Thursday, February 21, 2013

တန်ဖိုးရှိလှတဲ့ သတိ တစ်လုံး


*** တန်ဖိုးရှိလှတဲ့ သတိ တစ်လုံး***

သတိဆိုတဲ့ စကားလေးဘာလို့ ပြောရလဲ ဆိုတာလေးကို သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ စကားလေး တစ်ခွန်းနဲ့ မိတ်ဆက် ပေးပါ့မယ်..။ ဆရာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားလဲဆိုတော့.. ဟဲ့.. ဒကာတွေ ဒကာမတွေ.. ဘယ်အလုပ်ပဲ လုပ်လုပ် နွားလိုမလုပ်နဲ့.. နွားဟာ လူတွေစားဖို့အတွက် လယ်တွေလည်း ထွန်ပေးရ.. နွားနို့လည်း ထုတ်ပေးရ.. ပြီးရင် သူ့အသား အဆီအနှစ်ကိုလည်း လူတွေက စားကြသေးတယ်.. ဒါပေမယ့်.. နွားတွေမှာ ဘာကုသိုလ်မှလည်း မရ ဘာအကျိုးမှလည်း မခံစားရဘူး။ ဘာလို့လည်းဆိုတော့ သူတို့တွေဟာ ဘယ်အလုပ်ပဲလုပ်လုပ် သတိဥာဏ်ဆိုတဲ့ ပညာမရှိလို့ပဲ။ ဒါ့ကြောင့် မှတ်ထားကွဲ့.. ဘယ်အလုပ်မဆို သတိဥာဏ်ဆိုတဲ့ ပညာလေးနဲ့ အမြဲတမ်းလုပ်ပါ တဲ့။ 
 
မှန်လိုက်တဲ့ စကားတစ်ခွန်းပါပဲ..။ ဘုရားရှင်ရဲ့ နောက်ဆုံးစကားမှာလည်း သတိရှိပါဆိုတဲ့ စကားလေးနဲ့ပဲ နောက်ဆုံး ဆုံးမစကား ပေးသွားတာပဲ မဟုတ်ပါလား။ ဒါဘာလို့လည်း.. လူတိုင်း လူတိုင်းအတွက် သတိဟာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်.. သတိမူရင် မြူတောင်မြင်တယ် တဲ့။ အဲ့စကားလေးက ရိုးရိုးလေးပဲနော်..။ ဒါပေမယ့်.. တွေးကြည့်ရင် အင်မတန် နက်နဲပါတယ်။ သတိမမူရင် ဂူမမြင်ဆိုတာ ဘာလည်းဆိုတော့.. ဒီစာသားရဲ့ အဓိပ္ပါယ်က လူတွေဟာ သတိမရှိတဲ့အတွက် သေရမှာကိုတောင် မမြင်ကြဘူး.. မေ့နေကြတယ်တဲ့။ ဟိုလိုမျိုး အုတ်ဂူဖြူဖြူကို ပြောတာမဟုတ်ပါဘူး.. တကယ်က ကိုယ်သေမဲ့ အုတ်ဂူကို မမြင်ကြတာကို ပြောတာပါ။ 
 
