Friday, February 1, 2013

ပညာရှင်မြန်မာနိုင်ငံသားနှင့် ပတိရူပဒေသ၀ါသောစ

 

ပညာရှင်မြန်မာနိုင်ငံသားနှင့် ပတိရူပဒေသ၀ါသောစ

အခါတစ်ပါးတွင် လူများစွာက တရုတ်နဂါးကြီးသည် အမေရိကားကို အလဲထိုးနိုင်မည့် စူပါပါဝါနိုင်ငံတစ်ခုမဟုတ်တုံလောဟု မေးမြန်းသောအခါ များစွာသော လူပုဂ္ဂိုလ်များက ၄င်းအယူအဆသည် ဖြစ်တန်ရာသည်ဟု ထောက်ခံကြကုန်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကမူ စင်ကာပူနှင့် အမေရိကားသည် ကမ္ဘာပေါ်မှ အကောင်းဆုံး ဦးနှောက်များကို ဆွဲဆောင်နိုင်နေသေးသ၍ တရုတ်လက်သီးအောက် လဲကျဖို့မဖြစ်နိုင်ဟု သုံးသပ်ခဲ့သည်။ တရုတ်သည် ကမ္ဘာ့အကောင်းဆုံးဦးနှောက်များကို ဆွဲဆောင်နိုင်သော ပတိရူပဒေသ မျိုးတော့ မဟုတ်။ 
 
ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး စီးပွားရေးလုပ်တတ်သော နိုင်ငံကြီးတစ်နိုင်ငံသာ ဖြစ်သည်။ အမြော်အမြင်ကြီးမားသော ခေါင်းဆောင်များအဆင့်ဆင့်ပေါ်ထွန်းလာသော်လည်း အနာဂတ်ကို ပဲ့ကိုင်နိုင်မည့် ဆန်းသစ်တီထွင်မှုများကို ဗဟိုချုပ်ကိုင်မှု အားကောင်းသော တရုတ်ကွန်မြူနစ်ပါတီက စိန်ခေါ်နေဆဲ ဖြစ်သည်။ ထို့ပြင်လည်း ဦးနှောက်ယိုစီးမှုသည် တရုတ် နှင့် အိန္ဒိယ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများကို ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

ဦးနှောက်ယိုစီးမှု ပြဿနာသည် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းကို ခြိမ်းခြောက်နေသည် မှန်သော်လည်း မြန်မာနိုင်ငံအတွက်မူ သေရေးရှင်ရေးမျှ ဖြစ်သည်ဟု မြင်သူက မြင်သည်။ အကြောင်းမှာ ပညာရှင်များ၏ ၈၅ ရာခိုင်နှုန်းခန့်က ပြည်ပတွင် အလုပ်လုပ်ကိုင်လိုနေပြီး အခြား ၂၅ ရာခိုင်နှုန်းခန့်က ပြည်ပတွင် အမှန်တကယ်အလုပ်လုပ်ကိုင်နေသော နိုင်ငံတစ်ခုအတွက် ဦးနှောက်ယိုစီးမှုသည် သာမန်ပြဿနာတစ်ရပ်ဖြစ်နိုင်မည် မဟုတ်တော့ပေ။ တိုးတက်မလား ပျက်စီးဆုံးရှုံးမလားဟူသော အနာဂတ်အတွက် သေရေးရှင်ရေးတစ်ခု ဖြစ်နေလေပြီ။ မကြာခဏဆိုသလိုပင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မ၀င်ရောက်ခင်မှာပင် ပညာရှင်ကြီးများက မြန်မာနိုင်ငံ၌ ဥာဏလုပ်သားအင်အား ရှားပါးပုံကို ထောက်ပြပြောဆိုခဲ့ကြသည်။ ရင်နှီးမြှုပ်နှံမှုများ အကြောက်လန့်ဆုံး ဒေသမှာ ပညာအခြေခံကင်းမဲ့နေသော ပဉ္စာနန္ဒိယ အရပ်ပင်ဖြစ်သည်။ 
 
