေကစလို့
နည်းမျိုးစုံနဲ့ ဦးရေများအောင် လုပ်တာတွေ “ရှိနိုင်ပါတယ်”။
“ရှိနိုင်ပါတယ်”လို့ အသေမချာ မသဲမကွဲ ဆိုမိတာက“မရှိကြရင် ကောင်းမှဘဲ”လို့
မျှော်လင့်မိလို့ပါ။
ဗုဒ္ဓဘာသာက လူကိုစုတာ မဟုတ်ပါဘူး။ ဦးနှောက်နဲ့ နှလုံးသားကို စည်းရုံးတာပါ။
(တစ်နည်း) အသိ ပညာနဲ့ ကရုဏာ မေတ္တာတရားတွေ အားကောင်းလာအောင် ဟောကြ
ပြောကြတာဖြစ်ပါတယ်။ ဒီအတိုင်း ဖြစ် အောင်လဲ ဗုဒ္ဓဘိက္ခုတွေအနေနဲ့
ကြိုးစားကြရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တစ်ရာနီးပါးက K.J.Saunders ဆိုတဲ့ ခရစ်ယာန် ဓမ္မဆရာတစ်ဦး
(၁၉၁၆-ခုနှစ်တွင် Y.M.C.A အသင်း ဘော်ဒါအုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း
ဗုဒ္ဓဘာသာဝင်များကို ခရစ်ယာန်ဘာသာဝင် အ ဖြစ် ကူပြောင်းစေရန်
နည်းလမ်းရှာကြံရေးအတွက် လေ့လာသုတေသနပြုခဲ့သူ) ရေးခဲ့တဲ့ "The Story of Budd
–hism" စာအုပ်ပါ ရေးသားထားပုံကို ထုတ်ပြပါရစေ။ Pure Buddhism is only to
be found among the well educated people. စင်ကြယ်တဲ့ ဗုဒ္ဓ၀ါဒကို
ပညာကောင်ကောင်း တတ်သူတွေထဲမှာဘဲ တွေ့ရတယ်လို့ ဆို ပါတယ်။
ဘာကြောင့်လဲဆိုတော့ အသိဥာဏ်နည်းသူတွေအတွက် ဗုဒ္ဓ၀ါဒဟာ နားလည်ဖို့
ခက်ခဲလွန်းလို့ပါတဲ့။
ဒီတော့ ဘာသာတရားခေါင်းဆောင် ဘိက္ခုတို့ရဲ့ တာဝန်က (ဗဟုဇန ဟိတာယ၊ ဗဟုဇန
သုခါယ)လူ အများ အကျိုးအတွက် အသိပညာတိုးတက်ရေး၊ လူအများချမ်းသာဖို့အတွက်
မေတ္တာ ကရုဏာတရားတွေ ပွားများရေးကို အသိပညာ နည်းကြတယ်ဆိုတဲ့ လူတွေရဲ့
ဦးနှောက်နဲ့ အသဲနှလုံးထဲကို ရောက်ဘို့ ကြိုးစားကြရ မှာဖြစ်ပါတယ်။
ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အသိပညာနဲ့ မေတ္တာတရားတွေ
ပွားများလာအောင် ပြုလုပ် ခြင်းက ခိုင်မာတဲ့ ခံတပ်ကို တည်ဆောက်တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကမ်သုံးပါး ခံတပ်ကို ခိုင်ခံ့အောင် တည် ဆောက်ပါ။
အကောင်းဆုံးခံစစ်ဆိုတာ အကောင်းဆုံးတိုက်စစ်ဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒက (Atheisim) ဖန်ဆင်းရှင် ဘုရားသခင် (God) ဆိုတာကို မယုံကြည်တဲ့
ဝါဒဖြစ်သလို လက်လဲ မခံပါဘူး။ “အတ္တသမာ ပဏီဓိ” ကိုယ့်အရည်အသွေးကို
ကိုယ်တိုင်ပြည့်စုံလုံလောက်အောင် ကြိုးစားပြီး (ခန္တီ) ကိုယ်ခံစွမ်းအား
ကောင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
သတင်းခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်သဘောထားတွေကို
မေတ္တာလမ်းကြောင်းကလွဲသွားစေ ဘို့ လွတ်လပ်စပြုလာတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ၊
လူမှုရေးကွန်ယက်တွေ ဘလော့ခ်တွေကနေ အတင်းသ တင်း အတင်းကြေငြာချက်
အတင်းဆောင်းပါးတွေနဲ့ ဖွနေကြမှာပါ။ ဒါတွေဖတ်ပြီး ကိုယ်ကမပွဖို့ လိုပါတယ်။
ကိုယ်ကပွလိုက်ရင် သူတို့နဲ့ကိုယ် တစ်တန်းစားတည်း ဖြစ်သွားမှာပါ။
ဗုဒ္ဓလက်ထက်တော်က အဆဲသန်တဲ့ ပုဏ္ဏားကြီးတစ်ဦးက ဗုဒ္ဓကို
တစ်နေ့လုံးနီးပါးဆဲနေလိုက်တာတဲ့။ သူပြန်မယ်လုပ်တော့ ဗုဒ္ဓက “ဟဲ့….ပုဏ္ဏားကြီး
သင့်အဆဲတွေ ငါမယူဘူး သင်ပြန်ယူသွားတော့”လို့ ဆိုလိုက်ချိန် မှာ ပုဏ္ဏားကြီး
သဘောပေါက်ပြီး ဗုဒ္ဓကို ကြည်ညိုသွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့
အကောင်းဆုံးခံစစ် ဖြစ်သလို ပုဏ္ဏားကြီး အရှုံးပေးလိုက်ရတဲ့ ဗုဒ္ဓရဲ့
အကောင်းဆုံးတိုက်စစ်ပဲ မဟုတ်ပါလား။
ဂျာနယ်စာမျက်နှာကို အားနာလို့ အဆုံးသတ်ပါတော့မယ်။
မြန်မာနိုင်ငံအတွင်းမှာနေကြတဲ့ မည်သည့် ဘာသာဝင် ပုဂ္ဂိုလ်မဆို အားလုံးဟာ
လူသားတွေပါ။ လူအချင်းချင်း ကွဲပြားစေရင် ဒီဘာသာအနေနဲ့ တန်ဖိုးနိမ့်
သွားမှာပါ။ ဦးဆောင်သူတွေက ဘယ်ဘာသာဝင်နဲ့မဆို ညီညွတ်အောင်
ဆုံးမသွန်သင်နိုင်ကြမယ်၊ နောက်လိုက် တွေကလဲ ဘယ်ဘာသာဝင်နဲ့မဆို
ညီညွတ်အောင်နေနိုင်ကြမယ်ဆိုရင် ဘာသာတရားတွေ တန်ဖိုးတက်လာမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးရဲ့ အဆုံးသတ်ကို “ရာဂျနိ”ရဲ့ အဆိုနဲ့ နိဂုံးချုပ်လိုက်ပါရစေ။
The divisions come from men's political mind, it has nothing to do with religions.
(အထက်ပါအဆိုကို စာရေးသူကတော့ ကျေနပ်လောက်အောင် ပြန်ဆိုနိုင်ဘို့အတွက်
စဉ်းစား လိုက်ပါဦးမယ်။ ဂျာနယ်တိုက်က ပုဂ္ဂိုလ်များ ဘာသာပြန်လိုက
ပြန်ပေးနိုင်ပါတယ်။)
မေတ္တာများဖြင့်
ရှင်ဆန္ဒာဓိက-ပေလေးပင်နတ်မှီတောရ