ပညာ အရောင်ဖြင့် လောက အကျိုး သယ်ပိုး ကြပါစို့
ဤလောက၌ ရတနာ မျိုးစုံ ရှိသည်။ ထိုရတနာ
များထဲမှ မပျောက်ပျက် မပျက်စီးဘဲ ပိုင်ဆိုင်သူ၏ လက်ထဲတွင် တစ်သက်တာ
တည်မြဲနေသော ရတနာကို ညွှန်ပြပါဆိုလျှင် ''ပညာ''ဟူသော ရတနာကို ညွှန်ပြ ရပေမည်။
အကြောင်းမူကား ပညာသည် လူသား တို့၏
အနာဂတ်ကို မည်သည့်မီးမှ ထွန်းညှိစရာ မလိုဘဲ ထင်ထင်ရှားရှား ပြသ ပေးနိုင်
သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ''ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့် တူသော
အလင်းရောင်သည် မရှိ'' ဟူ၍ သုံးလူ ထွတ်ထား မြတ်စွာ ဘုရားရှင်က ပညာ၏
ဂုဏ်ကျေးဇူးကို ဖော်ကျူးထားခြင်း ဖြစ်သည်။
''ပညာ'' ဟူသည် တန်ဖိုး မဖြတ်နိုင်သော အရာ
ဖြစ်သည်။ ပညာ ရှာမှီးခြင်းဖြင့် ဥာဏ်ပညာ ထက်မြက် ရုံသာမက ကြီးပွား တိုးတက်
စေသည့် အပြင် ယဉ်ကျေး သိမ်မွေ့ စေသည်။ လူသားတို့သည် မိမိဘဝ အစ
ဖွားမြင်ချိန် လူ့ဘောင် အတွင်း ဝင်ရောက် ချိန်မှစ၍ မိမိတို့ အသက်အရွယ်
အလိုက် ပညာကို သင်ယူ လေ့လာ ကြရသည်။ ပညာ အထောက်အပံ့ ဖြင့်သာ လောက အကျိုး
သယ်ပိုး နိုင်သော လောကကိုအကျိုး ပြုသော သားကောင်း ရတနာ၊ သမီးကောင်း
ရတနာများ ပေါ်ထွက် လာရခြင်း ဖြစ်သည်။
ပညာသည် လူတို့၏ အသိ ဉာဏ်ကို
ဖွင့်ပေးသောကြောင့် အမှားနှင့် အမှန်ကို ပညာ မျက်စိဖြင့် ပိုင်းခြား
ဝေဖန်နိုင်စွမ်း ရှိသည်။ အသိပညာ၊ အတတ်ပညာ ဟူသည် နည်းသည်၊ များသည် ဟူ၍
မရှိဘဲ သူ့နေရာနှင့်သူ တန်ဖိုး ရှိသည်။ ယနေ့ အချိန်အခါတွင် ပညာ ရှာမှီးရန်
ပိုမိုလွယ်ကူ လာပြီဖြစ်သည်။ စာအုပ်ကောင်း မြောက်မြားစွာ ရှာဖွေမည်လား။
ဆရာပေါင်း မြောက်မြားစွာ ထံမှ သင်ယူမည်လား။ ရှာဖွေနိုင်သည်။ သင်ယူ
နိုင်သည်။ မိမိအား တစ်စုံ တစ်ဦးသော သူက သုံးစွဲရန် ငွေအသပြာနှင့် ပညာတည်း
ဟူသော အသိပညာ၊ အတတ်ပညာကို ရွေးချယ်ပါ ဆိုလျှင် သင်မည်သည့် အရာကို ရွေးချယ်ရ
ပါမည်နည်း။
''ပစ္စည်း သင်္ခါရ၊ လူသင်္ခါရ'' ဟူသော စကားပုံ ရှိပါသည်။ ပစ္စည်း
တို့သည် ပျက်စီးတတ် သကဲ့သို့ လူသည်လည်း သေခြင်းကို မလွန်ဆန် နိုင်ပေ။ ဥစ္စာ
