ကိုယ်တိုင်သင်ယူခြင်း
Autodidacticism
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ
ဒုက္ခသည် စခန်းတစ်ခုတွင် ကလေးငယ်များ စာသင်နေကြသည်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
ဓာတ်ပုံ-စောဝဏ္ဏ
Autodidacticism သည် ဂရိ စကားက ဆင်းသက်လာပြီး
Auto ဆိုသည်မှာ ကိုယ်တိုင်ဟု အဓိပ္ပာယ်ရပြီး didacticism ကတော့ သင်ကြားခြင်း
“teaching” ဟု အဓိပ္ပာယ်ရသည်။ Didacticism ကို ယနေ့တွင် an artistic philosophy of
education ဟု ဖွင့်ထားသည်။ ပညာရေး အနုပညာလို့ ဆိုရမလားပဲ။
ပညာရေး အတွေးတွေ အကြား
''ကိုဘသစ် - ပညာရေးကို ဘယ်လိုပြုပြင်ရင်
ကောင်းမလဲ''
ဤခေါင်းစဉ်သည် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွင်
ကျွန်တော်တို့ဆွေးနွေးနေကျ ခေါင်းစဉ်ဖြစ်သည်။ ဒါကိုကြားလျှင် လူငယ်တော်တော် များများ
ဝေးရာဝိုင်းကို ရွှေ့သွားလေတော့သည်။ ကျွန်တော်တို့ အဘိုးကြီး များသည် ပညာရေးကို“လေဖြင့်”ခဏခဏ
ပြင်ကြသည်။ ကြာတော့ လူငယ်တွေ ရှောင်ကုန်ရှားကုန် တော့သည်။
ကျွန်တော်တို့ကတော့ လက်မလျော့။ ပညာရေးကို
အဖြေရှာရန် လိုအပ်သည်ဟု ယူဆနေကြဆဲ ဖြစ်သည်။
''ပညာရေးမှာ ကျောင်းပညာရေး စနစ်
Normal နဲ့ ပြင်ပပညာရေး Education Non-formal Education ဆိုတာ ရှိတယ်။
ကျောင်းသင်ပညာရေး စနစ်ကိုတော့ အများနားလည်ကြပါတယ်။
ကျောင်းနေတာ တစ်နှစ်တစ်တန်း တက်တာမျိုးပါ။ ဒီစနစ်ဟာ တစ်ပြည်လုံးနဲ့ ဆိုင်တယ်။ ဒီခေတ်ကြီးမှာတော့
တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ်လို့ ပြောလို့ရတယ်။''
''အရွယ်ရောက်သူ ကလေးတိုင်း ကျောင်းနေရမယ်
ဆိုတာမျိုး မဟုတ်လား''
''ဟုတ်ပါတယ်။ ဒီပညာရေး စနစ်ဟာ တိုင်းပြည်အတွက်
အရေးပါတယ်။ မသင်မနေရ ပညာရေးပေါ့။ အချို့နိုင်ငံတွေမှာ (၁၆) နှစ်အထိ ကျောင်းနေရတယ်။
အထက်တန်းထိပါ။ အချို့မှာတော့ ၁၀ နှစ်အထိ ကျောင်းနေရတယ်။ မူလတန်းပြီးအောင် ကျောင်းနေရတယ်။
ဒါက အခြေခံ လိုအပ်ချက်ပါ။ ဒါပေမဲ့ ပိုပြီး တော်အောင်တော့ တက္ကသိုလ်ပညာက အရေးပါတယ်။ တက္ကသိုလ်ပညာ
တတ်ရုံနဲ့လည်း လိုအပ်ချက်တွေ မပြည့်သေးဘူး။ တကယ့်တကယ် မိမိကိုယ်တိုင် ကြိုးစားလေ့လာတာက
ပိုပြီးအရေးပါတယ်တဲ့''
''ဒါဆိုရင်ကိုယ်တိုင် လေ့လာရင် ပိုကောင်းလား
''
