လင်နဲ့ မယား လျှာ နဲ့ သွား
လျှာနဲ့ သွားတို့ဟာ အာဟာရ ကိစ္စက္စကို အပေးအယူ မျှမျှ ဆောင်ရွက်ကြရင် “ဝမ်းတစ်လုံး ကောင်းပြီး ခေါင်းမခဲ”ရသလိုပဲ လင်နဲ့ မယား တို့ဟာလဲ ... [တောင်တွင်းကြီး နတ်မှီတောရ ဆရာတော် အရှင်ဆန္ဒာဓိက]
နှစ်စဉ် တန်ဆောင်မုန်း လကွယ်နေ့တိုင်းမှာ
ကျင်းပပြုလုပ်မြဲဖြစ်တဲ့ ကျေးဇူးရှင် ကျမ်းပြု အဘိဓမ္မာ ပညာရှင်
တောင်တွင်းကြီး နတ်မှီတောရ ဆရာတော် ဘုရားကြီးရဲ့ မွေးနေ့ အထိမ်းအမှတ်
ပူဇော်ပွဲကို ဒီနှစ်မှာလဲ (၁၁၁) နှစ်မြောက် အထိမ်း အမှတ်အဖြစ် ကျင်းပပူဇော်
ကြပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ တပည့်ဟောင်း ညီတော် နောင်တော် များဟာ
အဖိတ်နေ့ ညနေမှာ စုံညီကြပြီး ညပိုင်းမှာတော့ ရှေးဟောင်း နှောင်းဖြစ် ကလေး
များနဲ့အတူ လောကရေး၊ ဓမ္မရေးများကို ပြောဆိုဆွေးနွေးရတဲ့ အစဉ်အလာမပျက်
စကားဝိုင်း ကလေး ကလဲ ငယ်မူပြန် လောက်တဲ့ ကြည်နူးဖွယ် ကလေးတစ်ခုပါပဲ။
ဒီနှစ်စကားဝိုင်းမှာတော့
နောင်တော်ကြီးဖြစ်တဲ့ လက်ရှိ နတ်မှီတောရ ဆရာတော် အရှင်ဆန္ဒာဓိက တင်ပြတဲ့
အမြင်သစ် ကလေးနှစ်ခုက စကားဝိုင်းကို စိုပြေ တက်ကြွစေသလို အတွေးသစ်
များကိုလဲ ဝေဆာပြည့်ဝစေတယ်လို့ ဆိုရပါလိမ့်မယ်၊ နောင်တော်ကြီးတင်ပြတဲ့ ပထမ
အကြောင်းအရာ တစ်ခုကတော့ လောကရေးနဲ့ ပတ်သက်လို့ “လင်နဲ့မယား လျှာနဲ့သွား”
ဆိုတဲ့ ဆိုရိုးအပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်သစ်ဖြစ်ပါတယ်။
နောင်တော်ကြီးက “လင်နဲ့မယား
လျှာနဲ့သွား”ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ အများလက်ခံ ပြောဆိုနေတဲ့ အဓိပ္ပါယ်က
လင်နဲ့မယားတို့ရဲ့ နောင်ဂျိမ်ပွဲကို လက်ခုပ်တီးပေး နေသလိုဖြစ်နေတယ်၊ သူတို့
ကောက်ယူတဲ့ အဓိပ္ပာယ်က လျှာနဲ့သွားဆိုတာ ခံတွင်းတစ်ခု တည်းမှာ
အတူတည်ရှိရင်း ခန္ဓာ့တာဝန်ကို ပူးပေါင်းထမ်းဆောင်နေရတာဖြစ်လို့ တစ်ခါတစ်ရံ
မတော်တဆ ကိုက်မိတတ်ကြမှာပဲ၊ ဒီလို ကိုက်မိတဲ့ အခါ လျှာကလဲ သွားအပေါ်မှာ
မကျေမနပ်ဖြစ်ပြီး ခံတွင်းအပြင်ဘက် ထွက်သွားလို့ မရသလို သွားကလဲ
ထို့အတူပဲပေါ့။
အဲဒီလိုပဲ လင်နဲ့မယားတို့ဟာလဲ
တစ်အိမ်တည်းမှာ အတူတကွ နေထိုင်ကြရင်း အိမ်ထောင်တာဝန်ကို ပူးတွဲထမ်းဆောင်
နေရာတာဖြစ်လို့ တစ်ခါတစ်ရံ အခန့်မသင့်ရင် ကတောက်ကဆ ဖြစ်ကြမှာပဲ၊