ဤအချက်၏ တိုက်ခိုက်မှုကို ၂၀၁၂ ခုနှစ်ရောက်မှပင် နိုင်ငံခေါင်းဆောင်အများအပြား အလန့်တကြားတွေ့မြင်ကြရပြီး ဦးနှောက်ပြန်လည်စီးဝင်မှု ပရိုဂရမ်တစ်ခုအနေဖြင့် PR စနစ်အပါအ၀င် ဥပဒေတစ်ချို့ကို ထိုးသွင်းခဲ့ကြသည်။ သို့ရာတွင် PR အပါအ၀င် ထိုစနစ်များမှာလည်း နိုင်ငံခြားတွင် အနေကြာ၍ အိမ်လွမ်းနေသော သက်လတ်သက်ကြီး ပညာရှင်များကို အိမ်သတိရစိတ် တိုးပွားစေသည်မှအပ တိုင်းပြည်အတွင်းမှ ၁၈၊ ၁၉ နှစ်အရွယ် လူငယ်များ၏ တိုးတက်ကြီးပွားလိုစိတ်ကိုမူ နည်းနည်းမှ မယိမ်းယိုင်စေပါ။ ထိုအခြေအနေကို ပိုမိုဆိုးရွားစေမည့် ပြိုင်ဆိုင်မှုတစ်ခုမှာ ၂၀၁၅တွင် ပေါ်ထွက်လာမည့် AFTA ဖြစ်သည်။ AFTA အတွက်ပြင်ဆင်ထားသော မြန်မာနိုင်ငံ၏ ဥာဏအင်အားမှာလည်း အရေအတွက်ရော အရေအချင်းတွင်ပါ အင်အားနည်းပါးနေသည်မှာလည်း ရတက်မအေးစရာ ဖြစ်သည်။

 စီးပွားရေးသည် ငွေပင်ငွေရင်းတစ်ခုတည်းသာ ဖြစ်သည်ဟူသော မူလဘူတ အရင်းရှင်တို့၏ အယူအဆကို ကမ္ဘာ့နိုင်ငံအသီးသီးက ၁၉ ရာစုတွင် ချန်ထားခဲ့ပြီးသည့်တိုင်အောင် မြန်မာနိုင်ငံအတွက်မူ ငွေများများရှိသော ရေပေါ်စီများကသာ စီးပွားရေးအကွက်အကွင်းကောင်းများကို ပိုင်ဆိုင်ချင်နေဆဲ ဖြစ်သည်။ စွန့်ဦးတီထွင်သူများကို အကာအကွယ်ပေးသော ဥပဒေစိုးမိုးမှု များများစားစားကလည်း မရှိသေးသည့်အပြင် ခေတ်နောက်ပြန်ဆွဲနေသော အရင်းရှင်များ လက်အောက်မှ ၀န်ထမ်းများ၏ ဘ၀အခြေအနေမှာလည်း မျှော်လင့်ချက် ကင်းမဲ့နေသည်။ 
 
စက်ရုံလုပ်သားများသည် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေအတွက် အမြဲမပြတ် တိုက်ခိုက်ဆန္ဒပြနေရသလို အစိုးရ၀န်ထမ်းများမှာလည်း မိသားစု ထမင်းဝိုင်းကို လာဘ်ငွေဖြင့် ထိန်းကျောင်းနေရသည်။ ထိုအခြေအနေမှာ ပညာတတ်များ ပညာရှင်များအတွက် ရိုးသားဖြောင့်မတ်စွာ အလုပ်လုပ်ကိုင်ရင်း ကြီးပွားတိုးတက်နိုင်ခွင့် ဟူသော သင့်တင့်လျောက်ပတ်သော ဘ၀ပတ်ဝန်းကျင်ကို ခါးသည်းစွာ ငြင်းပယ်နေခြင်းလည်း ဖြစ်သည်။ ဖြောင့်မတ်ရိုးသားသူ ကြီးပွားသော ဇာတ်လမ်းများ မြန်မာပြည်တွင် ဒဏ္ဍာရီလိုလုပ်၍ပင် မပြောတော့သည်မှာ ကြာလှပြီ။