“အထက်တန်း ပညာလည်းတတ်မယ်၊ ကိုယ်တိုင်လည်း
လေ့လာမယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်။ ဘီလ်ဂိတ်၊ စတိဖ်ဂျော့ဘ်၊ မိုက်ကယ်ဒယ် စတဲ့ ကွန်ပျူတာ
ပညာရှင်တွေဟာလည်း ဘွဲ့မရကြဘူး။
သူတို့ဟာ တက္ကသိုလ်ပညာ တစ်ပိုင်းတစ်စ
ဖြစ်ပေမယ့် ကိုယ်တိုင်လေ့လာမှု Autodidacticism ကြောင့် ဒီလောက် တိုးတက်ခဲ့တာပါပဲ''
''ဒါဆို ကိုဘသစ် Autodidacticism ကို
ရှင်းပြလို့ရမလား ''
''ရပါတယ်။ ၀ီကီပီးဒီးယား
(Wikipedia) စွယ်စုံကျမ်းမှာတော့ Autodidacticism ကို အတော်လေး အပြည့်အစုံ ရှင်းပြထားပါတယ်။
မိမိကိုယ်ကို လမ်းပြသင်ယူခြင်း အင်္ဂလိပ်လို self-directed learning ကို
autodidacticism လို့ခေါ်တာပါပဲ ''
“အင်း၊ ဗုဒ္ဓဘာသာဝင် အဖို့မှာတော့ ဆရာမကူ
သိတော်မူတယ်ဆိုတာ ဘုရားမှတစ်ပါး အခြားမရှိလို့ ဆိုထားပါတယ် ''
“ဒါအမှန်ပါပဲ။ ဒါပေမဲ့ မိမိကိုယ်ကိုယ်
တိုးတက်လာစေဖို့ ဆရာအဖြစ် ပတ်ဝန်းကျင်ကို ဆရာတင်ရပါတယ်။ စာတွေဖတ်တယ်၊ လေ့လာတယ်၊ အခွင့်အခါရရင်
မေးစမ်းတယ်။ ဒါကို ကြားဆရာ မြင်ဆရာ သင်ဆရာ ဆိုပြီး ရှိတယ်။ ကျွန်တော်တို့ အားလုံးမှာ
ဆရာတွေ ရှိပါတယ်။ စကားပုံတွေထဲမှာ ဆရာကာပြန် အာလှံစူး ဆိုတာ ရှိတယ်''
“ဒီစကားပုံကိုတော့ ကြားဖူးပါတယ်။ ဘယ်လိုဖြစ်လာလဲ
ဆိုတာကိုတော့ ရှင်းပါဦး ''
''တစ်ခါက လူငယ်လေးတစ်ယောက် ရှိတယ်။ သူဟာ
နွားကျောင်းနေရင်း ဗျိုင်းရဲ့ငါးကို မြှောက်ကာ စားနေတာကို အတုယူပြီး လှံကစားခဲ့တယ်၊
ငါးကို မြှောက်စားတဲ့ ဗျိုင်းလို လှံကိုကစားဖို့ သူကြိုးစားတာပါပဲ။ သူအောင်မြင်ပါတယ်။
သူနာမည်ကြီးလာတော့ ဘုရင့်နန်းတော်မှာ
လှံကစားပြခွင့်ရတယ်။ အင်မတန် လှပတဲ့ ကစားကွက်တွေနဲ့ ရှုမငြီးစရာပါပဲ။ ဒီအခါ ဘုရင်က မင်းဆရာ
ဘယ်သူလဲလို့ မေးတယ်။ သူငယ်က ကျွန်တော့်မှာ ဆရာမရှိပါဘူးလို့ ပြောတယ် ''
''တကယ်လည်း ဆရာမှ မရှိတာပဲ''
ထူးချွန်ဖို့ကျတော့ ကျောင်းနေရုံ ကျောင်းမှာသင်ရုံနဲတော့
မရပါ။ ကိုယ်တိုင်ကြိုးစား လေ့လာရပါသည်။ ဒီအတွက် ပြင်ပအကူအညီတော့ လိုပါသည်။ (ကျူရှင်တော့
မဟုတ်ပါ)။ ထိုအကူအညီ တို့သည်ကား စာအုပ်စာပေ၊ မိဘတွေနှင့် မိတ်ဆွေများဖြစ်သည်။ မိမိစိတ်ဝင်စားသည့်
ပညာရပ် နယ်ပယ် အသီးသီးတွင် ပညာကို လိုလားပြီး အားထုတ်မှုရှိလျှင် လိုရာပန်းတိုင် ရောက်နိုင်ပါသည်
. . .
