ဒီနေ့မနက် အိပ်ယာက အစောကြီးနိုးလာတယ်။ အချိန်က နံနက် နှစ်နာရီခွဲ။
စောနေသေးလို့ ပြန်အိပ်ဖို့ ကြိုးစားကြည့်တယ်။ အိပ်လို့မရအောင်
ဖြစ်နေခဲ့တာကြောင့် ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့
ဘာလုပ်သင့်တယ်ဆိုတာကို စဉ်းစားလို့မရနိုင်အောင် ဖြစ်နေခဲ့ပြန်တယ်။
တရားသွားထိုင်ဖို့ဆိုတာကလဲ (ဆင်ခြေက ပါနေတော့) နဲနဲစောနေသေးတယ်လို့
ထင်မိတယ်။ စဉ်းစားရင်း စဉ်းစားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရာက
အတွေးတစ်ခုဝင်လာတယ်။ ဟုတ်ပြီ … ။ ဘာကြောင့် လူတွေဟာ လူတွေအကြောင်းကို
တွေးကြသလဲ။ ဘာကြောင့် လူတွေဟာ လောကအကြောင်းကို စဉ်းစားကြသလဲ။ အဲဒီလို
စဉ်းစားမိရင်း သြော် … တွေးတာဆိုတာဟာလဲ အလုပ်တစ်မျိုးကို လုပ်နေခြင်းပဲလို့
သဘောပေါက်မိတယ်။
ပညာရှိစကား (the wise saying)လို့ သတ်မှတ်ခံထားရတဲ့စကားမျိုးထဲမှာ ကျိုးကြောင်းဖြစ်စဉ်ကို အခြေခံပြီးပြော တာမျိုးရယ်၊ အတွေ့အကြုံကို အခြေခံပြီး ပြောတာမျိုးရယ်၊ (သို့မဟုတ်) စာပေကို မှီငြမ်းပြုပြီး ပြောတာမျိုးရယ် ဒီအချက်တွေကို တွေ့နိုင်တယ်။ ဥပမာ၊ “မင်းဘယ်တော့မှ မရသေးတဲ့အရာတစ်ခုကို ရနိုင်ဖို့ ဘယ်တုန်းကမှ မလုပ်ဖူးသေးတဲ့ အလုပ်ကို မင်းလုပ်ရမယ်” (to get something you never had, you have to do something you never did.) ဆိုတဲ့ စကားမျိုးတွေ၊ “သူ့ (သူ့အမေပြောတဲ့) ဘာသာစကားကို သင်ယူဖို့ (ပြောဖို့) ပျက်ကွက်သူဟာ သူနေတဲ့ (သူ့အမေနေတဲ့) ကမ္ဘာမှာ သူဟာ ပျောက်ဆုံးနေသူပဲ” (He who loses his language loses his world.) ဆိုတဲ့ စကားမျိုးတွေပါ။ စကားတန်ဖိုးဟာ ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာ စကားတန်ဖိုးကိုသိထားသူမှ နားလည်သဘောနိုင်မှာပါ။
တန်ဖိုးကြီးတဲ့ ပညာရှိတွေရဲ့ စကားထဲမှာ “ပညာရှိ သတိဖြစ်ခဲ” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။
ဒီစကားစုနှင့်စပ်ပြီး ဆွေးနွေးပြောဆိုရရင် ဗုဒ္ဓစာပေထဲမှာ စကားဖြစ်ပေါ်လာဖို့အတွက် အကြောင်း သုံးမျိုးရှိ တယ်လို့ ဖေါ်ပြထားတယ်။ အဲဒီအကြောင်းသုံးမျိုးကတော့
(၁) အတိတ်ကာလကို အကြောင်းပြုပြီး ပြောတဲ့စကား။
