Monday, March 11, 2013

``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´

``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´

အိန္ဒိယနိုင်ငံ, နယူးဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ တီဟာအကျဉ်းထောင်သည် လူမဆန် အကြင်နာကင်းမဲ့သည့်အရာမှာ ထိပ်တန်းကပြေးလျက်ရှိ၏။ ပြဿနာပေါင်းကလည်း သောင်းခြောက် ထောင်။ ထို့ကြောင့် နာမည်ကျော်ကြားလှ၏။ ``လောကငရဲ´´ဟူသတတ်။


ထိုကဲ့သို့သောအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်က ပြောလိုက်သည့် စကား တစ်ခွန်းမှာ ကိုယ့်နားကိုပင် မယုံကြည်စရာ ဖြစ်လောက်ပါပေ၏။

``ကျွန်တော် အကျဉ်းထောင်ထဲမှာ ဘာဝနာရှုမှတ်နေပါတယ်´´တဲ့။

လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ ``လုံးဝ မဖြစ်နိုင်´´ ဟုထင်သည့်အရာ များက ကိုယ့်ရှေ့မှာပင် ထင်ထင်ရှားရှားဖြစ်နေ၏။ ၁၉၉၃-ခုနှစ်၌ ဆရာကြီးဂိုအင်ဂါသည် ထို တီဟာ ထောင်အတွင်းမှာ ၁၀-ရက်တရားစခန်းပွဲ ကျင်းပခဲ့၏။ ထောင်အုပ်ချုပ်ရေးမှူး အမျိုးသမီး ရဲအရာ ရှိကြီး ဘေဒီ၏တိုက်တွန်းတောင်းပန်ချက်ကြောင့် ဆရာကြီးဂိုအင်ဂါက ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

´´ဘာဝနာဆိုတာ မျက်စိမှိတ်ပြီး ရှာဖွေရေးခရီးထွက်တာပါ´´

´´ဘာဝနာရဲ့လက်ငင်းအကျိုးကတော့ ကောင်းမွန်တဲ့ဘ၀တစ်ခုမှာ နေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်´´

အကျဉ်းထောင်အတွင်းမှာ ကျင်းပသည့် ဆရာကြီးဂိုအင်ဂါ၏တရားစခန်းမှ ထွက်ပေါ်လာသည့် အသံများဖြစ်ပါသည်။

တရားစခန်းပြီးသောအခါ ဘာသာပေါင်းစုံကိုးကွယ်နေသည့် အကျဉ်းသားများ၏ စိတ်ဓာတ် သည် ပြောင်းလဲသွားကြ၏။ ယခင်ကလို မရိုင်းစိုင်းတော့။ ထို့ကြောင့် ထောင်အရာရှိများနှင့် ဆက်ဆံ သည့်အခါ ပိုပြီးအဆင်ပြေသည်ကို တွေ့ရ၏။ အကျဉ်းသားအချို့သည် ထောင်မှ လွတ်မြောက်သွား သည့်အခါ လူကြီးလူကောင်းဆန်ဆန် နေထိုင်သွားကြလေ၏။ ဤကား ဘာဝနာ၏စွမ်းအင်ပင်တည်း။

ဘာဝနာသည် အကျဉ်းသားများကိုတောင် နူးညံ့သိမ်မွေ့အောင်လုပ်နိုင်သည်ဆိုလျှင် အရပ် ထဲမှာ ရှိသည့် လူတို့အတွက်မှာမူကား အဘယ်ဆိုဘွယ်ရာရှိပါအံ့နည်း။

လူကြီးလူငယ်မဟူ လူမှုရေး, စီးပွားရေးစသည့်အလုပ်များကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ အလိုမကျမှု၊ ဂနာမငြိမ်မှု၊ အပြောင်းအလွဲမြန်မှု၊ အားငယ်မှု၊ စိတ်ညစ်မှု၊ မထိန်းချုပ်နိုင်မှု၊ ပတ်ဝန်း ကျင်တစ်ခုလုံးကို အဆိုးမြင်နေမှု၊ သည်းမခံနိုင်မှုစသည့် အကျင့်ဆိုး, စရိုက်ဆိုးများ တခါတရံ ဖြစ်ပေါ် လာတတ်ပါသည်။