|
''ရှိပါတယ်။ ဗျိုင်းဟာ သူရဲ့မြင်ဆရာပါ။
ဒီလိုနဲ့ ခေတ္တနားပြီး နောက်တစ်ကြိမ် ပြန်ကစားပြတော့ လှံကို မကိုက်မိပဲ အာခေါင်မှာ လှံစူးကာ
သေရပါတယ်''
''ဒါက မြင်ဆရာပေါ့ ''
''တကယ်လည်း လူတွေမှာ ဆရာတွေရှိတယ်။ လက်ဦးဆရာ
မည်ထိုက်စွာ ပုပ္ဖာစရိယ မိနဲ့ဘ လို့တောင် ဆိုထားသေးတယ်။ ဒါပေမဲ့ ကျောင်းနေခွင့် မရတဲ့သူအနေနဲ့
မိမိကိုယ်တိုင် ကြိုးစားကြံစည်တာကို autodidacticism လို့ခေါ်တာပါပဲ။ အရင်ခေတ်က စာကြည့်တိုက်တွေ
သွားကာ စာဖတ်ရင်း မိမိကိုယ်တိုင် လေ့လာတာမျိုးတွေ ရှိတယ်။ လင်ကွန်းအကြောင်း ရေးထားတဲ့
စာအုပ်ထဲမှာ လင်ကွန်းဟာ စာအုပ်တစ်အုပ်ကို ငှားဖို့ လေးငါးခြောက်မိုင် လမ်းလျောက် သွားရတယ်တဲ့''
“ယနေ့မှာတော့ ၀က်ဘ်ဆိုက်တွေ အများကြီးပါပဲ
''
“ဒါလည်း ရှာတတ်ဦးမှကိုး''
“မှန်ပါတယ်၊ ဘယ်အရွယ်မှာ ကိုယ်တိုင်ပညာ
ရှာသင့်ပါသလဲ''
''ဘယ်အရွယ်မှာ မိမိကိုယ်တိုင် ပညာရှာရမယ်
ဆိုတာတော့ မရှိပါဘူး။ အရွယ်သုံးပါး စလုံးမှာ ပညာရှာရတာ ပါပဲ၊ မိမိအဆင်ပြေသလို ကြိုးစားကြကာ
မိမိဘ၀ တိုးတက်အောင် ကြံဆောင်သူတွေ အများကြီးရှိတယ်။''
'' Autodidacticism လို့ ခေါ်တဲ့ ပညာတွေပေါ့လေ၊
အဲဒီမှာ မိမိဘာသာ ဘာကိုသင်ယူသင့်လဲ။''
''ဒါကတော့ မိမိနှစ်သက်ရာ လက်လှမ်းမီတဲ့
ဘာသာရပ်ကို ရွေးချယ်လေ့လာ သင်ယူတာကို တွေ့ရတယ်။
ဥပမာ မိုက်ကယ်ဖာရာဒေးဆိုရင် ဓာတုဗေဒ
လျပ်စစ်ပညာရပ်နဲ့ ပတ်သက်တာတွေကို လေ့လာတယ်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ
ဒုက္ခသည် စခန်းတစ်ခုရှိ ကလေးငယ်များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-စောဝဏ္ဏ
အတန်းပညာ တစ်တန်းမှ မတတ်တဲ့ သောမတ်စ်အက်ဒီဆင်
ဆိုရင်လည်း သူ့ဘာသာသူ ဓာတ်ခွဲခန်းတည်ထောင် သုတေသနလုပ်ရင်း ပညာရှာခဲ့တယ်။''
“ကျွန်တော်လည်း ဖာရာဒေး နိယာမကို ကျောင်းမှာ
သင်ခဲ့ဖူးတယ်၊ သူကိုယ်တိုင် ပညာရှာတာကိုတော့ တိတိကျကျ မသိခဲ့ဘူး။''
“ဟုတ်ပါတယ်။ ဒါကြောင့်
autodidacticism ဆိုတာ ကိုယ်တိုင် ကြိုးစား ပညာရှာတာ ဖြစ်တယ်လို့ နားလည်နိုင်တယ်။ ကျောင်းနေနေ
ကျောင်းမနေနေ မိမိတတ်မြောက်လိုတာကို သင်ယူလေ့လာတာကို ပြောတာပါပဲ။ တစ်ခါတစ်ခါလည်း ဒီလူတွေဟာ
