အသိတရားမှ အရှိတရားသို့
တစ်ခုသော တနင်္ဂနွေနေ့...
ကျွန်တော် သတင်းစာ ဖတ်နေစဉ်
ရှစ်တန်းကျောင်းသူ သမီးငယ်က ''သူငယ်ချင်း အိမ်တွင် 'စကား ပြောခြင်းက
နောင်တရစေ၏၊ နားထောင်ခြင်းက ပညာရ စေ၏'ဟူသော စာတန်းကို ဖတ်ခဲ့ရကြောင်း၊
နောင်တ မရအောင် စကားမပြောဘဲ နေရတော့ မှာလား၊ ပညာရအောင် နားပဲ ထောင်ရ
တော့မှာလား''ဟုမေးလာသည်။
ထို့ကြောင့် ''စကား၊ စကားပြောဖန်များ
စကားထဲက ဇာတိပြ၊ အစားကိုသာ ကုန်အောင်စား၊ စကားကို ကုန်အောင် မပြောနှင့်၊
နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ နှုတ်ချို သျှိုတစ်ပါး၊ စကားနောက် တရားပါ၊
ဝစီဗေဒ ထိတိုင်းရှ'' စသော စကား ပြောဆိုခြင်း ဆိုင်ရာ သတိပေးမှု များကို
အသေးစိတ် ရှင်းပြပြီး ''ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ''
ဆိုသ ကဲ့သို့ မိမိပြောဆိုတဲ့ စကားကြောင့် နောင်တ မရအောင် ဆင်ခြင်
ပြောဆိုရန် သတိပေးသည့် အဓိပ္ပာယ် ဖြစ်ကြောင်း၊ စကားလုံးဝ မပြောရန်
တားမြစ်ခြင်း မဟုတ်ကြောင်း ဆက်လက် ရှင်းပြရသည်။
ထို့နောက် လူတို့ ပြောစကားများကို တူရာစု
လိုက်လျှင်
''(၁) ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို၊
(၂) ဟုတ်မှန်၊ အကျိုးရှိ၊
သူမနာလို၊
(၃) ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို၊
(၄) ဟုတ်မှန်၊ အကျိုးမရှိ၊
သူမနာလို၊
(၅) မဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို၊
(၆) မဟုတ်မှန်၊ အကျိုးမရှိ၊
သူ မနာလို''ဟူ၍ စကား ၆ မျိုးသာရှိကြောင်း၊ ၎င်းတို့အနက် နံပါတ်(၁) နှင့် (၂)
ကိုသာ ပြောရမှာ ဖြစ်ကြောင်း၊ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊
နှစ်ခွန်းတည်''ဟု အလွယ် မှတ်နိုင်ကြောင်း ရှင်းပြဖြစ်သည်။
တစ်နည်းအားဖြင့် ''(၁) သုဘာ သိတာစ-
အကျိုးစီးပွားနှင့် ယှဉ်သည့် ကောင်းမြတ်သော စကား၊ (၂) ပီယဝါစာ-
ချစ်နှစ်လိုဖွယ် ဆိုသော စကား၊ (၃) ဓမ္မဝါစာ- တရားတော်နှင့် ညီညွတ်သော စကား၊
(၄) သစ္စဝါစာ ဖြောင့်မှန်သော စကား'' ဟူသာ စကားအရာ အင်္ဂါ လေးတန်နှင့်
ကိုက်ညီသော စကားများ ကိုသာ ပြောသင့်ကြောင်း ရှင်းပြ ဖြစ်သည်။
တိတ်တိတ်နေ ထောင်တန် ဆိုသည်မှာ
''မပြောသင့်သော အခြေ အနေတွင် ဆိတ်ဆိတ် နေခြင်းသည် တောတစ်ထောင် တန်သည်
ဆိုသကဲ့သို့ မပြောသင့်သည့် အချိန်မျိုးတွင် နှုတ်စောင့် စည်းခြင်းသည်
အကျိုးများစွာ ရှိသည်''ဟု ဆိုလိုခြင်း ဖြစ်ကြောင်း၊ စကားပုံဖြစ်၍
အဓိပ္ပာယ်ကို အဖြောင့် မယူရကြောင်း၊ အဓိပ္ပာယ်ကို အဖြောင့်ယူပါက လူအတွေ
တစ်သိန်း မက တန်တော့မည် ဖြစ်ကြောင်း ရှင်းပြဖြစ်သည်။
''နားထောင်ခြင်းက ပညာရ စေ၏'' ဆိုသည်မှာ
အခြားသူများ ပြောစကားကို လေးလေး စားစား ဂရုတစိုက် နားထောင်ခြင်းဖြင့်
ပြောသူတို့၏ အတွေးအမြင်များ၊ ဗဟုသုတ များကို လွယ်ကူစွာ ရရှိနိုင်သည်ကို
ဆိုလိုခြင်း ဖြစ်ကြောင်း၊ အခြားသူများ ပြောဆိုသည်ကို အရေးတယူ နားထောင်
ပေးခြင်းသည် ယဉ်ကျေးသော စရိုက် လက္ခဏာ ဖြစ်ကြောင်း၊ အချို့က သူများ
ပြောသည်ကို ဂရုစိုက် နားမထောင်ဘဲ ကိုယ်ပြောချင် သည်ကိုသာ ရေပက် မဝင်အောင်
ပြောကြောင်း ဧကနိပါတ်၊ သာလိ တက္ကဇာ တိလာ ဆိတ်ချေး တစ်ကွမ်းစား ခံတွင်း
အတွင်း ဝင်သော်လည်း စကားပြော မရပ်သည့် ပုရောဟိတ် ပုဏ္ဏားကို သာဓက ဆောင်ပြီး
အကျယ်တဝင့် ရှင်းပြဖြစ်သည်။
သို့သော် ပြောဆိုသူက စကားခြောက်ခွန်း အနက်
ပယ်ရမည့်စကား လေးခွန်းကို ပြောနေ လျှင်မူ မိမိအတွက် ကောင်းကျိုး
မရနိုင်သဖြင့် နားမထောင်ဘဲ ရှောင်ရှားရမည် ဖြစ်ကြောင်း၊ ထိုစကားမျိုးကို
''သူမိုက်စကား၊ တစ်ထောင် များလည်း၊ စီးပွားကင်းဝေး၊ မကောင်း ဆေးတည့်'' ဟု
သတ်မှတ်ထားကြောင်း၊''နားထောင်ခြင်းက ပညာရ စေ၏''ဆိုသော်လည်း လှေနံဓားထစ်
မှတ်မထားဘဲ ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောပြဖြစ်သည်။
ကျွန်တော်က ရှည်လျားစွာ ရှင်းပြသဖြင့်
သမီးငယ်က ဘဝင်ကျပြီး ရွှင်ပျ သွားပါသည်။ ကျွန်တော်ကမူ ''သမီးငယ်ကို
ရှင်းပြသကဲ့သို့ ကိုယ်တိုင်လိုက်နာ ကျင့်သုံး ခဲ့ရဲ့လား''ဟု
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ကြည့်မိသည်။ ထိုအခါ ''ယောက်ျားပြောတော့ သတင်း၊
မိန်းမပြော တော့ အတင်း''ဟူသော အဓိပ္ပာယ်မဲ့သည့် ဆင်ခြေကန်ကာ
မိမိကောင်းကြောင်း၊ သူတစ်ပါး မကောင်းကြောင်း ပြောခဲ့သည် များကို သတိရမိသည်။
ထို့ပြင် ''မုသားမပါ လင်္ကာမချော'' စကားပုံကို အကာအကွယ် ယူ၍ မုသားဖြူ
များသာမက မုသား ရောင်စုံကို မြိန်ယှက်စွာ ပြောဆို ခဲ့သည်ကိုလည်း သတိရမိသည်။
လောဘ၊ ဒေါသ၊ မောဟတို့ ဖုံးလွှမ်းပြီး အတ္တနှင့် မာနကို ရှေ့တန်းတင်မိ သောအခါ
အသိနောက်သို့ အကျင့်ရာနှုန်းပြည့် မလိုက်နိုင် သေးသည်ကို တွေ့ရသည်။
ထို့ကြောင့် ''အသိတရားကို အရှိတရား ဖြစ်အောင် ကျင့်ကြံ ပွားများ
ရဦးမည်ဟု'' ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် အခါခါ သတိပေး နေမိ ပါတော့သည်။
ဆောင်းပါးရှင်- မင်းခန့်ရွှေ