ဒီလိုဖြစ်ရကောင်းလားဆိုပြီး အာဃာတတွေ ထားကြပြီး တကွဲတပြားဖြစ်စရာမလိုပါဘူး၊
ဒါဟာ သဘာဝတရားတစ်ခုပဲ ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ မှတ်ယူ သုံးစွဲ ပြောဆိုနေ
ကြပါတယ်။
ဒီအဓိပ္ပါယ်နဲ့ ဒီလိုပြောဆိုချက်များဟာ
လွှတ်ခနဲကြည့်လိုက်ရင်တော့ လင်နဲ့မယားကို မကွဲပြားအောင် ဖျောင်းဖျသလို
ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် ဒီစကားနဲ့ ဒီအဓိပ္ပါယ်ကို လက်ကိုင်
ဆင်ခြေပြုပြီး လင်မယားရန်ပွဲ အကြိမ်ကြိမ် ဆင်နွှဲရေးအတွက် အားပေးနေတဲ့
သဘောလဲ သက်ရောက် နေတယ်လို့ ထင်မိတယ်၊ ဒီအတိုင်းသာဆိုရင် လျှာနဲ့သွား
ကိုက်မိ ကြတာဟာ မလွှဲမရှောင်သာတဲ့ သဘာဝကြီး တစ်ခုဖြစ်သလို
လင်နဲ့မယားရန်တွေ့ရတာဟာလဲ အိမ်ထောင်တစ်ခုရဲ့ မလွှဲမရှောင်သာတဲ့
သဘာဝကြီးတစ်ခုလို့ သဘောထားပြီး “ဖြစ်သာ ဖြစ်ကြ” လို့ အားပေး
အားမြောက်ပြုနေရာ မကျပေဘူးလား။
ေ သချာ စဉ်းစားကြည့်ရင်
ခံတွင်းတစ်ခုတည်းမှာ လျှာနဲ့သွားတို့ အတူတည်နေပြီး ခန္ဓာ့တာဝန်ကို
ထမ်းဆောင် ပေးနေတဲ့ နိစ္စဓူဝ တာဝန်ကြီးဟာ အချင်းချင်း ကိုက်မိကြတာထက်
အများကြီး လေးနက်တဲ့ အဓိပ္ပာယ်ကို ဆောင်နေပါတယ်၊ “သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ=
သတ္တဝါမှာ အစာ” ဆိုတဲ့ အတိုင်းပေါ့လေ “လေးဖြာဓာတ်ဆောင်၊ ဒီကိုယ်ကောင်ကြီး
သက်တမ်း ပြည့်တည်နေပြီး ပင်ပန်းမှုမရှိဘဲ လုပ်ကိုင် လှုပ်ရှားနေရေးဟာ
အစာအာဟာရ မျှတဖို့က အဓိကမဟုတ်လား။
ဒီလို အစာအာဟာရ တစ်ကိုယ်အတွက် မျှတဖို့
ဆိုတာကလဲ “ပါစက” ဆိုတဲ့ ဝမ်းမီးဓာတ်က ကျေညက်အောင် ချေချက်ပေး နိုင်မှုက
အဓိကပဲ၊ “ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုတာဟာ အဲဒီ ပါစကဝမ်းမီး
ကောင်းမွန်မျှတမှုကို ပြောနေတာပဲ၊ ဝမ်းမီးက မျှတအောင် ချေချက်ဖို့ဆိုတာကလဲ
လျှာနဲ့သွားက အထိုက်အလျှောက် ကျေညက်အောင်ဝါးပြီး ပို့ပေးမှဖြစ်နိုင်တာ၊
လျှာနဲ့သွားက ကျေညက်အောင် မဝါးကြလို့ စလုံးစခုတွေချည်း ဝမ်းထဲ
ရောက်လာမယ်ဆိုရင် ဝမ်းမီးကလဲ ကျေညက် မျှတအောင် မချက်နိုင်တော့ဘူး၊
ဒီလိုဆိုရင် ဝမ်းတစ်လုံးကလဲ မကောင်းနိုင်တော့သလို
ခန္ဓာကိုယ်ကြီးကလဲခေါင်းတစ်လုံးကစပြီး တစ်ကိုယ်လုံးအထိ မမျှမတ မကျန်းမမာ
ဖြစ်သွားမှာ သေချာတယ်။
ဒါကိုကြည့်လိုက်ရင် ခန္ဓာကိုယ်ကြီး