တတ်ကျွမ်းတဲ့ လူတွေ၊ မိတ်ဆွေတွေ ဆရာတွေ မိဘတွေ သာမကဘူး ကလေးတွေကနေ ပညာရယူတာတွေလည်း
ရှိတယ်။”
“မြန်မာ့သမိုင်းထဲက ပညာရှင် အများဟာ
ဒီလိုကိုယ်တိုင် လေ့လာတာတွေ အတော်များတယ်”
''ဒါပေါ့၊ မြန်မာ့သမိုင်းထဲမှာ အထင်အရှားရှိတဲ့
ဝန်ဇင်းမင်းရာဇာနဲ့ ပံ့သကူမထေရ်ဆိုတာ ကိုယ်တိုင် လေ့လာတဲ့ သူတွေပါပဲ။ သူတို့ဟာ ဘုန်းတော်ကြီး
ကျောင်းတွေမှာ အခြေခံ ပညာသင်ခွင့် ရခဲ့သူတွေပါပဲ''
''ဒါပေမဲ့ အဲဒီပညာနဲ့တော့ ပညာရှင် ဖြစ်မလာ
နိုင်ဘူးပေါ့''
"ဟုတ်ပါတယ်။ ဥပမာ ၀န်ဇင်းမင်းရာဇာဆိုရင်
လယ်သမားလေးပါ။ ဒါပေမဲ့ သူက စာတွေကို လေ့လာတယ်။ ယောက္ခမ အငြိုအငြင်ခံ မိန်းမအငြူအစူခံကာ
လေ့လာမှုတွေ ပြုတာပဲ။"
"ပညာရှာ စာဖတ်နေတာကို လူတွက အလုပ်မလုပ်ဘူးလို့
ထင်ကြတာပဲ"
"ဟုတ်တယ်၊ သူ့အဖြစ်ဟာ စိတ်ဝင်စားစရာ
ကောင်းတယ်။ မိတ္ထီလာ ကန်ပေါင်ကျိုးတော့ မင်းကြီးစွာစော်ကဲဟာ ကန်ကိုဆည်ဖို့ ရောက်လာတယ်။
အဲဒီမှာ လူတွေကိုးကွယ်နေတဲ့ မိန်းမရုပ်နတ်ကွန်းကို တွေ့တယ်။ ဒါကို ဘယ်သူသိလဲလို့ သမိုင်းကိုမေးတယ်။
ဘယ်သူမှမသိဘူး။ တစ်ယောက်က ၀န်ဇင်းရွာမှာနေထိုင်တဲ့ စာတိုငညိုဆိုတာ ရှိတယ်။ သူဟာ စာပေကျမ်းဂန်တွေကို
အင်မတန် လေ့လာလိုက်စားတယ်။ သူသိကောင်းသိမယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ဘုရင်ကြီးဟာ သူ့ကို
အခေါ်စေတယ်"
"ပြဿနာ တက်ပြီပေါ့"
"ဟုတ်တယ်။ အဲဒီခေတ်က ဘုရင်ခေါ်တယ်ဆိုရင်
အင်မတန် ကြောက်ကြတယ်။ မင်းရာဇာလောင်းလျာရဲ့ ယောက္ခမက သူကြီး။ သူ့သမီးကို ခေါ်ပြောတယ်။
“ညည်းယောက်ျားကိုဖြင့် ဘုရင်က ဆင့်ခေါ်နေတယ်။ မင်းပြစ်မင်းဒဏ် သင့်အောင် သူဘာလုပ်ထားလို့လဲ
မသိဘူးလို့ ပြောတယ်။ ဒါနဲ့ ဇနီးဖြစ်သူဟာ ထိတ်ထိတ်ပျာပျာဖြစ်ပြီး ခင်ပွန်းသည် လယ်ထွန်နေတဲ့နေရာကို
လိုက်သွားတယ်။
"ကျွန်မတို့တော့ ဒုက္ခဖြစ်ပြီ ထင်တယ်။
ဘုရင်က ရှင့်ကို ဆင့်ခေါ်နေတယ်" လို့ ပြောတယ်။
ဒါကိုကြားတော့ ခင်ပွန်းသည်က အားရပါးရပြုံးပြီး
"ရှင်မရေ၊ စိတ်မပူနဲ့တော့၊ ဒီနေ့ကစပြီး
တို့တစ်တွေ ကောင်းစားပြီလို့ ပြောကာ နွားတွေကို ထွန်ကဖြုတ်တယ်။ ဦးချိုတွေမှာ သပြေခက်တွေ