ယင်းအကျင့်ဆိုးများ ရှိနေသမျှကာလပတ်လုံး ဘ၀မှာ ငြိမ်းချမ်းမှု, သာယာမှုတို့ မဖြစ်နိုင် တော့ပေ။ ထို့ကြောင့် ယင်းအကျင့်ဆိုးများကို ဖယ်ရှားပစ်ရပေမည်။ ဘာဖြင့် ဖယ်ရှားမည်နည်း။ ``နည်းလမ်း´´ လိုနေ၏။ ယင်းနည်းမှာ အခြားမဟုတ်၊ ဘုရားမြတ်စွာ၏ ``ဘာဝနာ´´ တည်း ဟူသော နည်းပင် ဖြစ်ပေသည်။ (သတ္တာနံ ၀ိသုဒ္ဓိယာ)

စိတ်ကို ဖြူစင်အောင်, မြင့်မြတ်အောင် အဆင့်ဆင့်မြှင့်တင်ပေးသည့်ကျင့်စဉ်ကို ``ဘာဝနာ´´ ဟုခေါ်၏။ (ဘာဝနာနှင့်ကမ္မဋ္ဌာန်းအတူတူပင်)။ ယင်းဘာဝနာသည် သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာ ဆိုပြီး ၂-မျိုးရှိပါသည်။ သမထ ဘာဝနာ ဆိုသည်ကား ၀င်လေထွက်လေ(အာနာပါန) စသည့် အာရုံတစ်ခုခုကို စိတ်တည်ငြိမ်မှု ``သမာဓိ´´ ရရှိအောင် တစိုက်မတ်မတ် ရှုတ်မှတ်ခြင်းပင်တည်း။

မည့်သည့်အာရုံကိုပဲ ရှုရှု (ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကိုပဲ အာရုံပြုပြု၊ မေတ္တာ - လူနတ် တိရစ္ဆာန်များအား မေတ္တာကိုပဲ ပို့ပို့) တည်ငြိမ်မှု သမာဓိရဖို့သာ အဓိကဖြစ်၏။ ယင်းသို့တည်ငြိမ်နေလျှင် အကုသိုလ် တရားဆိုးများ ဖြစ်ခွင့်မရှိတော့။ ယင်းသို့ဖြစ်ခွင့် မရှိလျှင် စိတ်သည် ငြိမ်းအေးနေ၏။ ထိုသို့ ငြိမ်းအေး စေတတ်သောနည်းကိုပင် ``သမထ´´ဟုခေါ်ရ ပေသည်။

´´၀ိပဿနာဆိုတာ အရှိကိုအရှိအတိုင်း, အမှန်ကို အမှန်အတိုင်း တွေ့မြင်သိရှိစေနိုင်တဲ့ ဉာဏ်မျက်စိပဲ ဖြစ်ပါတယ်´´။ (ဆရာကြီးဂိုအင်ဂါ)

``ကျွန်တော် လူတွေကို မယုံကြည်ဘူး၊ လူတွေက ကျွန်တော်ကို ကောင်းကောင်း မဆက် ဆံဘူး၊ ဒီတော့ လူတွေကို မုန်းတယ်၊ ကျွန်တော့်ဆီမှာ ဗုံးတစ်လုံးသာ ရှိမယ်ဆိုရင် သူတို့ထဲမှာ ပစ်ထည့်လိုက်ချင်တယ်၊ ကျွန်တော်တရားမထိုင်ခင်က ဖြစ်တဲ့စိတ်ပါ၊ အခု ကျွန်တော် တရားရှုမှတ် လိုက်တော့ အဲဒီစိတ်တွေ လျော့သွားတယ်၊ ဘာဝနာဟာ အဒီလိုလောက်မုန်းတီးခြင်း မလိုတမာ ဖြစ်ခြင်းစတဲ့ စိတ်တွေကနေ ဝေးရာကို တဖြေးဖြေးနဲ့ ခေါ်ခေါ်သွားပါတယ်၊ ဒါကြောင့် တရား အားထုတ်မှုဟာ ဘ၀ရဲ့ နေနည်းတစ်ခုပါ´´တဲ့။ (တပည့် ယောဂီ)