အဆိုးဆုံး အနေအထားတစ်ရပ်မှာမူ ပြည်ထောင်စုဘွားနှင့် နိုင်ငံခြားမှ ပညာရှင် ပညာတတ်များကို နိုင်ငံအတွင်း မက်လုံးပေး ဆွဲဆောင်ထိန်းသိမ်းထားမည့် အစီအစဉ်ကောင်းတစ်ရပ် ယခုထိစဉ်းစား၍ မရနိုင်သော အခက်အခဲ ဖြစ်သည်။ (အိန္ဒိယကတော့ ဒေါ့ကွမ်ပူပေါင်းပေါက်အပြီး သူ့လူတွေတော်တော် များများ ပြန်ရခဲ့သည်။) နိုင်ငံပိုင်လုပ်ငန်းများကို လုပ်ကိုင်နေသော ၀န်ထမ်းများအတွက် လစာငွေဖူလုံအောင်တိုးပေးရေး အစီအစဉ်ကို ပြီးခဲ့သည့်နှစ်က နောက်တန်းသို့ပို့လိုက်ပြီး နောက်ပိုင်း လူငယ်လူရွယ်များ၏ နိုင်ငံ့ဝန်ထမ်းဖြစ်ချင်စိတ်များမှာလည်း ဆက်လက်နိတ္ထိတန်သွားရသည်။ 
 
တစ်ပြိုင်နက်တည်းမှာပင် ပြည်ပနိုင်ငံများတွင် ပညာဆက်လက်သင်ကြားပြီး အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် အိုင်ကျူ ၁၂၀ နှင့် အထက်များက ကြိုးစားလာကြသည်။ ထိုမှတစ်ပါး နိုင်ငံခြားဘွဲ့ရ ပညာတတ်များကို အစိုးရမှ ဖွင့်လှစ်သော PhD နှင့် Master သင်တန်းဆင်းများနှင့် တန်းညှိပြီး နောက်တန်းသို့ ပို့လိုက်သည်ကတော့ အလားအလာရှိသည့် လူငယ်များကို လုံးဝပြည်တော် ပြန်မ၀င်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချပြီးသား ဖြစ်စေသည်။ ပြည်တော်ပြန်ရေး ပရိုဂရမ်အားလုံးမှာလည်း စိတ်မပါလက်မပါ တာဝန်ထမ်းဆောင်နေသော လာဘ်ငွေမျှော်ကိုးနေရသည့် နိုင်ငံဝန်ထမ်းများနှင့် မပြီးနိုင်မစီးနိုင် တင်ပြနေသော ကြိုးနီစနစ်အောက်တွင် အသက်ငင်နေရဆဲ ဖြစ်၏။

အရေးအကြီးဆုံး အချက်မှာ ပညာဖြင့် အသက်မွေးမည့် ပညာရှင်များအပေါ် မက်လုံးပေးရာတွင် လွတ်လပ်မှုနှင့် တရားမျှတမှုသည် အကော်ဒီယံအုန်းကျော် အားရပါးရ စပ်ဆိုခဲ့သော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး တေးများထက် အရေးကြီးသည်ဟူသော ပညာရှင်စိတ်ဓာတ်ကို နိုင်ငံတော်အစိုးရအနေနှင့် ဘယ်ပုံသဘောပေါက်သလဲဆိုသည့် အချက် ဖြစ်၏။
 
 ပညာရှင်တို့မည်သည် နိုင်ငံနှင့် လူမျိုးထက် ကျော်လွန်သော တရားမျှတမှုနှင့် လွတ်လပ်မှုကို ပိုမိုကိုးကွယ်တတ်သည်ဟူသော အချက်ကို အိုင်းစတိုင်းမှသည် ဂူဂဲ(လ်)ကို တည်ထောင်သူ တစ်ဦးဖြစ်သော ဆာဂျီ၏ (ဆိုဗီယက်ယူနီယံမှ ထွက်ပြေးလာသည့်) အဖေအမေတွေအထိ ဥပမာအဖုံဖုံတွေ့နိုင်သည်။ မိမိတို့၏ ဖြူစင်ရိုးသားသော ပညာဥာဏ်များ လွတ်လပ်စွာ ကွန့်မြူးဖို့ရာ မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် လွတ်လပ်မှု ရှိပြီလော ဟူသည့်အချက်မှာ နိုင်ငံအစိုးရများနှင့် ပညာရှင်တိုင်း အပေးအယူလုပ်ရမည့် အချက်တစ်ချက် ဖြစ်သည်။