စီးပေးလိုက်တယ်။ သားတို့၊ အဖေသားတို့ကို ဒီနေ့ကစပြီး မခိုင်းတော့ပြီ၊ သင်တို့ လိုရာကို
သွားနိုင်ပါပြီလို့ ပြောကာ သူရဲ့နွားတွေကို ကြိုးဖြေပေးပြီး ဘေးမဲ့ပေးလိုက်သတဲ့။
ဘုရင့်ရှေ့တော်မှောက်ရောက်တော့ ဘုရင်ကသူ့ကို
နတ်ကွန်းအကြောင်း မေးတယ်။
ဒါနတ်ကွန်းမဟုတ်ပါဘူးလို့ လျှောက်တယ်။
လူတကာက နတ်ကွန်းလို့ ပြောနေတဲ့ အရာကို နတ်ကွန်းမဟုတ်ပါလို့ ရဲရဲဝံ့ဝံ့ လျှောက်သူကို
ဘုရင်က အံ့သြသွားတယ်။
ပုဂံခေတ်က ဘုရင်တစ်ပါး မိတ္ထီလာကန်ကို
ဆည်တော်မူရင်း အင်မတန်ချစ်တဲ့ မိဖုရားတစ်ပါး ဒီနေရာမှာ ကွယ်လွန်သွားတယ်။ ဘုရင်က မခွဲမခွာနိုင်ဖြစ်လို့
မှူးမတ်တွေက ရွှေစင်ရုပ်တစ်ခုကို ထုလုပ်ပေးခဲ့တယ်။ ဒါပေမဲ့ ရွှေစင်ရုပ်ကို နန်းတော်ကို
ယူသွားလို့မရဘူး။ အမင်္ဂလာ အရုပ်တဲ့။ ထားခဲ့ပြန်ရင်လည်း မသမာသူတွေ ယူဆောင်သွားမှာ စိုးတယ်။
ဒါကြောင့် မြေအောက်ကန်ပေါင်ရိုးမှာ မြှုပ်နှံထားတယ်။
အပေါ်မှာတော့ အမှတ်အသား သစ်သားရုပ်ကိုသာ ထားခဲ့ပါတယ်။ နောက်လူတွေက နတ်ကွန်းထင်လို့ ကိုးကွယ်လာကြတာပါလို့
တင်လျှောက်တယ်။
ဘုရင်က ဒီနေရာက ကန်ပေါင်ကို တူးဖော်စေတော့
ရွှေစင်ရုပ်ကိုရတယ်။ ဒီတော့ “ဒီဝန်ဇင်းရွာသားဟာ တောနဲ့မတန်ဆိုပြီး နန်းတွင်းကိုခေါ်ကာ
အမတ်ကြီးရာထူးကို ပေးခဲ့ပါတယ်။ မင်းလေးဆက်တိုင်တိုင် သူ့ကို သက်တော်ရှည် အမတ်ကြီးအဖြစ်
ခန့်အပ်တယ်"
"ဒီတော့ ကျွန်တော်မေးချင်တယ်၊ သူဘာလို့တော်လဲ၊
ဘာကြောင့် တော်ရတာလဲ"
“သူက ရဲဝံ့တယ်လေ။ ဒါဟာ တော်တဲ့အချက်ပဲ။
သူရတာကတော့ စာပေကျမ်းဂန်တွေကို လေ့လာလိုက်စားလို့ပါပဲ"
"ဒီအတိုင်းပါပဲ၊ ရှင်ဒိသာပါမောက်
ဒါမှမဟုတ် ပံ့သကူ မထေရ်ဆိုရင်လည်း ငယ်စဉ်က အခြေခံသိပေမယ့် စာပေကျမ်းဂန် လေ့လာခြင်း
မရှိခဲ့ဘူး။ ဒါပေမဲ့ နေ့စဉ် သူပစ်ချလိုက်တဲ့ တံပူတွေဟာ တောင်လိုပုံနေတော့ အံ့သြသွားတယ်။
တကယ်လို့ ငါသာ တစ်နေ့ တံပူတစ်ထောက် စာကျက်မှတ်လေ့လာရင်
ပညာရှိဖြစ်လာမှာပဲဆိုတဲ့ အသိဝင်လာတယ်။ ဒါကြောင့်လည်း သူဟာ ကျစွာမင်းဆီ ကံ့ကူဆံ အလှူခံတယ်။
ဘုရင်ကြီးဟာ စာသင်သားတွေကို ထောက်ပံ့နေကျကိုး။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အံ့သြသွားတယ်။