ခန့်ကျန်း ခိုင်မာရေးဟာ လျှာနဲ့ သွားအပေါ်မှာ အများကြီးတည်နေတယ် ဆိုတာကို
သဘောပေါက်လို့ ရတယ်၊ အဲဒီတော့ ခံတွင်းတစ်ခု အတွင်းမှာ လျှာနဲ့သွားတို့ရဲ့
တည်နေမှုနဲ့ အပေးအယူ မျှမျှတတ လုပ်ဆောင် နေမှုဟာ အတော်အလေးထား ရမယ့်
ကိစ္စတစ်ခုဖြစ်နေတယ်၊ သူတို့ရဲ့ တည်နေလုပ်ဆောင်မှုကို ကြည့်မယ်ဆိုရင်
အထက်သွား အောက်သွားများက ဆုံနဲ့ကျည်ပွေ့ပမာ ခံတွင်းရဲ့
အပြင်နခမ်းမှာတည်နေကြတယ်။
အဲ .. ဒီဥပမာမှာလဲ တစ်ခု သတိထားစရာ
ကတော့ ဥပမာဖြစ်တဲ့ အပြင်က ဆုံနဲ့ ကျည်ပွေ့တို့မှာ ဆုံက အောက်ခံအဖြစ်
တည်ငြိမ်နေရပြီး ကျည်ပွေ့က အပေါ်ကနေ လှုပ်ရှား ပေးရတာဖြစ်ပေမယ့် သွားမှာတော့
အပေါ်သွားက ဆုံသဘောမျိုးနဲ့ တည်ငြိမ် နေတာဖြစ်ပြီး အောက်သွားက ကျည်ပွေ့
သဘောမျိုးနဲ့ လှုပ်ရှား ကြိတ်ဝါး ပေးရတာတော့ ထူးတာပေါ့လေ။ အစားအစာကို
ကြိတ်ဝါးပေးရတဲ့ ကိစ္စကို အဓိက နေရာကနေပြီး တာဝန်ယူ ဆောင်ရွက်ပေးရာမှာ
အစားရှိရာကို သွားကလိုက်ပြီး ဝါးကြိတ်လို့ မရနိုင်ဘူးနော်၊
“ဆန်စဉ်ရာ
ကျည်ပွေ့ မလိုက်နိုင်ဘူး” ဆိုတဲ့ စကားအတိုင်းပေါ့၊ သွားက သူ့နေရာသူ နေပြီး
ရောက်လာတဲ့ အစားအစာကိုသာ ကြိတ်ဝါးပေးနိုင်တာ၊ ဒီနေရာမှာ လျှာရဲ့တာဝန်က
အတော် အရေး ပါလာတယ်၊ ခံတွင်းထဲ ရောက်လာတဲ့ အစားအစာကို လျှာနဲ့
ဝါးချေပေးဖို့လိုအပ်တာနဲ့ မလိုအပ်တာကိုလဲ ခွဲခြား နိုင်ရတယ်၊ ဝါးချေဖို့
လိုအပ်တဲ့ အစားအစာကို သွားရှိရာ ရောက်အောင် ပေးပို့တဲ့ အလုပ်တို့၊
ဝါးချေပြီးသား အစားအစာကို ခံတွင်းဝ ရောက်အောင် ပို့ဆောင်ပေးတဲ့
အလုပ်တို့ကို လျှာက လုပ်ပေးရတာ။
ဒီနေရာမှာ တကယ်လို့ သွားက နေရာတကာ
ငါပါမှ ပြီးမယ်ဆိုပြီး လျှာလုပ်ရမယ့် အလုပ်ကို ဝင်လုပ်ကြည့်ပါလား၊
ခံတွင်းတစ်ခုလုံး သွားတွေနဲ့ ပြည့်နေရင် လျှာကိုသာမက ပါးစောင်တို့
အာခေါင်တို့ပါ သွားရဲ့ဒဏ်ရာတွေနဲ့ ပြည့်သွားမှာပေါ့၊ ပြီးတော့ သွားဆိုတာ
ဝါးတာ ကြိတ်တာတွေကိုသာ လုပ်နိုင်တာ လျှာလို အသေးစိပ်ကလေးတွေအထိ
ထောင့်စေ့အောင် ပျော့ပျော့ ပျောင်းပျောင်း လှုပ်ရှားနိုင်တာမျိုးမှ မဟုတ်ဘဲ၊
ဒီတော့ သွားက သွားနေရာမှာပဲနေပြီး သွားအလုပ်ကိုပဲ လုပ်နေတာဟာ သဘာဝက
ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာကျပါတယ်၊ ကိုယ့်နေရာမှာ နေပြီး