သတိရှိခိုင်းတယ်ဆိုတာ တကယ်တော့ ကိုယ်သေရမှာကို သတိရပြီး ကုသိုလ်တွေ များများ လုပ်ဖြစ်အောင် တိုက်တွန်းနေတဲ့ သဘောလေးပါပဲ။ ဘယ်အလုပ်ပဲ လုပ်လုပ်.. ဘုရားအဆုံးအမ အတိုင်း လိုက်နာ ကျင့်ကြံပြီး သတိလေးနဲ့ လုပ်နေတဲ့ လူတစ်ယောက်ဟာ… တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နေတာနဲ့ အတူတူပါပဲ။ အခုပြောမှာကလည်း တန်ဖိုးရှိတဲ့ သတိတစ်လုံးကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်သွားတဲ့ အကြောင်းပါ…။။။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက ဗာရာဏသီပြည်မှာ ယသ ဆိုတဲ့ သဌေးသား တစ်ယောက် ရှိပါတယ်။ သူရဲ့ မိခင်ကတော့ ဘုရားရှင်ကို ရွှေခွက်နဲ့ နို့ဆွမ်း လှူခဲ့တဲ့ သုဇာတာ သဌေးပေါ့။ သူဟာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလွန်းတဲ့ အတွက် သူ့ကိုလည်း ဘုရားအလောင်းတော် စံမြန်းခဲ့သလိုမျိုး နွေ မိုး ဆောင်းစံမြန်းဆောင် သုံးဆောင်နဲ့ ထားပါတယ်။ ပြီးတော့ သူနဲ့ရတာလည်း သဌေးသမီးပါ။ သူ့ရဲ့ ခြေဖ၀ါးဆိုရင် နူးညံ့လွန်းတဲ့အတွက် အမွှေးနုလေးတွေတောင် ပေါက်နေတယ်လို့ စာထဲမှာ ပါပါတယ်။ ပြီးတော့ သူ့ကို နေ့ရော ညပါ တူရိယာ ပေါင်းစုံနဲ့ တီးမှုတ်ကပြ ဖျော်ဖြေ ပေးရပါတယ်။ 
 
ဒီလိုမျိုး အခြံအရံတွေနဲ့ ခံစားလာလိုက်တာ.. တစ်ညမှာတော့ သူ ကောင်းတာတွေ ခံစားတာ ရိုးအီသွားပြီး ခံစားရင်းနဲ့ အိပ်ပျော် သွားပါတယ်။ သဌေးသား အိပ်ပျော်သွားတဲ့ အချိန်ကျတော့ ရံရွှေတော်တွေကလည်း ပင်ပင်ပန်းပန်းနဲ့ ကနေတဲ့ နေရာတွေမှာပဲ အိပ်ပျော် သွားကြပါတယ်။ တစ်ချို့ကလည်း ဟောက်.. တစ်ချို့ကလည်း အပုတ်ရေတွေ စီးကျ.. တစ်ချို့ ကလည်း ကို့ရို့ကားယားနဲ့ပေါ့။ သတိရှိတုန်းကတော့ ကြည့်ပျော်ရှုပျော် လှလှပပပေါ့။ သတိမရှိပဲ အိပ်ပျော်သွားတဲ့ အချိန်မှာတော့ ဘာမှ မသိတော့ပါဘူး။ အကုန်လုံးဟာ လူသေကောင်တွေ အတိုင်းပဲ။ ကြည့်မကောင်း ရှုမကောင်းနဲ့ပါပဲ။

သန်းခေါင်ယံ အချိန်ရောက်တဲ့ အခါမှာတော့ ယသ သဌေးသား နိုးလာပါတယ်။ အိပ်တုန်းက အခါမဲ့ အိပ်တဲ့ အတွက်လည်း နိုးတဲ့ အချိန်မှာတော့ အခါမဲ့ နိုးခဲ့ပါတယ်။ ယသ သဌေးသား နိုးလာတော့ အားလုံး တိတ်ဆိတ်နေပြီးတော့ အရင်က ဆူညံခဲ့တဲ့ နေရာဟာ သင်္ချိုင်းကုန်းကြီးအလား သူရဲ့စိတ်မှာ အသွင် ပြောင်းသွားပါတယ်။ ကချေသည်အားလုံးကို ကြည့်လိုက်တော့လည်း အလောင်းကောင်တွေ အလား တုံးလုံးပက်လက်တွေ အဖြစ် စိတ်ထဲမှာ သဌေးသားဟာ ထင်လာပါတယ်။ ပြီးတော့ သချိုင်းကုန်းထဲ သူတစ်ယောက်ထဲ ရောက်နေသလိုမျိုး ခံစားရပြီး ကြောက်လာပါတယ်။ 
 