(၂) အနာဂတ်ကာလကို အကြောင်းပြုပြီး ပြောတဲ့စကား။
(၃) ဖြစ်ဆဲပစ္စုပ္ပန်ကာလကို အကြာင်းပြုပြီး ပြောတဲ့စကားရယ်လို့ စကားဖြစ်ပေါ်လာဖို့ရာ အကြောင်းသုံးပါးရှိနေခြင်းပါ။
စကားပြောကြရမှာ ကာလသုံးပါးကို လွန်ပြီး ပြောဆိုတဲ့စကားမျိုးဆိုတာကတော့ မရှိသလောက် ရှာမှရှားပါ။
ဗုဒ္ဓစာပေ (ထေရဂါထာ) မှလာတဲ့ စကားစုလေးတစ်ခုကို စာရေးသူ သဘောကျနေတာရှိတယ်။ အရှင်ဝပ္ပမထေရ် ပြောခဲ့တဲ့ စကားစုလေးတစ်ခုပါ။ သူပြောထားတာက – “မြင်သောသူသည် မြင်သူကိုလည်း မြင်၏။ မမြင်သူကိုလည်း မြင်၏။ မမြင်သောသူသည်ကား မမြင်သူကိုလည်း မမြင်။ မြင်သူကိုလည်း မမြင်”တဲ့။ ဒီစကားစုမှာ စဉ်းစားစရာတွေက တစ်လှေကြီး၊ တွေးစရာတွေက တစ်ပုံကြီး။
လောကမှာ လူနှစ်မျိုးနှစ်စားရှိနိုင်ကြောင်းကို ဆွေးနွေးထားခြင်းပါ။ ထိုသူနှစ်ယောက်ကတော့ – မြင်သူနှင့် မမြင်သူ။ ထိုနှစ်ယောက်ထဲမှာ မြင်တဲ့သူက မျက်စိမြင်တဲ့သူနှင့် မျက်စိမမြင်တဲ့သူ ဤလူနှစ် ယောက်ကို ခွဲခြားမြင်နိုင်မယ်။ မျက်စိမမြင်တဲ့သူကတော့ မြင်သူ၊ မမြင်သူ ဤလူနှစ်ယောက်လုံးကို ခွဲခြားမမြင် နိုင်ခြင်ပါ။ ဥပမာ၊ လောကမှာ မျက်စိအမြင်ရှိသူဟာ မျက်စိအမြင်ရှိသူကိုလည်း မြင်နိုင်တယ်။ မျက်စိမမြင်တဲ့ သူကိုလည်း မြင်နိုင်တယ်။ မျက်စိမမြင်တဲ့သူတွေကြတော့ မျက်စိမမြင်တဲ့ သူကိုရော၊ မျက်စိမြင်တဲ့သူကိုပါ မမြင်နိုင်တော့ တဲ့အချက်ပါပဲ။ မျက်စိအမြင်ရှိသူတွေထဲမှာလည်း သစ္စာတရားကို ကိုယ်တိုင်သိမြင်ထားသူက သစ္စာသိမြင်ထားတဲ့သူတွေကို လည်း မြင်နိုင် တယ်။ သစ္စာသိမြင်မထားတဲ့ သူတွေကိုလည်း မြင်နိုင်ခြင်းပါ။ ဒီလို လူအမျိုးအစားတွေ အမျိုးမျိုးရှိနေတဲ့အထဲမှာ ကိုယ်ဟာ ဘယ်လို လူမျိုးလဲဆိုတာ ကိုယ်တိုင်သိနိုင်ဖို့ပါ။
လူတွေဟာ လူ့ဘ၀ရဲ့ အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပြောဆိုကြရမှာ စည်းစိမ်ဓနနဲ့ ချိန်ဆပြီး လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်တာမျိုးလည်းရှိတယ်။ ပညာအဆင့်အတန်း (ပညာအရည်အချင်း) နှင့် ချိန်ထိုးပြီး သတ်မှတ်ကြတာမျိုးလည်းရှိတယ်။ ကိုယ်ကျင့်တရား (ကိုယ်ကျင့်သိက္ခာ)နှင့် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ် ပြောဆိုကြတာမျိုးလည်း