သမထကို ရှုမှတ်ပွားများသောသူသည် သမာဓိ (စိတ်တည်ငြိမ်မှု) ရရှိလာ၏။ ထိုအခါ ၀ိပဿနာကို ပြောင်း၍ ရှုမှတ်ရတော့မည်။ မည်မျှလောက် သမာဓိ (တည်ငြိမ်မှု) ရှိရမည်ဟု သတ်မှတ်ချက် မရှိ။ မိမိကြိုက်နှစ်သက်သည့် အတိုင်းပင်တည်း။

သမထဆိုသည်ကား စိတ်တည်ငြိမ်မှုရအောင် အာရုံတစ်ခုခုအပေါ်မှာ စိုက်ပြီး ရှုမှတ်ရပါသည်။ ၀ိပဿနာဆိုသည်ကား ရုပ်နှင့် နာမ်(စိတ်)တို့၏ ဖြစ်ပေါ်ပြီး ပျက်, ပျက်သွားသည့် သဘောကို ရှုမှတ် ရပေသည်။ (ရုပ်ဆိုသည်ကား မသိတတ်သည့်သဘောတည်း။ မြေရေလေမီး၊ ကိုယ်၊ ၀င်လေ ထွက်လေစသည့် အရာဝတ္တုများ။ နာမ်ဆိုသည်ကား- သိတတ်သော သဘောတည်း။ စိတ်နှင့် ဝေဒနာ လောဘ ဒေါသ သဒ္ဓါ ပညာစသည့် တရားများ။)

နောက်တစ်မျိုးမှတ်ရန်ကား သမထဆိုသည်မှာ တစ်နေရာတည်းမှာ စိုက်ပြီး ရှုမှတ်ရ၏။ ၀ိပဿနာဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ရ၏။

ဘာ့ကြောင့် ဘာဝနာကို ပွားများရသလဲ
............................................

ရုပ်ခန္ဓာကိုယ်ကြီးသည် အစားအစာတည်းဟူသော အာဟာရလိုအပ်သကဲ့သို့ စိတ်သည်လည်း အာဟာရလိုအပ်ပေသည်။ စိတ်ထဲ၌ ပူပန်မှု ကြောင့်ကြမှု အလိုမကျမှု မနာလိုမှု ၀န်တိုမှု အလို ရမက်ကြီးမှု မသိနားမလည်မှုစသည်တို့ လွန်လွန်ကဲကဲဖြစ်နေလျှင် စိတ်သည် ပင်ပန်း ဆင်းရဲနေ၏။ ယင်းပန်းဆင်းရဲမှုကို ``စိတ်၏ဖိစီးမှု´´ဟုပြောကြ၏။

``စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ကိုယ်ကြေ´´ ဆိုသည့်အတိုင်း ယင်းသို့ စိတ် ဖိစီးမှု များနေလျှင် နေလို့ထိုင်လို့မကောင်းတော့။ အခန့်မသင့်လျှင် ရောဂါများပင် ၀င်ရောက်နိုင်၏။ တချို့ ဆိုလျှင် စိတ်ဖိစီးမှုများ လွန်ကဲနေသည့်အတွက် လုံးဝ အိပ်လို့မရ။ သမထ (သို့) ၀ိပဿနာကိုသာ အားထုတ်လိုက်စမ်းပါ။ လုံးဝ အဆင်ပြေသွားနိုင်ပါသည်။

ထို့ကြောင့် စိတ်ဖိစီးမှုများ ကျဆင်းဖို့အတွက် စိတ်၏အာဟာရသဖွယ်ဖြစ်သော သမထ (သို့) ၀ိပဿနာကိုသာ တတ်စွမ်းသမျှ အားထုတ်သင့်လှပေသည်။ ဆေးသိပ္ပံပညာရှင်များက စိတ်ဖိစီးမှု ကျဆင်းဖို့အတွက် ဘာဝနာကို ပွားများအားထုတ်သင့်ကြောင်း အကြံပြုထား၏။

အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက ``သူ့မှာရောဂါဖြစ်စဉ် ဒုက္ခဝေဒနာ၏ဒဏ်ကို အလူးအလှိမ့်ခံခဲ့ရကြောင်း၊ အလွန်ပြင်းထန်သော ထိုဒုက္ခဝေဒနာကို ဘာဝနာဖြင့် ခုခံခဲ့ရကြောင်း၊ ဘာဝနာသာ ပွားများမှုမရှိလျှင် အခုလို အသက်ရှည်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လူမှုဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့အတွက် တစ်ရက်လျှင် ၁-နာရီဝန်းကျင်လောက် ဘာဝနာကို အားထုတ်သင့်ကြောင်း´´ စသည်ဖြင့် မဟာစည်ဆရာတော်၏ ဟောတရားစာအုပ်နိဒါန်း၌ သူကိုယ်တိုင် ရေးသားတိုက်တွန်း ခဲ့ပါသည်။

သမထ (သို့) ၀ိပဿနာကို ရှုမှတ်စဉ်အတွင်း၌ စိုးရိမ်မှု ကြောင့်ကြမှု ပူပန်မှုတို့ မရှိတော့ရကား စိတ်၏ တည်ငြိမ်မှု, ငြိမ်းအေးမှုကိုလည်း အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့ကြောင့် လောကဓံတို့၏ ထိုးနှက်မှုကိုလည်း ခုခံနိုင်စွမ်းရှိပါသည်။

နောက်ပြီး မိမိစိတ်၏ အကြောင်းကိုလည်း ပို၍သိမြင်လာပါသည်။ ကိုယ့်စိတ်အကြောင်း ကိုယ် သိမှလည်း ပြင်လို့ရမည်ဖြစ်ပါ၏။ တချို့ဆိုလျှင် တရားရှုမှတ်ပြီးနောက် မိမိ၏အမှားများကို သိရှိပြီး ကိုယ်ပြစ်မှားမိခဲ့သူများကို ခွင့်လွှတ်ဖို့ပင် တကူးတက သွား၍ တောင်းပန်ကြ၏။ ဤသည်တို့ကား မျက်မှောက်ဘ၀၌ ဘာဝနာ၏ လက်တွေ့အသုံးဝင်ပုံတို့ပင်တည်း။

လူငယ်လေးတစ်ယောက်ကတော့ ပြော၏။ ``တရားရှုမှတ်လိုက်သည့်အတွက် ကိုယ် ဘာ လုပ်ရမယ်, ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေကို ရလာပါတယ်´´ဟူ၏။

ထို့အပြင် ဘာဝနာရှုမှတ်ခြင်းကြောင့် မျက်မှောက်ဘ၀၌ ဈာန်, မဂ်, ဖိုလ်များကို မရရှိတောင် နောက်နောင်ဘ၀များ၌ အလွယ်တကူ ရရှိနိုင်ပါသည်။ ဤကား ဘာဝနာရှုမှတ်ခြင်းကြောင့် ရရှိနိုင် သည့်အကျိုးတရားများဖြစ်ပါသည်။

``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´ဟု ဓမ္မက သင့်ကို ကြိုဆိုနေလျက်ပါ။

``သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ´´
အရှင်ဒေ၀ိန္ဒာဘိဝံသ(၂၆၊ ၀၇၊ ၂၀၀၉)၏ ဆောင်းပါးမှ ကောက်နုတ်ပါသည်။