သည်နိုင်ငံ သည်အရေး
မိမိတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြသဖြင့် သည်နိုင်ငံဟူသည် မိမိတို့ မြန်မာနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံသည် အာရှတိုက်အရှေ့တောင်ပိုင်းရှိ အင်ဒိုချိုင်းနား ကျွန်းဆွယ်ကြီး၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်၊ မြောက်လတ္တိကျု ၉ဒီဂရီ ၃၀လက်မနှင့် ၂၈ ဒီဂရီ ၃၁လက်မ အတွင်း တည်ရှိသည်။ မြောက်ယာဉ်စွန်းတန်း(မြောက်လတ္တီကျု ၂၃ ဒီဂရီ)သည် ချင်းပြည်နယ် တီးတိန်မြို့၊ ဧရာဝတီမြစ်ကမ်းပေါ်ရှိ တကောင်းမြို့နှင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့အနီးမှ ဖြတ်သွား သည်။
အရှေ့လောင်ဂျီကျု ၉၂ ဒီဂရီ ၁၀လက်မ နှင့် ၁၀၁ ဒီဂရီ ၁၁ လက်မ အတွင်း တည်ရှိသည်၊ အရှေ့လောင်ဂျီကျု ၉၇-ဒီဂရီ မျဉ်းကို မြန်မာနိုင်ငံ၏ စံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် နိုင်ငံ၏ လေးပုံသုံးခန့်သည် အပူပိုင်းဇုန်အတွင်း ကျရောက်၍ ကျန်လေးပုံတစ်ပုံခန့်သည် အပူလျော့ပိုင်းဇုန်အတွင်း၌ ကျရောက်လျက် ရှိသည်။ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသော နိုင်ငံများမှာ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှနိုင်ငံ၊ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံတို့ ဖြစ်ကြ၏။
အပြည်ပြည်ဆိုင်ရာ နယ်နမိတ်၏ အလျားမှာ မိုင်ပေါင်း ၃၈၀၀-ခန့်ရှည်လျား၏။ မြန်မာနိုင်ငံ သည် တောင်ဘက်တွင် ကပ္ပလီပင်လယ်၊ မုတ္တမကွေ့နှင့်ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့်လည်း ထိစပ်လျက် ရှိ၏။ ကမ်းရိုးတမ်းအလျားမှာ မြောက်ဘက် နတ်မြစ်ဝမှ တောင်ဘက် ကော့သောင်းမြို့အထိ ၁၃၈၅-မိုင်ခန့် ရှိသည်။
မြန်မာနိုင်ငံ၏ အကျယ်အ၀န်းသည် စတုရန်းမိုင်ပေါင်း ၂၆၁၇၈၉-မိုင်ခန့် ရှိ၏။ မြောက်မှ တောင်သို့ မိုင်-၁၃၀၀ ခန့်ရှိ၍ အရှေ့မှအနောက်သို့ မိုင်-၇၀၀ ခန့်ရှိ၏။ အကြမ်းဖျင်းအားဖြင့် ဗြိတိသျှ ကျွန်းစု၏ နှစ်ဆကျော်ကျော် ရှိ၏။ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်နှင့် အကျယ် အ၀န်း တူညီသည်။ မြန်မာနိုင်ငံကို ပြည်နယ်ခုနစ်ခု တိုင်းခနစ်ခုတို့ဖြင့် ဖွဲစည်းတည်ထောင်ထား၏။
မြန်မာနိုင်ငံသည် ယေဘုယျအားဖြင့် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော နိုငံဖြစ်၍ ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည်။
ပထမကျောက်ခေတ်နှင့်စပ်ပြီး ယခင်နှစ်လေးသိန်းကပင် ဤမြန်မာမြေပေါ်၌ အညာသားတွေ ရှိခဲ့ကြ၏။ ဒုတိယကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့ကြ၏။ ခရစ်နှစ် ၂၀၀-လောက်မှာ ဧရာဝတီမြစ် သံလွင်မြစ် မဲနမ်မြစ်တို့ အကြားရှိ တောင်ကုန်းများတွင် မြန်မာမျိုးနွယ်တို့ နေထိုင်ခဲ့ကြသည်။
ခရစ်နှစ် ၈၀၀-လောက်တွင် မြန်မာနှင့် မြန်မာအနွယ်ဝင်တို့သည် သံလွင်မြစ်ကြောင်းကို လိုက်၍ ကျောက်ဆည်မြို့၏ အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်ကြားမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသောအခါ သက်နှင့်ကဒူးတို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ် အရှေ့ကမ်းရှိ တကောင်းပြည်နယ်၌လည်းကောင်း၊ ရှေးရခိုင်တို့သည် အနောက်အရပ်ရှိ ဝေသာလီပြည်၌လည်းကောင်း၊ မွန်တို့သည် တောင်ဘက် ပင်လယ်ကမ်းခြေရှိ သထုံပြည်၌ လည်းကောင်း၊ ပျူတို့သည် ယခုခေတ် ပြည်မြို့၏အရှေ့ဘက် မှော်ဇာရွာတည်ရာအရပ်ရှိ သရေခေတ္တရာပြည်နယ်၌လည်းကောင်း နေထိုင်လျက်ရှိပြီ။