ပစ္စည်းသည် ပျက်စီး ပျောက်ရှ သွားနိုင်သော်လည်း အသိပညာ၊ အတတ် ပညာသည်
မပျောက်ပျက်ဘဲ မိမိဘဝ တစ်သက်တာ အသုံးပြု သွားနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့
ထူးခြားသည့် ဂုဏ်ရည် ရှိခြင်းကြောင့် သား၊သမီး တို့ကို မိဘများက အမွေ
ပစ္စည်းထက် အစဉ်အမြဲ အသုံးပြု နိုင်ရန် အတွက် အသိပညာ၊ အတတ်ပညာ များကို
ငယ်စဉ်မှ စ၍ သင်ယူ စေခဲ့သည်။ ''ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည်
မျက်လှည့်မျိုး ''ဟု ပေါက္ကံ မောင်ချိုက ရေးသား ဖော်ကျူး ခဲ့သည်ကို မှတ်သား
ရပါသည်။
လူတို့သည် မိမိ လုပ်ဆောင်မည့် အလုပ်ကို
လုပ်ကို လုပ်နိုင် ရမည်ဟု ယုံ ကြည်စိတ် အပြည့်အဝ ရှိရမည်။ ထိုသို့ ယုံကြည်
စိတ်ချရန် အတွက် အလုပ်နှင့် ပတ်သက်သော ပညာ၊ ဗဟုသုတ၊ ကာယစွမ်းရည်၊
လုံလောက်သော ပစ္စည်း ဝတ္ထုနှင့် သင့်လျော်သော အခြေအနေများ ရှိရမည် ဖြစ်သည်။
အလုပ်တွင် မိမိ၏ ဦးဆောင်မှုဖြင့် ဖြစ်စေ၊ တခြားသူ များ၏ ဦးဆောင်မှု
အောက်တွင် အလုပ် လုပ်ကိုင်ရသည် ဖြစ်စေ အလုပ်နှင့် ပတ်သက်သော ပညာ ဗဟုသုတ
ရှိရန် လိုအပ်သည်။
ထို့ကြောင့် လူတိုင်းသည် ပညာ ရှာရာတွင်
သူဖုန်းစားသည် မိမိ အသက် ရှင်သန်ရေး အတွက် မိမိကိုယ်ကို နှိမ့်ချ တောင်းခံ
သကဲ့သို့ ပညာ ရှာသူတို့သည် မိမိကိုယ်ကို နှိမ့်ချ ထားရမည်။ ထို့ပြင် ပညာ
သင်ကြားရာတွင် မသိ နားမလည် သည်များကို မေးမြန်း သင့်သည်။ မသိ နားမလည်
သည်များကို မေးမြန်းခြင်းက မိမိအတွက် ရှက်စရာ မဟုတ်ပါ။ မိမိ၏
သိလိုစိတ်ဖြင့် မေးမြန်းခြင်းကြောင့် ထိုမသိ နားမလည်သည့် အရာများ သိမြင်
လာသော အခါ ဘဝအတွက် အသုံးဝင် တန်ဖိုးရှိသော အရာများ ဖြစ်လာ နိုင်ပါသည်။
ဘဝ တစ်သက်တာ ပညာ ရှာမှီးကြရာ၌
ကုန်းဘောင်ခေတ် စာဆိုတော် ရှင်မဟာ ရဋ္ဌသာရ သီကုံးခဲ့သော စာသင်သားတို့
လိုက်နာအပ်သည့် နည်းလမ်း ရှစ်သွယ်ကို စိတ်ဝယ် စွဲမြဲ ထားကြရမည် ဖြစ်ပါသည်။
နည်းလမ်း ရှစ်သွယ်မှာ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဟူ၍ ဖြစ်ပါသည်။