ဘယ့်နှယ် ဒီလောက်အသက်ကြီးမှ စာသင်ရသလား ကိုယ်တော်လို့ မမေးရက်ဘူး။ ဒီတော့ “ကျည်ပွေ့
အတက်ပေါက်ပါ့မလားလို့သာ ပြောလိုက်တယ်။
မထေရ်ကြီးဟာ မှတ်သားသွားတယ်။ ဘာမှ မတုံ့ပြန်ခဲ့ဘူး။
ဒါပေမဲ့ ကျမ်းဂန်တွေကိုတော့ ကျေအောင်ဖတ်တယ်။ ပြီးတော့ ကျည်ပွေ့အတက်ပေါက်ပြီလို့ဟု နန်းတော်ထဲ
ဝင်ပြောတယ်။ ဘုရင်ကို ရှိသမျှ ပါရဂူတွေ ခေါ်ပြီး စစ်မေးစေတယ်။ ဘုရင်ကလည်း စစ်မေးစေတာပေါ့။
ဒါပေမဲ့ ဘာကိုမေးမေး ဖြေနိုင်လို့ ဘုရင်က သဘောကျပြီး မင်းဆရာ ခန့်ထားတယ်။ တရုတ်တွေ
ကျူးကျော်လာတဲ့ စစ်ကိုလည်း ပံ့သကူမထေရ်က သွားရောက်ဆွေးနွေး တားမြစ်နိုင်ခဲ့တယ်"
"အနောက်တိုင်းမှာကော"
"အနောက်တိုင်းမှာ ကိုယ်တိုင်သင်ယူပြီး
ကျော်ကြားတဲ့ ပုဂ္ဂိုလ်ပေါင်း များစွာထဲမှာ ၁၆ ယောက်မြောက် အမေရိကန် သမ္မတ အီဗရာဟင်လင်ကွန်းကို
နမူနာပြလေ့ရှိတယ်။ တောမှာနေရတယ်။ သစ်လုံးအိမ်မှာပါ၊ သူ့ဘ၀မှာ ကျောင်းတစ်နှစ်တောင် မနေရရှာဘူး။
သူဟာ ဥပဒေပညာကအစ မိမိကိုယ်တိုင် လေ့လာရတယ်။ (အခြားလူတွေကိုတော့ မေးမြန်းရတာပေါ့)။ သူဟာ
ထူးချွန်တဲ့ သမ္မတဖြစ်အောင် ပညာတတ်တစ်ယောက် ဖြစ်တာကိုတော့ ဘယ်သူမှ ငြင်းလို့မရဘူး။ သူဟာ
သမ္မတအဖြစ် နှစ်ကြိမ်ရွေးချယ် တင်မြှောက်ခံရသူလည်း ဖြစ်တယ်"
"ကိုယ်တိုင်လေ့လာပေမယ့် သူတော်တယ်။
သူတော်တာကို အသိအမှတ် ပြုထားတာရှိလား"
"သူရဲ့ မှတ်ကျောက်အတင်ခံရတဲ့ ဒီမိုကရေစီ
စကားကိုတော့ Gettysburg National Cemetery မှာပြောခဲ့တယ်။ အတိအကျဆိုရရင် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ
ကျဆုံးလေပြီးသော စစ်သည်သင်္ချိုင်းမှာ ပြောတာပါ။ ဒါက
-government of the people, by the
people and for the people shall not perish from the earth ပါပဲ။ ပြည်သူတွေရဲ့ အစိုးရ၊
ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရ၊ ပြည်သူ့အတွက် အစိုးရဆိုတာ ကမ္ဘာကနေ ဘယ်သောကာလမှာမှ
ကွယ်ပျောက်သွားမှာ မဟုတ်ဘူး" လို့ ဆိုလိုတာပါပဲ “အေးဗျာ၊ ပညာခေတ်ကြီးမှာ ကိုယ်တိုင်လေ့လာဖို့က
အရေးအပါဆုံးလို့ ဆိုနိုင်ပါတယ်။"
"တီထွင်ပါရဂူ သောမတ်စ်အက်ဒီဆင်
ဆိုရင်ကော။ ကျောင်းသုံးလတောင် မနေခဲ့ဘူး။ ဆရာမက ကျောင်းကနေ ပြန်ပို့တာပါပဲ။ အမေက သေစာရှင်စာလေး