ရှိနေပြန်တယ်။ အကယ်၍များ မလွှဲမကင်းသာတဲ့ အခြေအနေမျိုး တစ်ခုမှာ သင်ကိုယ်တိုင် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပေးရမယ်ဆိုရင် ဘယ်အရာကိုစံထားပြီး သင့်အနေနှင့် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပေးမှာလဲ။ ငွေကြေးဓနကို အဓိကထားမှာလား၊ ပညာ အရည်အချင်းကို အဓိကထားမှာလား၊ ကိုယ်ကျင့်သိက္ခာကို အဓိကထားမှာလား။ သင့်သဘောထားကို စိတ်ဝင်စားနေမိခြင်းပါ။
ရှုပ်ထွေးလှတဲ့ ယနေ့မြန်မာနိုင်ငံရဲ့ မျက်မှောက်နိုင်ငံရေးမှာ အခြေအနေများက ရှုပ်ထွေးနေဆဲပါ။ နိုင်ငံရေးနှင့်စပ်တဲ့ သဘောထားအမြင်များ ရှုပ်ထွေးချိန်မှာ ပြည်တွင်းမှာ ရှိတဲ့လူများက နိုင်ငံတော်ကို မြင်တဲ့အမြင်ကတစ်မျိုး၊ ပြည်ပမှာရောက်နေတဲ့ မြန်မာများက နိုင်ငံတော်ကို မြင်နေတာကတစ်ဖုံ အမြင်တွေက မျိုးစုံနေတော့ နိုင်ငံတော်အတွက် အသွင်ကူးပြောင်းရေးမှာ ညှိနှိုင်းဖို့ ထင်သလောက် မလွယ်ကူနိုင်တာကို တွေ့မြင်နေရခြင်းပါ။
အမြင်တွေက ကွဲပြားနေတော့ အသွင်တွေက မတူညီနိုင်အောင်ရှိနေခြင်းပါ။ အမြင်ဆိုတဲ့ ဝေါဟာရမှာ မြင်ပုံခြင်းရာတွေကို နားလည်သဘောပေါက်နိုင်ဖို့ မျက်စိဆရာဝန်များရဲ့ စကားနဲ့ (ကော်ပီယူပြီး) ပြောရမယ် ဆိုရင်တော့ – တချို့ မျက်စိဝေဒနာရှင် လူနာများဟာ အနီးမြင်ပြီး အဝေးမှုန်နေတာမျိုးလည်းရှိတယ်။ အဝေးမြင်ပြီး၊ အနီးမှုန်နေတာမျိုးတွေလည်းရှိတယ်။ အဲ တချို့ကြတော့ အနီးလည်းမှုန်တယ်၊ အဝေးလည်း မှုန်တယ်။ တချို့ကြတော့ အနီးလည်းမြင်၊ အဝေးလည်းမြင်တယ်။ အနီးမှုန်၊ အဝေးမှုန်ဖြစ်နေတဲ့ ထိုမျက်စိ ဝေဒနာရှင်မျိုးဟာ တိမ်ရင်လည်းဖုံးနေမယ်။ ကွယ်ရင်လည်း ကွယ်နေမယ်။ ဒါမျိုးဖြစ်နေုရင် ထိုမျက်စိမျိုးကို ခွဲစိပ်ပြီး တိမ်ကိုချစ်ပစ်ရင်ပစ်၊ သို့မဟုတ် မျက်ကြည်လွှာ အစားထည့်ပြီး ကုပေးရင်ပေး ဒါမျိုးကို လုပ်ပေးလေ့ ရှိကြတယ်ဆိုတာ တဆင့်ကြားသိရခြင်းပါ။ ဒီလိုဆို နိုင်ငံရေးနယ်ပယ်မှာ အနီးမှုန်၊ အဝေးမှုန်ဖြစ်နေတဲ့ နိုင်ငံရေး သမားတွေရဲ့ အမြင်တွေ ကြည်လင်လာအောင် ဘယ်လိုအစားထိုးပြီး ကုစားပေးကြမလဲ။