သုဏေယျ- နားစိုက် ထောင်ရာ၏။ စိန္တေယျ- ကြံစည် ရာ၏။ ပုစ္ဆေယျ- မေးမြန်း ရာ၏။
ဘာဆေယျ- ရေးသား ရာ၏။ ဝိစာရေယျ- ပြောဆို ဆွေးနွေးရာ၏။ လိက္ခေယျ- ဆင်ခြင်
စဉ်းစားရာ၏။ သိက္ခေယျ- ခံယူ ကျင့်သုံးရာ၏။ ဓာရေယျ- နှုတ်ငုံရာ၏ (ဝါ)အလွတ်
ကျက်မှတ်ရာ၏ တို့ပင် ဖြစ်သည်။ မိမိ သင်ယူ လေ့လာ မှတ်သား ခဲ့ရသော
အသိပညာနှင့် အတတ်ပညာ တို့ကို လက်တွေ့ အခြေအနေနှင့် ကောင်းစွာ ထင်ဟပ်ပြီး
အကျိုး ရှိအောင် အသုံးချ တတ်ကြရန်လည်း အထူး လိုအပ်ပါသည်။
ပညာ မရှိသူသည် တရားလည်း မသိ အယူလည်း မှား၍
အကျိုးစီးပွား မဖြစ်ထွန်းပေ။ အမှန်နှင့် အမှားကို ခွဲခြား တတ်သော အသိ
ဉာဏ်ပညာ မရှိသဖြင့် ချမ်းသာရာမှ ဆင်းရဲ သွားသူများ ရှေးယခင်မှ စ၍ ယခု
အချိန် အထိ ဒုနဲ့ဒေး ရှိနေလေသည်။ ဗာရာဏသီ ပြည်ရှိ ကုဋေရှစ်ဆယ် ကြွယ်သော
သူဌေးသားသည် ငယ်စဉ်ကပင် ပညာ မသင်ယူ ခဲ့ရခြင်းကြောင့် ပညာဟူသော ပဲ့ကိုင်ရှင်
မရှိသောကြောင့် လူမိုက်များနှင့် ပေါင်းသင်း မိ၍ စည်းစိမ် ဥစ္စာများကို
ဖြုန်းတီး မိသည်။
ထိုသူဌေးသား၏ စည်းစိမ်များ ပျက်စီးကာ နောက်ဆုံး၌
သူဖုန်းစား ဘဝသို့ ရောက်ရှိကာ တောတွင်း၌ အသေဆိုးနှင့် သေခဲ့ရသည်။ ဤသည်ကား
ပညာမဲ့ သူတို့၏ အကျည်းတန်သော ဘဝ နိဂုံးပင် ဖြစ်သည်။ ''သတိတမံ၊ ဉာဏ်မြေ
ကတုတ်၊ ပညာစွမ်း ချွန်းကဲ့သို့အုပ်''ဟု ဆိုသည့် အတိုင်းပင် ချွန်းနှင့်
တူသော ပညာစွမ်းသည် လူသားတိုင်းကို အမှားမှ ကယ်တင်နိုင်သော အစွမ်းရှိသည်။
ပညာသည် အနာဂတ် ၏ လမ်းပြမီးရှူး တန်ဆောင် ဖြစ်သည်။
ယနေ့ ကမ္ဘာတွင် ထိပ်ဆုံး၌ နေရာ ရရှိ
နေသူများသည် ပညာ ခေတ်သစ်၏ စိန်ခေါ်မှုများကို ရင်ဆိုင် နိုင်သူများသာ
ဖြစ်သည်။ ခေတ်သစ် ပညာကို အသုံးပြု၍ ရရှိလာသော အခွင့်အရေး များကို
လက်တွေ့အသုံးချ နိုင်သူများ ဖြစ်သည်။ ထို့ကြောင့် ပညာဟူသော အရာသည် ယနေ့
အချိန်အခါ တွင်သာမက ရှေးယခင်ကပင် လူသားတို့၏ ဘဝများကို ပဲ့ကိုင် ပေးသော အရာ
အဖြစ် တည်ရှိ လာခဲ့သည့် အစဉ်အလာကို သတိပြု ကြရန် လိုအပ်ပါသည်။ အလုပ်
တွင်သာမက ကဏ္ဍမျိုးစုံတွင် ပညာသည် အပေါ်ယံ ပကာသန အဖြစ်သာ မဟုတ်ဘဲ