ကိုယ့်တာဝန်ကိုယ် မလုပ်ဘဲ သူများနေရာ သွားလုပ်ပြီဆိုရင် ဒါဟာ အလုပ်လုပ်တာ
မဟုတ်တော့ဘဲ အရှုတ်လုပ်တာဖြစ်သွား တော့မှာပေါ့၊ လျှာကလဲ သွားနေရာ
ဝင်ရှုပ်ရင်တော့ သွားကိုက်ဒဏ်ခံရတာပဲ အဖတ်တင်မယ် ခန္ဓာ့တာဝန်ကို ဘယ်ကျေပွန်
တော့မလဲ။
အေး .. အဲဒီလိုပဲပေါ့လေ လျှာနဲ့
သွားတို့ဟာ ကိုယ့်နေရာကိုယ်နေပြီး အာဟာရကိစ္စကို အပေးအယူမျှမျှ
ဆောင်ရွက် ကြမယ် ဆိုရင်“ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ရသလိုပဲ
လင်နဲ့မယားတို့ဟာလဲ အပေးအယူမျှမျှ ကိုယ့်နေရာကိုယ် သိပြီး ကိုယ့်တာဝန်ကိုယ်
ကျေပွန်အောင် ထမ်းဆောင်ကြရင် မိသားစုအားလုံး ပျော်ရွှင်ပြီး မရှိအတူ၊
ရှိအတူ၊ အေးအတူ ပူအမျှ ဆိုသလို သာယာလှပတဲ့ သီရိဂေဟာ ဖြစ်မှာမလွဲပါဘူး။
ငယ်ငယ်တုန်းက ရွာမှာ ဦးညိုလုံးဆိုတဲ့
ဒကာကြီးတစ်ယောက်ရှိတယ်၊ ရပ်ရွာအလျှောက်တော့ လူချမ်းသာဆိုတဲ့ စာရင်းထဲမှာ
ထိပ်ဆုံးတန်း ထဲကပါပဲ၊ အဲဒီအိမ်မှာ ညနေပိုင်း အလုပ်သိမ်းပြီးလို့ စားချိန်
သောက်ချိန် ရောက်ပြီဆိုရင် အမြဲလိုလို ပူပူညံညံ အသံကြားရတယ်၊
သူတို့မိသားစုကို ကြည့်ရတာ ဘယ်တော့မှ စားကောင်းခြင်းနဲ့ စားရပုံမရပါဘူး၊
ပစ္စည်းဥစ္စာ များသလောက် စိတ်ချမ်းသာမှု
အလွန်ရှားပါးတဲ့ မိသားစုပေါ့။ ရယ်တော့ရယ်စရာပဲ၊ အဲဒီဒကာကြီးက ထမင်းပွဲကို
ထိုင်ပြီး သူ့အမယ်ကြီးကို ဆူပူနေတာတွေကလဲ ကြည့်ဦး .. ဟင်းပွဲမှာ
အသီးအရွက်ပဲ ပါတယ်၊ အသားငါး မပါတဲ့နေ့တွေမှာ အိမ်ကအမယ်ကြီးက ဟင်းကို
ဆီလေးပြားလေးနဲ့ ဖွယ်ဖွယ်ရာရာ ချက်ထားပြီဆိုရင်လဲ သူက “ဟေ့ .. ဒီ
ဟင်းသီးဟင်းရွက်တွေက နင့်ဆီတွေ ဒီလောက်ထည့်ထားတော့ကော အသားဟင်း ငါးဟင်းလို
ကောင်းလာမှာမို့လား၊ နင်တော်တော် အိမ်ထောင်ဖြုန်းတယ်” ဆိုပြီး ဆူပြန်တာပဲ၊
အဲ အသားလေး ငါးလေးရလို့ ဆီပြန်လေးဖြစ်အောင် ချက်ပြုတ်ထားပြန်ရင်လဲ “ ဟေ့
.. ဒီအသား ငါးတွေက သူ့နဂိုအတိုင်း ကောင်းပြီးသား တွေ နင်ဆီတွေ ထည့်မှ
မဟုတ်ဘူး၊ နင်တော်တော် အိမ်ထောင်ဖြုန်းတယ်” ဆိုပြီး ဆူပြန်တာပဲ။
အဲဒီတော့ လျှာနေရာ သွားကလိုက်နေမှတော့
ဒီအိမ်ထောင် ဝမ်းကြီး ဘယ်ကောင်းနိုင်တော့မလဲ၊ ဒီအတွက် ဘယ်လို နောက်ဆက်တွဲ
ဆိုးကျိုးတွေ ထွက်လာသလဲ ဆိုတော့ သူ့သားတွေက မိုးချုပ်လို့ လယ်ယာ
အလုပ်အကိုင် ပြီးပြီဆိုရင် အိမ်ကို တန်းမပြန်ကြတော့ဘူး၊ ထန်းတဲ တစ်ခုခုမှာ