တတ်အောင် သင်ပေးတာပါ။ သူဟာ တီထွင်မှု (၁၀၀၀) ကျော်ကို အောင်မြင်စွာ တီထွင်မှု ပြုနိုင်ခဲ့တယ်။"
လီယိုနာဒိုဒါဗင်ချီ ဆိုရင်လည်း ပန်းချီဆရာ
သိပ္ပံပညာရှင်ဖြစ်ပြီး ကိုယ်တိုင်လေ့လာမှု Autodidacticism အတွက် အကောင်းဆုံး ဥပမာတစ်ခုပါ။
သူဟာ ကမ္ဘာကျော် မိုနာလီဇာပုံကို ဆွဲခဲ့သလို လေယာဉ်ဒီဇိုင်းလည်း ဆွဲခဲ့သူ ဖြစ်တယ်။ သူ့လက်ထက်က
အင်ဂျင်တွေ မရှိသေးတဲ့အတွက် သူ့လေယာဉ် မတက်ခဲ့ရဘူးလို့ ပညာရှင်တွေက ဆိုတယ်။
"အင်း ၁၈ ရာစုနဲ့ ၁၉ ရာစုမှာ အများအားဖြင့်
ပညာမသင်ခဲ့ရသူတွေ များတယ်။ သူတို့ဟာ အလုပ်ကြမ်း မလုပ်ခဲ့ရဘူး။"
“ပညာမတတ်သူ၏ ၀န်ထမ်းဆိုတာ မှန်ပါတယ်။
ဒါကြောင့် ပညာမသင်ရပေမယ့် ပညာတတ်အောင် ကြိုးစားလုပ်ကိုင်သူတွေ အများကြီး ရှိတာကို တွေ့ရတယ်။
လုပ်ငန်းတွေမှာ အကူအဖြစ်ဆင်းကာ လုပ်ကြတယ်။ လက်သမားတွေ စက်ပြင်သမားတွေ ပန်းပဲလုပ်သားတွေဟာ
ဒီလိုနဲ့ ပညာတတ် ဖြစ်လာကြတာပါပဲ။ ရေနွေးငွေ့ အင်ဂျင်ကို တီထွင်သူ ဂျိမ်းဝပ်ဟာလည်း အကူအဖြစ်
လုပ်ကိုင်ရင်း တတ်မြောက်လာတာပါပဲ။"
နိဂုံး
တကယ်တန်း ပညာရေးဟာ အရေးကြီးပေမယ့် ကျောင်းမှာသင်တာထက်
အရေးပါတာတွေ အများကြီးရှိသည်။ ပညာသင်ရာတွင် ကျောင်းမှာသင်ရုံနှင့် ပြီးပြည့်စုံခြင်း
မရှိပါ။ ဆက်လက်လေ့လာမှသာ တိုးတက်ပါသည်။ သာမန်လူ တစ်ယောက်အနေဖြင့် ကျောင်းနေရုံဖြင့်
သင့်တင့်မျှတသည့် ဘ၀ကို တည်ဆောက်နိုင်ပါသည်။ ထိုအချက်ကြောင့်လည်း ကျောင်းနေကြသည်။ ဘွဲ့ကို
လိုချင်ကြပါသည်။
သို့သော် ထူးချွန်ဖို့ကျတော့ ကျောင်းနေရုံ
ကျောင်းမှာသင်ရုံနဲ့တော့ မရပါ။ ကိုယ်တိုင်ကြိုးစား လေ့လာရပါသည်။ ဒီအတွက် ပြင်ပအကူအညီတော့
လိုပါသည်။ (ကျူရှင်တော့ မဟုတ်ပါ)။ ထိုအကူအညီတို့သည်ကား စာအုပ်စာပေ၊ မိဘတွေနှင့် မိတ်ဆွေများဖြစ်သည်။ မိမိစိတ်ဝင်စားသည့်
ပညာရပ်နယ်ပယ် အသီးသီးတွင် ပညာကိုလိုလားပြီး “အားထုတ်မှုရှိလျှင် လိုရာပန်းတိုင် ရောက်နိုင်ပါသည်။
Autodidacticism ဆိုသည်မှာ ကိုယ်တိုင်လေ့လာမှု
ဖြစ်၍ ဘ၀အတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည်။
Written by ဒေါက်တာခင်မောင်ညို
Ph.D
|
Monday, 04 February 2013 15:50
|