လူ့အဖွဲ့အစည်း များ၏ ထက်မြက် ထိရောက်သော လက်နက် အဖြစ် တည်ရှိပါသည်။
လူတန်းစား မျိုးစုံ အလွှာပေါင်းစုံ တို့အတွက် ပညာသည်သာ ဘဝ ရှေ့ဆောင်
မီးရှူးရောင် ဖြစ်ပါသည်။
ဤမျှအထိ အရေးပါသော အရာကို သင်ယူရာတွင်
ဆင်းရဲ၊ ချမ်းသာသော ကန့်သတ်ဘောင် အတွင်း သင်ယူစရာ မလိုတော့ပေ။ ပညာရပ်
တစ်ခု တတ်မြောက် ထားသူတို့ပင် ထိုပညာ တစ်ခုဖြင့်သာ မိမိကိုယ်ကို ကျေနပ်
မနေသင့်ဘဲ အတတ် ပညာပေါင်း များစွာကို လက်လှမ်း မီသလောက် သင်ယူ လေ့လာ
သင့်ပေသည်။
ယနေ့ အချိန်အခါတွင် ပညာခေတ်ဟု ခေါ်တွင် ရလောက်အောင် ပညာက ကမ္ဘာ
တစ်ဝန်းလုံးကို လွှမ်းမိုး ထားရာ ကမ္ဘာကြီး၏ နေရာ တစ်နေရာတွင် မိမိ ရပ်တည်
နိုင်ရန် မိမိ၏ ပညာတံခါးကို ဖွင့်ထားပြီး မည်သည့် ပညာမဆို လေ့လာ ဆည်းပူး
သင့်သည်။ ထို့ကြောင့် ကျောင်းတက်၍ ပညာ သင်ယူ နေသော ကျောင်းသား၊ ကျောင်းသူ
လေးများ ကလည်း ကျောင်းတက်၍ ပညာရှာ နေသည်ကို မိဘ ကျောင်းထား၍ ကျောင်းတက်ရသည်
ဆိုသော အသိ စိတ်ဓာတ်ထက် ကျော်လွန်ကာ ကမ္ဘာကြီး၏ တစ်နေရာတွင် မိမိ
ရပ်တည်နိုင်ရန် ဟူသော အသိ စိတ်ဓာတ်ဖြင့် ကြိုးစား၍ ပညာ သင်ယူကြရန်
တိုက်တွန်း လိုပါသည်။
''ယနေ့လူငယ်၊ နောင်ဝယ်
လူကြီး''ဆိုသကဲ့သို့ ပညာသင်ယူ နေသော ယနေ့ အချိန်အခါတွင် ကြိုးစား သင်ယူမှ
နောင်တစ်ချိန် မိမိ ထမ်းဆောင်ရမည့် လူ့အဖွဲ့အစည်း များ၏ ကောင်းကျိုး
တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ရာတွင် ကျရာ နေရာမှ တာဝန်
ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ပညာ သင်ယူရာတွင် မိဘ များသည် မိမိ၏ အနာဂတ်
သားကောင်းလေး များကို ကျောင်းမှ သင်ယူရသော ပညာကိုသာ မကဘဲ ဘဝ ပတ်ဝန်းကျင်မှ
သင်ယူရမည့် ပညာများကိုလည်း လမ်းညွှန်ပြသ သင့်ပေသည်။ သို့မှသာ အကြားအမြင်
များသော ခေတ်ပညာတတ် လူတော် လူကောင်းလေးများ ပေါ်ထွန်းလာပြီး မိမိ
တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်တပ်တစ်အား ပါဝင်
နိုင်ကြမည် ဖြစ်ပါသည်။
နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် အဓိက
ကျသည့် အနာဂတ်၏ ပဲ့ကိုင်ရှင် လေးများသည် ပညာတော်ရုံ မဟုတ်ဘဲ အမှားနှင့်
အမှန်ကို ခွဲခြား သိမြင်သော ပညာတတ် ဖြစ်ရန် လိုအပ်သည်ဟု မိမိကိုယ်ကို
နှလုံးသွင်း၍ ပညာ သင်ယူချိန်တွင် ကြိုးစား သင်ယူ သင့်ပေသည်။ ပညာသည်
နိုင်ငံတော် တည်ဆောက်ရာတွင် အထွန်းတောက်ဆုံး ဖြစ်သည့်အပြင် အခြေခံ
အုတ်မြစ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ပညာသည် စာအုပ်ထဲ
တွင်သာ ရှိသည်မဟုတ်၊ စာအုပ်များကို ကျော်၍ မြင်နိုင်စွမ်းကို ဆောင်ရွက်
နိုင်ရမည်။
ရာဇဝင်ကို သိရုံမဟုတ်၊ ရာဇဝင်ကို ဖန်တီး နိုင်ရမည်။ လောကဓာတ်
ပညာကို တိုးချဲ့ နိုင်စေရမည်။ ပထဝီကို သိရုံသာ မဟုတ် မြေသစ်၊ ရေသစ်၊
တောတောင်သစ်ကို ရှာဖွေ စုံစမ်း နိုင်ရမည် ဟူ၍ လူငယ်များကို သတိ ပေးခဲ့သည်။
ပညာသည် ကြိုးစား ရှာမှလည်း တန်ဖိုးရှိသည်။
ယနေ့ နည်းပညာ ခေတ်ကြီးတွင် သင်ယူ လေ့လာ
မှတ်သားဖွယ်ရာ အခွင့် အလမ်း များစွာ ရှိနေပါသည်။ ထို့ကြောင့် ''Knowledge
in youth is wisdom in age'' ငယ်ရွယ်စဉ်က ဗဟုသုတသည် ကြီးလာသော အခါ
ပညာဖြစ်၏။'' ဆိုသည့် အတိုင်း စွဲမြဲစွာ မှတ်သား လိုက်နာ ကြရမည် ဖြစ်ပါသည်။
ထိုစကားစုမှာ စာလုံး အနည်းငယ်ဖြင့် ရေးဖွဲ့ ထားသော်လည်း အဓိပ္ပာယ် လေးနက်
ပေါ်လွင်သော စကားစုလေး ဖြစ်ပါသည်။
ယနေ့ အချိန်တွင် နိုင်ငံတော် အစိုးရသည်
ပညာခေတ်၏ စိန်ခေါ်မှုကို ကျော်လွှား နိုင်ရန် ကျောင်းတွင်း ပညာရေးနှင့်
ကျောင်းပြင်ပ ပညာရေး တို့ကို ဆက်စပ်ကာ ဘဝအတွက် လက်တွေ့ အသုံးချ နိုင်မည့်
ပညာရေး စနစ်ဖြင့် အနာဂတ်၏ ပဲ့ကိုင်ရှင်များကို မွေးထုတ်ပေးလျက် ရှိသည်။
ယနေ့ ပညာ သင်ယူနေသော လူငယ် များသည် အနာဂတ် နိုင်ငံတော် သာယာ လှပရေးကို
ပညာဖြင့် အလှဆင်ယင် မည့်သူများ ဖြစ်သည့် အားလျော်စွာ ''ပညာရဲရင့်
ပွဲလယ်တင့်'' ဆိုသည့် အတိုင်း ပညာ စွမ်းအားဖြင့် မိမိဘဝ၊ မိမိ ပတ်ဝန်းကျင်၊
မိမိလူမျိုး၊ မိမိနိုင်ငံ အစရှိသည်ကို တန်ဖိုး ရှိသည်ထက် ရှိအောင်
စွမ်းဆောင် ကြရမည် ဖြစ်ပါကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်း ရေးသား
လိုက်ရပါသည်။ ။
Written by
ကေတု