သူ့ကို ဖျော်ဖြေနေတဲ့ ကချေသည်တွေ အားလုံးဟာလည်း အလောင်းကောင်တွေပဲဟု သူတွေးတောပြီး ကြောက်စိတ်ပေါင်း များစွာနဲ့ သံဝေဂတွေ ရလာပါတယ်။ နောက်ဆုံးတော့ သဌေးသားဟာ ဒီနေရာနဲ့ အဝေးဆုံးနေရာကို ထွက်ပြေး ပါတော့တယ်။ နောက်ဆုံးမှာတော့ ဘုရားရှင်နဲ့တွေ့ပြီး ဘုရားရှင်ဟောကြားတဲ့ တရားကိုနာကြားကာ တရားနာရင်းနဲ့ သောတာပန် ဖြစ်သွား ပါတော့တယ်။ နောက်တစ်နေ့မှာတော့ သူ့ကို အရှာထွက်တဲ့ ဖခင်ကြီးလည်း ဘုရားရှင်ရဲ့ တရားကို နာကြားပြီး သောတာပန် ဖြစ်သွား ခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ တရားကို နှစ်ကြိမ်နာကြားရတဲ့ ယသ သဌေးကတော့ ရဟန္တာ ဖြစ်သွားပါတယ်။ ဒါကတော့ ယသ သဌေးသား အကြောင်းပါ။

ဒီအကြောင်းလေးကို ဘာလို့ ပြောရလဲဆိုတာလေး ကျမ ဖော်ပြပေးပါ့မယ်။ ယသ သဌေးသားဟာ ကချေသည်တွေ အားလုံး တိတ်ဆိတ်ပြီး အိပ်နေတာကို လူသေကောင်တွေအလား ထင်ပြီး.. သူနေတဲ့ နေရာကို သင်္ချိုင်းအလား ထင်ရတဲ့ အကြောင်းအရင်းကတော့.. ယသ သဌေးသားဟာ ဟိုးအရင် အတိတ်ဘ၀က အသုဘ လိုက်ပို့ခဲ့ရင်း ထားခဲ့မိတဲ့ သတိလေး တစ်လုံးကြောင့်ပါ။ သူဟာ အဲ့ဒီ့သတိလေး တစ်ခုပဲ ရခဲ့ဖူးပါတယ်။ 
 
သူဘယ်လိုမျိုးလေး သတိ ထားခဲ့သလဲ ဆိုတော့.. အသုဘမှာ မီးရှို့တာကို ကြည့်နေရင်းနဲ့ အော်.. သူ အသက်ရှင်နေတုန်း ကတော့ ဘယ်လိုမျိုးလေး နေခဲ့တာ.. ပြင်ဆင်ဖြီးလိမ်းပြီး လှနေပနေခဲ့တာ.. အခုသေလည်း သေရော မီးရှို့လိုက်တဲ့အတွက် အသားတွေဟာ ဖောင်းတက်လာပြီး ဟိုနေရာကနေ အသံတွေထွက်လိုက်.. အရည်တွေစီးကျလိုက်နဲ့ နောက်ပြီး သူများပြုသမျှ နုရတဲ့ ဘ၀ကို ရောက်ရတာပါလား.. ငါလည်း တစ်နေ့ကျရင် ဒီလိုပဲ မလွဲမသွေ ဖြစ်ရမှာပါလား.. ဆိုပြီး သံဝေဂ ရလိုက်မိတဲ့ သတိလေး တစ်ချက်ပါပဲ။ ဒီ သတိလေး တစ်လုံးဟာ ဘုရားရှင် ပွင့်တော်မူတဲ့ အချိန်မှာ သူ့ကို လာပြီး ကျေးဇူးပြု သွားတာပါ။ 
 
ဘယ်လောက် တန်ဖိုး ရှိလိုက်ပါဘိ။ သူထားခဲ့လိုက်တဲ့ သတိလေး တစ်လုံးဟာ ဘာဆိုဘာမှ မပြောပလောက်တဲ့ အချိန်လေးပါပဲ။ ဒါပေမယ့်.. သူရလိုက်တဲ့ အရာကတော့ ဘယ်လိုမှကို တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ အရာပါပဲ။ အော်.. သတိ.. သတိ.. ဘယ်လောက် တန်ဖိုးထားဖို့ ကောင်းပါသလဲ…။ ခုစာဖတ်နေရင်းတောင်မှ သတိလေးသွင်းလိုက်ရင် မိတ်ဆွေများလည်း တန်ဖိုး မဖြတ်နိုင်တဲ့ အရာလေးရသွားပြီနော်...။