နောက်ခေတ်များတွင် မွန်တို့အမြောက်အမြား နေထိုင်ကြသော ဟံသာဝတီပဲခူးမြို့သည်လည်း မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားလာ၏။ ကာလအတန်ကြာသော် ပျူ မွန် သက် မြန်မာအစရှိသော လယ်တွင်းဆယ့်တစ်ခရိုင်သားတို့သည် လူဦးရေတိုးပွားလာကြရာ အချို့သည် တောင်ဘက်ရှိ တောင်တွင်းကြီးသို့ ပြောင်းကြ၏။
အချို့က ဧရာဝတီမြစ်ကိုကူး၍ ကရင် ပလောင်တို့ရှိရာ စလင်းချောင်း မုန်းချောင်းဒေသသို့ သွား၍ နေကြ၏။
ဤဒေသကို မင်းဘူးခြောက်ခရိုင်ဟု ခေါ်သည်။
အချို့သည် ပုံတောင်ပုံညာအပါအ၀င် ချင်းတောင်တန်းသို့ သွားကြ၏။ အချို့သည် ရခိုင်ဘက် သို့ ရောက်အောင် သွားကြ၏။ ဧရာဝတီမြစ်ကို ဆန်တက်၍ မူးမြစ်ဝှမ်းဒေသသို့ သွားကြ၏။ ဤကဲ့သို့ အနှံ့အပြား နေထိုင်ကြသော ခရိုင်သားတို့ကို အုပ်ချုပ်ရန် ပျဉ်ပြားအမည်ရှိသော မင်းသားသည် ခရစ်နှစ် ၈၄၉-ခုနှစ်တွင် ပုဂံမြို့ကို တည်ဆောက်၏။ နောက်ပိုင်း ပုဂံခေတ်မြန်မာနိုင်ငံကို ဦးစွာ စည်းရုံးအုပ်ချုပ်သော အနော်ရထာမင်းသည် ခရစ်နှစ် ၁၀၄၄-မှ ၁၀၇၃-တိုင်အောင် အုပ်ချုပ်၏။
ကျန်စစ်သားမင်းသည် ခရစ်နှစ် ၁၀၈၄-မှ ၁၁၁၂-တိုင်အောင် အုပ်ချုပ်၏။
ထိုသို့ ပုဂံခေတ်မှစ၍ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ် လက်အောက်ခံခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးဖဆပလခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ယခုခေတ်တိုင် တိုင်းနှင့်ပြည်နယ် ဆယ့်လေးခုတွင် အေးအတူပူအမျှ နေထိုင်ခဲ့ကြသော ကရင်၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား စသော ပြည်ထောင်စုသား လူဦးရေ ၅၆-သန်းကျော်သော ဆွေမျိုးသားချင်းများသည် ကိုယ့်မြန်မာလူမျိုးများ ဖြစ်ကြသည်။
သည်အရေးဟူသည် ယနေ့လူဦးရေ ၅၆-သန်းကျော်ရှိသော ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသား၏ အရေးဖြစ်သည်။ နိုင်ငံသားတို့၏ အရေးသည်ပင် နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးဟုဆိုလျှင် လူတွေက တစ်မျိုးတစ်ဖုံ ထင်တတ်သည်။ အာဏာနိုင်ငံရေး ပါတီနိုင်ငံရေး စသည်တို့ကား တဏှာ မာန ဒိဋ္ဌိတို့နှင့် မကင်းတတ်သောကြောင့် ဘောင်ကျဉ်းတတ်သည်။ ရှုပ်ထွေးတတ်သည်။ အတ္တဆန်တတ်သည်။ တစ်ကိုယ်ကောင်းဆန်တတ်သည်။ ထို့ကြောင့် တချို့က နိုင်ငံရေးဟုဆိုလျှင် အမြင်မရှင်း ရှိတတ်သည်။ နိုင်ငံရေးဟု ကြားလိုက်တာနှင့် မစားကောင်းသည့်အသီးသဖွယ် လက်ရှောင် တတ်ကြသည်။
အမှန်က နိုင်ငံရေးဟူသည် နိုင်ငံ၏ ဝေယျာဝစ္စဆောင်ရွက်မှုသာ ဖြစ်၏။ နိုင်ငံရေးအလုပ် ဟူသည်လည်း နိုင်ငံ၏ဝေယျာဝစ္စအလုပ်သာ ဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးသမားဟူသည် နိုင်ငံ၏ ဝေယျာဝစ္စကို ရိုးရိုးသားသား စိတ်ကောင်းစေတနာကောင်းနှင့် ဆောင်ရွက်မှသာ နိုင်ငံတော်က အမှန်တကယ်လိုအပ်သော နိုင်ငံရေးသမားဖြစ်သည်။ နိုင်ငံရေးသမားတစ်ယောက်အဖို့ ဘာအရေး အကြီးဆုံး ဖြစ်ပါသနည်း-ဟု သုံးသပ်သောအခါ မိမိနိုင်ငံသားတို့၏အရေးသည် အကြီးဆုံးဖြစ်သည်ကို တွေ့ရသည်။ နိုင်ငံရေးသမားတိုင်း ထိုသဘောတရားကို လေးစားလိုက်နာရမည်။
