Sunday, February 17, 2013

စွဲငြိသွားပြီ


စွဲငြိသွားပြီ

စာမိတ်ဆက်

စာတွေ ဖတ်ရင်းက အနိတ္ထိဂန္ဓအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ပြီး အတွေးပေါ်လာသည်။ စွဲသွားပြီလို့ပြောမလား၊ ငြိသွားပြီးလို့ပဲပြောမလား ဒါမှမဟုတ် စွဲငြိသွားပြီလို့ပဲ ပြောမလား၊ Heart ထိသွားပြီလို့ပြောမလား သံသဂ္ဂပဲ ဖြစ်သည်။ ယနေ့ခေတ် အင်တာနက်ခေတ်၊ တယ်လီဖုန်းခေတ်လေးတွေ ဖြစ်လာတော့ သံသဂ္ဂဖြစ်ဖို့ရာ ပိုနီးစပ်လာသည်။ ပို အဖြစ်များလာသည်ကို တွေ့ရသည်။ ထိုခေတ်တွေက တစ်ဖက်က အရေးအကြောင်း သတင်းမီဒီယာအတွက် ကောင်းသလို တစ်ဖက်ကလဲ ၀ိသဘာဂ မတူကွဲပြားတဲ့ ဖို+မတို့အတွက် တစ်ယောက်နဲ့တစ်ယောက် စွဲငြိစေဖို့ လက်နက်တစ်ခု ဖြစ်လာသည်။ ထိုအကြောင်းရာနဲ့စပ်လျှင်းပြီး အနိတ္ထိဂန္ဓအမျိုးသားလေးအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတာလေးကို ရေးချင်စိတ်ပေါက်တာနဲ့ ရေးချမိလိုက်သည်။


မိန်းမ မကြိုက်သူ

လောကမှာ လူထူးလူဆန်းတွေ ရှိတယ်ဆိုတာ တကယ်ပါ၊ ဘုရားဟောတဲ့ ၀ိသဘာဂ (ဆန့်ကျင်ဘက်)တို့စွဲငင်အား အရ အမျိုးသမီးက အမျိုးသားကို ကြိုက်စရာ နှစ်သက်စရာ မက်မောစရာ တွယ်တာစရာ အားကိုးစရာ အဖြစ် စွဲငြိသွားတာ အဆန်းအကျယ်မဟုတ်၊ အမျိုးသားက အမျိုးသမီးကို စွဲငြိတာ၊ လိုချင်တာ၊ မက်မောတာ၊ ကြိုက်တာ ခိုက်တာ သဘာဝဖြစ်၍ အထူးအဆန်းမဟုတ်။ သို့သော် ယောက်ျားလေးက မိန်းကလေးလှလှလေးကို မကြိုက်တာကတော့ အဆန်း ဖြစ်သည်။ အနာဂါမ်စတဲ့ အရိယာ ပုဂ္ဂိုလ်မျိုးကို မဆိုလို။ သာမန် ပုထုဇဉ်သားတစ်ယောက်အတွက် အလွန်ဆန်းသည်ဟု ဆိုရမည်။