နိုင်ငံရေးဂုဏ်သိက္ခာဆိုတာ နိုင်ငံတွင်းမှာ နေသူများကလည်း မြှင့်တင်ပေးနိုင်သလို၊ ပြည်ပမှာ ရောက်နေသူများကလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သို့သော် အသွင်းကူးပြောင်းဆဲကာလမှာ အဖုအထစ်များတဲ့ လမ်းကို အသုံးမပြုပဲ အဖုအထစ်နည်းတဲ့လမ်းကို အသုံးပြုကြဖို့ပါ။ ဆိုလိုတာက အမြင်မတူတာတွေ၊ ကိုယ်တစ်ယောက်တည်း (ကိုယ့်တစ်စုတည်း) လုပ်လို့ မဖြစ်နိုင်သေးတဲ့ ကိစ္စမျိုးတွေကို ခဏထားပြီး၊ တိုင်းကျိုး ပြည်ကျိုးအတွက် ကိုယ့်အမြင်နှင့်တူတဲ့ အတွေးအမြင်တွေ၊ ကိုယ်လုပ်ပေးနိုင်တဲ့ ကိစ္စတွေကို နိုင်ငံနှင့် လူမျိုးအတွက် ၀ိုင်းဝန်းဆွေးနွေးပေးကြဖို့ပါ။ အမျိုးသားအရေးမို့ သွေးစည်းညီညွတ်တဲ့အသွင်ကိုဆောင်လျှက် တိုင်းပြုပြည်ပြု လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြဖို့ပါ။ ကိုယ်မြင်တာကို သူတို့ကမမြင်နိုင်ကြ သေးရင်၊ သူတို့မြင်တာကို ကိုယ်ကမမြင်နိုင်သေးရင် အပြန်အလှန် နားလည်ပေးနိုင်ပြီး စေတနာသန့်သန့်ဖြင့် အမြင်ခြင်း ဖလှယ်နိုင်ကြဖို့ပါ။
အမြင်ခြင်းဖလှယ်တဲ့အခါမှာ တိုင်းပြည်အတွက် အသွင်ကူးပြောင်းရေးကာလ ဖြစ်နေတဲ့အချိန်မို့ ဦးစားပေး ဆောင်ရွက်သင့်တဲ့အချက်က ပြည်သူ၊ ပြည်သားများရဲ့ အသက် အိုးအိမ် စည်းစိမ်ဥစ္စာများ လုံခြုံမှ ရှိနိုင်ဖို့ပါ။ လုံခြုံမှုရရှိနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးကို အစိုးရနှင့်ပြည်သူ အတူလက်တွဲ၍ ဆောင်ရွက်ကြရမှာပါ။ ထစ်ကနဲဆို လက်သီးလက်မောင်းတန်းပြီး လမ်းပေါ်ထွက်၍ ပြည်သူ့ဆန္ဒများကို ထုတ်ဖေါ်နေကြမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အချိန်တွေ များစွာဖင့်နှေးသွားနိုင်ခြင်းပါ။
ဆန္ဒကို ထုတ်ဖေါ်ရာမှာ လက်သီးလက်မောင်းတန်း၍ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ခြင်းမျိုးထက် အခြားအားသာတဲ့နည်းနှင့် ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ခြင်းမျိုးဟာ တိုင်းပြည်တိုးတက်ရေး၌ ကိုယ်တိုင်ပါဝင်၍ တိုင်းပြည်ကို ကူညီနေခြင်းတစ်မျိုးပါ။ မှန်ကန်တဲ့ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်နိုင်တဲ့နည်းလမ်းတစ်ခုဟာ ပြည်သူများ တက်ညီလက်ညီ တစ်စည်းတစ်ရုံးဖြင့် ထုတ်ဖေါ်လိုသောဆန္ဒကို လက်မှတ်ထိုး၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပေးနိုင်ခြင်းပါ။ ထိုကြောင့် ပြည်သူများ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုတဲ့ ရပိုင်ခွင့် များကို နားလည်သဘောပေါက်အောင် စီဗစ် အက်ဒျူကေးရှင်း – Civic education (ပြည်သူတို့ သိထားသင့်တဲ့ နိုင်ငံသားအခွင့်အရေးနှင့်စပ်ဆိုင်သော ပညာရေးမျိုး) ကို နိုင်ငံတော်မှ တီဗီ ချန်နယ် (TV Channel)များကို အသုံးပြုလျှက် အစဉ်မပြတ် ထုတ်လွှင့်ပေးသင့်ခြင်းပါ။
ပညာတတ်နည်းပါးသောလူမျိုးသည် ကိုယ်တိုင် ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်ရေးကိုလည်း မသိနိုင်သလို၊ ကိုယ်တိုင် ရပိုင်ခွင့်မရှိတဲ့ သူ့အခွင့်ရေးကိုလည်း ခွဲခြားမသိနိုင်ပါ။ လိုချင်တာကို တောင်းရခြင်းသည် လူ့အခွင့်ရေးဟု ထင်မြင်နေကြသည်မှာ ၀မ်းနည်းရမဲ့ကိစ္စမျိုး ဖြစ်နေခြင်းပါ။ ထိုကြောင့် နိုင်ငံရေးဗဟုသုတနှင့် နိုင်ငံရေးအသိတရားများ တိုးပွားလာနိုင်စေရန် နိုင်ငံတော်မှ ရေတို၊ ရေရှည် စီမံကိန်းများချမှတ်၍ ဒီမိုကရေစီနိုင်ငံတော်အတွက် ပညာရေးဘတ်ချက်များကို တိုးမြှင့်ပေး၍ ပညာရေးမူဝါဒများကို အလျှင်အမြန် ပြုပြင်ပြောင်းလဲ ပေးသင့်ခြင်းပါ။
ထိုသို့ပြုလုပ်ပေးနိုင်ပါမှ မြို့ပြ ကျေးရွာမှသည် တောင်ပေါ် မြေပြန့်ဆီသို့ တပြေးညီ အခြေခံပညာရေးကို သင်ကြားခွင့်ရနိုင်မှာပါ။ အခြေခံ ပညာရေးအဆင့်အတန်းများ၊ လူနေမှုအဆင့်အတန်းများ ခြားနားမှု မရှိနိုင် စေရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ မွေးဖွားကြသော ကျောင်းသူ၊ ကျောင်းသားများအားလုံး အတွက် ပညာရေးအဆင့်အတန်းကို ဦးစွာမြှင့်တင်ပေးရမှာပါ။
ဤအရေးသည် နိုင်ငံတော်၏အရေး ဖြစ်နေ ခြင်းပါ။ ထိုသို့ အခြေခံပညာရေးကို မြှင့်တင်ပေးရာ၌ ကျောင်းသူ၊ ကျောင်းသားတိုင်း (၁)အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုးဖြစ်အောင်၊ (၂) အခမဲ့ပညာရေးမျိုးဖြစ်အောင်၊ (၃) (အတန်းတွင်းမှာပင် တတ်မြောက် အောင်သင်ပေးတဲ့) ကျူရှင်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ အလျင်အမြန် ဆောင်ရွက် ပေးရပါမှာပါ။ ပြည်သူတွေ ပညာတတ်မှ (ယုတ်စွအဆုံး) အခြေခံပညာအထက်တန်းကို ပြည်သူတိုင်း သင်ကြားခွင့်ရှိမှ နိုင်ငံတော်ကြီး တိုးတက်လာနိုင်မှာဖြစ်တယ်။ ပြည်သူတွေ အဆင့်တန်းရှိရှိ နေထိုင်နိုင်ဖို့ ပြည်သူတွေကလည်း နိုင်ငံတော်ကို ၀ိုင်းဝန်းကူညီကြဖို့ပါ။ ပညာရေးအခြေခံနည်းတဲ့ ပြည်သူများရဲ့ဘ၀သည် အနီးလည်းမှုန်၊ အဝေးလည်းမှုန်နေသူများနှင့် ပမာတူလှသည်ကို ပညာရှိများ သတိတရား ထားနိုင်ကြဖို့ပါ။
လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ပြည်သူများရဲ့ ရပိုင်ခွင့်နှင့် နိုင်ငံတော်မှ လုပ်ပိုင်ခွင့်အနေအထားများကို ပြည်သူများနားလည်အောင် ရေဒီယို၊ တီဗီပရိုဂရမ်များမှတဆင့် မကြာခဏဆိုသလို ထုတ်လွှင့်ပေးသင့်ခြင်းပါ။ ပညာရေး အသိတရားများနည်းပါးသော ပြည်သူများကို ပြည်သူများ၏ရပိုင်ခွင့် အနေအထားသဘောမျိုး သက်ရောက်အောင် လက်ပံတောင်းတောင် အရေးအခင်းက စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းပါ။
ထိုအရေးအခင်းအတွက် မည်သူ မှားသည်၊ မှန်သည်ကို အဆုံးအဖြတ်များပေးဖို့ထက် သံဃာတော် များ၏ ရှုထောင့်ကို ဦးစွာတင်ပြလိုခြင်းပါ။ မီးလောင်ဗုံး (မျက်ရည်ယိုဗုံး) ကြောင့် ဒဏ်ရာများရခဲ့သော သံဃာတော်တစ်ပါး၏ သဘောထားမှာ – “ဒီဖြစ်ရပ်အတွက် အစအဦးပိုင်း၌ ဒေါသများ ဖြစ်ခဲ့မိတယ်။ (ရန်ကုန်ဆေးရုံကြီး၌ တက်ရောက်ပြီး ဆေးကုသခံနေသော ရဟန်းတစ်ပါး၏ ရင်ဖွင့်သံပါ) သို့သော် နိုင်ငံတော်အကြီးအကဲများ၏ ဆေးကုသရေး၌ ကူညီပံ့ပိုးပေးမှု၊ ပြည်တွင်း ပြည်ပ အလှူရှင်များ၏ စေတနာနှင့် ကူညီပံ့ပိုးပေးမှုတို့ကြောင့် ဒေါသများ တဖြေးဖြေး ပြေပျောက်သွားခဲ့တယ်”ဟူသော ရင်တွင်းစကားကို ကိုယ်တိုင် ကြားသိခဲ့ရခြင်းပါ။
ဤဖြစ်ရပ်နှင့်ပတ်သက်၍ သက်တော်ရှည်ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၏ သဘောထားအမြင်မှာ – “ထေရ၀ါဒ ဗုဒ္ဓဘာသာအနွယ်ဝင် သက်တော်ရှည် ဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများသည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင် ဖြစ်ရပ်နှင့်စပ်လျဉ်း၍ များစွာ နှလုံးစိတ်ဝမ်း မငြိမ်း ချမ်းကြောင်း၊ ထိခိုက် ဒဏ်ရာရရှိခဲ့သော ရဟန်းရှင်လူများအား အမြန်ဆုံး သက်သာပျောက်ကင်းအောင် အထူးကြပ်မတ်၍ ကုသစေလိုကြောင်း၊ ဘုရား၊ စေတီ၊ တန်ဆောင်း၊ ကျောင်း၊ ကန်၊ သိမ် အစရှိသော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် သာသနိက အဆောက်အအုံများကို မထိခိုက်စေလိုကြောင်း၊ ရဟန်းပျိုများအား ဆန္ဒပြပွဲ၊ ဖေါ်ထုတ်ပွဲများတွင် မပါဝင်ကြစေရန် သြ၀ါဒပေးခဲ့ပြီး အများစုမှာ လိုက်နာကြသော်လည်း အချို့ အနည်းစုမှာ ထိန်းသိမ်းရခက်ခဲနိုင်ကြောင်း၊ လျှောက်လှမ်းကာစ ဒီမိုကရေစီလှမ်းခရီးကို ဖြောင့်ဖြူးသာယာ အေးချမ်းစေလိုကြောင်း၊ နိုင်ငံနှင့်လူမျိုး ဘာသာနှင့်သာသနာ အကျိုးစီးပွားအတွက် ဦးစားပေး ဆောင်ရွက်စေ လိုကြောင်းဖြင့် မွန်မြတ်သော သြ၀ါဒတော်များ မြွက်ကြားခဲ့သည်ကို နာယူမှတ်သားခဲ့ရပါသည်။” ဟု စုံစမ်းစစ် ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်ကို ဖတ်ရှုရခြင်းပါ။ (စာအမှတ် ၀၁၊ ကြေးနီ (ကော်မရှင်)၊၂၀၁၉-၅၉။ ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)
သို့သော် လက်ပံတောင်းတောင် ကြေနီစီမံကိန်း၌ အကြမ်းဖက်နှိမ်နှင်းခဲ့မှုနှင့်ပတ်သက်သော ဖြစ်ရပ်၌ စဉ်းစားစရာတွေ၊ တွေးတောစရာတွေ များစွာကျန်ရှိနေခြင်းပါ။ ဖြစ်စဉ်ကို သုံးသပ်ဆင်ခြင်ကြည့်လျှင် – (၂၉-၁၁-၂၀၁၂) ရက်နေ့မှ (၇-၁၁-၂၀၁၂) ရက်နေ့အထိ ဆေးရုံတက် လူနာပေါင်း ၁၀၈ ဦး ရှိခဲ့တယ်။ ထိုလူနာပေါင်း ၁၀ဂ ဦးထဲ၌ သံဃာတော်က (၉၉) ပါး + လူက ( ၉) ဦးမျှသာ ပါဝင်နေတာကို တွေ့ရတယ်။ ပြဿနာရဲ့အခြေခံဖြစ်တဲ့ မူလဆန္ဒပြသူများဖြစ်တဲ့ လူဦးရေ အရေးအတွက်ဟာ (၉)ဦးမျှသာ ပါဝင်ပြီး၊ ပြဿနာကို ပံ့ပိုးပေးတဲ့အနေနှင့် ပါဝင်ပတ်သက်လာခဲ့တဲ့ သံဃာတော်များဦးရေးက (၉၉)ပါးဖြစ်နေတယ်။ လူပုဂ္ဂိုလ်များထက် အဆမတန် သံဃာ့ဦးရေက များလွန်းနေခြင်းဟာ ဘာကြောင့်လဲ၊ ဘယ်လိုလဲ၊ ဘာဖြစ်လို့လဲ စတဲ့ မေးခွန်းများကို ဆက်တိုက်မေးလိုခြင်းပါ။ ကိုယ်ကျိုးစီးပွားအတွက် အများရဲ့အကျိုးစီးပွားများ ထိခိုက်နစ်နာ စေခြင်းဟာ လူ့အခွင့်ရေးရှုထောင့်ကကြည့်ကြည့်၊ နိုင်ငံရေးရှုထောင့်ကနေကြည့်ကြည့် စဉ်းစားစရာတွေ၊ တွေးတော စရာတွေက အများကြီးရှိနေဆဲဖြစ်တယ်။
