Friday, March 1, 2013

“အားကျဂုဏ်ယူမိပေမယ့်”


 “အားကျဂုဏ်ယူမိပေမယ့်”

ခွါညိုပန်းတို့၏ရနံ့နှင့်အတူ သာသနာ့တက္ကသိုလ်ကို ခွဲခွာရတော့မည်။ ယခုတစ်ခေါက် ခွဲခွာခြင်းက နောင်တွင် ဘယ်တော့ ပြန်ဆုံရမည် ဆိုသည်ကို မသိတော့။ လွန်ခဲ့သော နှစ်နှစ်၊ စတုတ္ထနှစ်ဖြေဆိုပြီး ကြာညိုရနံ့တို့နှင့်အတူ ခွဲခွာရခြင်းက ဘွဲ့ယူသောအချိန်တွင် ပြန်လည် ဆုံတွေ့ကြမည်ဟု မျှော်လင့် စရာရှိသေးသည်။

   ယခုတော့ ခြောက်နှစ်ကြာကြိုးစားခဲ့ရသောကာလလည်း ပြီးဆုံးခဲ့ပြီ။ ငယ်၊ လတ်၊ ကြီး စာမေး ပွဲများနှင့် သာသနာ့တက္ကသိုလ်တွင် လေးနှစ်တာကာလစာပေသင်ကြားမှုများ၊ နှစ်နှစ်တာကာလ တောင်တန်းဒေသသာသနာပြုတာဝန်များဖြင့်လည်း သာသနာပြုလက်တွေ့ ကွင်းဆင်းခြင်း လုပ်ခဲ့ကြပြီး ပြီ။ ဘာဆက်လုပ်ကြမည်လဲ။

ကိုဉာဏကတော့ သူ့ရပ်သူ့ရွာသို့ပြန်၍ သာသနာပြုမည်ဟုဆိုသည်။ မိမိကတော့ ဟိုးယခင်က တည်းက ရည်မှန်းချက်ရှိခဲ့ပြီးမို့ သီရိလင်္ကာနိုင်ငံ သို့သွား၍ (MA) ဘွဲ့ယူမည်။ မိမိရည်မှန်းချက်က (MA) ရရှိရေးကအဓိကဖြစ်သည်။ ကိုဉာဏကတော့ အားပေးပါသည်။ အရှင်ဘုရား တို့ကြွနိုင်တယ်ဆိုတော့ ကောင်းပါတယ်။ တပည့်တော်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို မခွာနိုင်သေးဘူးဟု ဆိုလာသည်။

ဒီကိုယ်တော် တိုးတက်မှုအလားအလာနည်းသူည်ဟု ရင်ထဲတိတ်တခိုးမှတ်ချက်ချမိပေမယ့် နှုတ်ကတော့ဖြင့် မပြောဖြစ်။ စာသင်တိုက်ရောက်ချိန် ပထမငယ်တန်းကတွဲလာခဲ့သည်မို့ ညီအစ်ကို အရင်းပမာ သံယောဇဉ်က ရစ်တွယ်နေပြီ။ ငယ်၊ လတ်၊ ကြီးအောင်မြင်ပြီး သာသနာ့တက္ကသိုလ်တက် မည်ဟုပြောတော့ သူက သဘောတူသည်။ ဒီလိုနဲ့ ဝင်ခွင့်တွေဖြေဆိုအောင်မြင်ပြီး တက္ကသိုလ်ရောက် တော့လည်း တစ်ပူးတွဲတွဲ။

“စာလေးတော့ ရေးပေါ့ဘုရား”ဟု ကိုဉာဏကပြောပါသည်။“
“ဟာ.. ဉာဏကြီး ဘယ်မှာဝါဆိုလဲ။ ကြည့်ပါဦး အသားတွေတောင်မဲနေပေါ့”
“အရှင်ဘုရားကော အခု ဘယ်နိုင်ငံရောက်နေလဲဘုရား၊ အရှင်ဘုရားကတော့ ပိုဖြူလာတယ် နော်”

နေရာက ရွှေတိဂုံဘုရားခြေတော်ရင်းမှာ။ အချိန်က လေးနှစ်ခန့်အကြာ၊ မထင်မှတ်ဘဲ သူတို့နှစ်ပါး ပြန်တွေ့ကြသည်။ သူက အိန္ဒိယမှ မြန်မာပြည်သို့ ခဏပြန်လာခြင်းဖြစ်သည်။ ကိုဉာဏက သူ့ရွာမှာ ပရိယတ္တိဝန်ဆောင် စာအောင်သံဃာများ ဂုဏ်ပြုပွဲပြုလုပ်ရန်၊ စာစောင်ထုတ်ရန် ကိစ္စများဖြင့် ရန်ကုန်သို့ရောက်ရှိနေခြင်းဟုဆိုသည်။ ဆွမ်းဘုဉ်းပြီးပြီလား ဟု သူ့ကိုမေးတော့ “မဘုဉ်းရသေးဘူး”တဲ့။

“ တပည့်တော် ဒကာမတွေ ကားပါတယ်။ သူတို့အိမ်မှာ ကပ်မည်ပြောတယ်။ လိုက်ဘုဉ်းပါ လား”
“ဟာ အရှင်ဘုရားက ဘုန်းကြီးနေတာကိုး။ ဝမ်းသာပါတယ်ဘုရား….”
ဣဿာမစ္ဆရိယကင်းစွာ၊ ရိုးသားစါာပြောလာသော ကိုဉာဏ၏အပြောကြောင့် ဘဝင်မြင့်ချင် သလို ဖြစ်သွားသည်။ ထိုအခိုက် ဒကာများရောက်ရှိလာသဖြင့် မိတ်ဆက်ပေးရသည်။

“ ဒါ ဦးဉာဏတဲံ။ ဦးဇင်းနဲ့ သာသနာ့တက္ကသိုလ်တုန်းက အတူတူတက်ခဲ့တာပေါ့”
“ဟုတ်လား… အရှင်ဘုရားကကော အိန္ဒိယမှာပဲလား”ဟု မေးလိုက်သောဒကာ၏ အသံ နောက်တွင်.. “ဦးဇင်းက ရွာပြန်ပြီး သီတင်းသုံးတာပါ”ဟု ဖြေလိုက်သောအသံက အနည်းငယ် အားပျော့နေသည်ဟု ထင်မိသည်။
“တပည့်တော်အိမ်မှာပဲ ဆွမ်းလိုက်ဘုဉ်းပေးပါဘုရား”  “ အင်း     ကောင်းပါပြီ”    ။
“အရှင်ဘုရားက အိန္ဒိယကို ဘယ်တော့လောက်ပြန်ကြွမှာလဲ”


ဒီမှာ သုံးလလောက်ကြာဦးမယ်၊ ဝါဆိုခါနီးမီပြန်မှာ”
“ဒါဆို တပည့်တော်တို့ရွာကို လိုက်ခဲ့ပါလား။ ပြောသာပြောတာပါ။ အရှင်ဘုရားတို့လို ကမ္ဘာ ကျော်ပုဂ္ဂိုလ်တွေက တပည့်တော်တို့ရွာလေးကို ဘယ်ကြွချင်ပါ့မလဲ”

“အသွား အပြန် ဘယ်နှစ်ရက်လောက်ကြာမှာလဲ”  “ဆယ်ရက်ပေါ့” “ဘယ်တော့ကြွမှာလဲ”
“သင်္ကြန်ပြီးလေ” “ဒါဆိုရင် လိုက်ခဲ့နိုင်တယ်။ လိုက်မယ်ဗျာ” “တကယ်ပြောတာလား”  
“အင်း တကယ်” ဒီလိုနဲ့ ဦးဉာဏရွာကို သူလိုက်ဖြစ်သည်။

     တကယ်တော့ အထင်နှင့် အမြင်က တခြားစီ။ သူတို့ရွာကိုရောက်တော့ ကြိုဆိုနေကြသူတွေ၊ ဝတ်ကြီးဝတ်ငယ်ပြုသူတွေ၊ သူ့အနားလာ၍ သူပြောသမျှ နိုင်ငံခြားအကြောင်းတွေကို စိတ်ဝင်တစား လာနားထောင်တဲ့ ကလေးတွေ၏ မျက်လုံးများက ရန်ကုန်တွင် သူတွေ့ခဲ့ရသော သူ့ဒကာ ဒကာမများ ၏ မျက်လုံးမျိုးမဟုတ်။ အထင်ကြီးအားကျသော၊ လေးစားသော မျက်လုံးများဖြစ်သည်။ စင်္ကာပူလေ ဆိပ်အောကာင်းပြောတော့ ကိုရင်လေးတစ်ပါးက ထ,မေးသည်။ အဲဒီလေယာဉ်ကွင်းက တပည့်တော်တို့ရွာလောက် ရှိလားတဲ့။ ဟာ ဘယ်ကမလဲ၊ ဒီရွာထက်ကြီးတာပေါ့ ဆိုတော့ ဒါဆို အဲဒီ လေယာဉ်ကွင်းမှာ တပည့်တော်တို့ တစ်ရွာလုံးသွားနေရင် ရမှာပေါ့နော်ဟုဆိုသဖြင့် ပြုံးမိသော်လည်း ဒကာမတစ်ယောက်က မေးခွန်းတစ်ခု ထ မေးချိန်မှာတော့ သူအားရပါးက ရယ်လိုက်မိတော့သည်။ ဦးဇင်းလေး အဲဒီလို နိုင်ငံခြားဆိုတာကြီးမှာ တစ်ပါးတည်း လျှောက်သွားနေတာ မျက်စိသူငယ်၊ နားသူ ငယ်နှင့် မကြောက်ဘူးလား…ဟု။

  ပူဇော်ပွဲနေ့တွင်တော့ တစ်ရွာလုံး၏ ပျှော်ရွှင်နေသောမျက်နှာ၊ နယ်ပယ်အသီးသီးတွင် ပရိယတ္တိစာပေသင်ရာမှ ပြန်လာသော ဂုဏ်ပြုခံ သံဃာတော်များ၏ တွေ့ဆုံမှုများနှင့် မိမိတို့၏ ချွေးနည်းစာများကို စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုများကို မြင်တွေ့ရတော့ သူ တော်တော် အံ့သြသွားမိသည်။

   “ဒါ တပည့်တော်တူ မန္တလေးမှာစာသင်နေတာ” “ ဒါက တပည့်တော်သားဘုရား၊ ပထမလတ် တန်းပြီးခဲ့ပြီ”
“တပည့်တော်ကတော့ ပထမကြီးတန်း အောင်ပြီးရွာမှာ ကျောင်းသား၊ ကိုရင်လေးတွေကို စာပြန်ချနေတာ” “ဦးဇင်းလေးက  စာချတန်းပြီးရင် ဘာလုပ်မှာလဲ..၊ တပည့်တော်ကတော့ ဒီမှာပဲ ပြန်ပြီး သာသနာပြုချင်ပါတယ်။”

   “ဘာလို့လဲ ဦးဇင်းလေးရဲ့”  “သြော်…အရှင်ဘုရားရယ် တပည့်တော်တို့ရွာ၊ တပည့်တော်တို့ သာသနာကို တပည့်တော်တို့ကမှ မမြှင့်တင်ရင် ဘယ်သူက လာပြီးမြှင့်တင်ပေးမှာလဲဘုရား။ တောရွာ ဒေသက ဒကာ,ဒကာမများနှင့် ကိုရင်၊ ဦးဇင်းလေးတွေ၏ အပြောကြောင့် သူစဉ်းစားရပြီ။
ယခုတစ်ခေါက် ရန်ကုန်ပြန်ရောက်တော့ ဆွမ်းပင့်ကပ်ကြသော ဒကာ ဒကာမများ၏ မျက်နှာ များကို မြင်ယောင်သည်။ သူတို့၏ မိတ်ဆွေများကို မိတ်ဆက်ပေးသံများကိုလည်း ပြန်လည်ကြား ယောင်သည်။

“ဒါ မမတို့ဘုရားဖူးသွားတုန်းက ဗုဒ္ဓဂယာကို လိုက်ပို့ပေးတဲ့ဘုန်းဘုန်းလေ ”
“တပည့်တော်တို့လာရင်လည်း လိုက်ပို့ပေးဦးနော်ဘုရား”

ဖုန်းဖြင့် လျှောက်ထားသည်များလည်းရှိသည်။ “တပည့်တော်ကတော့ မအားလို့ တုန့်ယန်း ဟင်းချို ပို့ခိုင်းလိုက်တယ်ဘုရား၊ အားမှလာတွေ့ပါဦးမယ်”
“သီတင်းကျွတ်ရင်တော့ ဦးဇင်းဒကာမကြီးရဲ့ ညီမမိသားစု အိန္ဒိယကို ဘုရားဖူးလာပါ့မယ်။ အရှင်ဘုရား ဘုရားဖူးလိုက်ပို့ပေးပါဦး”

    သီရိလင်္ကာမှာ {MA} ဘွဲ့အတွက်ကြိုးစားနေစဉ်က ရွာမှ ဘုန်းတော်ကြီး၏စာကိုလည်း ပြန်သတိရမိသည်။ “တောကျောင်းကတော့ ကျောင်းထိုင် ချင်တဲ့သူလည်းမရှိလို့ တောထွက်ဦးဇင်းကိုပဲ ယာယီထိုင်ခိုင်းရတယ်။ ရွာကထွက်သွားတဲ့ ကိုယ်တော်တွေကို ပင့်တော့လည်း ဘယ်သူမှ မထိုင်ချင် ကြဘူးကွဲ့။

အေးလေ…မြို့နဲ့တော့ အနေအစားကွာတာပေါ့။ စာတွေတတ်သွားရင် ရွာကိုပြန်မလာရဘူးလို့ သိက္ခာပုဒ်ထုတ်ထားတာလဲ မရှိပါဘူး။ ဒါနဲ့ မောင်ရင်ကော အဆင်ပြေရဲ့လား။ မောင်ရင့်ရဟန်းဒကာ ကြီးက နှမ်းတွေတက်ဈေးရလို့ ရောင်းပြီး မောင်ရင့်ထံ နဝကမ္မပို့ပေးမယ်လို့ မနေ့က လာလျှောက် တယ်…။

   လောလောဆယ် {MA}ဘွဲ့ရပြီး ဘာဆက်တက်ရမလဲဟု စဉ်းစားရင်း အိန္ဒိယတွင် သောင်တင်နေခြင်းဖြစ်သည်။ ရွာကိုလည်း မပြန်ချင်။ မြန်မာပြည်လည်းမပြန်ချင်။ ဒီလိုနဲ့ သူတစ်နှစ်လောက်ရှိသွား ပြီ။ ဦးဇင်းတစ်ပါးပြောသောစကားကိုတော့ လက်မခံချင်တော့ပါ။

   တပည့်တော်တို့ တတ်ထားတဲ့ပညာတွေနဲ့ တပည့်တော်တို့ရွာပြန်ပြီး ဘာလုပ်ရမှာလဲ..တဲ့။ စပါးရောင်း။ ပဲရောင်း ပညာသင်စရိတ်တွေ ထောက်ပံ့ခဲ့တဲ့ ရွာက ဒကာ ဒကာမများ၏ ကျေးဇူးကို သူ မေ့ပြီထင်သည်။ ဒီကျေးဇူးတွေကို ဘာနဲ့ဆပ်ကြမလဲ။

   ကျေးလက်ဒေသမှာမွေး၊ ကျေးလက်ဒေသ၏ အထောက်အပံဖြင့် ပညာသင်ကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် သူငယ်ချင်းမောင်ဉာဏကိုကြည့်သည့် ကျေး ရွာမှ ဒကာ၊ ဒကာမများ၏ အကြည့်တွေက အားကိုးမှုတွေပါသည်။ ယုံကြည်မှုတွေပါသည်။ လေးစား မှုကလည်းအပြည့်။

သူ ဘုရားဖူး လိုက်ပို့ပေးခဲ့သော ဒကာ၊ ဒကာမများအကြည့်တွေကတော့…။

ထိုအကြည့်အျားကို သူဆက်ပြီး မစဉ်းစားချင်တော့။ သူစဉ်းစားချင်တာကတော့ သူဘာဆက် လုပ်ရမည်လဲ။ ကိုယ့်အတွက် ပညာတွေ ဆက်သင်မလား။ လောလောဆယ် ဟိုမှာ ယောင်ပေပေ ဖြစ်နေတာထက်စာရင်တော့  ရွာမှာပြန်ပြီး တစ်ပိုင်တစ်နိုင် သာသနာပြုတာက ကောင်း မည်ထင်သည်။ အချိန်ရသလောက်ပေါ့။ ဒါမှ သူ့ပညာရေးကို တာဝန်ယူထားခဲ့ရသည့် ရွာမှ ဒကာ၊ ဒကာမများ၏ ကျေးဇူးကိုလည်း ဆပ်ရာရောက်ပေမည်။

   ယခု ပညာပင်ခဲ့တာကလည်း နှစ် ၂ဝ ကျော်ပြီ။ သူ ဘာမှ ပြန်၍ ကျေးဇူးမဆပ်ရသေး၊ ပညာတွေအများကြီးတတ်၊ ဘွဲ့တွေအများကြီးရတော့ သာသနာပြုခရီးမှာ ပိုတာဝေးရောက်နိုင်တယ်ဟု လက်ခံထားပေမယ့် တစ်သက်လုံး ပညာတွေပဲသင်နေတော့မှာလား။ ကိုယ်သိထားတတ်ထား သလောက်ကို ကိုယ့်လောက်မသိသေး၊ မတတ်သေးသူတွေကို ဝေငှသင့်ပြီ မဟုတ်လား….။

   အားလုံးက သူ့ကို အားကျနေတယ်ဆိုပေမယ့် သူ့ရင်ထဲ ပြန်လည်အားကျမိသော ပုဂ္ဂိုလ်တစ် ယောက်ရှိနေပြီဆိုတာကိုတော့ သူသာလျှင် အသိဆုံးဖြစ်ပေလိမ့်မည်။

(ဘွဲ့ရ/ ပညာတတ်ပြီးနောက် မိမိတို့၏ ဇာတိရပ်ရွာများတွင် သာသနာပြုနေသောအရှင်မြတ်များကို ဂုဏ်ပြုလျက်)


ဇေယျာနရိန်(မြောင်းမြ)