တခါက မိန်းမ မကြိုက်သူ တစ်ယောက် ရှိခဲ့ဖူးသည်။ သူကတော့ မိန်းမအနံ့ကို မခံနိုင် မိန်းမတွေကိုမမြင်ချင်တဲ့ အနိတ္ထိဂန္ဓ အမျိုးသားတစ်ယောက်ပဲ ဖြစ်သည်။ ငယ်ငယ်က သူ့ကို နို့တိုက်ရင်တောင် အထိမ်းတော်တွေကို မိန်းမအနံ့တွေ ဖျောက်၊ ဘရာဇီယာ မ၀တ်စေဘဲ ယောက်ျားအသွင်ဖြင့် နို့တိုက်စေရသည်။ သူက ဘာဖြစ်လို့ မိန်းမအနံ့ မခံနိုင်ရသလဲဆိုတော့ ကဿပဘုရားရှင်လက်ထက်က နှစ်ပေါင်း နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့ဖူးသည်၊ ဈာန်တွေ ရခဲ့ဖူးသည်။ ပါရမီအားနုသေးတော့ အရိယာမဂ်အထိ မရနိုင်ဘဲ ထိုဘ၀မှ ဗြဟ္မာပြည်ရောက်သွားသည်။ ထိုဗြဟ္မာ့ပြည်ကနေ ဗာရာဏသီ မိဖုရား၏ ၀မ်းဗိုက်ထဲ ရောက်လာသည်။ မိန်းမ ယောက်ျား ခွဲခြားပြီး သိလာတဲ့ အချိန်က စပြီး မိန်းမတွေ အကပ်မခံတော့။ မိန်းမအနံ့ နံရင်၊ မိန်းမအသံ ကြားရင် ငိုသတဲ့။

မိန်းမ အသည်းစွဲအောင် ကြိုက်သူ
 
နောက်ဆုံးတော့လဲ မိဘတွေက မျိုးရိုးတိမ်ကောသွားမည်ကို စိုးရိမ်ရကား နယ်နယ်အရပ်ရပ် ရှိ သိပ်လှ သိပ်ချောတဲ့ အလှမယ်လေးတွေကို ရွေးချယ်၍ ခေါ်လာသည်။ သူတို့ကို ကန့်လန့်ကာ၏ တစ်ဖတ်ဆီကနေ အနိတ္ထိဂန္ဓမင်းသားလေးကို သီချင်းဆိုပေးရသည်။ ထိုအစီအစဉ်တွေကို ဘုရင်ကြီး၏ ၀န်ကြီးတစ်ပါးက စီမံပေးရသည်။ တစ်ဖတ်က အနိတ္ထိဂန္ဓမင်းသားလေးက ထိုသီချင်းအသံလေးကို ကြားရသဖြင့် ဒါက ဘာအသံလဲ မေးတော့ ၀န်ကြီးက “အရှင်မင်းသား- ဒီလို သာယာတဲ့ မိန်းမလှလေးတွေရဲ့ အသံဟာ အရှင်မင်းသားတို့လို ဘုန်းရှိ ကံရှိတဲ့ သူတွေသာ ခံစားခွင့်ရတာ၊ အရှင်မင်းသား အားပါးတရ ခံစားပါဟု လျှောက်တော်မူသတဲ့။ မင်းသားလေးက ၀န်ကြီးအား ဒုတ်နဲ့ ရိုက်ထုတ်သတဲ့။ ၀န်ကြီးလဲ ထွက်ပြေးရတယ်။ 
 
လွန်ခဲ့တဲ့ အရင် ဘုရားလက်ထက်ကထဲက နှစ်ပေါင်းအားဖြင့် ရေတွက်ရန်ခက်ခဲမည့် အချိန်ခါကထဲ ဖြစ်ရပ်လေးက ယနေ့ခေတ်ကို ရောင်ပြန်ဟပ်နေသည်။ ယနေ့ခေတ်မှာလဲ ကေတီဗီ ညကလာပ် (KTV, Night-club) တွေမှာ အရာရှိသားသမီးတွေ၊ ပိုက်ဆံရှိ သားသမီးတွေကို ခစားနေတဲ့ ထိုခေတ်က ဘုရင်ကြီး၏ ၀န်ကြီးလိုမျိုး သူတွေ ရှိမှာ အမှန်ပင်။ ရှေးက အာဏာရှင်ခေတ် ဘုရင့်နန်းတော်အတွင်းမှာတောင် ဒီ KTV, Night-club မျိုးလို အပျော်အပါးမျိုးတွေ ရှိနေတာဆိုတော့ ယနေ့ခေတ် သြဇာအာဏာရှိတဲ့သူတွေ ငွေကို ထင်တိုင်းသုံးနိုင်တဲ့ သူတွေရဲ့ အိမ်တွေမှာလဲ မရှိနိုင်ဘူးလို့ မပြောနိုင်။ အိမ်တွေမှာ မရှိရင်တောင် အပြင်မှာ ဖွင့်မထားနိုင်ဘူးလားဆိုတာ စဉ်းစားစရာပါ။