နိုင်ငံရေးစစ်စစ်မှန်မှန်ကား စားဝတ်နေရေးစသော နိုင်ငံသားတို့၏ အရေးသာ ဖြစ်၏။
သခင်ဘသောင်းကမူ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားတို့၏ စားဝတ်နေရေး နေရာအဆောက်အဦးရှိရေး ပညာရရှိရေး ကျန်းမာမှု ရရှိရေး အညည်းပြေမှုရရှိရေး စိတ်ချမ်းသာ ကိုယ်ချမ်းသာရရှိရေး စသည်တို့ပင် ဖြစ်သည်-ဟု ဆိုခဲ့သည်။ နိုင်ငံရေးသည် နိုင်ငံသားတို့၏ အရေးသာ ဖြစ်သောကြောင့် နိုင်ငံသားမှန်လျင် နိုင်ငံ့အရေးကို စိတ်ဝင်စားကြရမည်။ နိုင်ငံအရေးကို ပါဝင်ဆောင်ရွက်ကြရမည်။ နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်မှုရှိသော နိုင်ငံရေးသည်သာ စစ်မှန်သောနိုင်ငံရေး ဖြစ်၏။ ဒီမိုကရေစီ လက်ဦးပေါ်ပေါက်ရာ ဂရိပြည်မှ အရစ္စတိုတယ်မည်သော ပညာရှိကြီးက - "လူသည် နိုင်ငံရေးသတ္တ၀ါ ဖြစ်သည်၊ နိုင်ငံရေးတွင် စိတ်မ၀င်စားသော သူသည် နတ်သော်လည်းကောင်း နွားသော်လည်းကောင်းသာ ဖြစ်ရမည်၊ လူမဟုတ်နိုင်'' ဟု ဆိုသည်။ နိုင်ငံသားဖြစ်လျက် ကိုယ့်နိုင်ငံအရေးကို စိတ်မ၀င်စားလျှင် ထိုသူသည် နိုင်ငံသား မဟုတ်-ဟုသာ ဆိုရချေမည်။
နိုင်ငံရေးကို မိမိနှင့်မဆိုင်ဟု အထင်ရောက်နေကြသူတို့သည် နိုင်ငံရေးသဘောကို နားလည်ကြသူများ မဟုတ်။ အမှန်က နိုင်ငံရေးဟူသည် နိုင်ငံသားတို့၏ သေရေးရှင်ရေးပင် ဖြစ်သည်ဟု သခင်ဘသောင်းက ဆိုခဲ့သည်။
နိုင်ငံရေး၏ သဘောသဘာဝကို ဗိုလ်ချုပ်က အောက်ပါအတိုင်း ဖွင့်ဆိုခဲ့သည်။
"နိုင်ငံရေး၏ သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်ရသော အရေးကိစ္စလည်း မဟုတ်။ နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ လူ့လောကတွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော ကိစ္စပင် ဖြစ်သည်”။
"တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ လူတို့၏ စားမှု သောက်မှု နေမှု ထိုင်မှု သွားမှု လာမှု အစုစုတို့သည် နိုင်ငံရေးပင်ဖြစ်၏။ (တောသူမလေး တစ်ယောက် ကောက်စိုက်နေခြင်းသည် နိုင်ငံရေး ဖြစ်၏။ တောသားလေးတစ်ယောက် နွားကျောင်းနေခြင်းသည် နိုင်ငံရေးဖြစ်၏။ ကောင်မလေးတစ်ယောက် ပဲပြုတ်ရောင်းနေခြင်းသည် နိုင်ငံရေးဖြစ်၏။ အဘွားအို တစ်ယောက် လမ်းဘေးအကျော်ရောင်းနေခြင်းသည် နိုင်ငံရေး ဖြစ်၏။ လူငယ်တစ်ယောက် ဆိုက်ကားနင်းနေခြင်းသည် နိုင်ငံရေးဖြစ်၏။ ဆရာမလေးတစ်ယောက် စာသင်နေခြင်းသည် နိုင်ငံရေး ဖြစ်၏။ စည်ပင်ဝန်ထမ်းတစ်ယောက် အမှိုက်ကောက်နေခြင်းသည် နိုင်ငံရေး ဖြစ်၏။ နိုင်ငံသားတိုင်း ဆိုင်ရာအလုပ်ကို လုပ်နေခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။) မိမိတို့သည် နိုင်ငံရေးကို မဆင်မခြင် မတွေတောမိစေကာမူ နိုင်ငံရေးသည် အမြဲတစေ မိမိတို့နှင့် ဆက်သွယ်နေ၏။ မိမိတို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် မိမိတို့ အိမ် ရုံး အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက် ရှိ၏။ ဤဌာနများ၌ မိမိတို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကို လုပ်နေကြရပေမည်"။