ဒီလက်ပံတောင်းတောင် အရေးကိစ္စနှင့် စပ်လျဉ်း၍ သပိတ်အိုင် ဆရာတော်ကြီး၏ သြ၀ါဒစကားကို နှစ်ခြိုက်မိခြင်းပါ။ သံဃာတော်များဟာ မလိုအပ်ဘဲ လမ်းပေါ်မှာ မထွက်သင့်ဘူး။ အကယ်၍ လိုအပ်လာ လျှင်လည်း သံဃာဆန္ဒကို ထုတ်ဖေါ်နိုင်ရန် သံဃာတော်များရဲ့ လက်မှတ်ကို ကောက်ယူ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလျှက် ဆန္ဒကို ထုတ်ဖေါ်ပြောဆိုကြရမှာဖြစ်တယ်ဟု မိန့်မှာထားခြင်းပါ။ သို့သော် ဤအရေအခင်း၌ တစုံတစ်ယောက်၏ ပယောဂကြောင့် နောက်ထပ်တစ်ဖန် မလိုအပ်ဘဲ သံဃာတော်များအား ဒဏ်ရာအနာတရများ ထပ်မံဖြစ်ခဲ့ဦးမည်ဆိုလျှင် ထိုလှုံ့ဆော်သူများ၏ ပယောဂများ မကင်းနိုင်ကြောင်း သိထား နိုင်ကြဖို့ပါ။ သံဃာတော်များ ဘေးရန်ကင်းပါစေ။ ပြည်သူများလည်း ဘေးရန်ကင်း၍ လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။
ဒီမိုကရေစီစနစ်နှင့် စပ်လျဉ်း၍ ကောက်ချက်ချပြရလျှင့် – မြန်မာနိုင်ငံ၌ မွေးဖွားလာသော ဒီမိုကရေစီ သားငယ်လေးသည် တစ်နှစ်သားအရွယ်သာသာ ရှိနေသေး၍ နုနယ်လှသေးသည်။ စာရှုသူသည် တိုင်းပြည် အတွက် ဝေဖန်ရေးသမားသက်သက် ဖြစ်နေခြင်းမျိုးထက် ဒီမိုကရေစီသားငယ်လေးအား ကျန်းကျန်းမာမာဖြင့် ကြီးပြင်းလာနိုင်စေရန် မိဘအသွင်ဖြင့် (သင့်မှာ မိခင်ဘခင်စိတ်ရှိနေခဲ့လျှင်) ကူညီသင့်သည်။ သို့မဟုတ် သင့်မှာ ဒီမိုကရေစီသားငယ်လေးကို စောင့်ရှောက်ပေးနိုင်တဲ့ ဆရာအရည်အချင်းများ ရှိနေခဲ့လျှင် ဆရာသမား အသွင်ဖြင့် စောင့်ရှောက်သင့်သည်။ သို့မဟုတ် သင့်မှာ ကလေးငယ်ကို သနားကြင်နာတတ်တဲ့ မိခင်စိတ် ဓာတ်မျိုး ရှိနေခဲ့သူဖြစ်လျှင် ကလေးထိန်းအသွင်ဖြင့် ဒီမိုကရေစီသားငယ်လေးကို ကြည့်ရှုသင့်သည်။
ထိုအခါ သင်သည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာအတွက် ဘေးအပေါင်းကို ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတော်ရဲ့ သူရဲကောင်းကြီးအသွင် ဖြစ်ကောင်းဖြစ်လာနိုင်ခြင်းပါ။ မြန်မာနိုင်ငံတော်ရဲ့ သူရဲကောင်းကြီးများ ဘေးမသီ ရန်မ ခပဲ ကမ္ဘာငြိမ်းချမ်းရေးကို ရှေ့တန်းမှာ ကာကွယ် စောင့်ရှောက်နိုင်သူများ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက် … ။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ
ဒေါက်တာဓမ္မပိယ (ITBMU)
မတ်လ ၁၇၊ ၂၀၁၃