အနိတ္ထိဂန္ဓမင်းသားလေးက မိန်းမလှလေးတွေနဲ့ ဖြားယောင်း သွေးဆောင်သော ၀န်ကြီးကို မောင်းထုတ်တော့ ဘုရင်ကြီးလဲ နောက်တစ်မျိုးကြံရသည်။ ဘုရင်ကြီးသည် အတော်ဆုံး ရွှေပန်းတိမ်ဆရာထံ အကောင်းဆုံးရွှေတုံးရွှေခဲတွေကို ရွေးပြီး သိပ်လှ သိပ်ချောတဲ့ရွှေယမင်းရုပ်ကလေး ထုလုပ်ရန် အပ်နှံသည်။ ရွှေပန်းတိမ်ဆရာသည် သိပ်လှ သိပ်ချောတဲ့ ရွှေရုပ်ကလေးကို ထုလုပ်ပြီး အကောင်းဆုံးတန်ဆာတွေနဲ့ တန်ဆာဆင်ထားသည်၊ ၀ိသကြိုဟ်နတ်သား ဖန်ဆင်းသည့်အလား အလွန်ချောမောလှသည့် ရွှေယမင်းရုပ်ကလေးကို မင်းသားလေးကို ပြလိုက်တော့ မင်းသားလေး သိပ်သဘောကျသွားသည်။ ဒီရွှေယမင်းရုပ်နဲ့တူတဲ့ မိန်းမလှဆိုရင် ယူမယ်ဆိုပြီး အာမခံလိုက်သည်။ “ဒါ-ငါတို့သားလေးရဲ့ ဘုန်းကံနဲ့ဆို ဒီလို အမျိုးသမီး ရကို ရရမယ်”ဟု မင်းမိဖုရားကြီးတို ခံယူထားကြသည်။

မိန်းမလှရှာထွက်

ဒီလိုနဲ့ မင်းမိဖုရားအမိန့်နဲ့ ၀န်ကြီးတွေ မြို့ပြဇနပုဒ် ၁၆ ခုထိ ရွှေယမင်းနဲ့ တူတဲ့ မိန်းမလှ ရှာထွက်ရာက မဒ္ဒရစ်တိုင်း သာဂလမြို့က မိန်းမလှလေးတွေ ရေချိုးတဲ့ ရေဆိပ်ရှိရာသို့ ရောက်ရှိလာကြသည်။ ထိုဆိပ်ကမ်းမှာပဲ ရွှေယမင်းရုပ်လေးလို သိပ်လှပပြီး နုဖတ် အိစက်နေတဲ့ မဒ္ဒရစ်မင်းသမီးလေးကို တွေ့သွားသည်။ ၀န်ကြီးတွေလဲ ဘုရင်ကြီးထံ မိန်းမလှတွေ့ကြောင်း ဆက်သွယ်သည်။ ဒီနေရာမှာ ဘုရင်ကြီး၏ တိုင်းသူ ပြည်သားတွေအပေါ် ထားတဲ့ စိတ်ကလေးကို သတိပြုမိသည်။ “မင်းသမီးလေးကို ကျွန်တော်မျိုးတို့ ခေါ်ဆောင်ခဲ့ရမှာလား၊ ဘုရင်ကြီးကိုယ်တိုင် လာခေါ်မှာလား” ဆိုတော့ ဘုရင်ကြီးက“မောင်မင်းတို့ပဲ ခေါ်ခဲ့ကြပါ၊ ငါကိုယ်တိုင်လာခေါ်ပါက ပြည်သူပြည်သားတွေ ပင်ပန်းလိမ့်မည်၊ သူတို့ကို ညှင်ပန်းနိပ်စက်ရာရောက်မည်”ဟု ဆိုသတဲ့။ 
 
ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ကိုယ့်အိမ်တွင်းရေး ကိစ္စကြောင့် တိုင်းပြည်မှာ ရုပ်ရုပ်သဲသဲ မဖြစ်စေချင်၊ အကယ်၍ ဘုရင်ကိုယ်တိုင် သွားမည်ဆိုရင် သွားလေရာ ခရီးတစ်လျှောက်မှာ လမ်းရှင်းရ၊ လမ်းခင်းရ၊ ထုံးသုပ်ရ၊ ကြိုဆိုရ၊ ပြည်သူတွေ အတွက် အချိန်ကုန်စေမည်၊ ပင်ပန်းစေမည်၊ ကိုယ့်နောက်လိုက်လာကြတဲ့ ၀န်ကြီးတွေက အစ အောက်ခြေ၀န်ထမ်းတွေအထိ ကိုယ့်ရဲ့ သားရေးသမီးရေး ကိစ္စအတွက်နဲ့ ပင်ပန်းမည်ကို ကရုဏာထားကာ ဘုရင်ကိုယ်တိုင် မကြွခြင်းဖြစ်သည်။

ဒုက္ခရဲ့ အစ စွဲငြိမိခြင်းက

ဝန်ကြီးများကပဲ မဒ္ဒရစ် မင်းသမီး မိန်းမလှလေးကို ခေါ်ရန် ပြင်ဆင်ကြသည်။ မင်းသားလေးလဲ အသက်အရွယ်အားဖြင့် ၁၆နှစ်၊ သိပ်လှတဲ့ ရွှေယမင်းနဲ့တူတဲ့ မိန်းမလှလေး ရပြီလို့ ကြားကထဲက စွဲငြိသွားသည်၊ ချစ်စိတ်တွေ လွမ်းမိုးသွားသည်။ အရင်ဘ၀ကထဲက ရထားတဲ့ ပထမဈာန်လဲ ကွယ်ပျောက်သွားသည်။ အရင်က မိန်းမ အနံ့ မခံနိုင်သူ၊ မိန်းမအသံ မကြားချင်သူက အခုတော့ ကြားကြားခြင်းပဲ မမြင်ရ မနေနိုင်ဖြစ်ရသည်။ မြန်မြန်သာ ခေါ်ခဲ့ပါတော့ ဟူသတည်း။ ထိုစွဲငြိခြင်း၊ ချစ်ခြင်းကပဲ သူ့ကို ဒုက္ခပေးပြီ။

ဘုရင်ကြီးလဲ မဒ္ဒရစ်မင်းသမီးလေးကို မင်းခမ်းမင်းနားဖြင် ကြိုဆိုဖို့ရန် ပြင်ဆင်သည်၊ မင်္ဂလာဥယျာဉ်ထဲမှာ မင်္ဂလာကိစ္စပြုဖို့ရန် ခန်းနားထည်ဝါ ပြင်ဆင်ထားသည်၊ ယနေ့ခေတ်လို မော်တော်ကားများ မရှိရကား အလှဆင်ထားသော မင်္ဂလာ မြင်းလှည်း နွားလှည်းများဖြင့် မင်းသမီးကို ခေါ်ဆောင်သည်။ မင်းသမီးလေးသည် အလွန်နုညံ့လွန်းသောကြောင့် တ၀ုန်းဝုန်း တဒုန်းဒုန် ခုန်နေသော မြင်းလှည်း ဆောင့်ဒဏ်ကို မခံနိုင်၊ လေပူ လေကြမ်းကလဲတိုက် ဆိုတော့ အလွန်ပင်ပန်းနွမ်းနယ်ပြီး ပန်းလေးတစ်ပွင့် ညိုးနွမ်းသလို အဲဒီညပိုင်းမှာပဲ ကွယ်လွန်သွားသည်။
 