"တောင်သူလယ်သမား လခစားဝန်ထမ်း ကုန်သည်ပွဲစား လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင် ဖြစ်၏။ သို့ရာတွင် မိမိတို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက် ရှိသည်အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက် ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သာချောင်ချိ လူတန်းစေ့နေနိုင်အောင် လွတ်လပ်မှုကို တောင့်တကြသည်။ ဤလွတ်လပ်မှုကို ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ နိုင်ငံရေးသည် လူမှုရေးမျှသာ ဖြစ်၏။ နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်နိုင်စရာ အကြောင်းမရှိချေ။ သို့ပါလျက်နှင့် အချို့က နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏။ စင်စစ် နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်၊ နိုင်ငံရေးကို ယုတ်မာညစ်ထေးအောင် လုပ်ဆောင်သူတို့သာလျှင် ယုတ်မာညစ်ထေးခြင်း ဖြစ်၏။
နိုင်ငံရေးဟူသည် လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတတ်သာ ဖြစ်သည်။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏ အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။ စင်စစ်မှာ နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်းသို့ ရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရ၍ ပဋိစ္စသမုပ္ပါဒ်တရားတော်မြတ်အတိုင်း အကြောင်းနှင့်အကျိုး၊ အတိတ်နှင့်ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့်အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားသော ခရီးကို တစ်သွားတည်းသွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရား အကျိုးတရား အမျိုးအစားကိုလိုက်၍ ဖြစ်ပျက်နေခြင်းသည်ပင်လျင် နိုင်ငံရေးဖြစ်၏"။ ဤကား ဗိုလ်ချုပ်၏ နိုင်ငံရေး ဒဿနပင်တည်း။
နိုင်ငံရေးဟူသည် စည်းရုံးရေးဖြစ်သည်။ စည်းရုံးရေးမပါသော နိုင်ငံရေးသည် အဆန်မပါသော သင်္ကြန်အမြောက်သာ ဖြစ်သည်။ စည်းရုံးရေး မပါလျှင် နိုင်ငံရေးဟုပင် မခေါ်ထိုက်။ သိမ်းသွင်းခြင်း ဖြားယောင်းခြင်းတို့သည် စည်းရုံးခြင်းမဟုတ်။ စည်းရုံးရေးသည် ပြည်သူဖြစ်သည်။ ပြည်သူ့အတွက် အကျိုးရှိမည့်အရာကို ပြည်သူက သဘောပေါက်နားလည်ပြီး လက်ခံလာအောင် ရှင်းလင်းပြောကြားခြင်းသည် စည်းရုံးရေးဖြစ်သည်ဟု ပညာရှင်တဦးက ဆိုခဲ့သည်။
သိသာထင်ရှားသောအချက်ကား နိုင်ငံရေးဟူသည် နိုင်ငံ့အရေးဖြစ်သည်။ နိုင်ငံရေးဟူသည် နိုင်ငံသူ နိုင်ငံသားတို့၏အရေးဖြစ်သည်။ နိုင်ငံသူနိုင်ငံသားတို့၏အရေးဟူသည် စားဝတ်နေရေး ကျန်းမာရေး စသော လူ့အရေးများပင် ဖြစ်သည်။ မိမိနိုင်ငံသူ နိုင်ငံသားတို့၏ အရေးကို ဆောင်ရွက်ခြင်းသည်သာ နိုင်ငံရေးအနှစ်သာရ ဖြစ်သည်။ စင်စစ် နိုင်ငံရေးဟူသည် အတ္တဟိတမဟုတ် ပရဟိတဖြစ်သည်။ သခင်ဘသောင်းကမူ နိုင်ငံရေးသည် သူများ၏အရေးမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားတို့၏ ကိုယ်ရေးကိုယ်တာပင် ဖြစ်သည်-ဟု ဆိုခဲ့လေသည်။
အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
အတွေးအမြင်းမဂ္ဂဇင်း စာမျက်နှာ-၉
အမှတ်(၂၁၁) ၂၀၀၉ အောက်တိုဘာလ