ကဲ.. ယသ သဌေးသားကတော့ သတိလေးတစ်လုံးကြောင့် တန်ဖိုး မဖြတ်နိုင်တဲ့ နိဗ္ဗာန်ကို ရရှိသွားပါပြီ။ ကျမတို့တွေရော ဘယ်လောက်များ သတိတွေ ထားခဲ့ကြပြီလဲ? သူများ အသုဘတွေတော့ လိုက်ပို့ ဘူးကြမှာပေါ့။ အဲ့လိုမျိုး သတိလေးတွေ ထားမိခဲ့ကြပြီလား ဆိုတာ ပြန်မေးဖို့ လိုပါတယ်။ အသုဘ လိုက်ပို့တယ်.. သေသွားတဲ့ သူကို ကြည့်နိုင်တယ် ဆိုတာ တကယ်တော့ ကိုယ်မသေခင် လေးပဲ လိုက်ပို့ခွင့် ကြည့်ခွင့် ရတာပါ။ ကိုယ်သေသွားတဲ့ အချိန်ကျရင်တော့ ကိုယ့်ကိုကိုယ် ပြန်မကြည့်နိုင် ပါဘူးနော်.. သူများတွေကပဲ ကိုယ့်ကို ၀ိုင်းပြီးတော့ ကြည့်ကြမှာ။ နောက်ပြီး ကိုယ်လည်း သူ့လို အချိန်မရွှေး အဲ့အခေါင်းထဲ ရောက်သွားနိုင်တယ် ဆိုတာကိုတော့ ဘယ်သူမှ တွေးမိကြမှာ မဟုတ်ပါဘူး။ 
 
သတိလည်း ထားမိကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သတိဆိုတာ နေရာတိုင်းမှာ ထားသင့်တဲ့ အရာပါ။ အသုဘပို့မှ မဟုတ်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ်.. ထမင်းစားတာကစ.. လမ်းမှာတွေတဲ့ အမှိုက်ကောက်တာ အဆုံး သတိလေးနဲ့ လုပ်လိုက်ရင်ကို ကုသိုလ်ဘက် ပြောင်းသွားတာပါ။ အဲ့ကုသိုလ်ကိုမှ ၀ိပဿနာဆိုတဲ့ ကုသိုလ်နဲ့ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဘယ်လောက် ကောင်းလိုက်တဲ့ သတိလဲနော်.. ဒါ့ကြောင့်လည်း ဘုရားရှင်က သတိ ရှိကြပါလို့ မှာသွားတာ မဟုတ်ပါလား။ 
 
ဒီလိုဆိုရင် ကျမတို့တွေလည်း ဘယ်အလုပ်ပဲလုပ်လုပ် သတိလေး ကပ်ပြီးတော့ အကုသိုလ် ဖြစ်မဲ့အရာတွေကို ကုသိုလ်ဖြစ်အောင် ပြောင်းမယ်.. ကောင်းမှုတွေ တိုးပွားသထက် တိုးပွားအောင် ကြိုးစားမယ် ဆိုရင်တော့ ကျနော်တို့တွေ မသွားချင်တဲ့ အပါယ်လေးဘုံနဲ့ ဗြောင်းပြန်ရောက်မယ့် နေရာတွေကို ရောက်ရမှာ မလွဲဧကန်ပါပဲ..။ ဒ့ါကြောင့် မိတ်ဆွေများလည်း အချိန်တိုင်းမှာ သတိတရားလေးနဲ့ မြဲမြံစွာ နေပြီးတော့ ကုသိုလ်ကို များအောင်စု ကောင်းမူကို များအောင်ကြံပြီး တန်ဖိုး မဖြတ်နိုင်တဲ့ သတိကို တန်ဖိုးမဖြတ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

***မေတ္တာများစွာဖြင့်***