 ထိုသတင်းကို ကြားသိရသော ဘုရင် မိဖုရားကြီးရော မြို့သူမြို့သားတွေပါ စိတ်မကောင်းဖြစ်၍ ငိုကြွေးကြသည်။ ထိုသတင်းက ဗာရာဏသီမြို့မှာရော မဒ္ဒရစ်တိုင်းမှာရော တသောသော ညံသွားသည်။ အဆိုးဆုံးက မိန်းမအနံ့ မခံနိုင် မိန်းမအသံမကြားချင်သော အနိတ္ထိဂန္ဓမင်းသားလေးဖြစ်သည်၊ သူဟာ အစောပိုင်းလေးကမှ ထိုမင်းသမီးလေး၏ ဂုဏ်သတင်းကို ကြားရသဖြင့် ချစ်စိတ်တွေ လွမ်းမိုးကာ အစွဲကြီးစွဲနေမိသည်၊ အခုတော့ ထိုစွဲငြိခြင်းက သူ့ကို ဆောက်တည်ရာ မရအောင်ဖြစ်ရသည်။

သောကအစ

ရှေးဘ၀များစွားက အားထုတ် ဆည်းပူးခဲ့သော ကောင်းမှုကံကြောင့် သတိဝင်ကာ သောကကို ပယ်နုတ်ဖို့ ကြိုးစားသည်။ မင်းသားလေးရဲ့အတွေးထဲမှာ ရှေးက အားထုတ်ခဲ့ဖူးသော အသိတရားတွေ ၀င်လာသည်၊ “မွေးဖွားခြင်း ဇာတိမရှိရင် ၀မ်းည်းခြင်း ပူဆွေးခြင်းဆိုတဲ့ သောက မရှိနိုင်၊ ထိုမွေးဖွားခြင်းရှိနေလို့ ယခုလို ၀မ်းနည်းခြင်းတွေ ရင်ထုမနာ ပူဆွေးမှုတွေ ဖြစ်ကြရသည်”၊ “ထိုမွေးဖွားခြင်းဘယ်ကလာ၊ ဘ၀ကလာ၊ ဘ၀ရှိနေလို့ ဇာတိရှိနေတာပဲ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန် စဉ်းစား ဆင်ခြင်ရင်းကနေ ပစ္စေကဗုဒ္ဓါ ဖြစ်သွားသည်။ စွဲငြိခြင်းကြောင့်ဖြစ်သော သောကအစရှိတဲ့ ပူလောင်မှုတွေ လုံးဝငြိမ်းသွားသည်။ အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်သွားသည်။

ပစ္စေကဗုဒ္ဓါဖြစ်သွားသော အနိတ္ထိဂန္ဓက ဘုရင်ကြီး မိဖုရားကြီးနဲ့ တိုင်းပြည် ပြည်သူပြည်သားတွေကို တရားဟောသည်။ ဘာမှ ၀မ်းမနည်းဖို့အကြောင်း၊ ကျွန်ုပ်လဲ ပစ္စေကဗုဒ္ဓါဖြစ်သွားကြောင်း၊ စွဲငြိခြင်းသည် ချစ်ခြင်းကို ဖြစ်စေကြောင်း၊ ထိုချစ်ခြင်းက ဒုက္ခကို ဖြစ်စေကြောင်း၊ စွဲငြိခြင်း၊ ချစ်ခြင်းအပြစ်အနာဆာတို့ကို ပြကာ တောထဲတောင်ထဲ တစ်ကိုယ်တည်း ထွက်သွားသည်။

စွဲငြိခြင်း ၅မျိုး

အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဟောသည့် စွဲငြိခြင်း ၅မျိုးကို မှတ်သားသင့်သည်။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ)၊ အသံကြားခြင်းကြောင့် စွဲငြိခြင်း (သ၀န သံသဂ္ဂ)၊ အထိအတွေ့ကြောင့် စွဲငြိခြင်း (ကာယ သံသဂ္ဂ)၊ အပြန်အလှန် စကားပြောခြင်းကြောင့် စွဲငြိခြင်း (သမုလ္လပန သံသဂ္ဂ)၊ အတူတကွ သွားလာ လုပ်ရှား၊ အတူတကွ မျှဝေသုံးစွဲခြင်းကြောင့် စွဲငြိခြင်း (သမ္ဘောဂ သံသဂ္ဂ) ဟုသော ငါးမျိုးသော သံသဂ္ဂကြောင့် ဟောထားသည်။