ထန်းရည် သောက်ရင်း အဖိုးကြီးနဲ့ အဖွားကြီး စားပြီးသောက်ပြီး
ရန်ပွဲပြီးချိန် ရောက်မှ အိမ်ပြန်ကြတဲ့ အကျင့်ရသွားတယ်၊ မိသားစု
ဆုံမိချိန်မှာ ဆုံးမတိုင်ပင်ရမယ့် သားတွေကလဲ မူးလာကြ ပြီဆိုတော့ ဘာမှ
ပြောလို့ ဆိုလို့ အပေါက်အလမ်း မတည့်ကြတော့ဘူးပေါ့၊ အိမ်နားနီးချင်း
တွေကတော့ သူတို့တတွေ မောပြီး အိပ်ပျော်သွားကြပါစေလို့ပဲ ကျိတ်ပြီး
ဆုတောင်းနေရတော့တယ်။
အဲဒါပါဘဲ၊ “လင်နဲ့မယား
လျှာနဲ့သွား”ဆိုတာ အခန့်မသင့်ရင် ကိုက်မိတတ်တာ ဓမ္မတာပဲဆိုတဲ့ လင်မယားရန်ပွဲ
အားပေးတဲ့ ဆင်ခြေအစား လျှာနဲ့သွားတို့ဟာ ကိုယ့်နေရာကိုယ်နေပြီး
ကိုယ့်တာဝန်ကိုယ် ကျေပွန်ရေးသာ အဓိကထား ဆောင်ရွက်ကြပြီး
သူနေရာကိုယ့်နေရာကို ဝင်ရောက်စွက်ဖက်တာတို့၊ ချုပ်ချယ်တာတို့ မလုပ်ကြဘဲ
အချင်းချင်း အပေး အယူမျှမျှ ခန္ဓာ့တာဝန် ကျေပွန်ရေးကိုသာ အဓိကထား
ဆောင်ရွက်ကြသလို လင်နဲ့မယားတို့ဟာလဲ မိသားစုဆိုတဲ့ ခန္ဓာကိုယ်ကြီး
ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးအတွက် အဓိကကျတဲ့ တာဝန်ကြီးကို
တာဝန်ကိုယ်စီနဲ့ ထမ်းဆောင် နေရတာပါလားဆိုတဲ့ မေတ္တာတရား
အပြည့်အဝရှိဖို့ဆိုတဲ့ အဓိပ္ပာယ်ကို ယူပြီးလိုက်နာ ကျင့်သုံးတာကသာ
သာယာတဲ့အိမ်ထောင်၊ သာယာတဲ့မိသားစု ဖြစ်မယ်လို့ သဘောရပါတယ်” ဆိုတဲ့အကြောင်း
အကျယ်တဝင့် ပြော ဆိုဆွေးနွေးပါတယ်။
စကားဝိုင်းမှာ ပါဝင်တဲ့ အရှင်မြတ်
တစ်ပါးကတော့ ဒီစကားနဲ့ ဒီအဓိပ္ပာယ်ဟာ လင်နဲ့မယားအတွက်သာ မကဘူး၊ ဆရာနဲ့
တပည့်၊ ဆရာနဲ့ဒကာ၊ မင်းနဲ့ပြည်သူစတဲ့ အတူတကွ လက်တွဲ
ပူးပေါင်းဆောင်ရွက်ရမယ့် ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်
အားလုံးအတွက် အလေးအနက် ထားရမယ့် လမ်းညွှန်စကားရပ်တစ်ခုဖြစ်တယ်
ဆိုတဲ့အကြောင်း ကိုယ်တွေ့ဖြစ်ရပ်ကလေးများနဲ့ ဖြည့်စွက်တင်ပြ ဆွေးနွေး
ပါတယ်။
နှစ်စဉ် နှစ်တိုင်းလိုပဲ အဲဒီနေ့က
စကားဝိုင်း ကလေးဟာလဲ အတွေးပွားစရာ အလေးထားစရာ ကလေးတွေနဲ့
ပြည့်နှက်စိုပြေလို့ နေပါတယ်။ ။ ဇနီးမောင်နှံတို့ တာဝန်သိ သစ္စာရှိပြီး
အပေးအယူမျှတဲ့ လျှာနဲ့သွားပမာ တာဝန်ရှိသလို တာဝန်သိ၊ တာဝန်ကျေကြပြီး
ယနေ့မှစ၍ သံသာလေကမ်းတိုင် ဘဝတာဝန် ကျေပွန်ချမ်းမြေ့ သာယာလှတဲ့ သီရိဂေဟာ
ပိုင်ရှင်များ ဖြစ်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)