တခါက သီဟိုဠ်ကျွန်းမှာ အမျိုးသမီးလေးတစ်ယောက်က ရုပ်ရည် အသန့်ရှိသည့် ရဟန်းငယ်တစ်ပါး အိမ်ကို ဆွမ်းခံကြွ အလာကို မြင်မြင်ခြင်းပဲ စွဲငြိသွားသည်၊ မမြင်ရ မနေနိုင် ဖြစ်ရသည်၊ နောက်ဆုံးတော့ မမြင်ရ မနေနိုင်လောက်အောင် စွဲငြိခြင်းက သူ့ကို ဒုက္ခပေးတော့သည်။ မကြာမီမှာပဲ အသည်းကွဲပြီး ကွယ်လွန်သွားရှာသည်။ ထိုသတင်းကို ကြားလိုက်ရသော ရဟန်းငယ်လေးမှာတော့ သူမရဲ့ နာရေးက ရလာတဲ့ အ၀တ်အပိုင်းအစလေးကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ပြီး နှလုံးကွဲ ပျံလွန်တော်မူသွားရှာသတဲ့။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ) သည် ဤမျှလောက် ဒုက္ခကို ဖြစ်စေသည်။ 
 
ဤနည်းအားဖြင့် ၀ိသဘာဂ ဆန့်ကျင်ဘက် စွဲငင်အားရှိသော အဖို အမဓာတ်သဘာဝတို့သည် စကားပြောသံ သီချင်းသံ ပြုံးရွှင်သံများကြောင့်လည်း စွဲငြိနိုင်ကြသည်။ အထိအတွေ့ကြောင့်သော်လည်းကောင်း၊ အပြန်အလှန် စကားပြောခြင်းကြောင့်သော်လည်းကောင်း၊ အတူတကွ သွားလာခြင်းကြောင့် မြင်ပါများ တွေ့ပါများရာကနေ ချစ်ကျွမ်းဝင်ပြီး စွဲငြိသွားစေသည်။ တခါတရံ ရှေးက အတူသွား အတူလာ အတူစားခဲ့ဖူးတဲ့ အတွေ့အကြေုံလေးတွေကို တွေးပြီး စွဲငြိသွားစေသည်။

ကာမတော ဇာယတိ သောကော- ထိုသို့ စွဲငြိခြင်းကြောင့်ပဲ ရှင်ကွဲ သေကွဲရသောအခါ ရင်ထုမနာဖြစ်ကြရသည်၊ ၀မ်းနည်း ပူဆွေးသောက ရောက်ကြရသည်။ အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ကတော့ ထိုသို့သော ဒုက္ခကို ဘယ်လိုကျော်လွားနိုင်မလဲ ဆိုတာကို သူ၏ ကိုယ်တွေ့ဘ၀ဖြင့် သုံးသပ် ဟောကြားခဲ့သည်။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား နောက် ကြေကွဲရှိသည်တကားးးးး။ ဘ၀ရယ်လို့ ဖြစ်လာကြတဲ့ အားလုံးသော သူတွေမှာ ဘ၀ဖြစ်ရင် ဘ၀ပျက် (သေ)ရမည်ဆိုတာ သိထားကြပြီး ဖြစ်ရကား ထိုကဲ့သို့ကြုံလာလျှင် လက်နက်အဖြစ် အရန်သင့်ဖြစ်အောင် အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဆင်ခြင်သုံးသပ်ခဲ့သော တရားကို အပြန်အလှန် သုံးသပ် ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။။။။။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား